Monday, January 11, 2010

အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား

အမေး။ ။အရှင်ဘုရား…အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ် ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲ တွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသု” ထိုက်ပါသ လား သိချင်ပါတယ်ဘုရား။
မငယ်ငယ်
မော်လမြိုင်

အဖြေ။ ။မငယ်ငယ်ရေ….အွန်လိုင်းပေါ်ပဲ တွေ့ပြီး ပြောကြဆိုကြ ချစ်သူတွေဖြစ်ကြတာ အရေးမကြီးဘူး။ အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသု ထိုက်တာပါ။ ကာမေသု ထိုက် မထိုက်ဆိုတာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ ၊ အချက်လေးချက်ထဲ က တစ်ခုခု ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူး၊ လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား ၊မိန်းမမှ တစ်ပါး တစ်ခြားယောင်္ကျား၊မိန်းမအပေါ်မှာ စိတ်နဲ့ ပြစ်မှားမိခဲ့တာတော့ သေချာနေတယ်။ ဒါဟာ ကာမေသုထိုက်ဖို့ရာ နီးစပ်လာတဲ့သဘောပဲ။
ဘုရားရှင်လက်ထက်က တစ်နေ့မှာ အသက်ကြီးတဲ့ နကုလပိတာနဲ့ဇနီးမောင်နှံတို့ ဘုရားထံလျှောက်ကြပါတယ်။ သူတို့ဟာ လက်ထပ်ထိမ်းမြားတဲ့အချိန်မှ အခုအချိန်အထိ သူရဲ့ဇနီးမှတစ်ပါး တစ်ခြားမိန်းမတွေအပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး လို့ လျှောက်တယ်။ ဇနီးဖြစ်သူ နကုလမာတာကလဲ သူလဲပဲ လက်ထပ်တဲ့အချိန်ကစ အခုအချိန်ထိ ကိုယ့်လင်ယောင်္ကျားမှတစ်ပါးတစ်ခြား ယောင်္ကျားတွေအပေါ်မှာ စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့ ဘုရားရှင်အားလျှောက်ထားကြပါတယ်။ ဒါဟာ ဇနီးမောင်နှံတိုင်းအတွက် စံနမူနာယူကြရမဲ့အချက်ဆိုတာကို သတိထားစေချင်ပါတယ်။
ကာမေသုထိုက်တဲ့ အင်္ဂါလေးချက်
(၁)မသွားမလာ မဆက်ဆံကောင်းသူဖြစ်ခြင်း။
(၂)မှီဝဲလိုစိတ်ရှိခြင်း။
(၃)လုံ့လပြုခြင်း။
(၄)ပြုကျင့်မှုမှာသာယာခြင်း။ (အဋ္ဌသာလိနီ၊ ဋ္ဌ ၊ ၁၄၁)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More