Saturday, January 3, 2009

အရပ်တော် အဆုံးအဖြတ်

အမေး။ ။ အိန္ဒိယသုတေသီများရဲ့ အဆိုအရ ဘုရားရှင်ခေတ်က အဆောက်အဦးတွေရဲ့ တံခါးများဟာ ၆ပေသာသာပဲ ရှိတယ်။ဒါပေမယ့် ဂေါတမမြတ်စွာဘုရားရဲ့ အရပ်ဟာ ၁၈ တောင် မြင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ရဲ့ အရပ်တော် အမှန်ကို သိလိုပါတယ် ဘုရား။
ကိုကိုအောင်
USA

အဖြေ။ ။ဘုရားအရှင်ရဲ့ အရပ်တော် အဆုံးဖြတ်နဲ့ပတ်သက်ပြီး ဗုဒ္ဓ၀ံသပါဠိတော်က ၁၆ တောင် ရှိတယ်လို့ ဆိုတယ်။ ကျန်သည့် အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ဆိုတယ်။ ဘုရားရှင်ဟာ ဒီလိုသာ ၁၈ တောင် ရှိတယ်ဆိုရင် ဘုရားရှင် သီတင်းသုံးတဲ့ ဇေ၀န်ကျောင်းတော်ကြီးဟာ အလွန်မြင့်တဲ့ ကျောင်းတစ်ဆောင်ဖြစ်တဲ့အပြင် ၀င်ထွက်ရာ တံခါးမကြီးများဟာ အလွန်ကို ကြီးမားကျယ် ပြန့်လောက်စရာရှိတယ်။် ယခုသုတေသီတို့ရဲ့  သုတေသနပြု ချက်အရ ၆ ပေသာသာပဲ ရှိတာဆိုတော့ ဘုရားရှင်ရဲ့အရပ်တော်ဟာ လူသာမာန်တို့ထက် အနည်းငယ်သာ ပိုပြီး မြင့်ဟန် ရှိပါတယ်။
တကယ်လို့ ဘုရားရှင်ရဲ့ အရပ်တော်ဟာ အမှန်တကယ် ၁၈ တောင် မြင့်မယ်ဆိုရင် ဆွမ်းလောင်းသူများကလည်း လှေခါးထောင်တက်ပြီး ဆွမ်းလောင်းစရာရှိပါတယ်။ အရပ်တော်နှင့်ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေပါတယ်။
(၁)ယခု ကျောက်စာဌာနတို့ရဲ့ သုတေသနပြုချက်အရ ရှေးဟောင်းအသုံးအဆောင်ဟာ ပကတိလူသားများနှင့် သိပ်မထူး လှပါ။ ဘုရားရှင်သီတင်းသုံးရာ ကျောင်းများမှာလည်း ပကတိလူသားများ ၀င်ထွက်နိုင်တဲ့ အပေါက်များသာ ရှိပါတယ်။ ဘုရားရှင်လက်ထက်လောက် လူများရဲ့ အရိုးစုဟာ သာမန်လူအရပ်လောက်ပဲရှိတယ်လို့ ဖေါ်ပြကြပါတယ်။ ပဌမသင်္ဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်ဝဟာ အထက်အောက်အားလုံး ၆ ပေလောက်သာရှိတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်များရဲ့ အရပ်တော် ဟာ ပကတိလူသားများထက် မမြင့်နိုင် ဘူးလို့ ယူဆရပါတယ်။ တကယ်လို့ ဘုရားလက်ထက်က ထူးခြားစွာ မြင့်နေမယ်ဆိုရင် “မဲဖြူ ဆူကြုံ နိမ့်မြင့်တုံ မှတ်ကုန် ပြစ် ၆ ပါး” ဆိုတဲ့စကားအရ ဘုရားအရပ်တော်ဟာ မြင့်လွန်းနေတဲ့အတွက် အပြစ်ရှိတယ်။ ဒါကြောင့် ဘုရား အရပ်တော်ဟာ အနိမ့်မမြင့် မှာဘဲ ရှိနိုင်စရာရှိပါတယ်။
တကယ်လို့ လူဖြစ်တုန်းက အရပ်သာမန်ပါ၊ ဘုရားဖြစ်မှ အရပ်မြင့်သွားတယ်ဆိုရင် ဘုရားဖြစ်ပြီး လမ်းခုလပ်မှာ ဥပကတက္ကတွန်းနဲ့တွေ့ပါတယ်။ အဲဒီအခါမှာလည်း ဥပကတက္ကတွန်းက ဘုရားရှင်ကိုကြည့်ပြီး ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါးလို့ သာ မှတ်ထင်နေပါတယ်။ ဒါကိုထောက်ရင်လည်း ဘုရားရှင်ရဲ့အရပ်ဟာ ပကတိလူသားထက် ပိုပြီးမမြင့်နိုင်ပါ။(မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်)
ဘုရားရှင် ကောသမ္ဗီမှ ပါလိလေယျက တော သို့ အကြွ၊တောကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်နန္ဒိယ၊အရှင်ကိမိလ၊ အရှင်နုရုဒ္ဓါ မထေရ်သုံးပါးထံ ၀င်တော်မူရာ တောစောင့်ယောင်္ကျားက သာမန်ရဟန်းထင်ပြီး “ ရဟန်းကြီး မ၀င်ပါနဲ့ အမျိုးကောင်းသားတွေ တရားအားထုတ်နေတယ်” လို့ တားမြစ်ခဲ့ဖူးတယ်။ တကယ်လို့ အရပ်တော်၁၈ တောင်မြင့်မယ်ဆိုရင် တောစောင့်ယောင်္ကျား မတားဝံ့နိင်ပါ။
ညီတော် နန္ဒမင်းသာဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်နှင့်ညီမျှတဲ့ သင်္ကန်းကို ၀တ်ရုံလာတယ်။ ဒီအခါမှာ နန္ဒမင်းသားကို မြင်သော လူများကို ဘုရား လို့ ထင်မှတ်ပြီး နေရာမှ ထကြတယ်။ အနားရောက်မှာ နန္ဒမင်းသားမှန်း သိရပါတော့တယ်။ ဘုရားရဲ့အရပ်တော်ဟာ နန္ဒမင်းသားထက် လက်လေးသစ် ပိုပြီးမြင့်တယ် လို့ ၀ိနည်း ပါစိတ်ပါဠိတော်၊ ရတန၀ဂ် မှာ ဆိုထားပါတယ်။
တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ သူဝတ်နေကျ အ၀တ်ကို ဘုရားရှင်အား လှူဖူးပါတယ်။ ဘုရားရှင်က ပုဏ္ဏားအ၀တ်ကို ၀တ်ရုံ လောက်တယ်လို့ ဆိုပါတယ်။ (မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်)
အချူပ်ဆိုရသော် ဘုရားလက်ထက်က အထောက်အထားများအရ ဘုရားရှင်ဟာ သာမန်လူသားများထက် ပိုမြင့်နိုင်စရာမရှိပါ။ ဒါဖြင့် အဋ္ဌကထာများကို ဘာပြုလို့ ၁၈ တောင်လို့ ပြောရလဲ ဆိုရင် ….ဘုရားရှင်ဟာ ၀ါဝင်းသော အဆင်းတော်ရှိတယ်။ ဒီဝင်းဝါသော အရောင်တော်များဟာ ထက်ဝန်းကျင် ၁၆၊ ၁၈ တောင်အထိ ပြန့်တက်ဖွယ်ရာရှိတယ်။ ဒါကြောင့် ပါဠိတော်နဲ့အဋ္ဌကထာများက အထက်သို့ တက်နေတဲ့ ကိုယ်ရောင်များအား မှန်းဆပြီး ၁၈ တောင်မြင့်တယ်လို့ ဆိုနိုင်ကြောင်း ယူဆရပါတယ်။ ထိုအကြောင်းပတ်သက် ပြီး မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်ကျမ်းစာမှာ အပြည့်စုံဖေါ်ပြပေးထားပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More