Wednesday, January 13, 2010

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၃)

ဒီလိုနဲ့ပဲ သိုက်မြှောင်ရွာကို နေ့ဆွမ်းအမီ လာခဲ့ပါတော့တယ်။
ရွာအ၀င်လမ်းရောက်တော့ လယ်ကွင်းတွေ ထန်းတောတွေကတော့ အရင်လိုပါပဲလား။ ဒါပေမဲ့ ရွာအ၀င် လမ်းဘေးတစ် လျှောက် ယခင်ကဘာမှ မရှိတဲ့နေရာတွေမှာ အိမ်သစ်လေးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ရွာအ၀င်ညာဖက်မှာတော့ တံတားကြီးလဲ ယခုတိုင်ရှိနေလေရဲ့ မိုးအခါဆိုရင် ရွာဝင်လမ်းက ရေတွေပြည့်လျှံနေတဲ့အတွက် ဒီတံတားကနေ ရွာအတွင်းဝင် ထွက် ကြရပါတယ်။
ရွာဦးစေတီတော်ကြီးမှာတော့ ယခင်က ထုံးသင်္ကန်းများနဲ့ ဖြူဖွေးနေပါတယ်။ အခုတော့ ရွှေသင်္ကန်းများဖြင့် သပ္ပါယ်လှတာကို ဖူးမြင်ရတော့ စိတ်ကြည်နူးမှုတွေဖြစ်ခဲ့ရပါတယ်။ နံနက်၁၀ နာရီနေအပူချိန်ဟာ ဆောင်းရာသီရဲ့အအေးဒါဏ်ကို အံတုမနိုင်တဲ့အတွက့် နေပူထဲ အအေးဒါဏ်လေး ခံစားရပါတယ်။ ဒီခံစားမှုလေးကတော့ ယခင်ကလည်း ခံစားခဲ့ရဖူးတော့ သိပ်မထူးခြားလှ။
ရွာရောက်တဲ့ရက်ရဲ့ ညနေဖက်မှာ စိတ်ထဲ ခုရက်ပိုင်းအတွင်းစာရေးသူသတိအရဆုံးဖြစ်နေတဲ့ ဒကာမကြီးဒေါ်မြရင်အိမ်ဝိုင်းကို သွားပါတယ်။ သူမဟာ ယခင်တရားစခန်းတွေလုပ်ခဲ့တုန်းက ဦးစီးဦးဆောင်လုပ်ခဲ့တာပါ။ ဒေါ်မြင်ရင်တို့ဝိုင်းထဲရောက်တော့ အနီးအနားက အိမ်တွေကရွာသားတွေပါ လာရောက်ကန်ကြပါတယ်။ ဒေါ်မြရင်ကတော့ အသက်(၈၀)ခန့်ရှိနေပါပြီ။ ဇရာရဲ့ဒဏ်ချက်ကို ခံစားနေရပြီပေါ့။ ဒါနဲ့ဝိုင်းထဲ စာရေးသူနဲ့အတူ ရွာသူ/သားများ အမှတ်ရဖွယ်စကားတွေနဲ့အတူ ပျော်စရာ ညနေခင်းလေးတစ်ခု ဖြစ်ခဲ့ရတယ်။

ဒီလိုစကားပြောဆိုနေတဲ့အခိုက် ကလေးတစ်ယောက်ချီကာ အသက်(၂၀)၀န်းကျင် ဒကာမလေးတစ်ယောက်က စာရေးသူအနားထိုင်ကာ စာရေးသူအား စေ့စေ့ကြည့်နေတာကို သတိထားမိတယ်။ မကြာခင်သူက စကားဆိုလာပါတယ်။ “ဘုန်းဘုန်းဘုရား………….တပည့်တော်ကို မမှတ်မိဘူးလားဘုရား…….” ပုံဖော်ကြည့်တယ် မမှတ်မိဖြစ်နေတယ်။ ရုတ်တရက် သူမက “ဘုန်းဘုန်း….တပည့်တော် ဥသြလေဘုရား” လို့ ပြောလာတော့မှ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်တုန်းက ပထမဆုံး တရားစခန်းမှာ တရားထိုင်ခဲ့တဲ့ ကလေးတွေအများကြား အသက်(၈)နှစ်အရွယ်အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး တရာထိုင်ရာမှာ အငယ်ဆုံးလဲဖြစ် တဲ့အတွက် စာရေးသူက သူမတရားထိုင်နေတာကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားခဲ့ပါသေးတယ်။ အတိတ်ရဲ့ မြင်ကွင်းတွေက ပန်းချီကား တစ်ချပ်နှယ် အာရုံထဲ တရေးရေးပြန်မြင်လို့လာပါတော့တယ်။
“ဟယ်….ဥသြလေး နင် ဒီအရွယ်ကြီးတောင် ဖြစ်နေပီနော်”
“မှန်ပါဘုရား…….တပည့်တော်ဘုန်းဘုန်းကို ပြန်တွေ့ရတော့မှာတောင်မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာဘုရား၊ အခုလို မထင်မှတ်ဘဲတွေ့လိုက်ရတော့ စိတ်ထဲ တမျိုးကြီး ၀မ်းလဲသာ ၀မ်းလဲနဲတယ်ဘုရား” မျက်ရည်ပြည့်လျှံနေတဲ့ မျက်လုံးအစုံဖြင့် စာရေးသူအား တွေတွေကြီးကြည့်ပီး ပြောနေပါတော့တယ်။ ဒီကလေးမလေးနဲ့ ဘယ်ဘ၀က ရေစက်ရယ်လို့မသိ သူမကို ငယ်ငယ်ကတည်းက သူတကာတွေထက် အသနားပိုခဲ့ရပါတယ်။
အော် သူသူငါငါ သတ္တ၀ါများဟာ ဘ၀သံသရာမှာ တစ်ဘ၀ပြီးတစ်ဘ၀ မနားမနေကျင်လည်ခဲ့ကြရတဲ့အခါ ဘ၀မျိုးစုံကြုံခဲ့ရသူ ချည်းပါပဲ။ တကယ်တမ်း ဖြစ်ခဲ့ပြီးတဲ့ ဘ၀များစွာမှာ မိခင်ဖြစ်လိုက် ဇနီးဘ၀ဖြစ်လိုက်၊ သမီးဘ၀ဖြစ်လိုက်၊ မြေးဖြစ်လိုက်နဲ့ အမျိုးမျိုးအဖုံဖုံ ဘ၀ဇာတ်ခုံမှာ ကံဇာတ်ဆရာအလိုကျ ကပြခဲ့ရတာကို သိများသိခဲ့ရင် ဒီမျက်နှာတွေကို ဘယ်လိုလုပ်ကြည့်ရဲတော့မလဲ။ မျက်နှာပူစရာ၊ရှက်စရာတွေ အပြည့်နဲ့ပေါ့။ဒါပေမဲ့ သတ္တ၀ါများကို အ၀ိဇ္ဇာဆိုတဲ့ အမှောင်ကြီးက အုပ်ထားတော့ ဘယ်ဘ၀ကဘာဖြစ်ခဲ့ တယ်ဆိုတာကို တတ်အပ်သေချာမသိရတဲ့အတွက် တော်ပါသေးရဲ့ လို့ပဲ ပြောရပေတော့မယ်။
ဒါကြောင့်ထင်ရဲ့ စာရေးသူဟာ ရေပြင်ကလုပ်လုပ်နဲ့ ၀ါးဖေါင်သစ်ဖေါင်တွေမျောလာတာမြင်ရရင် စိတ်ထဲမှာ လွမ်းသလို ကြည်နူးဆွတ်ပျံ့ ၀မ်းနဲဝမ်းသာဖြစ်ရတာ များခဲ့လှပြီး ငယ်ငယ်ကတည်းက အခုအချိန်အထိဆိုပါတော့။ ဒါဟာ ဖြစ်ခဲ့တဲ့ဘ၀တစ်ခုခုရဲ့ ပုံရိပ် ထင်ဟပ်မှုအပေါ် ခံစားမိတာပဲ ဖြစ်မှာပါ။ ဘာ့ကြောင့်ဆိုရင် စာရေးသူအပါအ၀င် သတ္တ၀ါများစွာဟာ အကြောင်းကင်းတဲ့သူရယ်လို့ မရှိခဲ့လို့ ပါပဲ။
ဒီလိုနဲ့ သိုက်မြှောင်ရွာမှာ နေတဲ့အခိုက် ဥသြလေးဟာ စာရေးသူ တည်းခိုရာကျောင်းသို့ မကြာမကြာလာပြီး ဝေယျာဝေစ္စ လုပ်ပေးပါတယ်။ တစ်နေ့နံနက် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က တရားအတူထိုင်ဖူးခဲ့ကြတဲ့ ဥသြတို့သူငယ်ချင်းတစ်သိုက် ကျောင်းသို့ ရောက်လာကြတယ်။ ဒီအထဲမှာ ဒေါ်ဘု လို့ခေါ်တဲ့ကလေးမလေးလဲ ပါလာတယ်။ ဒေါ်ဘု လို့သာခေါ်တာ အသက်က ငယ်ငယ်လေးရှိသေးတယ်။သူကို ရွာက ချစ်စနိုးလို့ခေါ်ကြဟန်တူပါရဲ့၊ ပီးတော့ ချစ်စနိုးခေါ်ကြတာရှိသေးတယ်။ ‘မခွေး’ တဲ့ …..
ရွာကို ရောက်စက စာရေးသူနဲ့ ခင်မင်းရင်းနှီးရတဲ့ ဒကာမတစ်ယောက်ရှိတယ်၊ နာမယ်က မခွေး၊ သူ့နာမယ်ခေါ်မေးကြည့်တော့၊ “အရှင်ဘုရား……ဒီရွာမှာ မခွေးတွေက အများသားကလား ဘယ်ကမခွေးကို ပြောတာလဲဘုရား” လို့ ဆိုတော့မှ တွေ့ချင်တဲ့မခွေး ဘယ်နားနေမှန်း မသိတဲ့အတွက် ရှာမရခဲ့ပါ၊ နောက်ပိုင်းမှတော့ တွေ့ခဲ့ရပါတယ်။ ဆိုလိုတာက အများအားဖြင့် ရွာမှာ ချစ်စနိုးနာမယ်တွေကို ခေါ်ဝေါ်သုံးစွဲတာ များပါတယ်။
ခုနင်က ဘယ်သူတဲ့ ‘ဒေါဘု’ တဲ့။ သူမအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာ့ကြောင့်ဆိုရင်သူက လူဝင်စားဖြစ်နေလို့ပါ ပဲ။ လူဝင်စားဆိုတာ အတိတ်ဘ၀ကို ပြန်အမှတ်ရနေသူများကို ပြောတာပါ။ ကြုံတုန်း ‘ဒေါ်ဘု’အကြောင်းပြောချင်ပါသေးတယ်။
တစ်ခါက သိုက်မြှောင်ရွာရဲ့အရှေ့ဘကှ် ကံလှရွာဆိုတာရှိတယ်။ အဲဒီရွာမှာ ဇနီးမောင်နှံနှစ်ဦးလဲနေထိုင်ကြတယ်။ နေ့တစ်နေ့ရဲ့ ညနေခင်း မိုးတွေကလဲ သဲကြီးမဲကြီး ရွာချနေတဲ့အချိန် ဇနီးသည်ဟာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။ အခုတော့ သိုက်မြှောင် ရွာမှာ လူလာဖြစ်တယ်။ ကလေးမငယ်ငယ်ကတည်းက အိမ်ကိုဘာမှ မပြောဘဲ အရင်ဘ၀က လင်ယောင်္ကျားရှိတဲ့ ကံလှရွာကို တစ်ယောက်ထဲ သွားခဲ့တယ်။ အဘိုးကြီးကတော့ ဘယ်သိမလဲ။ သူမကတော့ လင်ယောင်္ကျားကို ချစ်ခင်တဲ့သံယောဇဉ်နဲ့ သွားသွားနေပါတော့တယ်။ တစ်နေ့မှာ အဖိုးကြီးဆီရောက်ခိုက် အဖိုးကြီးထံက သူမ၀တ်ခဲ့တဲ့ နားကပ်ကိုတောင်းတော့ အဖိုးကြီးက ဘယ်ပေးမလဲ။ အဲဒီမှာတင် “ငါကတော့ ချစ်လိုက်ရတာ၊ သူကတော့ ငါ့အပေါ်စိမ်းကားရက်တယ်” ဆိုပြီး စိတ်အနာကြီးနာကာ ဒေါ်ဘုကြီးတစ်ယောက် အရင်ဘ၀က လင်ယောင်္ကျားရှိတဲ့ရွာကို နောင် ဘယ်တော့မှ မသွားခဲ့တော့ပါ။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More