ဆယ်စုနှစ်ကျော်လို့ အခုတစ်ခါ ကြုံတုန်းမေးကြည့်ပါတယ် “ဟဲ့…ဒေါ်ဘုကြီး.. နင့်ယောင်္ကျားဆီ မသွားတော့ဘူးလား” ဆိုတော့ တပည့်တော် စိတ်နာလို့ မသွားတော့တာပါဘုရား။ အခုတော့လဲ သူဆုံးရှာပြီဘုရား” လို့ ပြောပါတယ်။ အော် သံသရာ့ ခရီးသည်တွေ ပဲလေ ………..
ဥသြလေးအကြောင်းကနေ စလိုက်တာ မခွေးတို့ ဒေါ်ဘုတို့ အကြောင်းရောက်ကုန်တယ်။ ညနေခင်း ဒေါ်မြရင်တို့ဝိုင်းထဲမှာ အတော်ကြာကွဲကွာနေကြတဲ့သူများနဲ့ ပြန်လည်တွေ့ဆုံရတော့ ရင်ထဲကြည်နူး ၀မ်းသာမဆုံးဖြစ်ရပါတယ်။ အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့်နဲ့ ကလေးမတစ်ယောက် စာရေးသူတို့အနားရောက်လာတယ်။ ဒေါ်မြရင်က သူမကို လက်ညိုးထိုးပြီး “အရှင်ဘုရား….သူ့ကိုသိလားဘုရား၊ တပည့်တော်မ မြေးလေဘုရား” “သိပ်သိတာပေါ့….နင် နီနီဝင်းမဟုတ်လား” ဆိုတော့
သူမက “မှန်ပါတယ်ဘုရား…တပည့်တော် နီနီဝင်းပါဘုရား၊ တပည့်တော်ငယ်ငယ်တုန်းက ဘုန်းဘုန်းကို ဆွမ်းလောင်းတာလေဘုရား”
ယခင်က နီနီဝင်းဟာ အသက်(၈)နှစ်အရွယ်ကလေးလေးပေါ့။ ဒါပေမဲ့ ကလေးနဲ့မလိုက်အောင်ပဲ အလိုက်သိတယ်၊ မိဘတွေအပေါ်မှာလဲ သိတတ်လိုက်တာ လွန်ပါလေရော။ သူ့အကြောင်းပြောချင်ပါသေးတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက် သိုက်မြှောင်ရွာမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ ဒီတုန်းက ပထမအကြိမ်တရားစခန်းပွဲထင်ပါရဲ့။ စာရေးသူက တရားစခန်းဝင်နေတဲ့ ယောဂီပေါင်း ၇၀ ကျော်ကို ဆွမ်းအတွက် အခက်အခဲမရှိရလေအောင် ကိုယ်တိုင်တစ်ပါးတည်း ဆွမ်းခံ ကြွပါတယ်။ နောက်က ဒကာများလိုက်ကျတာလဲ မနဲပါဘူး။ ဆွမ်းဆိုရင် တောင်းကြီးတစ်တောင်းလောက်ရပြီး ဆွမ်းဟင်းလဲ အများကြီးရပါတယ်။ စာရေးသူ ဆွမ်းခံလာတဲ့ ထမင်းဟင်းနဲ့ဆို တရားစခန်းက နဲနဲပဲ ချက်ရပါတယ်။ အလွန်ထူးတဲ့ကုသိုလ်လို့ဆိုရပါမယ်။ ဒါကို ယနေ့ထိတိုင်အောင် တွေးရင်း ပီတိဖြစ်ရတာလဲ အကြိမ်ကြိမ်ပါပဲ။ အော်….ကြည်နူးစရာကောင်းလိုက်ပါဘိ။
တစ်နေ့ လူကြီးတွေက မနက်အစောကြီး တောထဲအလုပ်သွားကြပါတယ်။ သားသမီးများစားဖို့အတွက် ထမင်းအိုးတစ်အိုးပဲချက် ထားခဲ့တယ်။ မိဘများမရှိတော့ အိမ်မှာ အရွယ်နဲ့မလိုက်အောင် လူကြီးလုပ်နေရသူက နီနီဝင်းလေးပါ။ သူမရဲ့အတွေးက “ ဘုန်းဘုန်းလဲ မကြာခင် ဆွမ်းခံကြွလာတော့မယ်။ ဆွမ်းတစ်ခုထဲတော့ မလောင်းချင်ဘူး။ ဆွမ်းဟင်းလဲလောင်းချင်တယ်” တဲ့…ဒါနဲ့ ဟိုဟိုဒီဒီရှာကြည့် တော့ တစ်နေရာမှာ ကြက်ဥများကို တွေ့ရတယ်။ ဒါနဲ့ဝမ်းသာအားရနဲ့ မီးဖိုမှာ မီးမွှေးပြီး ဒယ်အိုးထဲ ဆီထည့်ကာ ကြက်ဥကြော်တယ်။ ပီးတယ်ဆိုရင်ပဲ သူ့ခမျာ ရေတောင်မချိုးနိုင်ပဲ ဘန်းလေးထဲမှာ ဆွမ်းကတစ်ခွက်၊ သူကိုယ်တိုင်ကြော်ထားတဲ့ ကြက်ဥကြော်ကတစ်ခွက်နဲ့ စာရေးသူ ရွာထဲ ဆွမ်းခံအလာမှာ အမီဆွမ်းလောင်းနိုင်ခဲ့တယ်လေ။
အသက်အားဖြင့် ငယ်ရွယ်လှသော်လဲ သဒ္ဓါတရားမငယ်တဲ့ နီနီဝင်းလေးအကြောင်းတွေးနေမိရာက အတွေးစဖြတ်ကာ ကြည့်လိုက်တော့ နီနီဝင်းဟာ ယခင်လိုမဟုတ်တော့ အသက် ၂၀ နှစ်ဝန်းကျင်လောက်ရှိတဲ့အပြင် အိမ်ထောင်တောင်ကျနေပါပြီ။ အဖြစ်အပျက်တွေဟာ ကြာခဲ့တယ်ဆိုပေမဲ့ မနေ့တစ်နေ့ကလိုပါပဲ။
ပြောချင်ပါသေးတယ်။ မနီနီဝင်းနဲ့ ညီအစ်မတစ်ဝမ်းကွဲတော်တဲ့ ညီအစ်မနှစ်ယောက်ရှိပါသေးတယ်။ နာမယ်က မခိုင်နဲ့ မသူ တဲ့။ သူတို့ အကြောင်းလဲ မပါရင် မပြည့်စုံနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် သဒ္ဓါတရားအားကောင်းလွန်းလို့ပါ။ဆက်ပြောပါရစေ…..
၁၉၉၈ခုနှစ် ရမည်းသင်းမြို့နယ်၊သိုက်မြှောင်ရွာ ဒုတိယအကြိမ် ၀ိပဿနာတရားစခန်းပွဲ စတင်ပြီး နောက်တစ်ရက်မှာ ဒကာတစ်ယောက် ရောက်လာပြီး “အရှင်ဘုရား…..တပည့်တော်သမီးလေးတွေက တရားဝင်ချင်လွန်းလို့တဲ့ဘုရား၊ တပည့်တော်တို့က တောင်သူတွေဆိုတော့ အလုပ်များတယ်ဘုရား၊ အခုလဲ သမီးနှစ်ယောက်က တရားဝင်ချင်ပေမဲ့ အလုပ်မပီးသေးဘူးဘုရား အလုပ်ပီးရင် တရားလာဝင်ပါ့မယ်၊ လာလို့ရပါလားဘုရား” လျှောက်ထားတော့ “ ဒကာကြီး ရပါတယ် လာသာလာပါ”။ နောက်တစ်ရက် ဒကာမလေးနှစ်ယောက် တရားအားထုတ်ဖို့ ရောက်လာပါတယ်။ တရားစခန်းရက်ပြီးတဲ့အထိ သူတို့နှစ်ယောက်ဟာ ကြိုးစားပြီး တရားအား ထုတ်သွားကြပါတယ်။ တရားစခန်းသိမ်းပွဲပြီးတော့ သူတို့နှစ်ယောက်က စာရေးသူအား “ဘုန်းဘုန်းဘုရား….တပည့်တော်တို့ တရားစခန်း ၀င်နိုင်အောင်ဆိုပြီး တရားစခန်းမလာခင်ရက် ညတစ်ညလုံး လသာသာအောက်မှာ ပဲစင်းငုံခြွေရပါတယ်ဘုရား။ ဒီတစ်ညအလုပ်ကို ကြိုးစားလုပ်တာ ပြီးသွားပါတယ်ဘုရား။ တပည့်တော်တို့ တရေးမှမအိပ်ရသေးပဲနဲ့ တရားစခန်းဝင်ခဲ့ကြပါတယ်ဘုရား” လျှောက်ထားကြပါတယ်။
ကြားလိုက်ရတဲ့စကားကြောင့် သူတို့ရဲ့ သဒ္ဓါတရားများဟာ ရှာမှရှားတဲ့သဒ္ဓါတရားရှိသူလေးတွေပါ။ သာမန်ဆိုရင် အလုပ်ပင်ပမ်း လို့ တရားစခန်း ဘယ်လာဝင်တော့မလဲ ခုတော့ ပင်ပမ်းပေမဲ့ ဒီတရားပွဲမျိုး ကြုံခဲလို့ ခမျာများ ရတဲ့အခွင့်အရေးကို အသုံးချလိုက်တာပါ။ အော်ကံကောင်းပေစွ၊ ကံကောင်းဖို့ဆိုတာ ကိုယ်က အလုပ်ကောင်းမှ ကောင်းမှာပါ။
အညာသူတွေဆိုတော့ ပင်ပင်ပမ်းပမ်းလုပ်ကိုင်ရတာများပြီး ဆင်းရဲနွမ်းပါးကြတယ်။ ငွေကြေးတတ်နိုင်သူ အနည်းငယ်သာ ရှိပါတယ်။ ဒါနဲ့ စာရေးသူအား သံယောဇဉ်ကြီးရှာကြတဲ့ ဥသြအပါအ၀င် ကလေးမတစ်သိုက်ကို သူတို့ဘ၀တိုးတက်ရေး အကျိုးရှိအောင် ပြောမှဖြစ်မယ်။ လို့ တွေးပြီး “ဥသြ …….ဘုန်းဘုန်းပြောမယ်။ မင်းတို့လေးတွေဟာ အညာဒေသပင်ပမ်းတယ်ဆိုတာ ရိုးနေကြပီ။ အများအားဖြင့် ဆင်းရဲကြ တာများတယ်။ ဒါကြောင့် မင်းတို့လေးတွေရဲ့ဘ၀ တိုးတက်ချမ်းသာအောင် ပြောပြပေးမယ်နော်။နားထောင်ကြ ကြားလား”
လူရယ်လို့ဖြစ်လာရင် ဆင်းရဲချမ်းသာစတဲ့ လောကဓံတရား(၈)ပါးနဲ့ ရင်ဆိုင်ကြရမယ်။ ဘ၀အခြေအနေပေးလို့ ချမ်းသာတဲ့ အချို့လူများကျတော့ ဥစ္စာပေါပေမဲ့ စိတ်အလိုမကျတဲ့အတွက် စိတ်ဆင်းရဲကာ ဘ၀မှာ ပြည့်စုံမှုမရှိခဲ့ကြ။ ဘ၀အခြေအနေမပေးတဲ့အတွက် ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရတဲ့ သူများကျပြန်တော့ ငါဘယ်တော့မှ ချမ်းသာတော့မလဲ လို့ ချမ်းသာကို တောင့်တကြပြန်တယ်။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုတာလိုပေါ့။
“ဥသြရေ………မင်းတို့ အညာမှာ ပင်ပမ်းစွာနဲ့ အလုပ်လုပ်ကြရတာ ငါ့မျက်မြင်ပဲ၊ တစ်ချို့ဆို အလုပ်ပင်ပမ်းပြီး အလုပ်ဒဏ်ပိပြီး လူအရုပ်တောင်မပေါက်တော့ဘူး။ စိတ်မကောင်းဘူး။ ဘယ်တတ်နိုင်မလဲ။ ဘ၀ကံဇာတ်ဆရာ အလိုကျ ကပြနေကြရတာလေ။ ဒါပေမဲ့ ကံဇာတ်ဆရာအလိုကျ ကောင်းတာလေးတွေပဲဖြစ်ချင်တယ်ဆိုရင် ဘ၀မှာ အဆင့်အတန်းမြင့်ချင်ပါတယ်ဆိုရင် ကိုယ့်ကံတရားကို ကိုယ်တိုင်ပဲ ကုသိုလ်ရအောင် ဖန်တီးတတ်ရမယ်နော်၊ ဒါကြောင့် ဘ၀မှာ ဆင်းရဲနွမ်းပါးပြီး ပင်ပမ်းကြတဲ့အတွက် ဘာမှ အားငယ်စရာ မလိုဘူး။ ဘုန်းဘုန်းပြောပြအုံးမယ်……အချိန်ရရဲ့လား” ၊
“အချိန်ရပါတယ်…အမိန့်ရှိပါဘုရား၊ တပည့်တော်တို့နားထောင်နေပါတယ်ဘုရား”
(ဆက်ရန်)

0 comments:
Post a Comment