တည်းခိုခန်းဟာ ဘုန်းကြီးများနဲ့မဆိုင်လို့ ထင်သလားမသိ၊ ဘုန်းကြီးလဲ ပိုက်ဆံပေးပြီး တည်းရတာပါပဲ၊ တည်းခိုခန်းတည်းတဲ့ဘုန်းကြီးများ ဘုန်းကြီးမဟုတ်တော့ဘူးလား။ ဘုန်းကြီးပျက်လို့ ပြောချင်ကြသလားမသိ။ တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းအတိုင်းပြောရင် ဒီအမြင်ဟာ ယနေ့ခေတ်အမြင်နဲ့ဆိုရင် ကျဉ်းမြောင်းလွန်းလှတယ်လို့ ပြောရပါမယ်။ အမှန်က တည်းခိုခန်းဆိုတာ ခရီးသွားများအတွက် နားနေတည်းခိုဖို့ရာ နေရာတွေပါ။ ရဟန်းတွေလဲ ခရီးသွားနေကြတော့ ခရီးသည်တွေပါပဲ။ ရဟန်းအတု ရဟန်းယောင်ထင်ရင်လဲ မှတ်ပုံတင်စစ်ကြည့်ရတာပါပဲ။ ဒီအတွက် နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် သီဟိုဠ်သာသနာထွန်းကားစဉ်က လမ်းဆုံလေးခွတွေမှာ ရဟန်းစတဲ့ခရီးသွား အများပြည်သူ များတည်းခို ဖို့ ဇရပ်များကို အမြင်ကျယ်ကျယ်နဲ့ လုပ်ပေးထားကြတာပါ။
အမှန်တကယ်ဖြစ်သင့်တာက ရဟန်းတွေလဲ တည်းခိုနိုင်အောင် စီစဉ်ပေးရင်ပိုပြီးကောင်းပါတယ်။ ဘာ့ကြောင့်ဆိုရင် ဘုန်းကြီးဖြစ်ပေမဲ့ နေရာတိုင်းမှာ ကိုယ့်အသိဘုန်းကြီးက ရှိချင်မှရှိနိုင်မှာပါ။ ရဟန်းသံဃာများ တည်းခိုဖို့အတွက် သက်ဆိုင်ရာက စီစဉ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဘုန်းကြီးကျောင်းများမှာ သွားတည်းတယ်ဆိုတာ မသိတဲ့အခါ တည်းခိုရ ခက်လှပါတယ်။ အသိဘုန်းကြီးကျောင်းမှာ တည်းခိုရရင်တော့ ပြဿနာမရှိ၊ အသိမရှိတဲ့အပြင် အဆက်အစပ်မရှိတဲ့ ဘုန်းကြီးကျောင်းမှာ တည်းခိုရင် သံသယမျက်လုံးများစွာနဲ့ လက်မခံချင်ကြပါဘူး။ ဒီမှာ ဘုန်းကြီးကျောင်းတည်းတော့ အခက်ခဲလေးတွေ ရှိတာကို တင်ပြချင်ပါတယ်။
ဒါနဲ့ တည်းခိုခန်းမရတော့ မြို့နယ်သံဃာ့မဟာနာယကဘုန်းကြီးကျောင်းသွားပြီး၊ တစ်ညတာ တည်းခိုခွင့်ပြုပါရန် လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက ဓမ္မာရုံမှာ နေရာပေးပါတယ်။ ဓမ္မာရုံက တံခါးမရှိတော့ ဆောင်းလေအေးတွေက အရမ်းတိုက်နေတယ်။ ဘယ်လိုများ အိပ်ရပါ့မလဲ။ ဓမ္မာရုံအတွင်း ကွန့်ပျက်ပေါ်မှာ ဖျာကြမ်းတစ်ချပ်သာ ခင်းပေးပါတယ်။ ခေါင်းအုံးနဲ့စောင် ဆိုတာဗလာနတ္တိ၊ ဒီတစ်ညကိုကျော်လွန်ဖို့အတွက် ဘယ်လိုများစခန်းသွားကြမလဲ….ဆောင်းရာသီ ဖြစ်တဲ့အတွက် အေးလိုက်တာကလဲ လွန်ပါဘိ။(နောက်သိရတာက ဒီကျောင်းက ဆရာတော်ဟာ အနီးတစ်ဝိုက် ဘယ်သူနဲ့မှ အဆင်မပြေဘူးဆိုပါတယ်)။
ဒါနဲ့ ဓမ္မာရုံအတွင်းသီတင်းသုံးနေတဲ့ ဦးဇင်းကြီးအား “အရှင်ဘုရား…တပည့်တော်တို့ ဒီအတိုင်းအိပ်ရရင်တော့ မနက်လင်းရင် လေဖြတ်သေလောက်တယ်ဘုရား၊ တပည့်တော်တို့ တစ်ခြားသွားတည်းပါ့မယ်ဘုရား” ဆိုတော့ ဦးဇင်းကြီးက ကိုယ်ချင်းစာတယ်ထင်ပါရဲ့ သူကိုယ်တိုင် အိပ်ရာနေရာအားလုံးကို စီစဉ်ပေးပါတယ်။ မနက်လင်းတော့ ဦးဇင်းကြီးက ပြောပါတယ်။
“ဘုန်းကြီးဘုရား…..တပည့်တော်တို့ဆရာတော်က ခရီးထွက်တာနဲတယ်ဘုရား၊ သူက ဧည့်သည်လုပ်ဖူးတာ နဲတယ်ဘုရား၊ ကိုယ့်ကိုယ်တိုင်က ဧည့်သည်လုပ်ဖူးမှ ဧည့်သည်အကြောင်းကို ကောင်းကောင်းသိတာပါဘုရား” တဲ့…….မှန်လိုက်တာ.. မှတ်သား လောက် တဲ့စကားပါပဲ။
“ဧည့်သည်လုပ်ဖူးမှ ဧည့်သည်အကြောင်းကို သိတာပါ၊ ဧည့်သည်မလုပ်ဖူးက ဧည့်သည်အကြောင်း(အခက်အခဲ)ကို မသိနိုင်ပါ” ဒါလေးကို စာဖတ်သူများ သတိထားကြဖို့ပါ။
သိုက်မြှောင်ရွာသို့ခရီးဆက်ခြင်း
မနက်လင်းတော့ ရွာတန်းမြင်းလှည်းဂိတ်ကိုသွားပါတယ်။ ဆယ်နှစ်ကျော်ကြာခဲ့လို့ထင်ပါ့ အမြင်သစ်တွေနဲ့ ထူးဆန်း သလိုပါပဲ။ ယခင်က ရွာတန်းဂိတ်မှာ မြင်းလှည်းများနဲ့ စည်ကားလှပါတယ်။ ယခုတော့ မြင်းလှည်း တစ်စီးမှမရှိတော့၊ မြင်းလှည်းနေရာမှာ ဆိုင်ကယ်နောက်တွဲလေးတွေနဲ့ ဖြစ်နေကုန်ပါပြီ။ စက်မှုခေတ်ကို တဖြေးဖြေး ရောက်လာတဲ့သဘောပါပဲ။
ဆိုင်ကယ်တိုင်ကစီနဲ့ ဆိုင်ကယ်နောက်တွဲများ ပေါ်လာတော့ ခရီးသွားလုပ်သားပြည်သူများအဖို့ မြန်ဆန်စွာခရီးသွား လာကြရတဲ့အတွက် အစစအရာရာအဆင်ပြေနေကြပါတယ်။
စာရေးသူရဲ့မြင်ကွင်းမှာတော့ အညာနဲ့မြင်းလှည်းဆိုတာ တထပ်တည်းလိုဖြစ်နေတယ်၊ အညာဒေသမှာ မြင်းလှည်းယာဉ်လေးနဲ့ သွားလာကြရတာဟာ လှပတဲ့အမျိုးသမီးလေးရဲ့ ခန္ဓာကိုယ်မှာ ရိုးရာ မြန်မာ့ချိတ်နဲ့ဝတ်ဆင်လိုက်တော့ အလှပေါ်အယဉ်ဆင့် သွားရသလိုပါပဲ။ အခုတော့ အညာနဲ့ဆိုင်ကယ် ခေတ်ရေစီးကြောင်းအရ အပြောင်းလဲခဲ့တာဟာ အညာသူအပျိုချောရဲ့ ခန္ဓာကိုယ်မှာ အနောက်တိုင်းဝတ်စုံဝတ်ထားသလိုပါပဲ………..ရှေးကျတယ် ရှေးဆန်တယ်ပဲဆိုချင် ဆိုစေတော့…………
ရှေ့ဆက်ပါအုံးမယ်၊ ယခင်ကဆိုရင် ရမည်းသင်းကနေ ရွာတန်းကို မြင်းလှည်းနဲ့ တစ်နာရီလောက်စီးရပါတယ်။ ရွာတန်းကနေ သိုက်မြှောင်ရွာကို နွားလှည်းနဲ့ သုံးနာရီလောက် စီးရပါတယ်။ အခုတော့ ဆိုင်ကယ်နဲ့ ရမည်းသင်းကနေ သိုက်မြှောင်ရွာကို တစ်နာရီ နီးပါးလောက်ပဲ စီးရပါတယ်။ အချိန်ကာလာကြာမြင့်ခြင်းရဲ့နောက်ကွယ်မှာ ပြောင်းလဲတိုးတက်မှုများက နောက်ကနေ ထပ်ချပ်မကွာလိုက်လာသလိုပါပဲ…
ရွာတန်းရွာကို ရောက်လာပါပြီ။ ရွာတန်းရွာ၊ ဦးအုန်းခိုင်အိမ်မှာ ခေတ္တ၀င်နားပါတယ်၊ မကြာခင် ရွာမှ အကြိုဆိုင်ကယ်များ ရောက်လာတဲ့အတွက် သွားရမဲ့ရွာကို တဖန် ခရီးဆက်ခဲ့ပါတယ်။ သိုက်မြှောင်ရွာမရောက်ခင် အဦးဆုံးရောက်တဲ့ရွာက ကျောက်ဖူးရွာပါ။ ကျောက်ဖူးရွာထိပ်ရောက်တယ်ဆိုရင်ပဲ ဘယ်ဖက်မှာ ရွာဦးစေတီကိုလှမ်းမြင်ရပြီး၊ ညာဖက်မှာတော့ အလယ်တန်းကျောင်း၊ ဒီကနေအထဲ ၀င်သွားတဲ့အခါ ရွာဦးဘုန်းတော်ကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ ရွာဦးဆရာတော်ကို ၀င်ရောက်ဖူးမျှော်ပါတယ်။ ဆရာတော်ကား မကြာသေးခင်က ဆိုင်ကယ်ပေါ်က ရုတ်တရက်ကျကာ အရိုးကျိုးသွားတဲ့အတွက် စတီးရိုးထည့်ထားပြီး သွားလာနိုင်ခါစရှိပါသေးတယ်။ သိပ်မသွားနိုင်သေးပါဘူး။
ထိုဆရာတော်ရဲ့နာမည်က ဦးက၀ိန္ဒဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဘိတ်မှာ စာရေးသူနဲ့အတူသီတင်းသုံးခဲ့ပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် ရှေးဟောင်းနောင်းဖြစ်တွေ ပြောမကုန်အောင်ဖြစ်ခဲ့ပါတယ်။ ကျောက်ဖူးရွာဘုန်းတော်ကြီးကျောင်းရဲ့ အရှေ့ဘက် စာသင်ကျောင်းရဲ့ ပရ၀ုဏ်အတွင်း မြေကွက်လပ်ကြီးဟင်းလင်းပြင်မှာ ကျောင်းတက်လာကြတဲ့ကလေးများ ဟိုတစ်စု ဒီတစ်စုနဲ့ နေပူစာလုံရင်း စာသင်နေကြတာကို တွေ့ရပါတယ်။ ထူးခြားတာက ကလေးများစာသင်တဲ့နေရာမှာ ကျောင်းဆရာများအပြင် ရွာဦးကျောင်းက ဦးဇင်းများလဲ ပါဝင်နေတာကို တွေ့ရပါတယ်။ ကြည်နူးစရာ နံနက်ခင်းမြင်ကွင်းလေးပါပဲ…… (ဆက်ရန်)

0 comments:
Post a Comment