Thursday, January 8, 2009

သာသနာ ၅၀၀၀ ကို ဘယ်သူပြောခဲ့လဲ

အမေး။ ။အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့်ကာလ ဟူ၍
ဘယ်သူက ဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။
ငိမ်းလွင်
Mosscow

အဖြေ။ ။ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့ အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရား ရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့ စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်က တစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊သောတာပန်ခေတ်က တစ်ထောင် ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင် ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။
တဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာ တို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့ နှစ်တစ်ထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တ ခေတ် ကိုဆိုလိုကြောင်း၊ ဆဠာဘိည၊ တေ၀ိဇ္ဇ၊ သုက္ခ၀ိပဿက၊ ပါတိမောက္ခ ခေတ် လို့ဆိုကာ သာသနာအနှစ်ငါးထောင်ပင် ဖြစ်ကြကြောင်း အဋ္ဌကထာဆရာများက မိန့်တော်မူကြပါတယ်။
ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင်က “ သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိမိ တရားထူးရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်)ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး” လို့ သုဘဒ္ဒပရိဗိုဇ်အား မိန့်တော်မူထားပါတယ်။
(ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောက အရဟန္တေဟိ အဿတိ)
ထိုစကားတော်အရ ယခုကာလမှ အရိယာ များစွာ ပေါ်ထွန်းနေမယ်လို့ တစ်ထစ်ချ မဆိုပါဘူး။ အထက်မှာ ပြဆိုခဲ့တဲ့အတိုင်း ရဟန်းတော်များ ကောင်းမွန်စွာ နေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင်ဘူး၊ ရှိနေဦးမှာပါ ဆိုတာပါပဲ။ တကယ်လို့ ရဟန်းတော်များ ကောင်းမွန် စွာ မနေကြဘူးဆိုရင်တော့ မရှိနိုင်ဘူးလို့ အဓိပ္ပါယ်နှစ်မျိုး ယူလို့ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More