Wednesday, January 13, 2010

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၅)

ခုပြောမဲ့အကြောင်းဟာ ကြာရှည်စွာခွဲခွာရမဲ့သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက သူ့ရဲ့အတိတ်ဘ၀အကြောင်းတွေကို ပြော ပြနေတယ်။ ဘ၀ဇာတ်ကြောင်းကို အမှန်တွေကို ဒေါ်ရွှေဥပြောနေခြင်းဟာ သားဖြစ်သူ သဒ္ဓါတရားအားကောင်းပြီး ချမ်းသာအောင်လို့ပါ။ အမေဒေါ်ရွှေဥက သူ့သားတော်မောင်ကို ပြောပြနေတယ်လို့ မှတ်ထားလိုက်နော်။
ရှေးရှေုးတုန်းက ကသာမြို့နယ်၊မိုးတားမြို့ရဲ့ မြို့ဦးအရှေ့စူးစူးကုန်းမြင့်လေးပေါ်မှာ ဗောဓိကျောင်းဆိုတာ ရှိသေးတယ်။ ကျောင်းကနေပီးတော့ ဧရာဝတီမြစ်ထဲဆင်းတဲ့ သစ်သားတံတားအရှည်ကြီး တစ်ခုလဲရှိတယ်။ ရှေးရှေးတုန်းကတော့ ဒီတံတားထိပ်အိမ်လေး တစ်အိမ်မှာ “ရွှေသီ” ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အသက်က(၁၄)နှစ်လောက်ပဲရှိအုံးမယ်။

ရွှေသီတို့မိသားစုဟာ အလွန်ဆင်းရဲရှာတယ်။ ဒါနဲ့တစ်နေ့ ရွှေသီဟာ ဗောဓိကျောင်းဆရာတော်ထံသွားပြီး လျှောက်ပါတယ်။
“တပည့်တို့အလွန် ဆင်းရဲလှပါတယ်ဘုရား။ ဘာ့ကြောင့်များ ဒီလောက်ဆင်းရဲရတာလဲဘုရား
“အတိတ်က အလှူနည်းခဲ့လို့ပေါ့”
“ခုဘ၀လှူရင် နောင်ဘ၀ချမ်းသာမှာလားဘုရား”
“ဟုတ်တယ်၊နင်လဲချမ်းသာချင်တယ်ဆိုရင် တစ်ခုခုလှူပေါ့”
“တပည့်တော်က ဆင်းရဲလွန်းတော့ လှူစရာမရှိဘူး၊ ဘာကိုလှူရမှာလဲဘုရား”
“ရွှေသီ…..ဘုရားကိုရေလှူပေါ့”
“ဘယ်လိုလှူရမလဲဘုရား”
“ဟောဟိုမှာလေ ဧရာဝတီမြစ်ကြီးထဲမြစ်ရေတွေလေ ဘယ်သူမဆိုယူလို့ရတယ်၊၀ယ်စရာမလိုဘူး၊ ရတနာသုံးပါးကို လှူချင်တယ် ဆိုရင် မြစ်ရေတွေကို ဒီအတိုင်းသွားခပ်ပြီး လှူလို့ရတယ်”
“လှူပုံလှူနည်းပြောပါအုံးဘုရား”
“ရွှေသီ….တစ်နေ့ကို ရေဘယ်နှစ်ခါသောက်လဲ၊ တစ်နေ့သုံးခါသောက်တယ်ဆိုရင် ဘုရားရှင်အားရေသုံးခါလှူပေါ့၊ နေ့တိုင်းလှူရမယ်နော်”
ရွှေသီကစဉ်းစားတယ် ဘုရားကိုရေလှူရအောင် ငါ့အိမ်ဘုရားအဆောင်လေးတောင်မှမရှိ၊ ဆရာတော်ကျောင်းမှာတော့ ဘုရားရှိ တယ်။ မြစ်ဆိပ်ကနေ ဗောဓိကျောင်းကိုတံတားရှည်ကြီးခင်းထားတယ် ပေတစ်ရာကျော်ရှည်ပြီးမတ်စောက်လှပါတယ်။ဒါပေမဲ့ရွှေသီခမျာ ဆင်းရဲဒဏ်ကို မခံနိုင်တဲ့အတွက် သဒ္ဓါတရားအားမွေးပြီး နေ့တိုင်း မြစ်ရေကိုခပ်ကာ ရေအိုးရွက်ပြီး ကျောင်းမှာသွားလှူရပါတယ်။ ပထမတစ်ပတ်လောက် မှာ ၀ီရိယကောင်းကောင်းနဲ့ ခပ်လှူရတယ်။ တာဝန်ကြီးတစ်ခုလိုဖြစ်နေတယ်။ဒါပေမဲ့ နှစ်ပတ်သုံးပတ်ဖြစ်လာတာ့ စိတ်တွေကြည်လင်ပြီး ချမ်းသာလာတာကို ပထမဆုံးခံစားလိုက်ပါတယ်။
ဒါနဲ့ရွှေသီလေးဟာ နေ့တိုင်း ဇွဲကောင်းကောင်းနဲ့ရေလှူလာလိုက်တာ အသက်နှစ်ဆယ်အရွယ်လောက်မှာ ဆုံးပါးသွားရှာတယ်။ ဒါပေမဲ့ရွှေသီလေးဟာ မိုးတားနယ်ထဲမှာပဲ မိန်းကလေးဘ၀ပြန်ဖြစ်ခဲ့ပါတယ်။ သူ့ကိုယ်သူ လူဝင်စားဆိုတာမသိခဲ့ဘူး။ ဒီလိုနဲ့ ကိုးနှစ်သမီးအရွယ်ရောက်တော့ သူ့အမေနဲ့ ဗောဓိကျောင်းကို ဆွမ်းပို့သွားပါတယ်။ ဗောဓိကျောင်းရောက်ခါနီးမှာ ဆင်းဆင်းရဲရဲ အမေအိုကြီးတစ်ယောက်က လမ်းဖြတ်အကူး၊သူမတို့ရောက်တဲ့အချိန်နဲ့ ဆုံမိခိုက်မှာ အမေအိုကြီးက လျော့ရဲရဲတင်လာတဲ့ တဘက်မြိတ်ကို ပုခုံးပေါ်ယမ်းတင်ပါတယ်။ အဲဒီမှာ ကလေးမလေးရဲ့မျက်စိကို တဘက်မြိတ်အစွန်းနဲ့ ရိုက်မိသွားတယ် “အမလေး”လို့ ယောင်ယမ်းအော်လိုက်ပြီး တဘက်မြိတ်ကို ဆွဲမိသွားရာ သူ့စိတ်ထဲမှာ အသိထူးတစ်ခုဝင်လာတယ်။ မျက်စိနာတာကိုတောင် သတိမရဘဲ အံအားသင့်ပြီး ငိုင်နေပါတော့တယ်။
“ဒီတဘက်လေးဟာ ငါကိုယ်တိုင်လက်နဲ့ယက်ခဲ့တဲ့ တဘက်လေးပါလား” လို့ အတိတ်ဘ၀ရွှေသီအကြောင်းတွေ အကုန်လုံး မှတ်မိလာတယ်။ ကျောင်းရောက်လာတော့လဲ ဗောဓိကျောင်းဆရာတော်ကိုကြည့်လိုက်တော့ သူ့ကိုရေအလှူခိုင်းခဲ့တဲ့ဆရာတော်ကြီးပါ လားဆိုတာ သိလာရတယ်။ ဒီဘ၀မှာတော့ သူ့နာမည်က “ရွှေဥ” ဖြစ်လာပါတယ်။
ရွှေဥဘ၀မှာ စီးပွားဥစ္စာဆိုလဲလိုလေသေးမရှိ၊ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေပါ။ ဒီတုန်းက ဒေါ်ရွှေဥ ဘယ်လောက်ချမ်း သာတယ်ဆိုတာ မိုးတားနယ်ထဲက လူတိုင်းသိပါတယ်။ နောက်ပီးတစ်ခုထူးခြားတာက ရွှေဥဘ၀မှာ ဖျားတာ၊နာတာ ၊ ထိခိုင်ရှနာတာတို့ ဆိုတာ ဘယ်လိုဟာမှန်းတောင်မသိ၊ အနာရောဂါကင်းလှပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဆိုလို့ လျက်ဆားတောင် မသုံးဖူးဘူး။
ဒါဟာ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေဖြစ်ပါတယ်။ (မိုးတားဦးထွန်းရှိန်ရဲ့ 'မအို၊မနာ၊သက်ရှည်ကြာ' ဆောင်းပါးမှ အကျဉ်းချုံးပြီး ဖေါ် ပြလိုက်ပါတယ်)။
“ဒါကြောင့်လဲ မင်းတို့လေးတွေ ဆင်းရဲပေမဲ့ အားမငယ်ကြနဲ့၊ အခုပြောတဲ့အကြောင်းကို သေသေချာချာမှတ်ထားနော်။ ဖြစ်နိုင်ရင် ရေအလှူကို အသက်ထက်ဆုံး လှူပေးနိုင်ပါက ပိုကောင်းတယ်။ ဘုန်းဘုန်းလဲ ဒီညနေခင်း ရန်ကုန်ပြန်တော့မို့ နောက်ဆုံးမှာချင်တာက အခုပြောတဲ့အကြောင်းလိုပဲ အချိန်ကို တန်ဖိုးရှိအောင် အသုံးချကြနော်။ အချိန်က တန်ဖိုးရှိတယ်။ မင်းတို့ငါတို့ဟာ မကြာခင် သေကြရမဲ့သူချည်းပါပဲ။ ဘုန်းဘုန်းကို အမှတ်ရတယ်ဆိုရင် ဘုန်းဘုန်းပြောတဲ့ အဆုံးအမလေးတွေကို အမှတ်ရပြီး ကိုယ်တိုင်လိုက်နာကျင့် သုံးကြဖို့ပါပဲ။”
စကားပြောပြီးအချိန်မှာ ရမည်းသင်းသွားမဲ့ ဆိုင်ကယ်တွေလဲ ရောက်နေခဲ့ပြီမို့ အားလုံးကို နှုတ်ဆက်ကာ လာရာလမ်းကို ပြန်ခဲ့ရပါတော့တယ်။ သူတို့လေးတွေရဲ့မျက်နှာများမှာ စာရေးသူကိုခွဲခွာရမှာမို့ မျက်နှာမကောင်းလှ၊ မျက်ရည်စို့ကာ ကျန်ရစ်ခဲ့ပါတော့ တယ်။ ဒီတွင်ပဲ 'အညာမြေသို့တစ်ခါက် ရောက်ခဲ့ပြန်ပေါ'့ ဆိုတဲ့ ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ပါတယ်။

2 comments:

အင်း...အိုင်လဲေ၇လှူချင်တယ်ဘုန်းဘုန်း.....ေ၇လှူတဲ့အကျိုးပေါ့နော်.....ဖတ်လို့ကောင်းတယ်။

အင်း...အိုင်လဲေ၇လှူချင်တယ်ဘုန်းဘုန်း.....ေ၇လှူတဲ့အကျိုးပေါ့နော်.....ဖတ်လို့ကောင်းတယ်။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More