Saturday, September 19, 2009

လှူတဲ့အခါ အကျိုးများအောင် ဘယ်လိုစိတ်ထားရမလဲ

အမေး။ ။အရှင်ဘုရား….တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက်ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရ စ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း ၁၀၀၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း ၁၀၀၀ စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာ ခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား ၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လို စိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)


အဖြေ
။ ။ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာ ရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။
အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃) မျိုး ရှိပါတယ်။
(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။အဲဒါကို ‘ပကာသနာဒါန’ လို့ခေါ်ပါတယ်။ ရှင်းပါဦးမယ်၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ ကုမ္ပဏီ ထင်ရှားကျော်စောချင်လို့ အလှူလုပ်ကြတာလဲ ရှိတယ်၊ ဒါဟာ အလှူအမျိုးစားထဲမှာ ယုတ်ညံ့တဲ့အလှူမျိုးဖြစ် တယ်။ မြို့ကြီးတွေမှာဆိုရင် အနုပညာရှင်တစ်ချို့ဟာ မိမိရဲ့ နာမည်ထင်ရှားကျော်ကြားစေဖို့အတွက် အသိုင်းဝိုင်းများစွာက လူတွေကို ဖိတ်ပြီး ဟော်တယ်တွေမှာ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကျွေးမွေးကြတယ်၊ အဲဒီအလှူမျိုးကို ‘ပကာသနာ’ အလှူ လို့ ခေါ်ပါတယ်။ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ ချမ်းသာကို ရဖို့ မလွယ်လှပါဘူး။
(၂) ထင်ရှားကျော်စောလိုတဲ့စိတ် မရှိပေမဲ့ ဒါနပြုတဲ့အခါ လောကီအကျိုး မျှော်ကိုးပြီး လှူတာပါ။ ဒီအလှူမျိုးကို ‘ အလယ်အလတ် အလှူ’ လို့ ခေါ်ပါတယ်။ သူက ကုသိုလ်ပြုရင် အကျိုးကို မျှော်ပြီး ပြုတာပါ။ လူချမ်းသာ၊နတ်ချမ်းသာ ရရပါလို၏ လို့ လောကီအကျိုးမျှော်ပြီး လှူတာ။ အဲဒီအလှူမျိုးဟာ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ လောကီအကျိုးတော့ ခံစားရပါတယ် ၊ နိဗ္ဗာန်ကို ဦးတည်ပြီးတော့ မလှူတဲ့အတွက် ဒီဒါနဟာ ‘အလယ်အလတ်’ ဒါနမျိုးဖြစ်ပါတယ်။
(၃) အထက်ပါ(၂)မျိုးမပါဘဲ၊ နိဗ္ဗာန် ဦးတည်ပြီး လှူတဲ့ အလှူမျိုး ဖြစ်ပါတယ်။ ဒီအလှူမျိုးဟာ မြင့်မြတ်သူတို့ရဲ့ အလှူဒါန လို့ ခေါ်ရပါတယ်။ တနည်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ။ ထို ဒါနအတွက် အင်္ဂါ (၃)ချက်ရှိပါတယ်။
(က)နိဗ္ဗာန်ကို ဦးတည်ရမယ်။ (ခ) မိမိအကျိုး မမျှော်ကိုးရဘူး။ (ဂ) သူတစ်ပါး အကျိုး မျှော်ကိုးရမယ်။
ဥပမာ….. အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို အစာကျွေးမယ်ဆိုပါစို့၊ အဲဒီမှာ ပေးလှူသူရဲ့စိတ်က ဒီအလှူဟာ နိဗ္ဗာန် အထောက်အပံ့ဖြစ်ပါစေ၊ ခွေးလေးအစာစားပြီး ကျန်းမာစွာ အသက်ရှည်နိုင်ပါစေ လို့ သနားကြင်နာတဲ့ စိတ်နဲ့ ကျွေးလိုက်မယ်ဆိုရင် သူတစ်ပါးအကျိုးလိုလားတဲ့အတွက် ကိုယ်အကျိုးမပါဘူးဆိုတာ သေချာသွားပီ။ အဲဒီအလှူမျိုးဟာ တိရ စ္ဆာန်ကိုပဲ လှူလှူ၊ လူမိုက်ကိုပဲ လှူလှူ ဒီအလှူနဲ့ ထိုက်တန်တဲ့ အကျိုးတရားက မုချလာမှာဖြစ်ပါတယ်။ ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများစွာရရှိပြီး နိဗ္ဗာန်ကို ဦးတည်တဲ့အတွက် နိဗ္ဗာန် အတွက် အထောက်အပံ့ကောင်းတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။
ဒီအလှူ(၃)မျိုးမှာ တတိယအမျိုးဖြစ်ရင်တော့ မေးခွန်းရှင်ရဲ့ ဆန္ဒ ပြည့်ဝပါလိမ့်မယ်။ သို့သော် အရေးကြီးတာက ဒါနပြုရင် အကျိုးကိုမျှော်ပြီး လှူမယ်ဆိုရင် မိမိမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားများ ထင်သလောက် မရတော့ဘဲ အကျိုးဆုံးရှုံးရပါလိမ့်မယ်။
ဘာ့ကြောင့်ဆိုရင် အင်းဝခေတ်က အဖြစ်အပျက်တစ်ခုပြောပြပါ့မယ်၊ အဲဒါလဲ ထွက်ခဲ့ပြီးတဲ့စာအုပ်မှာ ပြောခဲ့ပြီးပြီ၊ ဒီနေရာမှာ လိုအပ်နေတဲ့ အတွက် ဒီအကြောင်းအရာကို ပြန်ပြောပြရမှာဖြစ်တယ်။
အင်းဝခေတ်တုန်းက နန်းမတော်မယ်နုဆိုတာရှိတယ်၊ သူကိုးကွယ်နေတာက ဆရာတော်ဦးဗုဓ်ပါ။ တစ်နေ့ နန်းမတော်မယ်နုဟာ သူ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်များကို ဘယ်အကျိုးများ ရနိုင်ပါလဲ လို့ ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်က ရေဖလားထဲ ရေအခပ်ခိုင်း ပြီး၊ ဖလားထဲက ရေတွေကို အပြင်မှာ သွားသွန်ခိုင်းပါတယ်။ ရေသွန်ပစ်လိုက်တော့ ဖလားအောက်ခြေမှာ ရေမရှိတော့ စိုနေတာလောက်ပဲကျန် တယ်။ ဆရာတော်က ဖလားကို ပြပြီး “ကျောင်းအစ်မ ပြုခဲ့တဲ့ကုသိုလ်ရဲ့ အကျိုးဟာ ဖလားအောက်ခြေမှာ ကပ်ပါလာတဲ့ ရေအစိုဓါတ်လေး လောက်သာ ရမှာပါ” လို့ အမိန့်ရှိလိုက်ပါတယ်။ ဆရာတော်ရဲ့ ဆိုလိုရင်းက အကျိုးကိုမျှော်ကိုးပြီး လှူရင် ဖလားဖင်မှာကပ်နေတဲ့ အနည်းငယ်သာရှိသော ရေလို မိမိမှာ အကျိုးအနည်းငယ်သာ ရရှိပါမယ့်။ အကျိုးမလိုလားပဲ နိဗ္ဗာန်ဦးတည်ပြီး၊ ကိုယ့်အကျိုးမငှဲ့ သာသနာအကျိုး၊ အများအကျိုးငှဲ့ကာ လှူမယ်ဆိုရင်တော့ အကျိုးအများကြီးရမယ်ဆိုတဲ့သဘောပါပဲ။
ဒါကြောင့် မေးခွန်းရှင်မေးတဲ့ မေးခွန်းအရ အလှူရှင်ရဲ့ စိတ်နေစိတ်ထားဟာ ဖေါ်ပြခဲ့တဲ့ သုံး မျိုးအနက် တတိယအမျိုးဖြစ်မယ်ဆိုရင် အကျိုးထူးတရားများ ခံစားရပါမယ် ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

3 comments:

အရှင်ဘုရား ရှိတာအကုန် သို့ မဟုတ် မလောက်ငှလို့  ချေးငှားပြီး ရှင်ပြုပေးချင်ကြတဲ့ (ကိုယ်တိုင်တော့ တဲစုတ်နဲ့ နေရပြီး လှူမှာက သိန်း၃၀)တစ်ချို့  သားမရှိလို့  မောင်ရင်လောင်း ငှားကြရသေးတဲ့ ပကာသနာအလှူနဲ့ ပါတ်သတ်ပြီး အကျိုးထက် အပြစ်ပိုများကြောင်း၊ ရှိတဲ့ငွေကို ချင့်ချိန်ပြိး လှူသင့်ကြောင်း၊ အလှူကြီး ပေးစေချင်ကြတဲ့ မိဘဆွေမျိုးနဲ့  ရွာကဘုန်းကြီး အလိုကို မလိုက်သင့်ကြောင်း အလှူဒကာလောင်းတွေကို ပြောဟောတတ်တဲ့ တပည့်တော်မှာ အပြစ် ကြီးစေပါသလားဘုရား
ဇော်မင်းထိုက်
ခေတ္တ ဟတ်ယိုင်(ထိုင်း)

ဇော်မင်းထိုက်ရေ.......
ပကာသနအလှူမျိုးမဖြစ်အောင် အလှူအကျိုးပိုရှိအောင် စိတ်စေတနာပါပါနဲ့ ပြောဟောတာ အပြစ်မရှိပါဘူး။

ကောင်းလွန်းလို့ကူးယူလိုက်ပြီဘုရား
ဆရာတော်ကျန်းမာပါစေ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More