Friday, January 8, 2010

ဘာသာတူမှ လက်ထပ်ရမှာလား

အမေး။ ။တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား…ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင် ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ် ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင် မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။
ဆွိ
နေရာပ်မရှိ
အဖြေ။ ။ ဘာသာခြားများရဲ့ အယူအဆနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကိုတော့ ပြောပါ့မယ်။ ဘုရားရှင်က ဘာသာမတူရင် မပေါင်းရဘူး၊ မယူရဘူးလို့ မဟောပါဘူး။ ဒါနဲ့ပတ်သက်ပြီး…

တစ်ချိန်က သူငယ်ချင်းနှစ်ယောက်ဟာ ငယ်စဉ်က တက္ကသိုလ်ပြည်မှာ အတတ်ပညာများ အတူသင်ယူခဲ့ကြပါတယ်။ ပညာသင်ယူစဉ်က အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းများဖြစ်ပြီး အရွယ်ရောက်လို့ သားသမီးများ ရှိလာရင် “သားရှင်က သမီးတောင်းလာရင် သမီးရှင်က သားရှင်အား ပေးကြစတမ်း” ဆိုပြီး ကတိက၀တ်ထားခဲ့ကြတယ်။
အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်က သာဝတ္ထိမြို့မှာ အနာထပိဏ်သူဌေး ဖြစ်လာပြီး၊ တစ်ယောက်က ဥဂ္ဂမြို့မှာ ဥဂ္ဂသူဌေးရယ်လို့ ထင်ရှားဖြစ်လာကြပါတယ်။ တစ်နေ့တော့ ဥဂ္ဂသူဌေးက လှည်းငါးရာနဲ့အတူ အနာထပိဏ်သူဌေးအိမ် ရောက်လာပါ တယ်။ ဥဂ္ဂသူဌေးနဲ့ ပါလာတဲ့သူများကို အနာထပိဏ်သူဌေးရဲ့သမီး စူဠသုဘဒ္ဒါက စီမံပြုစုလုပ်ကျွေးပါတယ်။ ဥဂ္ဂသူဌေးဟာ လိမ်မာရေးခြားရှိလှတဲ့ သူငယ်ချင်းရဲ့သမီးကို မြင်ရတော့ သူ့ရဲ့သားနဲ့ပေးစားချင်လာတယ်။ ဒါနဲ့ငယ်စဉ်က သူတို့အချင်းချင်း ကတိက၀တ်ထားတဲ့အကြောင်းကို ပြန်လည်ပြောပြပါတယ်။
အနာထပိဏ်သူဌေးဟာ သူငယ်ချင်းနဲ့ ကတိက၀တ်ထားခဲ့တဲ့အတွက် သမီးကိုမပေးလို့ကလဲမကောင်း၊ ပေးလိုက်ပြန်ရင်လဲ သူ့သူငယ်ချင်းမိသားစု က ဘာသာခြားအယူဝါဒရှိသူဖြစ်နေတော့ စဉ်းစားရပါတယ်။
ဒါနဲ့ အနာထပိဏ်သူဌေးဟာ ဘာမှမပြောသေးဘဲ ဘုရားရှင်ဆီသွားပြီး အကျိုးအကြောင်း လျှောက်ထားပါတယ်။ ဘုရားရှင်ကလဲ ဥဂ္ဂသူဌေးရဲ့ နောင်မှာ သောတာပတ္တိမဂ်ဖိုလ်ရနိုင်တဲ့ အနေအထားကို သိမြင်တော်မူတဲ့အတွက် ဘာသာခြားဖြစ်တဲ့သူရဲ့သားနဲ့ စူဠသုဘဒ္ဒါတို့ရဲ့ ကိစ္စကို ခွင့်ပြုတော်မူခဲ့ပါတယ် (မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ၊ ၄၇၇-၄၇၉)
ဒီဝတ္ထုအရ ဘုရားရှင်ဟာ ဘာသာခြားနဲ့ မယူရဘူးလို့ မိန့်တော်မမူခဲ့ပါဘူး။ ဒါပေမဲ့တစ်ခုတော့ သတိထားစရာရှိတယ်။
ယခုလက်ရှိဘ၀မှာ အိမ်ထောင်ရေး မပြိုကွဲဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံးပေါင်းသင်းနိုင်ပြီး နောင်တမလွန်ဘ၀မှာလဲ ဇနီး မောင်နှံ နှစ်ဦးစလုံး လူ နတ် စတဲ့သုဂတိသို့ လားရောက်နိုင်ကြောင်း ဟောထားတာ ရှိပါတယ်။
တစ်နေ့ဘုရားရှင်ထံတော်ကို နကုလပိတာနဲ့နကုလမာတာ ဇနီးမောင်နှံတို့ ရောက်ရှိလာကာ “အရှင်ဘုရား..တပည့်တော်တို့ဟာ အိမ်ထောင်ပြုခဲ့စဉ်ကနေ ယခုအချိန်အထိ သူတစ်ပါးသားမယားကို စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့ နှစ်ယောက်စလုံးလျှောက်ထားကြပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က မိန့်တော်မူပါတယ်။
လောကမှာ ဇနီးမောင်နှံများ အိမ်ထောင်ပြိုကွဲမှုမရှိဘဲ ချမ်းသာပျော်ရွှင်စွာနေကြရပြီး နောင်တမလွန်ဘ၀မှာလဲ နတ်ရွာသုဂတိမှာ ဖြစ်ချင် ကြတယ်ဆိုရင် အိမ်ထောင်ပြု လက်တွဲကြမဲ့ သူများ သိထားသင့်တဲ့ အကြောင်းအရာ (၄)မျိုး ရှိပါတယ်။ အဲဒါက..
(၁) သမသဒ္ဓါ = ယုံကြည်မှုခြင်း တူကြရပါမယ်။ ဓမ္မရှုထောင့်ကနေကြည့်ရင် ရတနာသုံးပါးယုံကြည်မှုခြင်း တူမျှရပါမယ်။ (ဘာသာတူရင် ပိုပြီးကောင်းတယ်)။
လောကရှုထောင့်ကနေ ကြည့်ရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအပြည့်ရှိရမယ်။ ယုံကြည်မှုရှိအောင်လဲ နှစ်ဦးစလုံးက နေတတ်ရပါမယ်။
(၂) သမသီလာ = နှစ်ဦးစလုံးကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ်။
(၃) သမစာဂါ = စွန့်ကြဲပေးကမ်းလှူဒါန်းတဲ့အခါ နှစ်ဦးသဘောတူ တိုင်ပင်ပီး စွန့်ကြဲလှူဒါန်းရပါမယ်။ မိဘများအား ပေးကမ်းတဲ့အခါမှာလဲ တိုင်ပင် အသိပေးပြီး ပေးကမ်းရပါမယ်။
(၄) သမပညာ = နှစ်ဦးစလုံးတွေးခေါ်မြော်မြင်မှုနဲ့ ပြည်စုံရပါမယ်။
ဒီတရား(၄)မျိုးနဲ့ ပြည့်စုံအောင် ကျင့်သုံးကြတဲ့ ဇနီးမောင်နှံများဟာ ယခုဘ၀မှာ ပျော်ရွှင်စွာ ပေါင်းဖေါ်ကြရပြီး၊ နောင်ဘ၀မှာလဲ နတ်ရွသုဂတိသို့ ရောက်ရတယ်ဆိုတဲ့အကြောင်းကို ဘုရားရှင်ဟောကြားတော်မူပါတယ်။
အချူပ်ဆိုရရင် ဗုဒ္ဓ၀ါဒက ဘာသာခြားနဲ့ မပေါင်းရဘူးလို့ မပြောထားပေမဲ့ လက်ထပ်ယူတဲ့အခါ အကြောင်းအရာလေးမျိုးနဲ့ပြည့်စုံရင် ပိုကောင်းပါတယ် လို့ မိန့်တော်မူထားခြင်းဖြစ်ပါတယ်။

1 comments:

ဖြေပေးထားတာ တော်တော် ကောင်းပါတယ်ဘုရား။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More