သာသနာအတွက် သတိထားစရာမို့လို့ အောက်ပါ ဆရာတော်ပညာဏကာရီရဲ့ “လူနဲ့ ၂၂၇” ဆောင်းပါး တင်ပြပေးလိုက်ပါတယ်။
ဒါယိကာမကြီး ဒေါ်အေးအေးမူက ၁၃၇၀ ခုနှစ်၊တပို့တွဲလဆန်း (၅-၁၁)ထုတ် နာမည်ကျော်ဂျာနယ်၊ အတွဲ(၂၀)အမှတ်(၃၉၉) ကိုလာရောက် ပြီး ပြသပါတယ်။
မြန်မာပြည်အထက်ပိုင်းကဏ္ဍ စာမျက်နှာ(၄)ကို ကြည့်လိုက်ရာ “ သာသနာတော်ကို ပံ့ပိုးနေတဲ့…..သာသနာပြုအဖွဲ့” အမည်ရှိ ဆောင်းပါးကို ဓါတ်ပုံနဲ့တကွ တွေ့မြင်လိုက်ရပါသည်။ စိတ်ဝင်တစားရှိလှစွာ ချက်ချင်းပင် ဖတ်ကြည့်လိုက်မိပါသည်။
၎င်းဆောင်းပါးရေးသားသူ၏ လက်ရာတချို့ကို တိုက်ရိုက်ကူးယူ၍ ဖေါ်ပြလိုက်ပါဦးမည်။
၁။…………..သာသနာပြုအဖွဲ့ တည်ထောင်သူ ဆရာကြီးဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး လူပုဂ္ဂိုလ်သာသနာပြု လုပ်ငန်းကို စတင်ခဲ့ပါတယ်။ တရားဟောခြင်း၊ တရားရှုမှတ်ရန် သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သလို ဖိတ်ကြားထားတဲ့ နေရာများမှာလဲ လိုက်လံပို့ ချ ပေးခဲ့ပါတယ်။
၂။ ဆရာကြီးဟာ အသက် ၂၅ နှစ်ဝန်းကျင်က စလို့ သာသနာတော်ကို မြတ်နိုးပြီး သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ “ ၀ိပဿနာအားထုတ်မယ်၊ သာသနာပြုရမယ်” လို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။
၃။ မိသားစုဝင်တွေ ရန်ကုန်ပြောင်းသွားတဲ့အခါ………….မြို့က နေအိမ်မှာ ၂၄ နာရီ တရားစခန်း စဖွင့်ခဲ့ပါတယ်။ပ။ “ဒီလို……မြို့မှာ တရားအလုပ်တွေ လုပ်နေရင်းက တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ရန်ကုန်မြို့ကို ပြောင်းခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါတယ်။
၎။ “ဆရာတော်တွေနောက်ကို လိုက်ဝတ်ဖြည့်ရင်း သာသနာတော်ကို လျှမ်းလျှမ်းတောက် ဖြစ်စေချင်လာတယ်။ အလွှာစုံကို ထိုးဖေါက်ချင်လာတယ်။ ဒိလိုနဲ့ ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လူပုဂ္ဂိုလ် သာသနာပြုလုပ်ငန်းကို စခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါ တယ်။
၅။ “တရားဓမ္မကို ပို့ချတာဟာ ၁၅ နှစ်၊၁၆နှစ်လောက် စုဆောင်းထားတဲ့ တရားအဆီအနှစ်တွေကို နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်လို့ မိမိငြိမ်းအေးသလို အများကိုလဲ ငြိမ်းအေးစေချင်လို့” လို့ ပြောပါတယ်။
၆။ ကျမ်းဘယ်လောက်တတ်လို့ တရားဟောလဲလို့ မေးရင် မတတ်ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေ၊ ဆရာတော်ဘုရားကြီးတွေ ရေးသားပြုစုထားတဲ့ စာပေကျမ်းဂန်တွေ၊ ဆုံးမစကားတွေ အတော်များများကို ဖတ်မှတ်သိရှိထားတယ်။
၇။ ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ အ၀တ်ဖြုဝတ်ပြီး ဆံပယ်ကြပါတယ်။ ၂၂၇ ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းကြပါတယ်။
“ဆံပယ်တာ၊ အ၀တ်ဖြူဝတ်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ဘုရားရှင်ခွင့်ပြုထားတဲ့ သူတော်ကောင်းဝတ်စုံ ဖြစ်တဲ့အတွက် မှော်ဘီ ရွှေကျင် သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ခွင့်ပြုထားတယ်” လို့ ဆရာကြီးကဆိုပါတယ်။
သာသနာပြုခွင့်ဆိုတာ လူတိုင်းမရနိုင်ပါဘူး။ ပ ။ ဆရာကြီးက “ သူ့အနေနဲ့ ရဟန်းဝတ်ဖို့ ထိုက်တန်ပြီလို့ ယုံကြည်လာတဲ့အခါ ရဟန်းဝတ်နဲ့ ဆက်လက်သာသနာပြုသွားမယ်” လို့ဆိုပါတယ်။
ဓါတ်ပုံ။ ။ဓါတ်ပုံမှာ ပိတ်ဖြူကို သင်္ကန်းပုံနှင့် လုံးဝ ပုံတူ ၀တ်ဆင်ထားပါသည်။
(ခ)
အထက်ပါစာများနှင့် ဓါတ်ပုံကြီးတွကို ဖူးတွေ့လိုက်ရစဉ် ကဗျာကလေးတစ်ပုဒ် ပေါ်ထွက်လာပါသည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ထဲက ဖြစ်ဟန်ရှိပါတယ်။
စာရေးသူသည် ကဗျာရေးနည်း၊ကဗျာအမျိုးအစား၊ ကဗျာအလှ စသည်တို့ကို လေ့လာထားသူ ဖြစ်သော်လည်း ကဗျာအရအမိ တော်တော်နည်းပါးသူ ဖြစ်ပါသည်။ ထို့ကြောင့် တိတိကျကျ မသိပါသော်လည်း စိတ်ထဲပေါ်လာသည့်အတိုင်း အောက်မှာ ရေးသားဖေါ်ပြ လိုက်ပါသည်။
လူသော် လူကျင့်၊ လူသာသင့်၏။
ရှင်နှင့်မလျော်၊
ရှင်သော ရှင်ကျင့်၊ ရှင်သာ သင့်၏။
လူနှင့် မရာ၊ မအပ်စွာတည်း။
အကြင်ပုဂ္ဂိုလ်သည် လူဖြစ်ငြားအံ့။ ဤသို့ လူဖြစ်သည်ရှိသော် လူတို့ကျင့်အပ်ကုန်သော သုစရိုက်၁၀ပါး၊ (ကုသလကမ္မပထ ၁၀ပါး) ယင်း ၁၀ပါးထဲက သမထဘာဝနာ၏ အကျိုးတရားဖြစ်သော ဈန်တရား၊ယင်း ၁၀ပါးထဲက ၀ိပဿနာ ဘာဝနာ၏ အကျိုးတရားဖြစ် သော မဂ်တရားတို့ကို အဆင့်ဆင့်ပြည့်စုံအောင် ကျင့်သင့်၏
လူကျင့်တရား(၁၀)ပါးတို့တွင် ပါဝင်သော တရားတို့ကို ရဟန်းတို့သည်လည်း ကျင့်သင့်ပါသည်။ သို့သော် ရဟန်းအသွင်နဲ့ ဆန့်ကျင်အောင် ပြုမူ၍ ကျင့်သော်ကား မကျင့်ကောင်းပါ။ မလျော်ပါ။
ဥပမာအားဖြင့် ရဟန်းက လူအား လှူဖွယ်ပစ္စည်း ဆက်ကပ်မှုပြုခြင်း၊ လူတို့ကဲ့သို့ အခြားရဟန်းစသည်ထံမှ ငါးပါးသီလ ခံယူမှုပြုခြင်း စသည်တို့ပင်တည်း။
အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်း ဖြစ်ငြားအံ့၊ ဤသို့ ရှင်ရဟန်းဖြစ်သည်ရှိသော် ရှင်တို့ ကျင့်အပ်ကုန်သော ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ခုနှစ်ဆယ့်ငါးပါး၊ ၀တ်ကြီးဝတ်ငယ်တစ်ဆယ့်လေးပါး၊ပစ္စဝေက္ခဏာလေးပါးတို့ကို ပြည့်စုံအောင် ကျင့်သင့်၏။ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခပုဒ်တို့ကို ပြည့်စုံအောင် ကျင့်သင့်၏။
ထိုသို့ကျင့်သင့်ရာတွင် ရှင်သာမဏေတို့သည်လည်း ရဟန်းကျင့်ဝတ် ၂၂၇ ပါးတို့ကို တတ်နိုင်သမျှ လိုက်နာကျင့်ကောင်း၏။
သို့သော် ရဟန်းကျင့်ဝတ်တို့ကို သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရှင်သာမဏေတို့က ထုတ်ဖော်၍ ၀န်မခံကောင်းပါ။ မကြေညာကောင်းပါ။ မသင့်လျော်ပါ။
ရဟန်းတို့သည်လည်း ရှင်ကျင့်ဝတ်တို့ကို လိုက်နာ၍ ကျင့်ကောင်း၏။ သို့သော် ရှင်ကျင့်ဝတ်(လိင်ဆယ်ပါး)တို့ကို သိက္ခာပုဒ်တော် အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရဟန်းတို့ကို ထုတ်ဖော် ၀န်ခံ၍ မကြေညာကောင်းပါ၊မလျော်ပါ။
ဤသို့လျှင် ရှင်ရဟန်းတို့သည်ပင် ရဟန်းက ရှင်ကျင့်ဝတ်၊ ရှင်က ရဟန်းကျင့်ဝတ်တို့ကို ကျင့်နေပါ၏ ဟု ၀န်မခံကောင်းဟု ဆိုချေသော်…….
သံဃာ့အဖွဲ့အစည်းဝင် သံဃာ့ကံဆောင် သံဃာဇာတ်ရှိသူ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခာပုဒ်တို့ကို လူပုဂ္ဂိုလ်တို့က သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟု ထုတ်ဖေါ်ကြေညာ၍ ၀န်ခံခြင်းသည် “ လူနှင့်မရာ မအပ်စွာတည်း” ဟူ၍သာ ဆိုရမည်မုချ။
မှန်လှပါ၏။ သာသနာတော်မြတ်ကို ချမှတ်တည်ထောင်တော်မူသော မြတ်စွာဘုရားသည် မဟာကရုဏာဥာဏ်တော်၊ သဗ္ဗညုတဥာဏ်တော်တို့ဖြင့် ပိုင်းခြားသတ်မှတ်တော်မူ၍..
၁။ လူတို့အား လူတို့ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
၂။ ရှင်သာမဏေတို့အား ရှင်သာမဏေတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပည်တ်တော်မူ၏။
၃။ ရဟန်းတို့အား ရဟန်းတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
သို့ဖြစ်ပါလျှက် အသာဓာရဏဥာဏ်ရှင် ဘုရားသခင်က ပညတ်တော်မူသည်ကို ကျော်၍ ကျင့်လျှင် ဓမ္မ မဟုတ်တော့ဘဲ၊ အဓမ္မထဲသို့ ၀င်ရပါလိမ့်မည်။
ဤသည်ကား အထက်ပါ ကောက်နုတ်ချက်အမှတ်(၇)ထဲက “ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ ၂၂၇ ပါးသော သိက္ခာပုဒ်တို့ကို စောင့်ထိန်းကြပါတယ်” ဟူသော တစ်ချက်အတွက် သုံးသပ်တင်ပြချက် ဖြစ်ပါသည်။
(ဂ)
ယခုအခါတွင် ကောက်နုတ်ချက် (၁)မှ စ၍ အနည်းငယ်မျှ သုံးသပ်၍ ဖေါ်ပြပါဦးမယ်။
အမှတ်(၁)အရ သာသနာပြုမှုတို့ကို ပြုလုပ်ခြင်းသည် ကောင်းပါသည်။ သို့သော် သာသနာပြုမှု လုပ်လိုသော် သာသနာပြုနိုင်သော သီလအစွမ်း၊ သမာဓိအစွမ်း၊ ပညာအစွမ်း၊သိက္ခာအစွမ်း ရှိနေဖို့တော့ လိုပါသည်။ အစွမ်းမရှိဘဲလုပ်လျှင် သွားစွမ်းနိုင် ခြင်း မရှိသော ခြေထောက်(ခြေကျိုး)ဖြင့် လမ်းလျှောက်သူနှင့်သာ တူရာပေလိမ့်မည်။
ကျောက်တုံးကြီးကို မ- နိုင်စွမ်း မရှိသော မွေးကင်းစ သူငယ်ကလေးသည် ကျောက်တုံးကြီးကို မလျှင်(ကျောက်တုံးကြီးနှင့်အဖိခံရ လျှင်) အဘယ်သို့ ရှိပေလိမ့်မည်နည်း။
အထက်တွင် ဖေါ်ပြခဲ့သည့်(ခ) ထဲပါ ၂၂၇ ပါးကိစ္စသည် ပညာအစွမ်းမရှိသဖြင့် မသိ၍ မှားနေမှုဖြစ်ကြောင်း ထင်ရှားလှပါသည်။ သာသနဗြဟ္မစရိယ ချို့တဲ့ပုံပင်တည်း။
အမှတ်(၂)အရ သိန္နဋ္ဌာန်ချမှုများသည် ကောင်းပါသည်။ ချီးကျူးထိုက်ပါသည်။
အမှတ်(၃)အရ “တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်” ဟူသော ရည်ရွယ်ချက်သည်လည်း ကောင်းလှပါသည်။
သို့သော် သာသနဗြဟ္မစရိယ မရှိဘဲ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုလိုက်လျှင် စဉ်းစားဝံ့စရာပင် မရှိတော့။
သာသနာဗြဟ္မစရိယ ဆိုသည်မှာ သီလကို ကျင့်အပ်၏ဟု ဟောသည့်အရာ၊သမာဓိကို ကျင့်အပ်၏ ဟု ဟောသည့်နေရာ၊ ပညာကို ကျင့်အပ်၏ဟု ဟောသည့်နေရာ (ပါဠိတော်)တို့အားလျော်စွာ လိုက်နာ၍ ကျင့်သုံးနေထိုင်သူမှာမှ သာသနာဗြဟ္မစရိယ ရှိသည်ဟု ဆိုရပါသည်။ ထိုသာသနဗြဟ္မစရိယ ပြည့်စုံလျှက် အဆုံးသတ်အားဖြင့် မဂ္ဂဗြဟ္မစရိယဖြစ်လျှင် သာသနာမှုအားလုံး ပြီးပြည့်စုံမည် ဖြစ်ပါသည်။ သာသနာပြုကစ္စ ပြီးပြည့်စုံပါသည်။
အမှတ်(၄)အရ ရည်ရွယ်ချက်နှစ်ခုသည်လည်း ကြီးကျယ်ခံ့ညားလှပါပေသည်။
အမှတ်(၅)၌ နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်သော်လည်း နားလည်နိုင်လောက်သော အစွမ်းအစပါရှိသူသာ နား လည်မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဟောပြတော်မူသည်ကိုပင် နာမလည်နိုင်သူများ ရှိတတ်ကြပါသေးသည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါစေတနာ ရှိနေဖို့လိုအပ်လှပါသည်။ စေတနာအတိုင်း ပညာက မမီလျှင် ဓမ္မမှ အဓမ္မသို့ လမ်းကြောင်းပြောင်းသွားနိုင်ပါသည်။
ကာယကံရှင်တစ်ဦးတည်းသာ ထိုသို့လမ်းကြောင်းပြောင်းသွားလျှင် အထူး မပြောလိုပါ။ အခြားသူများပါ ပြောင်းသွားကြပါမူကား သာသနာတော်သည်လည်း မသန့်ရှင်းတော့ဘဲ အညစ်အကြေးစွဲ ပရိသတ်များ တိုးပွားလာရပေလိမ့်မည်။
သာသနာတော် မတည်တံ့ဘဲ ပြိုပျက်ကွယ်ပသွားဖွယ်ရာ ဖြစ်လာရပေလိမ့်မည်။ သာသနာ(သာသနဗြဟ္မစရိယ) မပြန့်ပွားတော့ဘဲ ဆုတ်ယုတ်သွားရပေလိမ့်မည်။ စေတနာပြစကားလုံးများသည် စေတနာဟန်ပြစကားလုံး (အကြွားအ၀ါသက်သက်)များ မဖြစ်ထိုက်ကြပေ။
အမှတ်(၅)စကားစုထဲတွင် “မိမိငြိမ်းအေးသလို” ဟုပါရှိရာ၌ ငြိမ်းအေးခြင်းသဘောသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ် သည်ဖြစ်၍ အမျိုးမျိုး ရှိပါသည်။ သာသနာ့ဗြဟ္မစရိယတစ်ခုတည်းကြောင့် ငြိမ်းအေးမှသာ သာသနာတော်အရေးမှာ ချီးကျူးထိုက်ပါသည်။ ဤကိစ္စနှင့်ဆက်၍ ဆရာကြီးပြောထားသည့်စကားမှာ..
“လောကုတ္တရာချမ်းသာကို နားမလည်သေးသူတွေက ပြီးပြည့်စုံခြင်းတွေကို မိမိခံယူချက်နှင့် တိုင်းတာပြီး လောကီချမ်းသာတွေကို ချမ်းသာအစစ်လို့ မှတ်ယူကြပါတယ်” ဟူ၍ ဖြစ်၏။ “ဆရာကြီးသည် လောကုတ္တရာချမ်းသာ(မဂ္ဂဗြဟ္မစရိယ)ကို နားလည်သူဖြစ်၏” ဟု ၀န်ခံ ရာရောက်ပါသည်။
(အမှတန် ၆၊ အမှတ် ၇၊တို့အတွက် သုံးသပ်ချက် ရေးပြဖွယ် မလိုတော့ပါပြီ)
ထို့ကြောင့် လင်္ကာတိုကလေးဖြင့် ဤဆောင်းပါးကို နိဂုံးချူပ်လိုက်ပါသည်။
ကျန ထင်ထင်၊ မသိမြင်ဘဲ၊
“တိုင်းခွင် ပြည်လုံး၊ ပျံ့နှံ့ဖုံးအောင်
အားလုံး လူမြတ်၊ ဖြစ်စေအပ်” ဟု
မြင့်မြတ်တရား၊ ဟော -ကျင့်ငြား
အမှားဖြစ်၍ ယုတ်တတ်သည်။
ပညာဏကာရီ

1 comments:
လူနဲ့  ၂၂၇ဆောင်းပါးက ကျေးဇူးကြီးပါတယ်ဘုရား
နောက်ထပ်လဲ ရိပ်သာထဲ အိမ်သာဘယ်နားရှိမှန်းတောင်မသိသေးခင် ကိုယ့်ဟာကိုယ်ကြေငြာနေတဲ့  အရိယာတေါကိုဆုံးမပါအုံးဘုရား
Post a Comment