Thursday, January 8, 2009

မွေးခါစ စကားပြောကြသူများ

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလို မြန်မာလို နှစ်ဘာသာဖြင့် ဖေါ်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။
ပြည့်စုံအောင်
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း
အဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသော သူများမှာ ဘုရားအလောင်းတော်များဖြစ်တကြတဲ့ ဝေဿန္တရာ ၊ မဟောသဓာ ၊ သိဒ္ဓတ္တမင်းသား တို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစ ပြောစကားများကို နားလည်အောင် အကျယ် ပြောပေးပါ့မယ်။

(၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့ လက်ထဲမှာ စန္ဒကူးနံ့သာ နှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသော အခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ” လို့ မေးမြန်းရာ သားတော်က “ အို မွေးမိခင်….ဆေးဖြစ်ပါတယ်” (သြသဓံ, အမ္မာ) လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကား ပြောခဲ့တယ်။
(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)
(၂) ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး “ အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ” လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်.. မယ်တော်မှာ တစုံတခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့” လို့ ဆိုပြီး ဖွားမြင်လာပါတယ်။
(၃) ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါး ခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက်ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး..
အဂ္ဂေါဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။
ဇေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံး ဖြစ်တယ်။
သေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။
အယမန္တိမာ ဇာတိ = ယခု ပဋိသန္ဓေ တည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံး ပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။
နတ္ထိဒါနိ ပုနဗ္ဘဝေါ = ယခအခါ ငါအဖို့ တဖန် ဘ၀အသစ် ဖြစ်ရခြင်း မရှိတော့ပြီ။ လို့ ပြောကြားတော်မူ ခဲ့ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More