This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 29, 2009

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။ ။
ကိုကိုအောင်
ဆန်ဖရန်စ္စကို

အဖြေ။ ။အမဲသားမစားတာဟာ လောကီအကျိုးရှိတယ် လို့ ပြောရမယ်။ နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊သရဲ၊သင်းကွဲပြိတ္တာ၊ တစ္ဆေ ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျား၊ စတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်း တယ်၊သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။
‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။’
ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’ လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက….
(၁) ဣစ္ဆာ- လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက် ဖြစ်ရတဲ့ရောဂါ။
(၂) အနသန - စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။
(၃) ဇရာ - အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ ။
ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင် ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့ အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာများ ဖြစ်ပေါ်လာကြပါတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမဲသားများကို ရှောင်တာဟာ အထက်ဖေါ်ပြပါ လောကီကောင်းကျိုးများ ရနိုင်ပါတယ် လို့ အဖြေပေးလိုက်ပါတယ်။

သန်းခေါင်ယံအမေးအဖြေများ စာအုပ်မျက်နှာဖုံး

မကြာမီ ထွက်တော့မည့် စာအုပ်မျက်နှာဖုံးပါ၊ ကြိုတင်သိချင်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်

Type the rest of your post here.

Thursday, January 22, 2009

ပြုပြင်စရာလေးတွေ

အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ လောကထဲတွင် မှန်သည်ဟုထင်ပြီး မှားနေကြသော အရာများလည်း ရှိနေပေသည်။ ထိုမှားနေသည့် အကြောင်းအရာများကို အမှားမှန်းသိပြီး အမှန်သို့ရောက်အောင် ညွန်းပြ ထောက်ဆိုရမှာက စာရေးသူတို့၏ တာဝန်ပင် ဖြစ်ချေသည်။

ယခုလည်း စာရေးသူတို့၏ မြို့သို့ ၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင် သာမန်တရားဟောဓမ္မကထိကများနှင့် နာမည်ကြီး တရားဟော ဓမ္မကထိကများ ရောက်ရှိလာပါသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နိုင်ငံကျော်ဓမ္မကထိကဆရာတော်တစ်ပါး ကြွရောက်ခဲ့ပါသေးသည်။ ထိုဆရာတော်၏ ဟောပြောချက်များသည် မှတ်သားစရာ၊ပြုပြင်စရာကောင်းသော အချက်အလက်များကို ဟောတော်မူခဲ့သကဲ့သို့ လိုသည်ထက်ပိုသွားသည့် ဟောကြားမှုမျိုးကို ဟောနေသည်ဟုလည်း တရားနာသူတို့၏စကားဖြင့် တဆင့်စကား ကြားခဲ့ရပေသေးသည်။ ပြောလိုသည်မှာ နာမည်ကြီးတရားဟောသူများ၏ နှုတ်တော်က ထွက်အံကျလာသည့် စကားတစ်ခွန်းသည် သာမန်ပုဂ္ဂိုလ်အယောက်တစ်ရာ ပြောသည်ထက် အသံစောင်းထက်လှသည်။ ထို့ကြောင့် တရားဟောရာတွင် အမှားမပါအောင် ပြောရန် အလွန်အရေးကြီးပေသည်။ ဤကား တရားဟောသည့် ဓမ္မကထိကများဘက်က သတိထားစရာ အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပေ သည်။
တစ်နေ့သ၌ စာရေးသူတို့ မြို့သို့ နိုင်ငံကျော် တရားဟော ဆရာတော်တစ်ပါး ကြွလာသည့်အခါ ဆရာတော် စီးသည့်ကား၏ အရှေ့မှ သာသနာ့အလံထူကာ မော်တော်ဆိုင်ကယ် အစီးရေ တစ်ရာကျော် နှစ်ရာခန့် လိုက်ပါကြသည်။ အမှန်ကား ဆရာတော်စီးသည့်ကား၏ အရှေ့က သွားသည်ဆိုရာဝယ် လမ်းရှင်းရန်အတွက် ရှေ့တော်ပြေး အနေဖြင့်သာ သွားသင့်ပေသည်။ မော်တော်ဆိုင်ကယ် အစီးရေများစွာဖြင့် ရှေ့တော်ပြေး မောင်းနှင်ခြင်းသည် လမ်းမရှင်းသည့်အပြင် ယာဉ်ကျောပါ ရှုပ်ထွေးသွားရပါသည်။ လမ်းအန္တရာယ်လည်း ရှိသည်။ ခရီးသွားသူများလည်း အနှောက်အယှက်ဖြစ်ရသည်။သည်ကြားထဲ ဆရာတော်သည် တရားဟောရန်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ မြို့ပြင်သို့ ကြွတော်မူရန်ရှိပါက မော်တော်ဆိုင်ကယ် အရေအတွက်များစွာဖြင့် ရှေ့တော်ကနေ ဆူညံစွာ မနားတမ်း ဟွန်းများ တီးပြီး မောင်းနှင်သွားကြသည်မှာလည်း ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်သည့်အပြင် ဂရုမစိုက်ရာလည်းရောက်နေပေသည်။
ထိုအဖြစ်အပျက်သည် ကုသိုလ်ပြုလုပ်သည်နှင့်မတူဘဲ အပျော်သဘောကဲ့သို့ ဖြစ်နေပေတော့သည်။ ဤသို့ မဖြစ်သင့် ဟု စာရေးသူ နည်းတူ အခြားသူများလည်း တွေးမိကောင်းတွေးမိပါလိမ့်မည်။
မြတ်စွာဘုရားရှင်က သမ္ပဇဉ်တရားလေးပါး အကြောင်းကို လောကသတ္တ၀ါများ ကြီးပွားရေးအတွက် ဟောတော်မူခဲ့သည်။ အကျိုးရှိ/ မရှိကို သိတာက သတ္ထကသမ္ပဇဉ် ဟုခေါ်သည်။ နောက်တစ်ခုက အကျိုးရှိသော်လည်း လုပ်သင့် မလုပ်သင့် ဟု ကောင်းစွာသိခြင်းကို သပ္ပါယသမ္ပဇဉ် ဟု ခေါ်ပါသည်။
ယခုလုပ်ရပ်သည်လည်း ကုသိုလ်ရသည်၊အကျိုးရှိသည်ဟု ဆိုသော်ငြားလည်း လုပ်သင့်၊မလုပ်သင့်ကို ဥာဏ်ဖြင့် သိဖို့လိုပါသည်။ ဤသို့ သိမှတ်မှုကိုပင် ဘုရားက ‘သပ္ပါယသမ္ပဇဉ်’ လို့ မိန့်တော်မူခဲ့ပါသည်။
တစ်ခါက ရန်ကုန်မြို့တွင်းတစ်နေရာတွင် နိုင်ငံကျော်ဆရာတော်တစ်ပါး၏ ညတရားပွဲတစ်ခု ဖြစ်ခဲ့သည်။ ညဖက်ရောက်သောအခါ တရားဟောဆရာတော်အား ကားအစီး အရေအတွက် များစွာဖြင့် ပင့်ဆောင်ကြပါသည်။ တစ်နေရာအရောက်တွင် ကားအစီးရေများပြားလှသည့်အတွက် ယဉ်ကျောကို ခေတ္တပိတ်ဆို့ထားရသည်အထိ ဖြစ်ခဲ့ရသည်။ ထိုအခြေအနေကို သိသော ဆရာတော်သည် ကားပေါ်မှ ရုတ်တရက်ဆင်းကာ တရားပွဲရှိရာသို့ ခြေလျှင်ခရီးဖြင့် ကြွခဲ့ပါတော့သည်။ တရားပွဲအချိန်ကျရောက်သဖြင့် တရားဟောသောအခါ ဆရာတော်က ဦးစွာ “ဒကာတို့…..ဘာသာရေးလုပ်တဲ့နေရာမှာ ယခုလို ယာဉ်ကျောကို ခေတ္တပိတ်ဆို့ရလောက်အောင် ဖြစ်သွားရတယ်။ ဒီတိုင်းပြည်မှာ ဗုဒ္ဓဘာသာအပြင် တစ်ခြား ဘာသာတွေလည်း ရှိနေတယ်။ ဒီအခွင့်အရေးကို ကိုယ်အတွက်ချည်း ယူထားတာ သဘာဝမကျဘူး။ ကိုယ့်ကြောင့် တစ်ခြားခရီးသွားနေသူတွေ ခရီးကြန့်ကြာပြီး စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ဘုန်းကြီး ကားပေါ်က ဆင်းပြီး ခြေနဲ့လျှောက်လာတာပါ။ နောက် ဒါမျိုးမဖြစ်အောင် သတိထားဖို့ လိုလိမ့်မယ်” ဟု မိန့်တော်မူခဲ့ပါသည်။
ဤကား တရားပွဲပင့်သူ ဒကာအချို့တို့၏ ပညာကင်းမဲ့သည့် ယုံကြည်မှုဖြင့် အဆင်အခြင်ဥာဏ်နည်းကာ ပြုလုပ်နေကြခြင်းဖြစ်သည်။ ဤကိစ္စကို သည်လိုမလုပ်ပါနှင့် ဟုပြောလျှင် ပြောသူကို ‘မနာလိုဖြစ်နေတယ်’ ဟု ပြောပေဦးမည်။ ပြောလိုက ပြောနိုင်သည်။ ဤသို့ ပြောလာသော်လည်း သတိပေး ရေးသားရမည်က စာရေးသူတို့၏ တာဝန်ပင် ဖြစ်သည်။
ကျောက်များသည် နဂိုရ်ကတည်းက တန်ဖိုးရှိပြီးသားဖြစ်သည်။ မထင်မှတ်သည့်အပြစ်အနာအဆာလေးတွေကို ဖယ်ထုတ်ကာ လှပအောင် သွေးပေးကြရုံသာရှိသည်။ ထို့အတူ လူငယ်လူရွယ်များသည်လည်း ပင်ကိုယ်က သဒ္ဓါတရားအားကောင်းကြပြီး ဖြစ်သည်။ မလုပ်သင့်/လုပ်သင့်ဆိုသည်ကို ဆရာတော်များ၊ရဟန်းသံဃာတော်များက အဆုံးမသြ၀ါဒပေးလျှင်လည်း သောဝစဿတာ ဂုဏ်နှင့်ညီအောင် အဆုံးမလွယ်သည့် ပုဂ္ဂိုလ်များဖြစ်ရန်သာ လိုပေသည်။
မြတ်စွာဘုရားလက်ထက်တော်အခါက ရှင်ဘုရင်နှင့် မူးကြီးမတ်ကြီးများသည် မြတ်စွာဘုရားထံ သွားကြသည့်အခါ မြတ်စွာဘုရား မမြင်နိုင်လောက်သည့် အဝေးကတည်းကနေ စီးတော်ယာဉ်ပေါ်မှ ဆင်းပြီး ခြေလျှင် ခရီးဖြင့် လျှောက်လာကြသည်။ ဘုရားရှင်လက်ထက်တော်အခါက မိထွေးတော်ဂေါတမီအမှူးရှိ နန်းတွင်းသူ အမျိုးသမီးများသည် ဘိက္ခုနီမ ပြုလုပ်နိုင်ရေးအတွက် ဘုရားရှင် ထံသွားသောအခါ ယူဇနာများစွာ ကွာဝေးပြီး ကြမ်းတမ်းသည့် လမ်းခရီး၌ ယဉ်ကို အသုံးမပြုဘဲ ခြေလျင်ခရီးဖြင့် ပင်ပမ်းစွာ လာခဲ့ကြသည်။
ဤသည်မှာ ဘုရားရှင်အား ရိုသေမှု ဂါရ၀တရားထားကာ ခြေလျှင်ဖြင့် လျှောက်လာခြင်းပင်ဖြစ်သည်။ ယနေ့ခေတ်တွင် လည်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် စီးနင်းဝင်ရောက်သူများ သတိထားစရာ တစ်ခုဖြစ်နေသည်။

ယခုအခါ မြို့ရွာအနှံ့ တရားပွဲများ ကျင်းပကြသည်မှာ ယခင်ကထက် ပိုမိုများလာသည်ကို တွေ့ရသည်။ တရားဟောပုဂ္ဂိုလ်များလည်း လွန်စွာ ပေါများလာသကဲ့သို့ တရားနာပုဂ္ဂိုလ်များလည်း တရားပွဲတိုင်းလိုလို အရေအတွက် များပြားလှသည်။ ထိုမြင်ကွင်းများသည် သာသနာအတွက် အားတက်ဖွယ်ရာ ဖြစ်ပေမယ့် တရားဟော တရားနာသူများအတွက် ပြုပြင်ဆင်ခြင်စရာများလည်း ရှိလာသည်ကို တွေ့ရပေသည်။
တရားနာသူများ သတိထားစရာ…..
တစ်နေ့သ၌ “မနေ့ညက ငါတို့ဆရာတော် တရားဟောတာ သိန်း ၅၀ တောင်ရတယ်၊ ဘယ်ဆရာတော်မှ ဒီလို ရဖူးတာ မဟုတ်ဘူး၊ အဲဒါ ဒို့ ဆရာတော်ဘုန်းကံကြောင့်ရတာ” ။ “ အံမယ်……ရှင်တို့ဘုန်းကြီးက သိန်း ၅၀ ပဲရတာ၊ ကျူပ်တို့ဘုန်းကြီးကတော့ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ တရားပွဲမှာ လူတွေ တစ်ခါမှ မပြည့်ဖူးတဲ့ ဘောလုံးကွင်းကြီးဆို လူတွေအပြည့်ပဲ၊ အဲဒါတင်ဘယ်ကမလဲ ကွင်းကြီးတစ်ခုလုံး လျှံတောင်လျှံသွားတယ်လေ။ အဲဒီညက သိန်း ပေါင်း ၉၀ လောက်ရတယ်လို့ ကြော်ငြာတယ်၊ အဲဒါ ရှင်တို့ လည်း ကြားသားပဲ” စသဖြင့် တရားနာခဲ့သည့် လူများရဲ့ ပြောဆိုနေကြသည့် စကားများ ဖြစ်သည်။ တရားနာခဲ့ပေမယ့် ဒီလိုအသိဥာဏ်မျိုးသာ ရလာသည် ဆိုလျှင်တော့ ၀မ်းနည်းစရာ ကောင်းလှပေသည်။
အမှန်စင်စစ် တရားနာရာတွင် မှတ်မိအောင် နာရသည်။ မှတ်သားမိသည့် တရားအဓိပ္ပါယ်များကို ယောနိသော မနသိကာရ အသင့်အတင့် မှန်ကန်စွာ နှလုံးသွင်းနိုင်ရမည်။ ထိုမှတဆင့်တက်ကာ တရားတော်လာအတိုင်း ကျင့်နိုင်ကြပေမည်။ သို့မှသာ တရားနာရကျိုးနပ်မည် မဟုတ်ပါလော။ ဤကား တရားနာလာသူ ဒကာ/ဒကာများအား စာရေးသူရဲ့ စေတနာအရင်းခံဖြစ်သည်။
တစ်ဖန် ယခုအချိန်တွင် စာရေးသူတို့ မြို့လေး၌ ညတရားပွဲများသည် ရပ်ကွက်အသီးသီးတွင် ယခင်ကထက် ပိုမိုများပြားစွာ ကျင်းပလာကြသည်။ တရားနာသူများကလည်း ငြီးငွေးမှုမရှိ တရားနာနိုင်ကြသည်။ အချို့ရွာများမှ ရေလမ်းဖြစ်စေ၊ကုန်းလမ်း ဖြစ်စေ ပင်ပမ်းခံလာရောက်ကာ တရားနာယူကြသည်ကို တွေ့မြင်ရသည်။ မိမိတို့အတွက် တရားနာရကျိုးနပ်အောင် တရားနာတတ်ရန်သာ လိုသည်။
မှတ်မိပါသေးသည် ပြီးခဲ့သည့် နှစ်တုန်းက နိုင်ငံကျော်ဓမ္မကထိက ကိုးဘွဲ့ရဆရာတော်တစ်ပါးသည် စာရေးသူတို့ မြို့သို့ ကြွရောက် တရားဟောကြားမည် ဟု ကြော်ညာများတွင် ဖတ်လိုက်ရပါသည်။
ယခုဒီနှစ်တွင်လည်း ဆယ်ဘွဲ့ရဆရာတော်တစ်ပါး ကြွရောက် တရားဟောကြားမည် ဟု လက်ကမ်းစာစောင်တစ်ခုမှာ ဖတ်လိုက်ရပါသည်။ လအနည်းငယ်ခန့်အကြာတွင် စာရေးသူထံသို့ ရင်းနှီးသည့် ဒကာတစ်ဦး ရောက်ရှိလာပြီး သူဟာ တစ်ဆယ့် ငါးဘွဲ့ရ ဆရာတော်၏ တရားပွဲအတွက် မြို့ထဲလှည့်ကာ နိုးဆော်ရာမှ ပြန်လာခဲ့ကြောင်း ပြောကာ စာရေးသူအား လက်ကမ်းစာစောင် တစ်ရွက်ပေးပါသည်။ ထိုစာစောင်တွင် ဆရာတော်ပုံတော်၏ တစ်ဖက်စာမျက်နှာတွင် ‘ရရှိခဲ့သော ဘွဲ့တံဆိပ်များ’ ဟု ခေါင်းစဉ်တတ်ကာ ရရှိခဲ့သည့် ဘွဲ့များကို အစဉ်အတိုင်းတစ်ဆယ့်ငါးခုတိုင်အောင် ရေးကာ ကြော်ညာထားပါသည်။ လွန်ခဲ့သည့်နှစ်ကလည်း ဘွဲ့ပေါင်း (၃၅)ဘွဲ့ရ ဟု ထုတ်ဖေါ်ပြခဲ့သည့် ဓမ္မကထိကတစ်ပါးလည်း ပေါ်ခဲ့သေးသည် လို့ ကြားခဲ့ရပါသည်။
ယခုလို ဘွဲ့ထူးဂုဏ်ထူးများစွာ လူအများသိအောင် ဖေါ်ပြခြင်းသည် အဘယ်ကြောင့်ပါနည်း၊ “ ဂုဏ၀န္တေ ပဿန္တေ ဇနာ” (လူများသည် ဂုဏ်ရှိသူကို မြင်ကြ၏) ဆိုသည့်အတိုင်း လူတွေမြင်နိုင်အောင် လူတွေအထင်ကြီးအောင် ရရှိထားသည့် ဘွဲ့ထူးဂုဏ်ထူးများစွာကို ထုတ်ဖေါ်ခြင်းလော။ သည်လိုမဟုတ်လျှင် မည်သည့်အတွက် ဖေါ်ပြကြပါသနည်း။
တစ်ခါတုန်းက တိပိဋကဆရာတော်ကြီးသည် စာရေးသူတို့မြို့သို့ ကြွရောက် တရားဟောတော်မူသည်ကို မှတ်မိပါသေးသည်။ ထိုစဉ် က (ဘီနိုင်းမပေါ်ပေါက်သေး) ကြော်ညာကပ်ထားသည်မှာ တိပိဋကဆရာတော်ကြီးသည် မည်သည့်ရက်တွင် တရားဟောကြားတော်မူမည် ဖြစ်ကြောင်း ရိုးရိုးလေး ကြော်ညာထားသည်ကို တွေ့ရပေသည်။ မည်သည့်ဘွဲ့ထူးဂုဏ်ထူးကိုမျှ ဖေါ်ပြထာခြင်းမရှိပေ။ ထို့အပြင် ယခင်က စာတတ်ပေတတ် လယ်တီဆရာတော်ဘုရားကြီး၊ မန်လည်ဆရာတော်ဘုရားကြီး၊ရွှေဟင်္သာဆရာတော်ဘုရားကြီး၊စံကင်းဆရာတော် ဘုရားကြီး၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး စသည့် စာပေပရိယတ္တိအရာတွင် ထင်ရှားကျော်ကြားသည့် ဆရာတော်များသည် သူတို့၏ နာမည်အရှေ့တွင် မည်သည့်ဘွဲ့ထူးဂုဏ်ထူးကိုမျှ ဖေါ်ပြထားသည်ကို မတွေ့ရချေ။
ယခုကဲ့သို့ ကိုးဘွဲ့၊ဆယ်ဘွဲ့၊တစ်ဆယ့်ငါးဘွဲ့၊သုံးဆယ့်ငါးဘွဲ့ စသည့် ဘွဲ့များသည် မျက်မှောက်ဘ၀တွင် ရရှိထားသော ဘွဲ့များသာ ဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနှင့် တစ်ကမ္ဘာတစ်သိန်း သွေးချွေးတို့ဖြင့်ပေးဆပ်ခဲ့ရပြီး သူတကာတို့ ပြုနိုင်ခဲသည့် ပါရမီတို့ကို ဖြည့်ကျင့်၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည့်အပြင် သိရန်မှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူ သော ဘုရားရှင်တောင်မှ “ ဂေါတမမြတ်စွာဘုရာ” ဟု သာ ခေါ်ဆိုကြပါသည်။ ဘယ်နှစ်ဘွဲ့ရ မြတ်စွာဘုရား ဟု မည်သည့်စာပေမှာမှ မလာရှိပေ။ ရှေးရှေးပွင့်တော်မူခဲ့သည့် ဘုရားရှင်များလည်း ထိုနည်းအတူဖြစ်ပါသည်။
ဘုရားရှင်ကိုယ်တော်တိုင် ပညာအရာ တန်ခိုးအရာ ဧတဒဂ်ရ ချီးမြှင့်တော်မူခဲ့သည့် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏ ဘွဲ့တော်သည်လည်း တစ်ခုသာရှိသည်။ထို့အတူ ဆဠာဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်တို့သည်လည်း အရှင်……….မထေရ် ဟု နာမည်တစ်လုံးသာရှိသည်။ နာမည်အရှေ့မှ မည်သည့် ဘွဲ့တော်ကိုမှ ထုတ်ဖေါ်ပြသခြင်းမရှိကြပါ။ ရှေးက သူတော်ကောင်းကြီးများသည် ရရှိသည့် ဘွဲ့ထူးဂုဏ်ထူးများကို လူအထင်ကြီးအောင် အသုံးချခြင်း မပြုခဲ့ကြသည်မှာ သတိထားစရာတစ်ခုအဖြစ် တွေ့မြင်ရ ပေသည်။
အချူပ်အားဖြင့် ဆိုရသော် သဒ္ဓါတရားအားကောင်းသည့် တရားပွဲပင့်သူ စီစဉ်သူများကလည်း ပြုပြင်ဆင်ခြင်သင့်သည့် အရာများကို ပြုပြင်ဆင်ခြင်ဖို့ လိုအပ်ဖို့ လိုသကဲ့သို့တရားနာသူများကလည်း တရားကို တရားနှင့်တူအောင် နာတတ်ဖို့ အထူးလိုအပ်လှပါသည်။ ထို့အပြင် တရားဟောသူများ ကလည်း မိမိသင်ယူခဲ့သည့် ပရိယတ္တိစာပေဘွဲ့ထူးများကို မလိုအပ်သည့်နေရာများတွင် ထုတ်ဖေါ်အသုံးပြုနေမည့်အစား တန်းဖိုးရှိသည့် နေရာတွင် ဂုဏ်သိက္ခာရှိရှိ အသုံးပြုကြစေလိုကြောင်း ပြုပြင်စရာများအဖြစ် တင်ပြလိုက်ပါသည်။

Saturday, January 17, 2009

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိ

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိ
အမေး။ ။အရှင်ဘုရား….ဘုရားရှင် လက်ထက်တော်ကတည်းက ကျမ်းဂန်တတ်ကျွမ်းတဲ့ သံဃာတော်များ ရှိတယ်လို့ ဆိုတယ်။ ထိုခေတ် အခါကတည်းက မှတ်တမ်းတစ်ခါတည်း လုပ်လို့ ကျမ်းဂန်ဆိုတာ ရှိနေရပါသလား။ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
မော်စကို၊ရုရှားနိုင်ငံ

အဖြေ။ ။ ဘုရားရှင်လက်ထက်တော်က စာပေကျမ်းဂန်ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့် ပြောနိုင်တာလဲဆိုရင် ဗိမ္ဗိသာရမင်းက ပက္ကုသာတိမင်းအား စာသ၀ဏ်လွှာပို့ခြင်း ဓါတုဝိဘင်္ဂသုတ်လာစကားနှင့် ဥတ္တရာနှင့်သီရိမာဝတ္ထု ဓမ္မပဒအဋ္ဌကထာလာ စကားတို့ကို ထောက်ပြီး သိနိုင်ပါတယ်။ ဒါဖြင့် စာပေကျမ်းဂန်ရှိရက်နဲ့ ဘုရားရှင်ရဲ့ တရားတော်များကို စာပေဖြင့် အဘယ့်ကြောင့် မှတ်တမ်းမတင်တာလဲ လို့ မေးစရာရှိတယ်။ ဒီတုန်းက စာပေဖြင့် တင်လို့ရပေမဲ့ တရားဓမ္မအပေါ်မှာ ရိုသေမြတ်နိုးလွန်းတဲ့အတွက် ပထမသင်္ဂါယနာတင်ပွဲမှာ နုတ်တက်အာဂုံ ရွတ်ဆိုပူဇော်ကာ မှတ်တမ်းတင်တော်မူခဲ့ကြတယ်၊ ဒါ့အပြင် ဒုတိယ သင်္ဂါယနာ၊ တတိယ သင်္ဂါယနာ တို့မှာလည်း နုတ်ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ နောင်တွင် လူအများ သဒ္ဓါ၊ပညာ အားနည်းလာတာကို ရဟန္တာ အရှင်မြတ်များက သိမြင်တော်မူကြတဲ့အတွက် စတုတ္ထသင်္ဂါယနာတင်ပွဲမှာ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာတင်တော်မူခဲ့ကြပါတယ်။

မာဂဓဘာသာနှင့်ပါဠိဘာသာ

မာဂဓဘာသာနှင့်ပါဠိဘာသာ
အမေး။ ။ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား…မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား….။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲ ဆိုတာ အဖြေပေး တော်မူပါဘုရား………..။
လင်းလင်း
ထိုင်ဝမ်

အဖြေ။ ။ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။
ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက်ဘာသာ၊ မာဂဓဘာသာစကား သုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံး စကားအဖြင့် သက္ကတဘာသာကို သုံးစွဲကြတယ်၊ ပြာကရိုက်ဘာသာစကားကိုတော့ အထက်တန်းလွှာက သုံးကြတယ်။ လူတန်းစားအားလုံး သုံးကြတာက မာဂဓ ဘာသာစကားဖြစ်တယ်။
မာဂဓဘာသာစကား (ပါဠိဘာသာစကား)ဟာ အက္ခရာအနေနဲ့ မရှိပါဘူး၊ ဒါကြောင့် မာဓဂ (ပါဠိ)ဘာသာစကားကို ဟိန္ဒူဗြဟ္မဏ အက္ခရာနဲ့ ရေးထားတာ ရှိသလို ရောမ အက္ခရာ၊ဂျာမန်အက္ခရာ၊ အင်္ဂလိပ်အက္ခရာနဲ့လည်း ရေးလို့လည်း ရပါဘယ်။ အဘယ်လူမျိုး အဘယ်အက္ခရာမဆို ရေးလို့ရပါတယ်။ မာဂဓဘာသာ(ပါဠိ)ဘာသာစကားကို မြန်မာအက္ခရာနဲ့ ရေးလို့ ရတဲ့အတွက် ပိဋကတ်သုံးပုံကို မြန်မာအက္ခရာဖြင့် ရေးထားတဲ့ ပါဠိတော်တွေလည်း ယခုအချိန်မှာ တွေ့မြင်နေရတာပါပဲ။ ရှင်းရှင်းပြောရရင် ပါဠိဘာသာစကားကို ပါဠိအသံထွက်အတိုင်း အဘယ်အက္ခရာနဲ့ပဲဖြစ်စေ ရေးထားတဲ့ ပိဋကတ်တော်တွေ ရှိတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက် ပါတယ်။

ဘုရားရှင်ရဲ့အရပ်တော် ထပ်မံဖြေရှင်းချက်

ဘုရားရှင်ရဲ့ အရပ်တော် အဆုံးအဖြတ်နဲ့ပတ်သက်ပြီး သတိထားစရာ နောက်တစ်ခု ရှိပါသေးတယ်။
ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိ လူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။
သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ် အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာ နေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူ လာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့ အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျှက်ပါပဲ။

အဲဒီအခါ မြတ်စွာဘုရားက “ ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ” လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ” လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို မင်းဝါးလုံးနဲ့ တိုင်းတာလို့ ရပါ့မလား” လို့ ဟောကြားဆုံးမတော်မူပါတယ်။
တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါကလည်း ပင်လယ်ကသစ်ပင်ရင်းပဏ္ဍုကမ္ပလာထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းက “ ပဏ္ဍုကမ္ပလာက တစ်ဆယ့်ငါးယူဇနာတောင် ရှိတာဆိုတော့ ဘုရားရှင်ထိုင်တော်မူရင် နေရာတွေ ပိုနေမှာပဲ” လို့ တွေးမိတယ်။ ဒါနဲ့ ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်းအစွန်းဟာ ကမ္ပလာရဲ့ အပြင်ကို ထွက်ကျနေပါတော့တယ်။ အဲဒီအခါ သိကြားမင်းက “ ငါဟာ မိုက်လေစွ ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ” လို့ နောင်တရတော်မူပါတယ်သတဲ့။
တစ်ခါက ‘ရာဟု’ အမည်ရှိ အသူရာနတ်မင်း တစ်ဦးရှိတယ်။ သူရဲ့ ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ ဒါနဲ့ နတ်တွေက ဘုရား သွားဖူးသွားဖို့ ခေါ်တဲ့အခါ အသူရာနတ်မင်းကြီးက “ ငါသွားရင် ဘုရားရှင်က ငယ်ငယ် ဆိုတော့ ငါငုံ့ကြည့်ရမယ်။ ငါ မသွားဘူး” လို့ တွေးကာ မလိုက်ဘဲနေတယ်၊ နတ်တွေက ဖန်ခါထပ်ထပ် ခေါ်တဲ့အခါမှာ မတတ်သာတော့ဘဲ လိုက်သွားတယ်၊ ဘုရားအရှေ့ရောက်တော့ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရတယ်၊ မျက်နှာတော်ကို ဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက်သာ မြင်ရပါတယ်။ အဲဒီအခါကျမှ အသူရာနတ်မင်းက “ အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း” လို့ တွေးကာ နောင်တ ရနေပါတော့တယ်။
ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ တန်ခိုးအရာပါပဲ။
မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိတယ်။ဒါကို အစိန္တေယျ လေးပါး လို့ ခေါ်ပါတယ်။
ဒီလေးပါးကို ဗဟုသုတအလို့ငှါ ဖေါ်ပြပေးချင်ပါတယ်။ (၁) တန်ခိုးတော်ကို မကြံစည်အပ်။ (၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။ (၃)သဗ္ဗညုတ ဥာဏ်တော် အရာတွင် မကြံစည်အပ်။ (၄) လောကအကြောင်း မကြံစည်အပ်ခြင်း တို့ ဖြစ်တယ်။
တစ်ခါက နိုင်ငံခြားသားတစ်ယောက်က လယ်တီဆရာတော်ကြီးအား မေးဖူးတယ် “ အရှင်ဘုရား… မြတ်စွာဘုရားဟာ အလို တော်ရှိရင် မုန်ညင်းစေ့ထဲလည်း ပကတိကိုယ်ခန္ဓာဖြင့် ၀င်နိင်တယ်ဆိုတာ ဟုတ်ပါ့မလားဘုရား၊ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်က ပင်ကိုယ်ဆိုရင် မုန်ညင်းစေ့က ကျယ်လာတာ ဖြစ်ရမယ်။ မုန်ညင်းစေ့ကလည်း ပုံမှန်အတိုင်း ဘုရားရှင်ကလည်း ပကတိအတိုင်း ၀င်တယ်ဆိုတာတော့ တပည့်တော် မယုံပါဘူးဘုရား” မေးလျှောက်တယ်။ ဆရာတော်ကြီးက “ ဣဒ္ဓိဝဒေါ အစိန္တိယော တန်ခိုးတော်ကို မကြံစည်အပ်ဘူး” လို့ မိန့် တော်မူပါတယ်။ နိုင်ငံခြားသားက “ အရှင်ဘုရားတို့က ပြဿနာပေါ်လာရင် ဒီ အစိန္တေယျ ဆိုတာကြီးနဲ့ ကာကြတာပဲ၊ တပည့်တော် မကျေနပ်နိုင်ပါဘူး” လို့ ဆိုသတဲ့၊ ဒီတော့ ဆရာတော်ကြီးက နိုင်ငံခြားသားမှာ ပါလာတဲ့ မှန်ပြောင်းကို လက်ညိုးထိုးပြီး “ ဒီမှန်ပြောင်း ဘယ်လောက်ပေးရလဲ” လို့မေးတယ်၊ “၆၅ ကျပ် ပေးရပါတယ်ဘုရား” လို့ နိုင်ငံခြားသားက လျှောက်တယ်။ ဆရာတော်ကြီးက “ ဒါဖြင့် ဒီမှန်ပြောင်းနဲ့ တောင်ရိုးကြီးကို ကြည့်လိုက်စမ်း၊ ဘာမြင်ရတုန်း” လို့မေးတယ်၊ နိုင်ငံခြားသားက “ အရှင်ဘုရား… တောင်ရိုးကြီးကို မြင်ရပါတယ်ဘုရား” လို့ လျှောက်တယ်၊ “ မင်းဟာက မှန်ပြောင်းလေးက အပေါက်ဝသေးသေးလေးပဲ ဒီလောက်ကြီးတဲ့ တောင်ရိုးကြီးကို မြင်ရတယ် ဆိုတာ ဟုတ်ပါ့မလား၊ တောင်ရိုးကြီးကို မြင်ရအောင် မှန်ပြောင်းက ကျယ်လာလို့လား၊ တောင်ရိုးကပဲ သေးလာလို့လား” လို့ ဆရာတော်က မေးပါတယ်။ အဲဒီအခါ နိုင်ငံခြားသားက “မှန်ပါ …မှန်ကလည်း မကျယ်ပေးသလို၊ တောင်ရိုးကြီးကလည်း မသေးလာပါ၊ ဒါပေမဲ့ အကုန်လုံးကိုတော့ မြင်နေရတာပဲ ဘုရား” လို့ လျှောက်တယ်။
ဆရာတော်ကြီးက “ အေး…မင်းရဲ့ ၆၅ကျပ်တန် မှန်ပြောင်းကတောင် ဒီလောက် အစွမ်းထက်နေရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်ခဲ့တဲ့ မြတ်စွာဘုရားက ဒါလောက်တော့ရှိမှာပေါ့” လို့ ပြောလိုက်တဲ့အခါကျမှာ နိုင်ငံခြားသား ၀မ်းမြောက်စွာနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံသွားပါတော့တယ်။

Friday, January 16, 2009

ခရီးသွားမှတ်တမ်း

ရေလွှာပေါ်မှာ နေခြည်ဖြာခဲ့ပြီ တနင်္သာရီ

Type the rest of your post here.

ခရီးသွားမှတ်တမ်း

ရေလွှာပေါ်မှာ နေခြည်ဖြာခဲ့ပြီ တနင်္သာရီ

Type the rest of your post here.

ကျွန်းဆင်းရဲ

ကျွန်းဆင်းရဲ

ဒီကျွန်းလေးက မြိတ်ခရိုင်၊ ကျွန်းစုမြို့အ၀င် ပင်လယ်ထဲရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။

နာမည်က ‘ကျွန်းဆင်းရဲ’ လို့ ခေါ်ပါသတဲ့……

ဘာ့ကြောင့် ဒီနာမည်တွင်ရတာလဲ လို့ မေးတဲ့အခါ စက်လှေပေါ်ပါလာတဲ့ စာရေးဆရာအုပ်စုက အမျိုးမျိုးဖွင့်ဆိုကြတယ်။

ဆရာဦးမြင့်သိန်းက ‘အရှင်ဘုရား…ဒီကျွန်းလေးကို ကျွန်းဆင်းရဲ လို့ခေါ်တယ်ဘုရား၊ ဘာ့ကြောင့်ဆင်းရဲလဲဆိုတာကို အရှင်ဘုရား အတွေးနဲ့ အဖြေပေးပါဦးဘုရား’ လို့ မေးလာတယ်၊ ရုတ်တရက်ကြီး တွေးပြီးဖြေရမှာဆိုတော့ လွယ်ဖူး၊ဒါပေမယ့် ဖြေလိုက်ပါတယ်။

ပျော်စရာ ခေါင်းပါး

အစားလည်း ရှားပါ့

သောက်စရာ့ နတ္ထိ

နေမထိ ထိုင်မသာ

သည့်တွက်တာ

မှန်စွာ ကျွန်းဆင်းရဲ။

ဦးကောဝိဒ(မြိတ်)

အဲလိုဖြေလိုက်တော့ ဆရာဦးမြင့်သိန်းက “အရှင်ဘုရား…မပြည့်စုံသေးဘူးဘုရား” တဲ့ ဒါဆိုရင်လည်း ဒကာကြီးရဲ့ idea ကိုပြောပြပါဦးဆိုတော့

ဒီကျွန်းလေးကို ကြည့်ပြီး အမျိုးသားစာပေဆုရ ဦးမြင့်သိန်း(တက္ကသိုလ်ကိုလတ်)က ကျွန်းဆင်းရဲအကြောင်းကို အတွေးလေးတွေနဲ့ အတူ ပြောလိုက်တာက……

ငှက်လည်း မနေ

- လှေလည်း မနား

ငါးလည်းမခို

ထိုကျွန်းပို

(တက္ကသိုလ်ကိုလတ်)

ကျွန်းလေးပေါ် ကြည့်လိုက်ရင် ပတ်ဝန်းကျင်မှာ ကျောက်ဆောင်တွေ ပေါများလှတဲ့အတွက် လှေများ မဆိုက်ကပ်နိုင်သလို၊ ငါးလေးတွေလည်း မခိုနိုင်တဲ့အပြင် ငှက်လေးတွေလည်း ညနေ၀င်အချိန် အိပ်တန်းတက် နေထိုင်တာကိုလည်း မတွေ့ရပါ ဘူး။ ဒါကြောင့် ဒီကျွန်းလေးကို ‘ကျွန်းဆင်းရဲ’ လို့ ခေါ်တာတဲ့…..ကောင်းလိုက်တဲ့ အတွေးလေးပဲ။

ဒါကြောင့် စာဖတ်သူများလည်း ထိုကျွန်းလေးရဲ့ ဆင်းရဲပုံကို အတွေးလေးနဲ့ စာဖွဲ့ပေးကြပါလို့…………..

Wednesday, January 14, 2009

ခရီးသွားမှတ်တမ်း

ပင်လယ်ပျော် လမုပင်

အဲဒါက ကျွန်းစုမြို့ကအပြန် ကျွန်းလေးတွေရဲ့အကြား ကျဉ်းမြောင်းလှတဲ့ ရေကြောင်းကနေ မော်တော်ဘုတ် စီးပြီး လာတဲ့ အခိုက် ရုက်ကူးထားတာပါ။ ဒီအပင်လေးတွေရဲ့နာမည်ကို မေးကြည့်တော့ ပင်လယ်လမုပင် လို့ ခေါ်ပါသတဲ့။

ဒီအပင်လေးတွေရဲ့ ခိုင်ခန့်မှုက ပင်စည်ရဲ့အမြစ်တစ်ခုသာမက အခြားအမြစ်များပါ ၀န်းရံပေါက်ရောက်နေတဲ့အတွက် အပင်ကို ပိုမိုခိုင်ခန့်စေတယ်။ ဒေသခံများ ပြောတာကတော့ ဒီအပင်လေးတွေဟာ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိတယ် တဲ့ မုန်းတိုင်းလာလည်း အပင်ရဲ့ ခိုင်ခန့်မှုကြောင့် ပျက်စီးမသွားဘူးလို့ဆိုပါတယ်။ ပင်လယ်လမုပင်ရဲ့ အရည် အသွေးလို့ပဲ ဆိုရမှာပဲ

ဒီအပင်လေးဟာ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိသလို ငါတို့လူသားတွေလည်း ပတ်ဝန်းကျင်ရဲ့ လောကဓံတရား များကို ကြံ့ကြံ့ခံနိုင်ကြမယ်ဆိုရင် ခံနိုင်အောင်လည်း အလေ့အကျင့်ပြုလုပ်ထားကြမယ်ဆိုပါရင် …………………………..?

ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက်မြန်မာမိသားစုများနှင့် လူသားအားလုံးအတွက်ပါ ပြောချင်တာလေးတစ်ခုရှိတယ်။

အခက်အခဲနဲ့တွေ့လာတဲ့အခါ မိမိအတွက် အားဆေးတစ်ခွက် သောက်လိုက်ရသလို ဘ၀အတွက် ခံနိုင်ရည်ရှိစေမဲ့ အားပေးစကားစုလေးပါ။

“ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့

လုပ်သာလုပ် နောက်မဆုတ်နဲ့”

မဇ္ဈုသက စေတီတော်၊ ပန်းမွှေးတောင်၊ ကျွန်းစုမြို့၊ကတ္တလူရွာ၊ မြိတ်ခရိုင်

မြန်မာပြည်တောင်ဘက်စွန်းက တောင်ဇလပ်ပန်း

ပန်းမွှေးတောင်

မြန်မာပြည်တောင်ဖျားက (မြိတ်) ဘိတ်မြို့လေးရဲ့ အနောက်ဖက် ကျွန်းဘုရင် လို့ခေါ်တဲ့ ကတန်ကျွန်းကြီး အတွင်းမှာ တည်ရှိတယ်။ ဒီတောင်ပေါ်ကို ကတ္တလူရွာနားကနေ တက်ရပါတယ်၊ ယခင်ကတော့ ခြေလျင်တက်ရတယ်။ ယခုတော့ မော်တော်ဆိုင်ကယ်နဲ့ တက်လို့ ရနေပါပြီ။ ဒီတောင်ရဲ့ အမြင့်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၂၈၀) ရှိတယ် လို့ သုတေသီများ တိုင်းထွာချက်အရသိရပါတယ်။

ပန်းမွှေးတောင် တောင်ပေါ်ထိပ်တွင် ထူးခြားတဲ့ ပန်းတောကြီးတစ်တောရှိတယ်။ ပန်းရဲ့အမည်က ‘တောင်ဇလပ်ပန်း’ လို့ ခေါ်တယ်။ တောင်ဇလပ်ပန်းဟာ အများအားဖြင့် တွေ့ရတာက ချင်းပြည်နယ်မှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ယခုတော့ မြန်မာပြည်တောင်စွန်းရဲ့တစ်နေရာ တောင်ထိပ်ပေါ်မှာ တောင်ဇလပ်ပန်းပင်များဟာ သဘာဝရေမြေအရ ရှင်သန်နေကြတယ်။ တောင်ဇလပ်ပန်းများကို နမ်းရှူရင် အနံ့မရပေမယ့် ထိုပန်းတောထဲဝင်သွားရင်တော့ လေပြေနဲ့အတူ ပန်းရနံ့သင်းလို့ ရောက်လာသူများ ရဲ့ ရင်ကို အေးမြစေတယ်၊ ပတ်ဝန်းကျင်ရဲ့ ရှုခင်းတွေကြောင့်လည်း စိတ်ကြည်နူးရတယ်။ ဒါကြောင့်လည်း တောင်ဇလပ်ပန်းပင်တောကို အကြောင်းပြုပြီး တောင်အမည်ကို ပန်းမွှေးတောင် လို့ ခေါ်တွင်ကြတယ်။

ပန်းမွှေးတောင်ပေါ်မှာ မဉ္ဇူသက စေတီတော် တည်ရှိပါတယ်။ ထူးခြားချက်က စေတီတည်ဖို့အတွက် အုတ်မြစ်ချ တဲ့နေ့ နှင့် စေတီထီးတော်တင်လှူတဲ့နေ့များမှာတော့ ကွက်ကြားပွင့်နေတဲ့ တောင်ဇလပ်ပန်းများဟာ အပင်လုံးဝေဆာအောင် ပွင့်နေတာကို ထူးခြားစွာ တွေ့မြင်ရတယ်လို့ သတိထားမိသူများက ပြောပြကြပါတယ်။ နောက်ထူးခြားချက်တစ်ခုက… ပန်းမွှေးတောင်ကြီးဟာ မကြာခဏဆိုသလို သဘာဝအလျောက် တောမီးများ လောင်လေ့ရှိပေမယ့် တောင်ထိပ်ပေါ်ရှိ တောင်ဇလပ်ပန်းတောကိုတော့ ယခုအချိန်အထိ လုံးဝ မီးကူးခြင်းမရှိသေးပါဘူး။

ထိုမြင့်မားလှတဲ့ ပန်းမွှေးတောင်ပေါ်ကို စာရေးသူတို့ မော်တော်ဆိုင်ကယ်စီးပြီး တက်ခဲ့ရတယ်။ တောင်ပေါ် အတက်မှာတော့ စိုးရိမ်စိတ်အနည်းငယ် ဖြစ်မိတယ်။ တောင်ပေါ်ကနေ ပြန်ဆင်းတဲ့အခါမှာ တော့ ပိုလို့ စိတ်လှုပ်ရှားစွာနဲ့ ဆင်းခဲ့ရပါတယ်။

indea မှာ ဘာ့ကြောင့်သာသနာကွယ်ခဲ့လဲ

အမေး။ ။အရှင်ဘုရား…တပည့်တော်တို့ ဂေါတမရှင်တော်မြတ်ဘုရား ပွင့်တော်မူခဲ့တဲ့ indea & nipal စတဲ့ မဇ္ဈိမဒေသမှာ အဘယ့် ကြောင့် သာသနာတော်ကြီး ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတာလဲဘုရား
လင်းလင်း
ထိုင်ဝမ်
အဖြေ။ ။ လင်းလင်းရေ…..မဇ္ဈိမ်ဒေသမှာ အဘယ့်ကြောင့် သာသနာတော် ကွယ်ခဲ့ရတာလဲဆိုရင် ပရိယတ္တိ အားထုတ်မှု၊ ပဋိပတ္တိအားထုတ်မှု မရှိတဲ့အတွက် သာသနာတော်ကြီး ကွယ်ခဲ့ရတယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဒါနဲ့ပတ်သက်ပြီး သာသနာကွယ်ကြောင်းကို ပြောရရင် ရဟန်းတော်များ စာပေပရိယတ္တိ သင်ကြားမှု မရှိတော့၊တကယ်လို့ သင်ကြားစေဦးတော့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ များ အားနည်းလာမှုကြောင့် စာပေသင်ကြားမှု အားနည်းလာခြင်း၊ စာချပေးမှု နည်းပါးလာရာကနေ လုံးဝမရှိတော့ခြင်း တို့ ဖြစ်တယ်။ ဆရာသမားတို့ရဲ့အဆုံးအမကို လိုက်နာမှုမရှိဘဲ ပြောဆိုဆုံးမရခက်ခြင်းနှင့် ပရိယတ္တိစာပေများကို သင်ကြားပေမယ့်လို့ တရားတော်လာအတိုင်း အားထုတ်မှု မရှိတော့ခြင်းတို့ ဖြစ်တယ်။
ဒါ့အပြင် ရဟန်းတော်များ လာဘ်လာဘ ပေါများအောင် ဖန်တီးလာကြပါတယ်။ အဲဒီမှာ ဘုရားမကြိုက်တဲ့ ဆေးဝါးကုသမှု ၊ ဗေဒင်ဟောမှု၊ ဓာတ်ရိုက်ဓါတ်ဆင်ပြုလုပ်ပေးမှု အခါပေးအလုပ်များ ပြုလုပ်ပေးမှု၊ ဂန္ဓာရီအတတ်မျိုးစုံကို သင်ကြားပြီး ထိုအတတ်တို့ကို လက်တွေ့အသုံးချကြခြင်း စတဲ့ အလုပ်များကို လုပ်လာကြတာဟာ သာသနာကွယ် ဖို့ ဖြစ်လာတာပါပဲ။
အိန္ဒိယမှာ သာသနာ ကွယ်လုကွယ်ခင်ဖြစ်သွားတဲ့ အနေအထားကို ပြောမယ်ဆိုရင် သာသနာနှစ် ၂၀၀ ကျော်က မောရိယအင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့ သိရီဓမ္မာသောက မင်းကြီး အုပ်စိုးခဲ့တဲ့ ခေတ်ကာလကို ပြန်ပြောင်းပြောရပါလိမ့်မယ်။
သိရီဓမ္မာသောကမင်းလက်ထက် နန်းတော်ထဲရှိ အချို့သော မူးမတ်များဟာ ဗြဟ္မဏဘာသာဝင် ဂျိန်းဘာသာဝင် များဖြစ်ခဲ့ကြတယ်။ မင်းကြီး ဘုန်းတန်ခိုး တောက်ပအချိန်မှာ ဗြဟ္မဏ၀ါဒီများနှင့် ဂျိန်းဘာသာဝင်များဟာ မေးမှိန်နေတာပေါ့၊ မင်းကြီးဟာ သေလောက်တဲ့ ရောဂါဖြင့် အိပ်ရာထဲလှဲနေတဲ့အခိုက် သားတော်ကုဏာလရဲ့သား (မြေးတော်စပ်သူ) သမ္ပဒီမင်းသားက အာဏာသိမ်းလိုက်တယ်။ မင်းကြီးရဲ့သားတော် ကုဏာလမင်းသားကို ဂျိန်းဘာသာဝင်၊ဗြဟ္မဏဘာသာဝင်များက အားပေး ထောက်ခံလျှက်ရှိပါတယ်။ ထိုမင်းသားကိုယ်တိုင်ကလည်း ဂျိန်းဘာသာဝင်အဖြစ်ကို ခံယူခဲ့ပါတယ်။ ကုဏာလမင်းသားနည်းတူ သူ့ရဲ့ သားဖြစ်တဲ့ သမ္ပဒီမင်းသားဟာလည်း ဂျိန်းဘာသာဝင်ဖြစ်ခဲ့ရတယ်။ သီရိဓမ္မာသောကမင်းကြီး နတ်ရွာစံပြီးနောက်ပိုင်းမှာ တိုင်းပြည်အုပ်ချုပ်နေတဲ့မင်းက ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာများကို အားပေးထောက်ပံ့မှုမရှိတော့ပါ။
အဲဒီကနေ အသောကမင်းကြီးရဲ့ နောက်က မင်း (၆)ဆက်မြောက်မှာ သုင်္ဂပုရှာမိတြ လို့ခေါ်တဲ့ ဗြဟ္မဏစစ်သူကြီးက သုင်္ဂမင်းဆက်ကို ထည်ထောင်ခဲ့တယ်။ ဒီမင်းဟာ ဗြဟ္မဏ၀ါဒကို အားပေးတဲ့အတွက် တိုင်းပြည်မှာ သားကောင်များသတ်ပြီး ယဇ်ပူဇော်မှု ကို တရားဝင်ခွင့်ပြုလိုက်ပါတယ်။ ဗြဟ္မဏ၀ါဒစာပေများကိုလည်း အသစ်တဖန်ပြန်လည် ရေးသားစေပြီး ဗြဟ္မဏ၀ါဒ ထွန်းကားအောင် လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗြဟ္မဏ၀ါဒီများက ဗုဒ္ဓဘာသာကို ဦးတည်ပြီး အထူးတလည် တိုက်ခိုက်ခဲ့တယ်။ ဗုဒ္ဓသာသနာ့ဝန်ထမ်းများကို လိုက်လံသတ်ဖြတ်ကာ ဗုဒ္ဓ၀ါဒ အမြစ်ပြုတ်အောင် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဗုဒ္ဓဘာသာရဟန်းတော်များ မဇ္ဈိမဒေသမှာ မနေနိုင်တော့ဘဲ နယ်စွန်အဖျားသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်။ ဒါဟာ မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာ ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတဲ့ အကြောင်းပဲ ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
မကြာသေးမီက သတင်းတစ်ပုဒ်ကို နောက်ဆက်တွဲ ဖေါ်ပြလိုက်ပါတယ်...
နိပေါလ်နိုင်ငံမှာ နွားတွေကို သတ်ပြီး ယာဇ်ပူဇော်မှု မပြုလုပ်ရဆိုတဲ့ တားမြစ်ချက်ကို နိပေါလ်အစိုးရက ထုတ်ပြန်တော့ တိုင်းသူပြည် သားတွေက ထိုတားမြစ်ချက်ကို သဘောမတူတဲ့အတွက် ကန့်ကွက်ဆန္ဒပြကြတယ်လို့ ပြောပါတယ်။

Thursday, January 8, 2009

သာသနာ ၅၀၀၀ ကို ဘယ်သူပြောခဲ့လဲ

အမေး။ ။အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့်ကာလ ဟူ၍
ဘယ်သူက ဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။
ငိမ်းလွင်
Mosscow

အဖြေ။ ။ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့ အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရား ရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့ စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်က တစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊သောတာပန်ခေတ်က တစ်ထောင် ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင် ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။
တဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာ တို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့ နှစ်တစ်ထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တ ခေတ် ကိုဆိုလိုကြောင်း၊ ဆဠာဘိည၊ တေ၀ိဇ္ဇ၊ သုက္ခ၀ိပဿက၊ ပါတိမောက္ခ ခေတ် လို့ဆိုကာ သာသနာအနှစ်ငါးထောင်ပင် ဖြစ်ကြကြောင်း အဋ္ဌကထာဆရာများက မိန့်တော်မူကြပါတယ်။
ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင်က “ သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိမိ တရားထူးရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်)ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး” လို့ သုဘဒ္ဒပရိဗိုဇ်အား မိန့်တော်မူထားပါတယ်။
(ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောက အရဟန္တေဟိ အဿတိ)
ထိုစကားတော်အရ ယခုကာလမှ အရိယာ များစွာ ပေါ်ထွန်းနေမယ်လို့ တစ်ထစ်ချ မဆိုပါဘူး။ အထက်မှာ ပြဆိုခဲ့တဲ့အတိုင်း ရဟန်းတော်များ ကောင်းမွန်စွာ နေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင်ဘူး၊ ရှိနေဦးမှာပါ ဆိုတာပါပဲ။ တကယ်လို့ ရဟန်းတော်များ ကောင်းမွန် စွာ မနေကြဘူးဆိုရင်တော့ မရှိနိုင်ဘူးလို့ အဓိပ္ပါယ်နှစ်မျိုး ယူလို့ရပါတယ်။

မွေးခါစ စကားပြောကြသူများ

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလို မြန်မာလို နှစ်ဘာသာဖြင့် ဖေါ်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။
ပြည့်စုံအောင်
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း
အဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသော သူများမှာ ဘုရားအလောင်းတော်များဖြစ်တကြတဲ့ ဝေဿန္တရာ ၊ မဟောသဓာ ၊ သိဒ္ဓတ္တမင်းသား တို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစ ပြောစကားများကို နားလည်အောင် အကျယ် ပြောပေးပါ့မယ်။

(၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့ လက်ထဲမှာ စန္ဒကူးနံ့သာ နှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသော အခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ” လို့ မေးမြန်းရာ သားတော်က “ အို မွေးမိခင်….ဆေးဖြစ်ပါတယ်” (သြသဓံ, အမ္မာ) လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကား ပြောခဲ့တယ်။
(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)
(၂) ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး “ အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ” လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်.. မယ်တော်မှာ တစုံတခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့” လို့ ဆိုပြီး ဖွားမြင်လာပါတယ်။
(၃) ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါး ခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက်ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး..
အဂ္ဂေါဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။
ဇေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံး ဖြစ်တယ်။
သေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။
အယမန္တိမာ ဇာတိ = ယခု ပဋိသန္ဓေ တည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံး ပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။
နတ္ထိဒါနိ ပုနဗ္ဘဝေါ = ယခအခါ ငါအဖို့ တဖန် ဘ၀အသစ် ဖြစ်ရခြင်း မရှိတော့ပြီ။ လို့ ပြောကြားတော်မူ ခဲ့ပါတယ်။

Saturday, January 3, 2009

အချင်းချင်း အရိုသေပေးမှု

အမေး။ ။ အရှင်ဘုရား…မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးက လူငယ်ကို ၀န်ချကန်တော့တဲ့ အစဉ်အလာရှိတယ်လို့ သိရပါတယ်။ ကြီးသူငယ် သူ အပြန်အလှန်ကန်တော့နည်းကိ သိလိုပါတယ်၊ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
မော်စကို
အဖြေ။ ။ဝန်ချကန်တော့တယ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တယ်။ ဘုရားဆုံးအမကိုလိုက်နာတဲ့သူများကိုလည်း ဗုဒ္ဓဘာသာဝင် လို့ခေါ်တယ်။ ယခုအခါ ဗုဒ္ဓဘာသာဝင်အများစုဟာ မြန်မာလူမျိုးများ ဖြစ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာဟာလည်း ဘုရားအဆုံးမတွေပါပဲ။

ဘုရားရှင်က မင်္ဂလသုတ်တော်မှာ ဂါရဝေါစ ဧတံ မင်္ဂလမုတ္တမံ ရိုသေထိုက်သူကို ရိုသေခြင်းဟာ မြတ်သော မင်္ဂလာ မည်၏။
“အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ” လို့ ဟောတော်မူထားပါတယ်။ ကိုယ့်ထက် အသက်ဂုဏ်သိက္ခာအား ဖြင့် ကြီးမားသူကို ရိုသေမှု ဂါရ၀ရှိရပါမယ်။ အဘိဓမ္မာလာ ပုညကြိယာဝတ္ထုဆယ်ပါးမှာလည်း အပစါယန ဆိုတာရှိတယ်။ ရိုသေထိုက်သူကို ရိုသေရမယ်တဲ့။ နှစ်ခုစလုံးကတော့ သဘောအတူတူပါပဲ။
ပြောလိုသည်မှာ ငယ်သူက ကြီးသူကို ၀န်ချကန်တော့တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ပါ ။ သို့သော် ကြီးသူက ငယ်သူကို ကန်တော့တယ်ရတယ် ဆိုတာ ဘုရားရှင် မဟောခဲ့ပါဘူး။ တစ်ခုတော့ရှိတယ် ကြီးသူက အမှားလုပ်မိလို့ ငယ်သူအား မှားကြောင်းကို တောင်းပန်တာလောက်ပဲရှိပါတယ် ကန်တော့ဖို့အထိတော့ မလုပ်ကောင်းပါဘူး။ ဒါက အသက်အားဖြင့်ပြောတာပါ။
ဂုဏ်အားဖြင့် ရိုသေရမယ်ဆိုတာကျတော့ ဂုဏ်ဆိုတာ သီလ၊သမာဓိ၊ပညာဂုဏ်ပါ။ ကိုယ့်ထက်သီလ၊သမာဓိ၊ပညာဂုဏ်းအား ဖြင့် ကြီးမားသူအား ရိုသေကန်တော့ရပါ့မယ်။ ရဟန်းတော်များမှာ သိက္ခာဝါတော်ကြီးသူကို သိက္ခာဝါငယ်သူက ရိုသေရတယ်၊ကန်တော့ရ တယ်။ တကယ်လို့ အသက်ငယ်ပြီး သိက္ခာအားဖြင့်ကြီးသူကို အသက်ကြီးပြီး သိက္ခာငယ်တဲ့ရဟန်းက ရှိခိုးကန်တော့ရပါတယ်။
မေးခွန်းရှင်က အချင်းချင်း အပြန်အလှန်ကန်တော့နည်း လို့မေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဂါရ၀(၁၀)ပါးထဲမှာ အညမညဂါရ၀ါဆိုတာရှိတယ်။ အညမညဂါရ၀ါ ဆိုတာ အချင်းချင် ရိုသေရမယ်ဆိုတာပဲ။ နားလည်အောင် ရှင်းပြရရင် ကြီးသူကို ငယ်သူက ရိုသေစွာ ကန်တော့လိုက်တာကို ကြီးသူက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် အသိအမှတ်ပြုကြတာကိုပဲ အညမညဂါရ၀ါ လို့ခေါ်ပါတယ်။ ကြီးသူက ရှိခိုးကန်စရာမလိုပါဘူး ဆိုတာ အဖြေပေးလိုက်ပါတယ်။
တစ်ခုတော့ရှိတယ် ထိုင်းနိုင်ငံယဉ်ကျေးမှုမှာကျတော့ ရဟန်းတော်များနှင့် လူများဟာ မျက်နှာခြင်းဆိုင်နေပြီး အချင်းချင်း လက်အုပ်ချီကြတာတော့ တွေ့ဖူးပါတယ်။ အဲဒါက ထိုင်းနိုင်ငံယဉ်ကျေးမှုပါ။ မြန်မာယဉ်ကျေးမှုနှင့်မတူပါဘူး။

အရပ်တော် အဆုံးအဖြတ်

အမေး။ ။ အိန္ဒိယသုတေသီများရဲ့ အဆိုအရ ဘုရားရှင်ခေတ်က အဆောက်အဦးတွေရဲ့ တံခါးများဟာ ၆ပေသာသာပဲ ရှိတယ်။ဒါပေမယ့် ဂေါတမမြတ်စွာဘုရားရဲ့ အရပ်ဟာ ၁၈ တောင် မြင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ရဲ့ အရပ်တော် အမှန်ကို သိလိုပါတယ် ဘုရား။
ကိုကိုအောင်
USA

အဖြေ။ ။ဘုရားအရှင်ရဲ့ အရပ်တော် အဆုံးဖြတ်နဲ့ပတ်သက်ပြီး ဗုဒ္ဓ၀ံသပါဠိတော်က ၁၆ တောင် ရှိတယ်လို့ ဆိုတယ်။ ကျန်သည့် အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ဆိုတယ်။ ဘုရားရှင်ဟာ ဒီလိုသာ ၁၈ တောင် ရှိတယ်ဆိုရင် ဘုရားရှင် သီတင်းသုံးတဲ့ ဇေ၀န်ကျောင်းတော်ကြီးဟာ အလွန်မြင့်တဲ့ ကျောင်းတစ်ဆောင်ဖြစ်တဲ့အပြင် ၀င်ထွက်ရာ တံခါးမကြီးများဟာ အလွန်ကို ကြီးမားကျယ် ပြန့်လောက်စရာရှိတယ်။် ယခုသုတေသီတို့ရဲ့  သုတေသနပြု ချက်အရ ၆ ပေသာသာပဲ ရှိတာဆိုတော့ ဘုရားရှင်ရဲ့အရပ်တော်ဟာ လူသာမာန်တို့ထက် အနည်းငယ်သာ ပိုပြီး မြင့်ဟန် ရှိပါတယ်။
တကယ်လို့ ဘုရားရှင်ရဲ့ အရပ်တော်ဟာ အမှန်တကယ် ၁၈ တောင် မြင့်မယ်ဆိုရင် ဆွမ်းလောင်းသူများကလည်း လှေခါးထောင်တက်ပြီး ဆွမ်းလောင်းစရာရှိပါတယ်။ အရပ်တော်နှင့်ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေပါတယ်။
(၁)ယခု ကျောက်စာဌာနတို့ရဲ့ သုတေသနပြုချက်အရ ရှေးဟောင်းအသုံးအဆောင်ဟာ ပကတိလူသားများနှင့် သိပ်မထူး လှပါ။ ဘုရားရှင်သီတင်းသုံးရာ ကျောင်းများမှာလည်း ပကတိလူသားများ ၀င်ထွက်နိုင်တဲ့ အပေါက်များသာ ရှိပါတယ်။ ဘုရားရှင်လက်ထက်လောက် လူများရဲ့ အရိုးစုဟာ သာမန်လူအရပ်လောက်ပဲရှိတယ်လို့ ဖေါ်ပြကြပါတယ်။ ပဌမသင်္ဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်ဝဟာ အထက်အောက်အားလုံး ၆ ပေလောက်သာရှိတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်များရဲ့ အရပ်တော် ဟာ ပကတိလူသားများထက် မမြင့်နိုင် ဘူးလို့ ယူဆရပါတယ်။ တကယ်လို့ ဘုရားလက်ထက်က ထူးခြားစွာ မြင့်နေမယ်ဆိုရင် “မဲဖြူ ဆူကြုံ နိမ့်မြင့်တုံ မှတ်ကုန် ပြစ် ၆ ပါး” ဆိုတဲ့စကားအရ ဘုရားအရပ်တော်ဟာ မြင့်လွန်းနေတဲ့အတွက် အပြစ်ရှိတယ်။ ဒါကြောင့် ဘုရား အရပ်တော်ဟာ အနိမ့်မမြင့် မှာဘဲ ရှိနိုင်စရာရှိပါတယ်။
တကယ်လို့ လူဖြစ်တုန်းက အရပ်သာမန်ပါ၊ ဘုရားဖြစ်မှ အရပ်မြင့်သွားတယ်ဆိုရင် ဘုရားဖြစ်ပြီး လမ်းခုလပ်မှာ ဥပကတက္ကတွန်းနဲ့တွေ့ပါတယ်။ အဲဒီအခါမှာလည်း ဥပကတက္ကတွန်းက ဘုရားရှင်ကိုကြည့်ပြီး ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါးလို့ သာ မှတ်ထင်နေပါတယ်။ ဒါကိုထောက်ရင်လည်း ဘုရားရှင်ရဲ့အရပ်ဟာ ပကတိလူသားထက် ပိုပြီးမမြင့်နိုင်ပါ။(မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်)
ဘုရားရှင် ကောသမ္ဗီမှ ပါလိလေယျက တော သို့ အကြွ၊တောကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်နန္ဒိယ၊အရှင်ကိမိလ၊ အရှင်နုရုဒ္ဓါ မထေရ်သုံးပါးထံ ၀င်တော်မူရာ တောစောင့်ယောင်္ကျားက သာမန်ရဟန်းထင်ပြီး “ ရဟန်းကြီး မ၀င်ပါနဲ့ အမျိုးကောင်းသားတွေ တရားအားထုတ်နေတယ်” လို့ တားမြစ်ခဲ့ဖူးတယ်။ တကယ်လို့ အရပ်တော်၁၈ တောင်မြင့်မယ်ဆိုရင် တောစောင့်ယောင်္ကျား မတားဝံ့နိင်ပါ။
ညီတော် နန္ဒမင်းသာဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်နှင့်ညီမျှတဲ့ သင်္ကန်းကို ၀တ်ရုံလာတယ်။ ဒီအခါမှာ နန္ဒမင်းသားကို မြင်သော လူများကို ဘုရား လို့ ထင်မှတ်ပြီး နေရာမှ ထကြတယ်။ အနားရောက်မှာ နန္ဒမင်းသားမှန်း သိရပါတော့တယ်။ ဘုရားရဲ့အရပ်တော်ဟာ နန္ဒမင်းသားထက် လက်လေးသစ် ပိုပြီးမြင့်တယ် လို့ ၀ိနည်း ပါစိတ်ပါဠိတော်၊ ရတန၀ဂ် မှာ ဆိုထားပါတယ်။
တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ သူဝတ်နေကျ အ၀တ်ကို ဘုရားရှင်အား လှူဖူးပါတယ်။ ဘုရားရှင်က ပုဏ္ဏားအ၀တ်ကို ၀တ်ရုံ လောက်တယ်လို့ ဆိုပါတယ်။ (မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်)
အချူပ်ဆိုရသော် ဘုရားလက်ထက်က အထောက်အထားများအရ ဘုရားရှင်ဟာ သာမန်လူသားများထက် ပိုမြင့်နိုင်စရာမရှိပါ။ ဒါဖြင့် အဋ္ဌကထာများကို ဘာပြုလို့ ၁၈ တောင်လို့ ပြောရလဲ ဆိုရင် ….ဘုရားရှင်ဟာ ၀ါဝင်းသော အဆင်းတော်ရှိတယ်။ ဒီဝင်းဝါသော အရောင်တော်များဟာ ထက်ဝန်းကျင် ၁၆၊ ၁၈ တောင်အထိ ပြန့်တက်ဖွယ်ရာရှိတယ်။ ဒါကြောင့် ပါဠိတော်နဲ့အဋ္ဌကထာများက အထက်သို့ တက်နေတဲ့ ကိုယ်ရောင်များအား မှန်းဆပြီး ၁၈ တောင်မြင့်တယ်လို့ ဆိုနိုင်ကြောင်း ယူဆရပါတယ်။ ထိုအကြောင်းပတ်သက် ပြီး မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်ကျမ်းစာမှာ အပြည့်စုံဖေါ်ပြပေးထားပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More