ယခုအခါ အယူဝါဒရေးပိုင်းမှာ ဘုရားရှင်မဟောထားဘဲ ဟောသယောင်၊ သာမာန်လူပြိန်းများအား ယုံကြည်လွယ်တဲ့ နည်းလမ်းများဖြင့် သိမ်းသွင်းပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်များ ထွက်ပေါ်လျှက်ရှိပါတယ်။ မကြာသေးမီက ပစ္စုပ္ပန်ကမ္မ၀ါဒ ဆိုတဲ့ အဓမ္မ၀ါဒတွေကို သိပြီးလို့မှ မကြာသေး၊ ယခုတခါ ဂိုဏ်းဃဏတစ်ခု ပေါ်ပေါက်နေပြန်ပါပြီ၊စာဖတ်သူများ ကြိုတင်ကာကွယ် သတိထားနိုင်ဖို့အတွက် ဆောင်းပါးရှင် ဥာဏိန္ဒ ရဲ့ “တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ပါကလားနော်” ဆိုတဲ့ ဆောင်းပါး ကို ဖေါ်ပြလိုက်ပါတယ်။
(က)
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ဓမ္မရံသီတွင် ပါသော ဆရာ ဦးသတ္ထိဇော်၏ ‘ ပစ္စုပ္ပန်ကမ္မ၀ါဒ’ ဆောင်းပါးအကြောင်း ပြောဆိုဆွေးနွေး၍ ဇော်တူးတို့ ညီအစ်ကို နှစ်ယောက် ပြန်သွားကြပြီးနောက် အမွှေးတိုင်ထုတ်တွေ ကိုင်လာသော မိတ်ဆွေတစ်ယောက် ကျွန်ပ်၏ အိမ်အတွင်း ၀င်လာလေ၏။
“သြော်..ကိုနက် ဘယ်ကလှည့်လာတာတုံး”
“အမွှေးတိုင် သွားဝယ်လာတာပါ”
“များလှချည်လား၊ ပြန်ရောင်းဖို့လား”
“မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့က ညနေတိုင်း သုသာန်ကို သွားပြီး အသုဘကမ္မဋ္ဌာန်း ဓုတင် ဆောင်ကြတာလေဗျာ”
“ဓုတင်ဆိုတာ ရဟန်းတွေပဲ ဆောင်ကြတာလေဗျာ”
“မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ဂိုဏ်းက ညနေတိုင်း ညရှစ်နာရီ ကိုးနာရီလောက်အထိ သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်နဲ့ တရားသွားကျင့်ရတာဗျ”
“ခင်ဗျားတို့ဂိုဏ်းက ဘာဂိုဏ်းတုံး၊ ပယောဂကုတာလား၊ ထွက်ရပ်ပေါက်အောင် ကျင့်တာလား…၊ ဘာဂိုဏ်းလဲဗျာ”
“ဘာသာရေးပါပဲ၊ တရားကျင့်ရတာပါ။ ပယောဂတွေ ထွက်ရပ်ပေါက်တွေနဲ့ မဆိုင်ပါဘူး။ ဗုဒ္ဓအလိုတော်အတိုင်း နိဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း ကျင့် တာပါပဲ။ အထူးသဖြင့်တော့ သုသာန်မှာ သွားကျင့်ရတာပေါ့ဗျာ”
“သုသာန်ဓူတင်လား…..၊ အသုဘကမ္မဋ္ဌာန်းလား… ရှင်းအောင် ပြောပါအုံးဗျာ”
“ ဟာ…သုသာန်ကို သွားမှတော့ အသုဘကမ္မဋ္ဌာန်း သုသာန်ဓူတင်ပေါ့ဗျ။ ခင်ဗျားလဲ ဘာသာရေး နားလည်သားနဲ့”
“ဗုဒ္ဓေါ” ကျွန်ပ် ဘုရားတ မိလေ၏။
“ ထိုင်ပါအုံး ကိုနက်ရာ…။ မအေကြီးရေ ရေနွေးကြမ်းကလေး လက်ဖက်သုပ်ကလေး လုပ်ပါအုံးဟေ့”
ကိုနက်သည် စားပွဲဘေးမှ ခွေးခြေခုံတစ်ခုကို ဆွဲ၍ ၀င်ထိုင်၏။
“ ကျွန်တော့ကိုလည်း ခင်ဗျားတို့ တရားလေး နဲနဲပါးပါး ဟောခဲ့ပါဦးဗျာ”
“ ကျွန်တော်တို့ ဂိုဏ်းက အပြင်လူနဲ့ ဘာသာရေး မဆွေးနွေးရဘူးဗျ”
“ အောင်မလေး…… အကျိုးနဲ” ကျွန်ပ်စိတ်ထဲက ရေရွတ်မိခြင်း ဖြစ်ပါ၏။
“ ကိုနက်ရာ ကျွန်တော်က ဗဟုသုတ နဲပါတယ်ဗျာ။ ကရုဏာထားတဲ့ အနေနဲ့ ခင်ဗျားတို့ ဂိုဏ်းတော်ရဲ့ အကြောင်းကလေး အရိပ်အမြွက် ဖြစ်ဖြစ်တော့ ပြောခဲ့ပါဗျာနော်။ ကျွန်တော် ခင်ဗျားကိုတို့ လုပ်ရပ်တွေ လေးစားလွန်းလို့ပါဗျာ နော်။ သြော်..ကိုနက် ဆေးလိပ်သောက်လား”
“နေ နေ မသောက်ဘူး”
“ဟုတ်ကဲ့ မအေကြီးရေ ကိုနက်ဖို့ ကော်ဖီမစ်ကလေး ဖျောခဲ့ပါအုံး”
“ဟာ…..နေပါစေဗျာ၊ အားတောင်နာလာပြီ”
“အားမနာပါနဲ့ ကိုနက်ရာ၊ လူရင်းတွေပဲဥစ္စာ၊ ဟို ဆက်ပြောပါဦး၊ ပြင်ဦးလွင်”
“ကျွန်တော်တို့ ဂိုဏ်းချူပ်ကြီးက ဗြဟ္မာမင်းကြီး ဆက်သထားတဲ့ ကြာသင်္ကန်းကို ၀တ်တာဗျ”
“ဟုတ်လား…. ဟာ …အရမ်းတန်ခိုးကြီးမှာပေါ့နော်”
“တစ်ကမ္ဘာလုံး ဘာလူမျိုးဖြစ်ဖြစ် သူ့သားသမီးတွေချည်းပဲဗျာ”
“ ဗုဒ္ဓေါ…..ကျွန်ပ်အဖေက ဦးလှတင်ပါဗျာ” ကျွန်ပ်စိတ်ထဲမှ ပြောမိခြင်းဖြစ်၏။
“ ကျွန်တော်တို့ တစ်နှစ်တစ်ခေါက်တော့ ဂိုဏ်းချူပ်ဆရာကြီးဆီ ရောက်အောင် သွားရတယ်။ ပူဇော်ကန်တော့ကြရတယ်။ အဲဒီမှာ ကျွန်တော်တို့ နဲ့သင့်တော်ရာ တရားကို ဟောတယ်။ အဓိကကျင့်ရတာကတော့ စောစောကပြောတဲ့ သုသာန်အသုဘ ကမ္မဋ္ဌာန်း ဓူတင်ပေါ့ဗျာ”
“ကျွန်တော်တို့ ဂိုဏ်းထဲ ၀င်ပြီးရင် ဘယ်သူမှ ပြန်မထွက်ရဲတော့ဘူး။ ကျွန်တော်တို့နဲ့ သင့်တော်လို့ ဟောထားတဲ့ တရားကို အပြင်လူကို ပြန်မပြော ရဘူး”
“ကျွန်တော် ခင်ဗျားတို့ ဂိုဏ်းထဲ ၀င်မယ်ဆိုရင်ကောဗျာ”
“ ကျွန်တော်တို့ သွားရင် လိုက်ခဲ့ပေါ့။ လိုင်စင်ဓါတ်ပုံလဲ တစ်ခါထဲ ယူလာခဲ့လေ။ ပထမဆုံး ဂိုဏ်းဝင်အသစ်ကို ဂိုဏ်းချူပ်ဆရာကြီးက တစ်ယောက် ချင်းတွေ့ပြီး တရားဟောမယ်။ ကဲ..ဒါပါပဲဗျာ။ ဒါထက်တော့ ကျွန်တော် ပြောပိုင်ခွင့် မရှိဘူးဗျ။ ကျွန်တော်တို့ အချင်းချင်းတောင် တရားမဆွေးနွေးရ ဘူး”
ထိုစဉ် ဇော်တူးတို့၏ ဦးကြီး တော်စပ်သူ ဦးခင်မောင်သိန်း ရောက်လာ၏။ ကျွန်ပ်တို့ စားပွဲတွင် ၀င်ထိုင်၏။
(ခ)
“သြော်..ကိုနက် ရောက်နေပါ့ကော။ ကျော်စိန်…ဇော်တူးတို့ကောကွ”
“ပြန်ကုန်ကြပြီ ကိုသိန်း၊ ကိုနက်တို့ ဂိုဏ်းတော်ကြီးအကြောင်း သိချင်လို့ မေးကြည့်နေတာ။ အဲဒါ တရားဆွေးနွေးခွင့် ဂိုဏ်းအကြောင်း ပြောခွင့် မရှိဘူးတဲ့ ဗျ”
“ ကျွန်တော်တို့က သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်ကျင့်နေကြတာဗျ”
“ဟ…ကိုနက်ရ သုသာန်ဓူတင်လား…အသုဘကမ္မဋ္ဌာန်းလား…… ရှင်းရှင်းပြောပါဗျ”
“ဟ..ကိုခင်မောင်သိန်းရ၊ ခင်ဗျားက ရှုပ်အောင် လုပ်ပြန်ပြီ”
“ဟား…ဟား…ဟား ကျော်စိန်ရ၊ ငါကပဲ ရှုပ်သတဲ့ကွ၊ လုပ်ပါအုံး”
ကိုခင်မောင်သိန်းမှာ ဘုကျကျ ပြောတတ်သူ ဖြစ်၍ အရှေ့၌ အချိုးမကျသည်ကို တွေ့လျှင် ပိဿာလေးနဲ့ ဘေးပစ်သလို ပြောတတ်သူဖြစ်၏။
“သြော်..ကိုနက်၊ ကျွန်တော်ရှင်းပြပါရစေ။ ကျွန်တော် မှားရင်လဲ ခွင့်လွတ်ပေါ့ဗျာ”
ကျွန်ပ်မမှား၊ သူသာမှားကြောင်း သိသော်လည်း အဆုံးအထိ နားမထောင်ဘဲ ထသွာမည် စိုးသောကြောင့် သူ့ကို ခေတ္တမြှောက်ထားရခြင်းဖြစ်၏။
“သုသာန်ဓူတင်ဆိုတာ သုသာန်မှာ သွားပြီး ဘာဝနာတစ်ခုခု ပွားတာပေါ့ဗျာ။ ညလူခြေတိတ်မှာ သုသာန်ကို သွားနေတာလို့ လွယ်လွယ်ပြောကြပါစို့”
“အသုဘကမ္မဋ္ဌာန်းဆိုတာ မတင့်တယ်တဲ့ ရုပ်ခန္ဓာကြီးရဲ့ ပျက်စီးယိုယွင်းနေပုံ။ နှစ်သက်ဖွယ်မရှိပုံ။ စက်ဆုပ်စရာအတိ ဖြစ်နေပုံတွေကို ထင်ရှား အောင် လူသေအလောင်းကို ကြည့်ရှု ဆင်ခြင်တာပေါ့ဗျာ။ အသုဘ (၁၀)ပါးလို့ ပါဠိတော်မှာ လာတယ်ပေါ့ဗျာ။
ဥဒ္ဓုမာတကံ ၀ိနီလကံ ၀ိပုပ္ပကံ ၀ိစ္ဆိဒ္ဒကံ ၀ိက္ခာယိတကံ ၀ိက္ခိတ္တကံ ဟတ၀ိက္ခတ္တကံ လောဟိတကံ ပုဠုဝကံ အဋ္ဌိကဉ္စေတိ ဣမေ ဒသ အသုဘာ နာမ တဲ့ဗျာ”
“ ဟိတ်ကောင် ကျော်စိန်၊ အနက်ပြန်ပါအုံးကွာ။ ငါနားလည်အောင်”
“(၁) ဥဒ္ဓုမာတက- ဆိုတာ သေပြီး ဖူးဖူးရောင်ထ ပွနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၂) ၀ိနီလက -က ပုပ်ပွပြီး အဖြူကွက်၊ အနီကွက် အမဲကွက်တွေနဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၃) ၀ိပုဗ္ဗက-ဆိုတာက ပုပ်ပွပြီး ဖြူနီညိုမဲနေရာက အပုပ်ရည်တွေ ယိုစီးကျနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၄)၀ိစ္ဆိဒ္ဒက- ကတော့ နှစ်ပိုင်းပြတ်နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၅) ၀ိက္ခာယိက-ကတော့ ခွေးတွေ တိရစ္ဆာန်တွေ ကိုက်ဆွဲစားထားလို့ ပဲ့ရွဲ့နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၆) ၀ိက္ခိတ္တက- ကတော့ ခွေးတိရစ္တာန်တွေ ကိုက်ဆွဲစားပြီး အလောင်းကြီး ဖရိုဖရဲနဲ့ ပြတ်သတ်ပြီး ဟိုတစ်စ ဒီတစ်စ ဖြစ်နေတာကို ကြည့်ရှု ဆင်ခြင်တာ။
(၇) ဟတ၀ိက္ခိတ္တက-ဆိုတာကတော့ လူသတ်ခံထားရတဲ့ အလောင်း။ ရိုးရိုးသတ်ရုံ မဟုတ်ဘူး။ ဓားနဲ့ မွှန်း ခုတ်ထစ်ခံထားရတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၈) လောဟိတက-က သွေးစိမ်း ယိုစီးထွက်ကျနေတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၉) ပုဠုဝက-ဆိုတာ လောက်တွေ တဖွားဖွားနဲ့ ပုပ်ပွနေတဲ့ အလောင်ကို ကြည့်ရှုဆင်ခြင်တာ။
(၁၀) အဋ္ဌိက- ဆိုတာကတော့ အရေတွေ အသားတွေ မရှိတော့ဘူး။ အရိုးချည်းကျန်တော့တဲ့ အချိန်မှာ ရှုကြည့်ဆင်ခြင်တာပေါ့ဗျာ။ အဲဒါ အသုဘကမ္မဋ္ဌာန်း ဆယ်ပါးပါတဲ့ဗျာ။ ကိုနက်ပြောတဲ သုသာန် အသုဘကမ္မဋ္ဌာန်း ဓူတင်ဆိုတာကတော့ အဲ..ကျွန်တော်လဲ မပြောတတ်တော့ဘူး။ ဘယ်စာထဲမှာ မှလဲ မတွေ့ဖူးဘူးပေါ့ဗျာ။ ခင်ဗျားတို့က စာလောက်တတ်တာပါဗျ။ကျွန်တော်တို့ ဂိုဏ်းချူပ်ဆရာတော်ကြီလို ဘုရားအဆင့် ရောက်နေတာမှ မဟုတ်တာ”
“ဗျာ…ခင်ဗျားတို့ဂုဏ်းချူပ်က ဘုရားဖြစ်နေပြီ ၊ ဟုတ်လား”
“ဟုတ်တယ်၊ ဒါကြောင့် ဗြဟ္မာမင်းကြီးက ကြာသင်္ကန်း ဆက်ရတာပေါ့ဗျာ”
ကျွန်ပ်မှာ စိတ်ထဲမှ “ဘုရား” တမိလေ၏။ သူတို့ဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေပြီတဲ့။ လောကန္တရတ်ငရဲစာတွေပါလား။
“ခင်ဗျားတို့လို စာတွေတော့ ရွတ်မပြတတ်ဘူး။ ကျွန်တော်တို့က ကိုယ့်တွေ့တရားသမားတွေဗျ။ ထားပါဗျာ။ ကျွန်တော်တို့မှာ ဒါ့ထက် ပြောခွင့် မရှိပါဘူး။ ကဲ ..ပြန်လိုက်အုံးမယ်”
ကိုနက်က သူ့အမွှေးတိုင်ထုပ်များကို ယူပြီး ထွက်ခွာသွားလေ၏။
(ဂ)
“ကဲ…ကျော်စိန်၊ ဘယ်လို ဂိုဏ်းလဲကွာ။ ဘုရားတောင်ဖြစ်နေပြီတဲ့။ ဒုက္ခပါလား ကွာ ဟင်”
“ဒီဂိုဏ်းဝင်တွေလဲ အတော်များများ ရှိနေတယ်ဗျာ”
“အေး…ညနေညနေ သချိုင်းကုန်း သွားကြတာတွေ တော်တော်များသကွ”
“အေးဗျာ၊ စောစောကတင် “ ပစ္စုပ္ပန်ကမ္မ၀ါဒ” ဆိုတဲ့ အဓမ္မ၀ါဒအကြောင်း ပြောဆိုပြီးတယ်။ အခုလာပြန်ပြီ ၊ ဂိုဏ်းချူပ်က ဘုရားဖြစ်နေတဲ့ဂိုဏ်းတဲ့။
သင်္ကန်းအပြာဝတ်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒဆိုတာ တစ်ချိန်တုန်းက အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယက ဆုံးဖြတ်ပြီးသား။ နိုင်ငံတော်က အာဏာစက်နဲ့ တားမြစ်ပြီးသားဝါဒကို သင်္ကန်းအပြာဝတ်ပြီး အသစ်တစ်ခါ အသက်သွင်းလာတာပဲဗျာ။ အခုဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေလို့ ဗြဟ္မာမင်းက တောင် ကြာသင်္ကန်းဆက်ရတဲ့ ဂိုဏ်းကတော့ သူတို့တရားဆိုတာကို အပြင်လူကို ပြောခွင့်မရှိဘူးတဲ့ဗျာ။ အချင်းချင်းတောင် တရားမဆွေးနွေးရဘူး တဲ့။ တစ်ဦးချင်း သီးခြားတရားနဲ့တဲ့။ ကဲ….သူတို့တရားကိုတော့ ကျွန်တော်တို့ ဝေဖန်လို့ မရဘူးပေါ့ဗျာ။ ဘာမှန်းမှ မသိဘဲကိုး။
“ဒါပေမဲ့ အဟုတ် မဟုတ်တာတော့ သေချာတယ်။ ထူးတာက ဂိုဏ်းထဲဝင်ပြီးရင် ပြန်မထွက်ရဲအောင် ဘယ်လိုလုပ်ထားလဲ ဆိုတာနဲ့၊ သူတို့တရားကို လျှို့ဝှက်ထားတာက ထူးလှတယ်ဗျ”
“ဘာနဲ့ အနိုင်ကိုင်ထားလဲ မသိဘူးကွနော်”
“ဂိုဏ်းနာမည်ကို မသိရတာက ခက်တာဗျ။ ဒီဆောင်းပါးဖတ်မိတဲ့ စာဖတ်သူထဲက ဒီဂိုဏ်းအကြောင်း သိတဲ့သူပါခံရင် ဆောင်းပါးကလေး တစ်စောင် လောက်တော့ ရေးစေချင်ပါတယ်ဗျာ”
“အေးကွာ….တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်နေကြသူတွေရဲ့ ရန်ကို အမြဲမပြတ် သတိနဲ့စောင့်ကြည့် ကာကွယ်ကြရမှာ တို့တာဝန်ပဲကွာ။
ချမ်းသာကြပါစေ……
ဥာဏိန္ဒ

0 comments:
Post a Comment