This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 31, 2008

တည့်အောင်နေတတ်ကြပါစေ

အလိမ္မာ စာမှာရှိသည် ဆိုသည့်စကားသည် အလွန်ထိရောက်သော ညွန်ပြမှုတစ်ခုဖြစ်ပေသည်၊ အရှင်ဝီရိယ(တောင်စွန်း)ရဲ့ မထေရ်မြတ်တို့စကားဝိုင်း ပထမဆုံးထွက်သည့်စာအုပ်မှာ ဆရာတော်ကြီးများ၏ အဆုံးအမသြ၀ါဒများနှင့် လိုက်နာဖွယ် ကျင့်သုံးဖွယ် နည်းလမ်းများစွာတို့ဖြင့် စာဖတ်သူအား ဆွဲဆောင်သွားသည်မှာ လက်ကမချချင်လောက်အောင် ဖတ်ဖြစ်ခဲ့ပါသည်၊ သြ၀ါဒများအနက် ယောဆရာတော်ရဲ့ တစ်ယောက်တည်း တည့်အောင်နေတတ်ဖို့ အရေးကြီးကြောင်း သြ၀ါဒပေးထားသည်မှာ အလွန်နှစ်လိုဘွယ်ဖြစ်ပေသည်။

မှန်ပါသည်၊ လောကတွင် အများနှင့်တည့်အောင်နေတတ်ဖို့ လိုပေသည်၊ အများနှင့်တည့်အောင် မနေတတ်လျှင် သူတစ်ပါး၏ ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှုကို ခံရမည့်အပြင် ပတ်ဝန်းကျင်နှင့်မတည့်သည့်အတွက် တစ်ယောက်ထီးတည်းဖြစ်ကာ ဘ၀တွင် နေရသည်မှာ အထီးကျန်ဆန်လာတတ်ပေသည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်နှင့်နေရသည်ဖြစ်ရာ မိမိဝန်းကျင်နှင့် အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးပေသည်။
ထိုကဲ့သို့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် လိုက်လျောညီထွေမှုရှိအောင် နေတတ်ရန်ကား အများ(ပတ်ဝန်းကျင်)နှင့်ဆက်ဆံသည့်အခါ မေတ္တာပါသော ဆက်ဆံမှု ရှိရပေမည်၊ မေတ္တာပါလျှင် သူတစ်ပါးအား ချမ်းသာအောင် စွမ်းဆောင်ပေးရာရောက်သည့်အပြင် မိမိတွင်လည်း စိတ်အေးချမ်းသာသည့် အရသာကို ခံစားရပေသည်။
ထိုမေတ္တာပါသော ဆက်ဆံရေးသည် လောကတွင် ထိရောက်သည့် ဆက်ဆံရေးတစ်ခုဖြစ်နေသည်ကို မည်သူမှ ငြင်းနိုင်မည် မထင်ပေ၊ စီးပွားရေး၊လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းစုံတွင် ပြေလည်နေသူများသည် မေတ္တာကင်းသည့် သူများ မဟုတ်ကြပေ၊ သိသာစေရန် ရှင်းလင်းပေးပါဦးမည်။
စားဝတ်နေရေးအတွက် စီးပွားရှာကြသည်ဆိုရာဝယ် အတ္တကြီးမားစွာဖြင့် မိမိရလိုမှု တစ်ခုတည်းကို မကြည့်ပဲ အများအတွက်အသုံးဝင်နိုင်မည့် အကျိုးရှိနိုင်မည့် အနေအထားကို သိမြင်ကာ မေတ္တာဖြင့် အများအကျိုးရှိအောင်ပြုလုပ်တတ်ရမည့် အပြင် မိမိအတွက်လည်း အကျိုးအမြတ်ရှိအောင် ပြုလုပ်တတ်ရပေမည်၊ ထိုသို့ မိမိသူတစ်ပါးနှစ်ဦးသား ချမ်းသာရေး အကျိုးအမြတ်ရရှိရေးကို အခြေခံ၍ မေတ္တာစိတ်ဖြင့် စီးပွားရှာကြမည်ဆိုပါက အများ(ပတ်ဝန်းကျင်)ကလည်း ကိုယ်ကျိုးမကြည့် အများကောင်းကျိုးကိုကြည့်တတ်သည် ဟု မိမိ၏ သဘောထားကို အသိအမှတ်ပြုကာ ပတ်ဝန်းကျင်၏ ယုံကြည်မှုဖြင့် မကြာမီ စီးပွားရေး အဆင်ပြေသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။
လူမှုဆက်ဆံရေးအဆင်ပြေစေရန်အတွက် မေတ္တာမပါလျှင် မဖြစ်ပေ၊ ကိုယ်လည်းသူ့လိုဖြစ်တတ်သည် ဟု မေတ္တာဖြင့် ကိုယ်ချင်းစာနာ စိတ်ထားကာ ဆက်ဆံသင့်ကြပေသည်၊ ဤနေရာ၌် မိဘနှင့်သားသမီး ဆက်ဆံရေးတို့တွင် မိဘက သားသမီးများအား နားလည်သဘောပေါက်အောင် ညင်သာစွာ ပြောရမည့်အစား ဒေါသဖြင့် အော်ငေါက်၍ပြောခြင်း၊ ထိခိုက်သွားအောင် ပုတ်ခတ်ခြင်းများ ပြုလုပ်မည်ဆိုပါက မိဘနှင့်သားသမီးပင် ဖြစ်သော်လည်း တစ်စိမ်းတစ်ရံကဲ့သို့ ဖြစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်၊
ထို့အတူ ဆရာနှင့်တပည့်တို့၏ ဆက်ဆံရေးတွင် ဆရာလုပ်သူက တပည့်အား သားသမီးကဲ့သို့ မေတ္တာထား၍ သွန်သင်ညွန်ပြ ဆုံးမပေးရမည့်အစား မလိုမုန်းထား ဒေါသတရား ရှေ့ထားကာ ပြောဆိုဆုံးမကြမည်ဆိုပါလျှင် ဆရာနှင့်တပည့်သည် ရန်သူသဖွယ်ဖြစ်သွားတတ်ပေသည်၊ ထို့ကြောင့် တပည့်သည် ဆရာက အကျိုးလိုလား၍ ညွန်ပြဆုံးမသည်ဟု မေတ္တာဖြင့် ဆုံးမမှုကို တပည့်ဖြစ်သူက မေတ္တာထားတတ်မည်ဆိုပါလျှင် ဆရာတပည့်ဆက်ဆံရေးသည် အထူးကောင်းမွန်လာနိုင်ပေသည်။
မိတ်ဆွေသူငယ်ချင်းများနှင့်ဆက်ဆံကြရာတွင်လည်း တစ်ဦးနှင့်တစ်ဦးမေတ္တာထားကာ ကိုယ်ချင်းစာနာမှု ရိုင်းပင်းကူညီမှုပေးရမည့်အစား မိတ်ဆွေသူငယ်ချင်းအပေါ် ဒေါသရှေ့ထားမည်ဆိုလျှင် မိတ်ဆွေ သူငယ်ချင်းဆက်ဆံရေးသည် မပြေပြစ်တော့ဘဲ နောက်ဆုံး လုံးဝကြည့်၍ မရသည့်အဆင့်သို့ ရောက်ရှိသွားတတ်ပေသည်၊ ထို့ကြောင့် မိတ်ဆွေသူငယ်ချင်းများ၏ ကောင်းကျိုးကိုလိုလားလျှက် မေတ္တာဖြင့် ဆက်ဆံပြောဆိုပါက ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှုကိုရရှိကာ ဘ၀တွင် မထင်မှတ်သော အကူအညီထောက်ပံ့မှုများ ရလာနိုင်ပေသည်၊ ဤသည်မှာ ပတ်ဝန်းကျင်နှင့်တည့်အောင်နေတတ်ခြင်းပင်ဖြစ်သည်။
အိမ်ထောင်ရေးအတွက်မူ တဏှာပေမဖြင့် အိမ်ထောင်ဖက်ကြသည်ဆိုသော်လည်း အရှည်ကာလတွင် ထိုတဏှာပေမသည်
အဓိကအခန်းကဏ္ဍက မပါဝင်တော့ပေ၊ နှစ်ဦးနှစ်ဖက် တစ်ယောက်အကျိုးကိုတစ်ယောက်လိုလားသည့်စိတ်၊ တစ်ယောက်ကို တစ်ယောက်လေးစားချစ်ခင်သောစိတ် စသဖြင့် နှစ်လိုဖွယ် (၅၂၈)မေတ္တာစိတ်ကသာ အိမ်ထောင်စုတစ်ခုလုံးကို တည်မြဲအောင် ထိန်းထားနိုင်မည်ကို သတိပြုရမည်ဖြစ်ပါသည်၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်နှင့်တည့်အောင်နေရမည်ဟု ဆိုရာဝယ် မိမိ၏ မိသားစုအတွင်း တည့်အောင် နေတတ်ဖို့လည်း အရေးကြီးလှပေသည်။
မည်သို့ပင်ဖြစ်စေ မိမိနှင့် အများ ဆက်ဆံရာတွင် မေတ္တာပါမှ အစစအရာရာ အဆင်ပြေနိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်၊ ယောဆရာတော်ဘုရားမိန့်တော်မူခဲ့သည့် မှတ်သားဖွယ်လင်္ကာလေးတစ်ခုကို ထုတ်ပြပါဦးမည်။
အများတကာ၊ ဆက်ဆံရာ ၊ မေတ္တာပါမှအဆင်ပြေ ………. တဲ့၊ မှတ်မိအောင် အရကျက်မှတ်ထား လိုက်ကြရအောင်နော်။
တစ်ဖန်ဆရာတော်ဘုရားက ပတ်ဝန်းကျင်နှင့်တည့်အောင်နေတတ်ရုံနှင့်မပြီးသေး တစ်ယောက်တည်းနေသည့်အခါတွင်လည်း တစ်ယောက်တည်း တည့်အောင်နေတတ်ဖို့ အရေးကြီးကြောင်း ဆက်လက်မိန့်တော်မူခဲ့ပေသည်။
လောကလူသားများသည် ပတ်ဝန်ကျင်နှင့် တည့်အောင်သာ နေတတ်ကြပြီး မိမိကိုယ်ကို တည့်အောင် နေရမှန်း မသိသည့်အပြင် တည့်အောင်လည်း မနေတတ်ကြသေးပေ၊ တစ်ယောက်တည်း ရန်ဖြစ်မှန်းမသိ ရန်ဖြစ်နေကြသည်။
ထိုအကြောင်းနှင့် စပ်လျဉ်း၍ ဆရာတော်ဘုရားက တစ်ယောက်တည်းနေသည့်အခါတွင် တည့်အောင် နေတတ်ဖို့ အလွန်အရေးကြီး ကြောင်း မိန့်တော်မူခဲ့ဟန်တူပါသည်။
တစ်ယောက်တည်း တည့်အောင်နေတတ်ရန် မေတ္တာပါရုံမျှဖြင့် မပြီးသေး၊ သတိ ပါ ပါရမည် ဟု ဆရာတော်ဘုရားကြီးက ဆက်လက်အမိန့်ရှိသည်ကို ဖတ်လိုက်ရပါသည်၊ မည်သည့်အချိန်ပင်ဖြစ်စေ သတိတရားထားရပါမည်၊ သတိ ဟူသည် ပိုသည်မရှိ လိုမြဲလိုနေသည်သာ ဖြစ်သည်။
ယခုနှစ်တွင် မိုးဦးကောင်းလှသောကြောင့် တစ်နေကုန်မိုးသဲနေတော့ရာ အအေးဒဏ်ကို အလူးအလဲခံကြရပါသည်၊ မခံချင်၍လည်း မရပေ၊ အအေးဒါဏ်ကြောင့် ဖြစ်လာရသော ခံစားမှုအပေါ် သည်းမခံနိုင်သည့် ဒေါသတရားများ တဖွားဖွားဖြစ်ပေါ်ကာ မိမိကိုယ်ကို မိမိ ရန်ဖြစ်နေခြင်းပင်ဖြစ်သည်၊ စာရေးသူတွင် အဆုတ်ရောဂါရှိသည့်အတွက် အအေးဒဏ်နှင့်မတည့်ပေ၊ မတည့်သော်လည်း သူနှင့်တည့်အောင်ပေါင်းရပေမည်၊ ထိုအအေးဒဏ်နှင့် တည့်အောင်မပေါင်းတတ်ပါက ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ပြီး မိမိကိုယ်ကို ရန်ဖြစ်နေရပေဦးမည်၊
အိပ်ယာထဲလှဲ၍ အနာရောဂါ ခံစားနေရသော သူများသည် စိတ်ပျက်အားငယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဒီတောင်က ကျော်နိုင်ပါတော့မလား ဟုတွေးကာ စိုးရိမ်ပူပန်မှုဖြစ်ခြင်းများဖြစ်သည့်အပြင် ကိုယ့်အတွက်စိုးရိမ်ပူပန်၍ပင် အားမရသေး၊ ငါ မရှိလျှင် မိသားစု ဘယ်လိုနေရစ်ကျမည်နည်းဟု တွေးပြီးတော့လည်သူတစ်ပါးအတွက်ပါ အငှားပူပန်နေကြပေသည်၊ ဤကား တစ်ယောက်တည်း ရန်ဖြစ်မှန်းမသိ ရန်ဖြစ်နေခြင်းပင် ၊ ထိုရန်ဖြစ်မှုမျိုးမှ လွတ်ကင်းသူတစ်ယောက်ဖြစ်ရန် သိသမျှ အချိန်တိုင်းတွင် သတိ ထားဖို့လိုပေသည်၊ ထိုကဲ့သို့ ဖြစ်ပေါ်ရာကို သတိထားနိုင်မည်ဆိုပါက ဖြစ်သမျှတို့တွင် စိုးရန်ပူပန်မှု၊ စိတ်ဓါတ်ကျမှု၊ သူတစ်ပါးအား အငှားဝင်ပူပန်ပေးမှု စသည်များ တဖြေးတဖြေး နဲလာပါလိမ့်မည်။
ထိုမှတဆင့် လုံးဝပါးလျားသွားပေလိမ့်မည်၊ ထိုအခါ လှောင်အိမ်က လွတ်သော ငှက်ကလေးကဲ့သို့ စိတ်သည် လွတ်လပ်ပေါ့ပါးနေပေလိမ့်မည်။ မိမိတွင် ကိလေသာဖြစ်မှု နည်းပါးလေလေ မိမိကိုယ်ကိုယ်ကို တည့်အောင်နေတတ်လေလေ ဖြစ်ပေလိမ့်မည်၊
လူသားတိုင်း တည့်အောင်နေတတ်ကြစေရန် မြတ်ဗုဒ္ဓဟော်တော်မူခဲ့သည့် စနစ်ကျသော နေထိုင်၊ပြောဆို ကြံစည်မှုတို့ကို တိကျမှန်ကန်စွာ ကျင့်သုံးခြင်းဖြင့် ကိလေသာနည်းပါးလာပေလိမ့်မည်၊ ဤတွင်မြတ်ဗုဒ္ဓ၏ စနစ်ကျသောနေထိုင်၊ပြောဆို၊ကြံစည်မှု ဆိုသည်မှာ “သတိ” ဖြင့်နေခြင်းကို ဆိုလိုပေသည်၊ ထို့ကြောင့် ဆရာတော်ဘုရားကြီးက “တစ်ယေက်တည်းပင် စွမ်းအင်အပြည့် တည့်လိုဘိ သတိဖြင့်သာနေ” ဟုစပ်ဆိုတော်မူခဲ့ပါ သည်။
ဥပမာ ပုလင်းထဲသို့ ရေထည့်သွင်းလျှင် ပုလင်းထဲရှိလေများ ထွက်လာသကဲ့သို့ အပေါက်ကျဉ်းသော ပုလင်းထဲသို့ ရေထည့်သောအခါ ရေများဝင်နိုင်အောင် သေသေချာချာ စူးစူးစိုက်စိုက် ထည့်ရသည်၊ ထိုသို့ထည့်ရာတွင် အားစိုက်မှုလည်းပါဝင်ရသည်၊ ရေကိုစနစ်တကျ ပုလင်းထဲသို့ ၀င်အောင်ထည့်သောအခါ ရေတစ်ပေါက် ပုလင်းထဲရောက်သည်နှင့် ပုလင်းထဲမှ လေတစ်ပေါက် အပြင်သို့ထွက်လာလိမ့်မည်၊ ရေဆယ်ပေါက်စာ ၀င်သွားလျှင် ဆယ်ပေါက်စာ လေများ ထွက်လာလိမ့်မည်၊ တစ်ဝက်စာရေများ လောင်းထည့်နိုင်လျှင် တစ်ဝက်စာ လေများထွက်နိင်ပါသည်။
ထို့အတူ လောဘစသည့်ကိလေသာ လေများထွက်စေရန် မိမိသန္တာန်တွင် ၀ီရိယ၊ သတိ၊ပညာ စသည့် ရေများ လောင်းထည့်ပေးရမည်၊ ထိုသို့ လောင်းထည့်ပေးနိုင်ရန်အတွက် ပုလင်းထဲ ရေ၀င်အောင် သေသေချာချာ လောင်းထည့်ရသကဲ့သို့ ဖြစ်ပေါ်ခိုက်တရားများကို သေသေချာချာ စူးစူးစိုက်စိုက် အမှတ်သတိမလွတ်တမ်း ရှုမှတ်(သိမှတ်)နိုင်မည်ဆိုလျှင် ကိလေသာတည်းဟူသော လေများ ထွက်ကျလာပေလိမ့်မည်၊ တစ်ချက်ရှုမှတ်နိုင်ပါက ကိလေသာ လေ တစ်ပေါက် ငြိမ်းနိုင်ပါသည်၊ ဆယ်ချက်ရှုမှတ်နိုင်လျှင် ကိလေသာဆယ်ချက်ငြိမ်းနိုင်ပါသည်။
ထိုနည်းဖြင့် ပုလင်းထဲမှ လေများကို ထွက်အောင်ပြုလုပ်သကဲ့သို့ ၀ီရိယ၊ပညာ၊သတိ ရေများကို များများထည့်နိုင်ပါက ကိလေသာလေ များများ ငြိမ်းနိုင်မည်ဖြစ်သည်။
အချူပ်ဆိုရသော် ဆိုခဲ့ပြီးသည့်အတိုင်း ကိလေသာနဲအောင်၊ ပါးအောင် ကျင့်သုံးနိုင်ပြီဆိုလျှင် ကိလေသာနဲပါးသည်နှင့်အမျှ မိမိကိုယ်ကိုယ်ကို တည့်အောင် တဖြေးဖြေး နေတတ်လာမည်ဖြစ်သဖြင့် စာဖတ်သူများ မိမိကိုယ်ကိုယ်ကို တည့်အောင်နေ တတ်သူ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ ဟုဆန္ဒပြုရင်း…………

Saturday, July 26, 2008

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၄)

ကောင်းသောည ဖြစ်ပါစေ
လောကတွင် တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြသည့်အခါတွင်ဖြစ်စေ ခွဲခွာကြသည့်အခါတွင်ဖြစ်စေ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်းသော ညပါ၊ ဟု အချိန်ကာလအပေါ်မူတည်၍ နှုတ်ဆက်ကြသည်မှာ လောကဓမ္မတာသဘောဖြစ်ပါသည်။

ထိုကဲ့သို့ နှုတ်ဆက်ကြသည့်အတိုင်း လူသားတို့၏ ဘ၀အတွက် ကောင်းသောအချိန်များကို ဖြတ်သန်းခဲ့ကြရပါသလား၊ ကောင်းသောအချိန်ကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုရာဝယ် ဘ၀တွင်အရာရာ ပြည့်စုံစွာဖြင့် ဖြတ်သန်းခြင်းကို ကောင်းသောဖြတ်သန်းခြင်းဟုခေါ်တာလား၊ ချစ်သောသူနှင့်တူနှစ်ကိုယ် ကြည်နူးမှုဖြင့် အချိန်ကုန်စေသည်ကိုပဲ ခေါ်ဆိုရမည်လော၊ လိုချင်သည့်အရာများ စိတ်တိုင်းကျရလာသည့်အတွက် ၀မ်းပမ်းတသာ အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ပျော်ရွှင်စရာ စိတ်ကျေနပ်ဖွယ်ရာ အတွေးလေးများဖြင့် အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ဆွေမျိုးသားသမီးအသိုင်းဝိုင်းဖြင့် ပျော်ရွှင်စွာ အချိန် ကုန်လွန်မှုများနှင့် ခရီးသွားလည်ပတ်ခြင်းဖြင့် အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ လောပေါင်းများစွာဖြင့်…..တွေးတောစရာဖြစ်နေ သည်။
လောကလူသားများသည် မွေးလာကတည်းက ယခုအချိန်အထိ ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်။ တစ်နှစ်တွင် (၃၆၅)ရက်ရှိ၍ ညပေါင်း(၃၆၅)ညကို ဖြတ်သန်းခဲ့ရချေပြီ၊ ၁၀ နှစ်ဆိုလျှင် ညပေါင်း (၃၆၅၀)ညကို ဖြတ်သန်းခဲ့ရလေပြီ။ ထိုဖြတ်သန်းခဲ့သော ညများတွင် ကောင်းသောညသည် မည်မျှ ရှိခဲ့ပါသနည်း၊ ကောင်းသောညကို ရေတွက်နိုင်ရန် ထိုကောင်းသောညသည် မည်သည့်ညမျိုး ဖြစ်ပါသနည်း၊ ကောင်းသည်ကို မည်သည့် စံနှုန်းဖြင့် သတ်မှတ်ရပါမည်နည်း။
ဘုရားရှင်လက်ထက်တော်အခါက ဘ၀ကောင်းကို ရရှိခဲ့သော ဘုရင်အဇာတသတ်သည် တန်ဖိုးရှိသော ဘ၀ကောင်းကိုရရှိခဲ့ပါ သော်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးမချခဲ့ပေ၊ ဆရာပေါင်းမှား၍ ဖခင်အားသတ်ပြီး နန်းတက်သည်အထိ မိုက်တွင်းနက်ခဲ့ပေသည်၊ ထို့အတူ ယနေ့ခေတ်လူငယ်လူရွယ်များသည် တန်ဖိုးရှိသော လူ့ဘ၀ကို မကောင်းသော အပြုအမူ ၊ အပြောအဆို၊ အနေအထိုင်တို့ဖြင့် တန်ဖိုးမဲ့အောင် မလုပ်မိကြပါစေနှင့်၊ လူ့ဘ၀တိုတောင်းလှသည့်အချိန်လေးအတွင်း လိုချင်မှုအားကြီး၍ မရရအောင် မတရားသောနည်းဖြင့် ရှာဖွေယူခြင်း(၀ိသမလောဘ)၊ လိုချင်တာမရ၍ အလိုမကျဖြစ်ကာ ကြမ်းတမ်းသောဒေါသဖြင့် မိဘဆရာသမားညီအစ်ကိုမောင်နှမအပေါ်တွင် ထင်တိုင်းကြဲကာ ရမ်းကားခြင်းစသည့် အကျည်းတန်သော လုပ်ရပ်များသည် ဘ၀တွင် တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးပစ်ရာရောက်နေပါသည်။
လူသားဝန်းကျင်တွင် မိသားစု စားဝတ်နေရေး ပြေလည်စေရန် နည်းမျိုးစုံတို့ဖြင့် ရှာဖွေနေကြသည်ဖြစ်ရာ မဲညစ်သည့်စိတ်နှင့် ရှာဖွေခြင်းဖြင့် အချိန်ကို မကုန်လွန်စေဘဲ၊ စိတ်ကိုပြုပြင်ကာ နူးညံ့သောစိတ်ဖြင့် ရှာဖွေကြရပါမည်၊ မည်သည့်အကြောင်းပင်ဖြစ်စေ စိတ်နှလုံးနူးညံ့စွာဖြင့် ပြုမူပြောဆိုဆက်ဆံကြမည်ဆိုပါက အလုပ်လုပ်ရင်း ကုသိုလ်များရယူနိုင်သည့်အပြင် ဘ၀နောင်ခါအတွက်လည်း အားကိုးစရာများ ပါသွားနိုင်ကြမည်ဖြစ်ပါသည်၊ မည်သို့ပင်ဖြစ်စေ တန်ဖိုးရှိသောအချိန်များကို တန်ဖိုးရှိစွာ အကျိုးရှိရှိကုန်လွန်စေဖို့ အလွန်ပဲအရေးကြီးလှသည်၊ သို့မဟုတ်ပါက အချိန်သည် လူကိုမစောင့် ဟူသည့်အတိုင်း တိုတောင်းလှသော ဘ၀တစ်ခုကို မကြာမီ ကုန်လွန်သွားတော့မည်။ ဘ၀တစ်ခု မဆိတ်သုဉ်းမီ ဘ၀တွင် အဓိပ္ပါယ်ရှိရှိ နေထိုင်ပြောဆို ကျင့်သုံးတတ်ရန်အရေးကြီးပေသည်၊ သို့မှသာ ဘ၀၏ တန်ဖိုးရှိသည့်အချိန်များကို ကောင်းစွာ ဖြတ်သန်းနိုင်ပေမည်။
ဤတွင် ကောင်းသောည၏ စံနှုန်းသတ်မှတ်မှုအတွက် တိကျသောအဖြေရရှိနိုင်ရန် ပိဋကတ်တော်များတွင် ဟိုဟိုဒီဒီ ရှာဖွေမွှေနောက်မိရာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဍာသပါဠိတော် ၀ိဘင်္ဂ၀ဂ် ဘဒ္ဒေကရတ္တသုတ်၌ တွေ့ရပါသည်။ ဘဒ္ဒေကရတ္တ ဆိုသည်မှာ (ဘဒ္ဒ = ကောင်းသော၊ ဧက ရတ္တ=ညစ်တစ်ည) ကောင်းသော ညတစ်ည ဖြစ်ပါသည်။
ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့သည် လွန်မြောက်ခဲ့ပြီဖြစ်သဖြင့် ဖြစ်ပြီးသည့် အကြောင်းအရာများကို ပြန်လည်တွေးမည်ဆိုလျှင် ထိုတွေးမိသည့်အချိန်တိုင်း မိန်းမောသာယာဖွယ်ရာများ၊ စွဲမက်စရာအာရုံများ၊ အညိုးမပြေတေးမှတ်ခြင်း အာဃာတများ၊ မလိုမုန်းထားမှုများစသည်တို့ဖြင့် စိတ်တွင် ပြည့်နှက်နေပေတော့မည်။
တဖန် မဖြစ်သေးသည့် အနာဂတ်ကာလဆီသို့လည်း မျှော်မှန်းတမ်းတနေတတ်ပေသေးသည်၊ နောင်အနာဂတ်ဆိုသည်မှာ မသေချာ မရေရာပေ၊ သို့သော်လည်း ထိုမသေချာသည့် အကြောင်းအရာများကိုမှ မျှော်ကာမှန်းတမ်းတကြသည်၊ ထိုသို့မျှော်ကာ တွေးမိတိုင်း မိန်းမောသာယာဖွယ်ရာများ၊ စွဲမက်စရာအာရုံမျာ၊ အငြိုးမပြေ တေးမှတ်ခြင်း အာဃာတများ၊ မလိုမုန်းထားမှုများစသည်တို့ဖြင့် စိတ်တွင် ပြည့်နှက်နေပေတော့မည်။
ထိုသို့ အတိတ်အကြောင်းကို အစဉ်လိုက်၍ မျှော်တွေးခြင်း၊မသေချာမရေရာသည့် အနာဂတ်အကြောင်းများကို မျှော်မှန်းတမ်းတခြင်းဖြင့် ညစ်ထေးပွေလီသည့် စိတ်များသာ ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသည်၊ ဤသို့ဆိုလျှင် ကောင်းသောည ဖြစ်နိုင်ပါဦးမည်လော………….။
ထို့ကြောင့် မြတ်ဗုဒ္ဓက……
အတိတ်ကိုပြန်မတွေးပါနှင့်၊ အတိတ်တရားဆိုသည်မှာ လွန်မြောက်ခဲ့လေပြီ၊ အနာဂတ်တရားကိုလည်း မမျှော်မှန်းနှင့်၊ အနာဂတ် တရားဆိုသည်မှာ ရောက်မလာသေးပေ၊ ပစ္စုပ္ပန် ဖြစ်ဆဲအချိန်တွင် ယခုဖြစ်ဆဲတရားများကို ထူးခြားစွာသိမြင်ရမည်၊ ဤတွင် မိမိသဏ္ဍာန်တွင် တဏှာ၊မာန၊ဒိဋ္ဌိတို့ဖြင့် မယွင်းမှားရလေအောင် ဖြစ်ဆဲတွင် ထူးခြားစွာ(၀ိပဿနာ)ရှုမြင်ရမည်၊ ဟုဟောတော်မူခဲ့ပေသည်၊ (ဤနေရာ၌ ၀ိပဿနာရှုရာဝယ် အတိတ်ကိုလည်း ရှုရမည်၊ အနာဂတ်ကိုလည်း ရှုရမည်ဟု ၀ါဒအဆန်းတို့သည် ဘုရားဟောသည်နှင့် မကိုက်ညီသည်ကို သတိထားရပါမည်၊)
ဤ၌ ဖြစ်ဆဲဟူသည် မြင်ဆဲ၊ကြားဆဲ၊နံဆဲ၊စားဆဲ၊ ထိဆဲ၊သိဆဲ တို့၌ မြင်သည့်သဘော၊ကြားသည့်သဘော၊နံသည့်သဘော၊ စားသည့်သဘော၊ထိသည့်သဘော၊ တွေးသည့်သဘောတရားများကို ရှုသိရပေသည်၊ ထိုသို့ရှုသိရာ၌ ဖြစ်ပေါ်လာပြီးလျှင် မတည်မြဲ၊ ကုန်ပျောက်သည့်သဘောတရားမျာအား သိမြင်အောင်ရှုခြင်းကို ထူးခြားစွာ သိမြင်ခြင်း(၀ိပဿနာရှုခြင်း)ဟုခေါ်ပါသည်၊ နေ့အချိန်တွင် ထိုကဲ့သို့ ဖြစ်လာသောသဘာဝဓမ္မများကို ထူခြားစွာရှုသိခြင်းသည် ကောင်းသောနေ့အချိန်ကို ဖြတ်သန်းခြင်းဟု ခေါ်ဆိုသကဲ့သို့ အကာလ ညအခါ တွင် ထူးခြားစွာရှုသိခြင်း(၀ိပဿနာရှုခြင်း)ဖြင့် အချိန်ကို ကုန်လွန်စေခဲ့လျှင် ထိုညကိုပင် ကောင်းသောညတစ်ညကို ဖြတ်သန်းနိုင်ခဲ့ပေသည်ဟု ဆိုရပေမည်။
ထိုအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားလက်ထက်တော်အခါက သာဝတ္ထိမြို့ကို အစိုးရသော ကောသလမင်းကြီးသည် တိုင်းပြည်၏ အစွန်အဖျားနားတွင် သူပုန်ရန်ထကြွသောင်းကျန်းနေသဖြင့် မငြိမ်မသက်ဖြစ်နေသည်ကို အေးချမ်းစေရန် သူ၏ အထူးအားကိုးရသည့် သန္တတိအမတ်ကြီးအား စေခိုင်းခဲ့၏၊ သူပုန်ရန်ကို ငြိမ်းချမ်းအောင် နှိမ်နင်းတိုက်ခိုက်ချေမုန်းနိုင်လျှင် မင်းစည်းစိမ် (၇)ရက်တိုင်တိုင် ခံစားရမည်ဟုလည်း အမိန့်တော်ရှိသဖြင့် အမိန့်တော်ကို မလွန်ဆန်ဝံ့ရကား သန္တတိအမတ်ကြီး ဦးစီးသည့် တပ်ဖွဲ့ကြီးသည် တိုင်းစွန်ပြည်ဖျားသွားကာ သူပုန်ရန်ကို နှိမ်နင်းခဲ့ပေသည်။
ထိုအမတ်ကြီးသည် သူပုန်ရန်ကို တိုက်ခိုက်ချေမုန်း၍ အောင်မြင်သောအခါ တိုင်းပြည်သို့ ပြန်လည်ရောက်ရှိလာပါသည်၊ ကောသလဘုရင်၏ ကတိအတိုင်း သန္တတိအမတ်ကြီးအား မင်းစည်းစိမ် (၇)ရက်ကြာသည်အထိ ခံစားစေခဲ့သည်။
အမတ်ကြီးသည် တိုင်းရေးပြည်ရာကိစ္စမပါဘဲ မင်းစည်းစိမ်ချည်းသက်သက် (၇)ရက်ကြာသည်အထိ အပျော်ကြီးပျော်ကာ ခံစားခဲ့ပါသည်၊ သို့နှင့် အမတ်ကြီအား ကပြဖျော်ဖြေနေသော ကချေသည်မလေးသည် ရုတ်တရက် အရုပ်ကြိုးပြတ် လဲကျ သေဆုံးသွားရရှာသည်၊ အမတ်ကြီး၏ ရှေ့မှောက်တွင် သေဆုံးသွားသည့်အတွက် သူ၏နှလုံးသားတွင် ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့လေသည်၊( He was seriously hurt in his heart.)
ပိယတေ ဇာယတေ သောကော ….အမတ်ကြီးသည် ကချေသည်အပေါ်တွင် အလွန်ချစ်ရာကနေ ဖြစ်ပေါ်လာသော ပူဆွေးသောက တို့ပင်တည်း၊ အမတ်ကြီးသည် သူ၏သောကအပူတို့ကို ငြိမ်းပေးနိုင်မည့်သူသည် လောကတွင် မြတ်ဗုဒ္ဓမှတစ်ပါး အခြားမရှိနိုင်၊ မြတ်ဗုဒ္ဓထံသွား မှဖြစ်မည် ဟုဆိုကာ မကြာမီ မြတ်ဗုဒ္ဓ အထံတော်သို့ ရောက်ရှိပြီး အကျိုးအကြောင်းလျှောက်ထားရာ မြတ်ဗုဒ္ဓက….
“အမတ်ကြီး… ဖြစ်ခဲ့ပြီးသည့် အကြောင်းများကိုတွေး၍ ဖြစ်ပေါ်နိုင်သည့် ကိလေသာများကို ခြေက်သွေ့ပါစေ……”တဲ့၊
ရှေးယခင်က ဖြစ်ခဲ့သည်များကို ပြန်လည်တသ တွေးတောနေလျှင် လောဘစသည့် ကိလေသာများ ဖြစ်နိုင်သည်၊ ထိုကိလေသာများ မဖြစ်စေရန် ရှုမှတ်ရပါမည်၊ ရှုမှတ်ခြင်းဟူသည် ဖြစ်ဆဲသဘောတရားများကို ရှုမှတ်ရမည် ဖြစ်သည်၊ ထိုဖြစ်ဆဲကို ရှုမှတ်မှသာလျှင် ဖြစ်ခဲ့ပြီးသည့် အကြောင်းများကို မစဉ်းစားမိတော့ပေ၊ မစဉ်းစားမိလျှင် ဖြစ်ခဲ့ပြီးသည့်အကြောင်းနှင့်ပတ်သက်၍ ကိလေသာမဖြစ်တော့ပေ၊ စဉ်းစားမှုဖြစ်ပေါ်လာလျှင်လည်း စဉ်းစားမှုကို ပြတ်အောင်ရှုမှတ်ရပေမည်။
အမတ်ကြီးသည် ထိုအကြောင်းကို သဘောပေါက်၍ စွဲလန်းခဲ့သည့် အမျိုးသမီးငယ်အား ပြန်လည်စဉ်းစားမိတိုင်း စိတ်ကို ရှုမှတ်ခြင်းဖြင့်လည်းကောင်း၊ ရှေးအခြေအနေကို ပြန်မစဉ်းစားမိစေရန် ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်ခဲ့ပါသည်၊
“အမတ်ကြီး…..နောင်မဖြစ်သေးသည့် အကြောင်းကိုတွေး၍ ကိလေသာမဖြစ်ပါစေနှင့်……..”တဲ့၊
အမတ်ကြီးသည် ထိုအကြောင်းကို သဘောပေါက်၍ အမျိုးသမီးငယ်နှင့် နောင်တွင် အတူတကွပေါင်းသင်းလိုမှု လောဘတဏှာကိလေသာများဖြစ်သည့်အပြင် သေဆုံးသည့်အတွက် နောင်တွင် “အမျိုးသမီးလေးနှင့်တွေ့ရမှာ မဟုတ်တော့ဘူး” ဟု စဉ်းစားမိကာ ဒေါသကိလေသာများ ဖြစ်ခဲ့သည် ၊ ထို့ကြောင့် ကြိုတင်၍ စဉ်းစားမိတိုင်း စိတ်ကို ရှုမှတ်ခြင်းဖြင့်လည်းကောင်း၊ နောင်ဖြစ်လာမည့်တရားများကို မစဉ်းစားမိစေရန် ဖြစ်ခိုက်ရိုက်နာမ်ကို မပြတ်ရှုမှတ်ခြင်းဖြင့်လည်းကောင်း ကိလေသာမှ ငြိမ်းအေးနိုင်မည် ဖြစ်သည်။
ဖြစ်ဆဲပစ္စုပ္ပန်တွင်လည်း စဉ်းစားတွေးတောမှု မဖြစ်အောင်နှင့် စဉ်းစားတွေးတောမိလျှင်လည်း ဖြစ်ခိုက်ရုပ်နာမ်များ မပြတ်ရှုမှတ်ခြင်းဖြင့် လောဘစသည့် ကိလေသာမှ ငြိမ်းနိုင်ပေသည်။
ထိုအကြောင်းကို အမတ်ကြီးသည် မြတ်ဗုဒ္ဓထံမှ တရားနာယူဆဲတွင် ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်လိုက်ရာ တရားတော်ဆုံး သည်နှင့် သန္တတိအမတ်ကြီးသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊ ဤသို့ဖြင့် သန္တတိအမတ်ကြီးသည် ကောင်းသော နေ့တစ်နေ့ (သို့) ကောင်းသောညတစ်ညကို တန်ဖိုးရှိရှိ အောင်မြင်စွာဖြတ်ကျော်ခဲ့ပေတော့သည်။
သို့ဆိုလျှင် လောကလူသားများသည် ဖြစ်ခိုက်ကိုရှုမှတ်နိုင်ရန် မည်သည့်ရက်ကို ရွေးကြမည်နည်း၊ နေ့ကောင်းရက်သာရွေးရကြရမည်ဟု တွေးစရာရှိပေသည်၊ ထိုအတွက် မြတ်စွာဘုရားက……..
အဇ္ဇေ၀ ကိစ္စံ မာတပ္ပံ ကောဇညာ မရဏံ သုဝေ၊ နဟိနော သင်္ဂရံတေန မဟာသေနေန မစ္စုနာ။
အဓိပ္ပါယ်ကား…….ထိုဖြစ်ခိုက်ရုပ်နာမ်ရှုမှတ်ရန် နက်ဖြန် သဘက်ခါ မရွေးပါနှင့် ယခုပင်လျှင် ပြုလုပ်ပါတော့ ဟု မိန့်တော်မူခဲ့သည်၊ အဘယ့်ကြောင့်နည်း……မနက်ဖန်တွင် သေရမည်ဆိုသည်ကို သာမန်လူ မဆိုထားနှင့် မည်သည့်တန်ခိုးကြီးနတ်များတောင်မှ မသိနိုင်ပေ၊ သေမင်း၏ စစ်တပ်များစွာဖြင့် တိုက်ခိုက်ခံနေရသည့်အတွက် မနက်ဖြန်မှ သေမည်ဟု သေမင်းနှင့် ငြိမ်းချမ်းရေးပြုလုပ်၍လည်း မရပေ၊ သေမင်း၏စစ်တပ်ဆိုသည်မှာ အနာမျိုး (၉၆)ပါးသော ရောဂါဝေဒနာမျိုးစုံကို ခေါ်ပါသည်၊ ထို့ကြောင့် သေမင်းသည်လည်း တစ်ခြားမှာ မရှိပေ၊ သေမင်းဟူသည် မိမိကိုယ်ကိုပင်ဖြစ်သည်၊
တစ်ခါက တီဗွီဇာတ်လမ်းထဲတွင် ဒါယိကာမက ဒါယကာအား
“အဖိုးကြီး အသက်ဘယ်လောက်ရှိပြီလဲ…..”
“ရှင်မရေ ငါ့အသက် ၁၇ နှစ်ပဲရှိသေးတယ်လေ….ဟဲဟဲ”
“အမလေး….ရှင်ပြောတာနဲ့ သေမင်းကြားသွားလို့ ရှင့်ကို ငရဲပြည်ကလာခေါ်လိမ့်မယ်၊”
“ဟ…. ငါ့အသက်ကို ပြောင်းပြန်ပြန်လိုက်ရင် ၇၁ နှစ်ပေါ့ဟ” ဟု ပြောကြရာတွင် သူတို့အထင်မှတ်နေသည်မှာ သေမင်းဆိုသည် တစ်ခြား၌ ရှိသည်ဟု မှတ်ထင်နေကြသည်၊ အမှန်စင်စစ် သေမင်းဟူသည် အဝေး၌ မရှိ၊ သေမင်းကို တွေ့ချင်သည်ဆိုလျှင် မိမိအရှေ့တွင် မှန်ထောင်ကြည့်ခြင်းဖြင့် မှန်ထဲတွင်ပေါ်လာသော အရုပ်သည် သေမင်းပင်ဖြစ်နေပေတော့သည်။ (သတိချပ်ဖွယ်)၊
ဆိုလိုသည်မှာ သေမင်းနှင့် ငြိမ်းချမ်းရေး ပြုလုပ်၍ မရသဖြင့် မသေစေရန် အာမမခံနိုင်ပေ၊ ထို့ကြောင့် မိမိလုပ်ရမည့်အလုပ်ကို ယနေ့ပင် (ယခုပင်)လုပ်လိုက်ပါတော့ ဟု မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည်၊ ၄င်းနှင့်ပတ်သက်၍ ရက်ရာဇာ၊ပြဿနား နက္ခတ်အဆိုးအကောင်း ရွေးနေကြသော သူများ သတိပြုရန် အထူးလိုအပ်ပါသည်။
အချူပ်ဆိုရသော် ကောင်းသောညတစ်ညကို အောင်မြင်စွာဖြတ်သန်းနိုင်ရန်အတွက် ဖြစ်ခိုက်သဘာဝဓမ္မတရားကို မပြတ်ရှုမှတ်ခြင်း ဖြင့် ကျော်ဖြတ်ကြပါစို့ ဟုဆန္ဒပြုရင်း…….
.

Thursday, July 24, 2008

၁၉ဂျုလှိုင် မေ့ပါနိုင်

My diary ခေါ်သည့် ကျွန်ပ်၏ နေ့စဉ်မှတ်တမ်းကို ရေးခဲ့သည်မှာ ကြာခဲ့ပြီဟုဆိုရချေမည်၊ နေ့စဉ်မှတ်တမ်းဆိုသည်မှာ နေ့စဉ်ကိုယ် တွေ့ကြုံခံစားရသည်များကို စကားလုံးအဆင့်သို့ ရောက်မလာဘဲ၊ စာအဖြစ်သို့ ရောက်ရှိအောင် ရေးရသည်ကို ခေါ်သည်ထင့်၊သို့သော် လည်းစာရေးသူသည် နေ့စဉ်မှတ်တမ်းဆိုသည့်အတိုင်း နေ့စဉ်ရေးဖြစ်သည်ကား တစ်လနှစ်လ စသည်တော့ ရှိပါသည်၊ တစ်ခါတစ်ရံ လုံးဝမရေးဖြစ် သည်ကြားထဲ ကွန်ပျူတာ၏ နှိပ်စက်မှု၊ပညာပြမှုကြောင့် ရေးထားသည့် မှတ်တမ်းများ ပျက်သွားရသည့်အခါ နောင်ရေးချင်စိတ်မရှိအောင် ဖြစ်ခဲ့ရသည်၊ သည်လိုနှင့်စာရေးသူ့ဒိုင်ယာရီကား ရေးချင်သည့်နေ့ရေးပြီး မရေးချင်သည့်အခါတွင် မရေးဖြစ်သည့်အပြင် ယခင်က ရေးထားသည့် နေ့စဉ်မှတ်တမ်းများလည်း မရှိတော့ အော်……..သမိုင်းကြောင်း (History)လိုက်ကာ ကောက်ကြောင်းရှာမည်ဆိုလျှင် လွယ်အံ့မထင်ပေ။

ယနေ့ (၁၉)ဂျုလိှုင် မမေ့နိုင်…. ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် နိုင်ငံသူ/သားများအား မည်သည့်အခါမျှ မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်ပါသည်။
စာရေးသူအတွက်လည်း သည်နေ့သည်အချိန်သည် မည်သို့မျှ မမေ့နိုင်ခဲ့ချေ၊ အဘယ်ကြောင့်နည်း……. စာရေးသူသည် (19,july,2009) အာဇာနည်နေ့၊ ညသန်းကောင်ယာမ်တွင် တုနှိုင်းမမီ (၁)ဆောင်းပါးကို အောင်မြင်စွာရေးသားပြီးစီးခဲ့ကာ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ရသည့်အတွက်ကြောင့် သည်နေ့သည်အချိန်ကို မည်သည့်အခါမျှ မေ့နိုင်မည် မထင်ပေ။ ကိုယ့်ဇာတိဖြစ်သည့် မွေးရပ်မြေကို(native)ကို မည်သူမှ မမေ့နိုင်သကဲ့သို့ပင်။
အော်……စာပေနယ်ထဲရောက်လာသည်မှာ ဘာလိုလိုနဲ့ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ၊ စာရေးသူ၏ စာရေးသက်တမ်းသည် တစ်နှစ်သားအရွယ်သို့ပင် ရောက်ခဲ့ပေမယ့် လူ့လောကအလယ်သို့ ရောက်ခဲ့သည်ကား (၅၂)နှစ်သို့ပင်တိုင်ခဲ့ချေပြီ၊ သေမင်းနှုတ်ခမ်း တစ်ဝက်နင်းမိနေချေပြီ၊ ယခင်က အကြောင်းတစ်ခုခုကြောင့် စာရေးရလျှင် စာကြောင်းရေ သုံးကြောင်းထက်ပို၍ မရေးတတ်သည်က တစ်ကြောင်း၊ ၀ါသနာမပါသည်ကတစ်ကြောင်း အပျင်းထူသည်ကတစ်ကြောင်း အကြောင်းသုံးကြောင်းကြောင့် စာပေနှင့်မရင်းနှီးခဲ့ပေ၊ အသက်(၅၁)နှစ်သို့ရောက်သောအခါ မမျှော်လင့်ဘဲ ဆရာဝင်းမြအောင်၏ ကျေးဇူးကြောင့် စာရေးဆရာမ မြတ်နိုးရှင်း(မြိတ်)နှင့် တွေ့ဆုံရင်းနှီးခဲ့ရကာ သူ၏ လမ်းညွန်မှု၊အားပေးကူညီမှုတွေကြောင့် စာပေနယ်ထဲသို့ ရောက်ခဲ့ရာကနေ ယခုဆိုလျှင် တုနှိုင်းမမီ ဓမ္မရသစာစုများကို စာအုပ်အဖြစ် ထုတ်နိုင်ရန်အတွက် စာပေစီစစ်ရေးတင်ထားသည့်အဆင့်သို့ပင် ရောက်နေချေပြီ၊ သိရသည်မှာ စီစစ်ရေးက နောက်တစ်ပတ်ထဲ ကျမည်…တဲ့၊ မကြာမီ တုနှိုင်းမမီ စာအုပ်အဖြစ်နှင့် မြန်မာပြည်သူ/ပြည်သားများနှင့် ပြည်ပရောက်မြန်မာ လူမျိုးများလက်ဝယ်သို့ ရောက်ရှိပေတော့မည်။
ထိုအကြောင်းကို တွေးကာ စာရေးသူပျော်ခဲ့ရပါသည်။ သည်တွင်မက ဆောင်းပါးရေးပြီးသည့် အချိန်တိုင်း ဖေါ်မပြနိုင်သော ပီတိတွေ ဖြစ်ခဲ့ရသည်ကား စာရေးသူပါ၊ ထိုထက်ပို၍ပီတိဖြစ်ခဲ့ရသည်ကား တုနှိုင်းမမီ (၁)ဆောင်းပါး ရေးပြီးခါစ သန်းကောင်ယာမ်အချိန် ခံစားဖြာဝေခဲ့ရသည့် ပီတိကိုကား ဗြဟ္မာကြီးများ၏ ပီတိတောင်မှ မမှီနိုင်ဟု တင်စားရလောက်အောင်ပင် အတိုင်းအဆမရှိ ပီတိဖြာဝေခဲ့ရပါသည်၊ ဤသည်မှာ စာရေးဆရာတိုင်းရဲ့ သဘာဝပေပဲ ဟု ထင်မိပါသည်။

စိတ်ထားမြင့်မြတ်ကြပါစေ

စိတ္တေနေ နီယတိ လောကော....လောကဟုဆိုအပ်သော သတ္တ၀ါများကို စိတ်တရားက ဦးဆောင်နေပါသည်……. လောကလူသားများအားလုံးသည် စိတ်ကခိုင်းစေရာသို့၊ စိတ်၏ဆွဲခေါ်ရာသို့ လိုက်ပါနေကြရပေသည်၊ မိမိအား ကောင်းသည့်ဘက်သို့ စိတ်က ဆွဲခေါ်သောအခါ အကောင်းဘက်သို့ရောက်သွားသကဲ့သို့ အဆိုးဘက်သို့ ဆွဲခေါ်လျှင်လည်း အဆိုးဘက်သို့ ရောက်သွားရပေသည်၊ ဤသို့ မိမိအား ကောင်းဆိုးနှစ်တန်သို့ ဆွဲခေါ်ခံရသည်များအနက် အကောင်းဘက်သို့ ဆွဲခေါ်သည်ကနည်းပြီး အဆိုးဘက်သို့ ဆွဲခေါ်သည်က များလှပါသည်၊ ထို့ကြောင့်လည်း အလုံးစုံသိတော်မူသော မြတ်ဗုဒ္ဓက ပါပ့ါ သ္မိံ ရမတိ မနော ဟု ဟောတော်မူခဲ့သည် မဟုတ်ပါလော။

အရည်အသွေးကျနေသော ကွန်ပျူတာတစ်လုံးသည် တန်ဖိုးနည်းပါးလွန်းလှသကဲ့သို့ စိတ်ထားညံ့ဖျင်းမှု၊ကိုယ်ချင်းစာနာ တရားနည်းပါးမှု၊ ခေါင်းပါးသော သနားကြင်နာမှု၊ ကိုယ့်ထက်သာမနာလိုမှု၊ ၀န်တိုမှု၊ ငြူစူစောင်းမြောင်းမှု၊ ပူပန်မှု၊ပျံ့လွင့်မှု၊ အမှန်တရားကိုယုံမှားသံသယဖြစ်မှု စသည့် အရည်အသွေးညံ့ဖျင်းသော စိတ်ထားပိုင်ရှင်တို့သည်လည်း တန်ဖိုးနည်းလွန်းလှပေသည်၊ လောကတွင် “စိတ်ထားတတ်က မြတ်၏” ဟူသည့်အတိုင်း စိတ်ထားတတ်ရန် အလွန်အရေးကြီးလှပေသည်၊ စိတ်အကြောင်းကို ကောင်းစွာနားလည်တော်မူကြသော ရှေးသူတော်ကောင်းကြီးများ၏ စံနှုန်းကို မမီနိုင်သော်လည်း ထိုသူတော်ကောင်းကြီးများကဲ့သို့ ရာနှုန်းပြည့် မဟုတ်တောင်မှ စွမ်းနိုင်သမျှ အတုယူကာ ကျင့်သုံးကြရပေမည်။
လူဆိုသည်မှာ အခက်သား၊ ကိုယ့်ကိုယ်ကို အဆင်ပြေအောင် နေရမည့်အစား သူတစ်ပါး၏ အခြေအနေကို မသိပါဘဲနှင့် တစ်ဖက်သားကို အပြစ်ပြောရန်သာ အားနည်းချက်ကို စောင့်နေကြပေသည်။ စာရေးသူသည် ယခုခေတ်နှင့်လျော်သည်ဟု ဆိုရမည့် အင်တာနက် ကို သာသနာအတွက် အထိုက်အလျောက် အသုံးချဖြစ်ခဲ့ပေသည်၊ အသုံချနိုင်အောင်လည်း ကြိုးစားခဲ့ရပေသည်၊ ကြိုးစားခဲ့သည့်အတိုင်းလည်း အသင့်အတင့် အောင်မြင်မှုလေးတွေ ရရှိခဲ့သည်ဟု ဆိုရပေမည်၊ ရေးသားပြီးခဲ့သော ဘာသာရေးဆောင်းပါး ဓမ္မရသဆောင်းပါးများကို အင်တာနက် ဘလော့ဂ်တွင် မကြာခဏဆိုသကဲ့သို့ ပို့စ်များကို တင်နိုင်ခဲ့သည့်အပြင် ဘလော့ဂ်ကိုလည်း update မကြာကြာလုပ်နိုင်သည့် အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက စာဖတ်သူများ ၀င်ရောက်ဖတ်ရှုနေကြကြောင်းကို google.analytics.com တွင် မိမိ Account ဖြင့် registeration ပြုလုပ်ပြီးကြည့်ရှုလျှင် သိရှိနိုင်ပေသည်။
အင်တာနက်အကြောင်းကို အရင်းကျကျမသိ၊ သူတစ်ပါးသုံးသည်ကိုလည်း မရှုစိမ့်သည့်သဘောဖြင့် “အင်တာနက်ဆိုတာ ရဟန်းသံဃာများနှင့်လားလားမျှ မပတ်သက်၊ မကောင်းသည့်အရာများ ရှိနေတဲ့အတွက် ရဟန်းများ အင်တာနက်ကို မကြည့်သင့်” ဟု လူများသာမက အချို့သောရဟန်းများကပါ အပြစ်မြင်ကာ ပြောဆိုနေကြပေသည်၊ လူ့ဝန်းကျင်တွင် လူသားများ လျှောက်လှမ်းနိုင်သည့် အကောင်း/အဆိုး လမ်းမျိုးစုံရှိသည့်အနက် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်သာဖြစ်သည်၊ အင်တာနက်တွင် လျှောက်လှမ်းနိုင်သည့် လမ်းများစွာရှိသည့်အနက် မိမိလျှောက်လှမ်းရမည့် လမ်းကြောင်းမှန်ကန်ရေးသာ အဓိကဖြစ်ပေသည်။
တစ်ခါက “ ကိုယ်တော်တို့……ဘာသာစကားကျွမ်းကျင်အောင် လေ့လာထားရမယ်၊ ဘာသာစကား ၊စာပေများ တတ်ကျွမ်းထားမှသာ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာကို သာသနာပြုနိုင်ကြမှာဖြစ်တယ်၊ နိုင်ငံတကာကို သွားပြီး သာသနာပြုရတာ လေယဉ်ခတွေလည်းကုန်၊ သွားလာရတဲ့အချိန်တွေလည်းကုန်တယ်၊ အခုတော့ အင်တာနက်သုံးတတ်ပြီဆိုလျှင် ဟိုဟိုဒီဒီသွားစရာမလိုတော့၊ အခန်းထဲကနေ ကမ္ဘာပတ်ကာ အချိန်တိုအတွင်း သာသနာပြုနိုင်ကြပြီ” ဟု သီတဂူဆရာတော်ကြီး၏ မိန့်မှာတော်မူချက်ကို ထောက်ရှုလျှက် ဘုန်းကြီးနှင့်အင်တာနက် အမြင်ခက်နေသူ ယနေ့ခေတ် လူသားများအတွက် အလျဉ်းသင့်၍ တင်ပြပေးလိုက်ရပါသည်။
မည်သို့ပင်ဖြစ်စေ လူဆိုသည်မှာ ပတ်ဝန်းကျင်နှင့်နေရသူများဖြစ်၍ ပတ်ဝန်းကျင်၏ တိုက်ခိုက်မှု လောကဓံတရားမှာ အထိုက်အလျောက်တော့ ရှိချေမည်၊ ထိုတိုက်ခိုက်မှုကို မှန်သည်မှားသည်ဟု တုံ့ပြန်မှုမပေးဘဲ် “သူတို့ မသိလို့ ပြောကြတာပဲလေ အချိန်တန်ရင် သိလာပါလိမ့်မယ်” ဟု နားလည်ခွင့်လွတ်ပေးခဲ့ပါသည်။ ထို့အတူ လူသားအားလုံးသည် မိမိစိတ်ကို ကောင်းသည့်ဘက်တွင် ထားနိုင်အောင် အထူးကြိုးစားရပေမည်။
ပြောလိုသည်မှာ ဆန့်ကျင့်ဘက် ပြုလာသော သူများကို မည်သို့မည်ပုံ ဝေဖန်ရေးပြုလုပ်နေမည့်အစား ကိုယ့်စိတ်ကိုကိုယ် ဝေဖန်ရေး မပြတ်လုပ်ပေးမည်ဆိုပါက ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည် ဟုထင်ပါသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ ယခုခေတ်လူငယ်လူရွယ်အသီးသီးတို့ လိုက်နာအတုယူနိုင်ရန်အတွက် ဘုရားရှင်လက်တော်က အခြေအနေလေးတစ်ခုကို တင်ပြလိုပါသည်။
တစ်ခါက မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံဖြစ်သည့် အရှင်သာရိပုတ္တရာနှင့်လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလန် မဟာထေရ်မြတ်တို့သည် မြတ်စွာဘုရားထံတွင် ခွင့်ပန် လျှောက်ထားကြပြီး ဒေသစာရီလှည့်လည် ကြွတော်မူခဲ့ကြပါသည်။ ထိုတွင် အရှင်သာရိပုတ္တရာ၏ နောက်ပါးက လိုက်တော်မူကြသော သံယာအရေအတွက် အလွန်များသည့် မြင်ကွင်းကို တွေ့မြင်ရသော ရဟန်းတစ်ပါးက မနာလို စိတ်များ ဖြစ်၍ နေပါတော့သည်၊ သို့နှင့် ဒေသစာရီကြွချီမှုကို အနှောက်အယှက်ဖြစ်စေရန် ထိုရဟန်းသည် မြတ်စွာဘုရားထံ လာရောက်ပြီး အရှင်သာရိပုတ္တရာ၏ သင်္ကန်းအစွန်းနှင့် မတော်တဆ ထိသွားသည်ကို အကြောင်းပြုပြီး အရှင်သာရိပုတ္တရာအား ထိခိုက်နစ်နာစေရန် စွပ်စွဲလျှောက်ထားလေတော့သည်။
မြတ်စွာဘုရားသည် ထိုအဖြစ်မှန်အလုံးစုံကို သိတော်မူသော်လည်း ပြဿနာဖြေရှင်းသွားစေရန် ရည်ရွယ်လျှက် ဒေသစာရီခရီးကြွချီတော်မူသော အရှင်သာရိပုတ္တအား လိုက်လံ၍ ခေါ်ဆောင်စေခဲ့ပါသည်၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို မေးသောအခါ အရှင်သာရိပုတ္တရာ၏ ဖြေကြားချက်ကား…..
ကာယဂတာသတိမထင်သော သူဖြစ်ခဲ့လျှင် သီတင်းသုံးဖေါ်အား ကိုယ်စောင်းတိုက်သွားသော်လည်း ပြန်လည်တောင်းပန်ခြင်း မရှိဟူသည်ကား ဖြစ်နိုင်ဖွယ်ရာရှိပါသည်၊ တပည့်တော်သည် တပည့်တော်၏ ရုပ်အပေါင်းကို မြေကြီး သဖွယ် နှလုံးသွင်းပါသည်ဘုရား ဟု လျှောက်ထားပါသည်၊ ဆိုလိုသည်မှာ…….
မြေကြီးပေါ်တွင် စင်ကြယ်သည်များနှင့် ဆက်ဆုပ်ဖွယ်ရာများပါ မကျန် တံတွေး ၊ နှံ့၊ သွေးသလိပ်၊ ပြေပုပ် ၊ကျင်ကြီးကျင်ငယ်၊ စသည့် မကောင်းသည့် အညစ်အကြေးများကို ပစ်ချကြပါသည်၊ ထိုသို့ ပစ်ချခံရပါသော်လည်း မြေကြီးသည် ညည်းငြူခြင်း၊ စက်ဆုပ်ခြင်းများ မရှိ၊ လက်ခံနေပေသည်၊ ထို့အတူ တပည့်တော်သည် မိမိကိုယ်ကို မြေကြီးကဲ့သို့ သဘောထားပါသည်ဘုရား၊ လူများက ကောင်းသောအရာကို ပြောလာသည်ဖြစ်စေ၊ မကောင်းသောအရာကို ပြောလာသည်ဖြစ်စေ မြေကြီးကဲ့သို့ သည်းခံနေပါသည်ဘုရား။
ထိုအချက်ကို ရှုမြင်၍ အကောင်းမြင်ဝါဒဖြင့် ပြောလာသော် မြောက်ကြွမှုမရှိစေဘဲ် အဆိုးမြင်ဝါဒဖြင့် ပြောဆိုလာသောအခါတွင်လည်း စွမ်းအားရှိသမျှ သည်းခံမှုပေးရမည်ဖြစ်ပေသည်။
ဒုတိယအချက် စိတ်အနေအထားမှာ….
အညစ်အကြေးများကို ရေထဲသို့ ပစ်ချကြသောအခါ ရေသည် အညစ်အကြေးများ လာပစ်ချသော်လည်း မည်သို့မျှ ညည်းငြူခြင်း၊ စက်ဆုပ်ခြင်း မရှိပေ၊ တပည့်တော်၏ စိတ်သည်လည်း ထိုရေဥပမာကဲ့သို့ သဘောထားပါသည်ဘုရား။
တတိယအချက် စိတ်အနေအထားမှာ……..
လောကရှိ လေသည် ကောင်းသောအရာကို တိုက်ခတ်ရသကဲ့သို့ အညစ်အကြေးများကိုလည်း တိုက်ခတ်ရပေသည်၊ ထိုသို့တိုက်ခတ် ပေးရစဉ် လေသည် အကောင်းကို တိုက်ခတ်ရ၍ မွေ့လျော်ပျော်ပိုက်မှု မရှိသည့်အပြင် အညစ်အကြေးကို တိုက်ခိုက်ရ၍လည်း ညည်းငြူခြင်း၊စက်ရှုပ်ခြင်း အလျင်းမရှိပေ၊ ထို့အတူ ပတ်ဝန်းကျင်မှ မည်သို့ပင် ပြောဆိုစေလာစေကာမူ မည်သို့မျှ တုံ့ပြန်ခြင်းအလျင်းမရှိဘဲ၊ တပည့်တော်စိတ်ကို လေဥပမာကဲ့သို့ သဘောထားနေပါသည်ဘုရား။
စတုတ္ထအချက် စိတ်အနေအထားမှာ………
မီးသည် ညစ်ပေသော အမှိုက်သရိုက်များကို လောင်ကျွမ်းပေးရသကဲ့သို့ တစ်ခြားအရာမျိုးစုံကိုလည်း လောင်ကျွမ်းပေးရပါသည်၊ ထိုသို့ လောင်ကျွမ်းပေးရစဉ် မီးသည် အကောင်းကို လောင်ကျွမ်းရ၍ မွေ့လျော်ပျော်ပိုက်မှု မရှိပေ၊ ညစ်ပေသည့်အမှိုက်များကို လောင်ကျွမ်းပေးရ၍လည်း ညည်းငြူခြင်း ၊ စက်ဆုပ်ခြင်း အလျင်း မရှိပေ၊ ထို့အတူ တပည့်၏ စိတ်သည်လည်း ပတ်ဝန်းကျင်မှ မည်သို့ပင် ပြောဆိုလာစေကာမူ မည်သို့မျှ မွေ့လျော်မှု ၊ညည်းငြူမှု၊စက်ဆုပ်မှု မရှိဘဲ မီးကဲ့သို့ စိတ်သဘောထားနေပါသည်ဘုရား။
ပဉ္စမအချက် စိတ်အနေအထားမှာ……
ခြေသုတ်သည့်ပုဆိုး (အပိုင်း)သည် လူအများ၏ ခြေတွင်ပေကျန်နေသည့် အညစ်အကြေးများကို စင်ကြယ်စေရန် သူ့အပေါ် တက်ရောက် အနင်းခံ၍ လူတိုင်း၏ ခြေသုတ်ခြင်းကို ခံရပေသည်၊ ထိုသို့ ခြေအသုတ်ခံရသော်လည်း ခြေသုတ်ပုဆိုး(အပိုင်း)မှာမူ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ခံပြင်းခြင်း၊ အညိုးမပြေတေးမှတ်ခြင်း၊ ညည်းငြူခြင်း၊ စက်ဆုပ်ခြင်း အလျင်းမရှိပေ၊ ထို့အတူ တပည့်တော်၏ စိတ်သည်လည်း ပတ်ဝန်းကျင်မှ မည်သို့ပင် ပြောဆိုပုတ်ခတ်လာစေကာမူ အဆိုးအကောင်းကို မည်သို့မျှ တုန့်ပြန်မှုမရှိဘဲ ခြေသုတ်ပုဆိုးကဲ့သို့ သဘောထားနေပါသည်ဘုရား။
ဆဋ္ဌမအချက်စိတ်အနေအထားမှာ…….
ဇာတ်နိမ့်သည့် စဏ္ဍာလအမျိုးသားငယ်၊အမျိုးသမီးငယ်ကဲ့သို့ သဘောထားရပါသည်ဘုရား……..
ယခင်က အိန္ဒိယ နိုင်ငံတွင် ဇာတ်နိမ့် ဇာတ်မြင့်ကို အလွန်ခွဲခြားကြသည်၊ ဇာတ်နိမ့်သည့် စဏ္ဍာလအမျိုးက ဇာတ်မြင့်သည့် ဗြာဟ္မဏအမျိုး၏ ခန္ဓာကိုယ်ကို မထိရပေ၊ ထို့ကြောင့် ဇာတ်နိမ့်သူက ဇာတ်မြင့်သူတို့၏ ရွာကိုဝင်လျှင် တုတ်ချောင်းငယ်တစ်ခုဖြင့် ရိုက်ခတ်တီးသွားရပါသည်၊ အကြောင်းကား ဇာတ်မြင့်သူ ဗြဟ္မဏအမျိုးများ၏ အသားကို ထိမိမည်စိုးသဖြင့် ကျွန်တော်တို့သည် ဇာတ်နိမ့်များဖြစ်ပါသောကြောင့် သင်တို့အား ထိမိမည် စိုးသောကြောင့် ငါတို့ကို ရှောင်ကြဉ်ကြပါ ဟု ဇာတ်နိမ့်သူများက မိမိကိုယ်ကို နှိမ်ချ၍ အသိပေးကာ ရွာထဲဝင်ရပေသည်၊ ထိုဇာတ်နိမ့်သူများသည် မိမိကိုယ်ကို နှိမ်ချသကဲ့သို့ တပည့်တော်၏စိတ်ကိုလည်း နှိမ်ချထားပါသည်ဘုရား………တဲ့။
(အရှင်သာရပုတ္တရာ၏ဂုဏ်အဆင့်အတန်းကား သာသနာတွင် မြတ်စွာဘုရားပြီးလျှင် သူပဲဖြစ်ချေ၏ ဤမျှလောက် အဆင့်အတန်းမြင့်မားသာလွန်ပါသော်လည်း စဏ္ဍာလအမျိုးကဲ့သို့ နှိမ်ချသော စိတ်နေစိတ်ထားဖြင့် လူများအပေါ် တွင် ဆက်ဆံမည်ဆိုသည်မှာ ကြည်ညိုစရာကောင်းလိုက်ပါဘိတော့သည်၊ လောကတွင် ပစ္စည်းဂုဏ်ငွေဂုဏ်မောက်ကာ မိမိထက် သာသူမရှိ ဟု ဘ၀င်အမြင့်ကြီးမြင့်ကာ လူမျက်နှာကိုမကြည့် ငွေမျက်နှာသာ ကြည့်ကြသည့် လွန်ကဲသည့် ဘ၀င်မြင့်မှုမျိုးဖြင့် ဘ၀င်မြင့်ကာ နေကြသူအချို့ သတိထားစရာပင် ဖြစ်ပါတော့သည်။)
သတ္တမအချက်စိတ်အနေအထားမှာ….
ချိုကျိုးနေသည့် နွားသည် မည်သည့်တိရစ္ဆာန်ဖြစ်စေ စော်ကားလာပါသော်လည်း မဝှေ့ဘဲ ယဉ်ကျေးနူးညံ့နေပေသည်။ ထို့အတူ တပည့်တော်၏ စိတ်ထားသည်လည်း ချိုကျိုးနေသည့် နွားကဲ့သို့ စိတ်ကို ငြိမ်ဝပ်ပိပြားအောင် ထားနေပါသည်ဘုရား……။
အဋ္ဌမအချက်စိတ်အနေအထားမှာ……
ရေချိုးကာ ဖီးလိမ်းပြင်ဆင်ထားသော လူပျို အပျိုလေးများသည် သူတို့၏ လည်ပင်းတွင် ခွေးသေကောင်ပုပ် မြွေသေကောင်ပုပ်များကို ဆွဲထားမည်ဆိုလျှင် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ထင်ပေလိမ့်မည်ဘုရား။ ထို့အတူ တပည့်တော်၏ ခန္ဓာကိုယ်ကိုလည်း စက်ဆုပ်ရွံ့ရှာဖွယ် သဘောထားနေပါသည်ဘုရား။
န၀မအချက်စိတ်အနေအထားမှာ…….
အပေါက်များစွာမှ ယိုစီးကျနေသည့် အမဲဆီအိုး ထမ်းရွက်ထားရသော သူသကဲ့သို့ တပည့်တော်လည်း ကိုယ်ကိုယ်ကို ဆောင်ရွက်နေရပါသည်ဘုရား……….ဟု အချက်(၉)ချက်ကို အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား လျှောက်ထားလိုက်ပါသည်။
ထိုသို့ စိတ်သဘောထားပုံကို လျှောက်တင်လိုက်သောအခါ စွပ်စွဲသောရဟန်းသည် စိတ်နှလုံးမသာယာဖြစ်ကာ ပူလောင်လှသဖြင့် အရှင်သာရိပုတ္တရာအား ချက်ခြင်းပင် ကန်တော့ကာ တောင်းပန်လျှောက်ထားလိုက်ပါသည်၊ ထိုအခါ အရှင်သာရိပုတ္တရာက သည်းခံပါကြောင်း ပြန်ပြောပြီးလျှင် သူအားလည်း သည်းခံပါရန် စွပ်စွဲသော ရဟန်းအား ထပ်မံ၍ တောင်းပန်လိုက်ပါသေးသည်၊ ဤနေရာ၌ အရှင်သာရိပုတ္တရာ၏ စိတ်နေစိတ်ထားကား အတုယူ လိုက်နာစရာကောင်းလွန်းလှပါသည်၊ သူ၏ စိတ်နေစိတ်ထားကို အပြည့်အ၀ မလိုက်နိုင်တောင်မှ စွမ်းနိုင်သမျှ အတုယူကာ လိုက်နာသင့်ကြပေသည်၊ သာမန်အထင်ကြီးမှုဖြစ်သည့် မာနတရားကို မပယ်နိုင်စေကာမူ လွန်ကဲသော အထင်ကြီးမှု၊ဘ၀င်မြင့်မှု အတိမာနမျိုးကိုတော့ ပယ်သင့်လှပေသည်။
ထိုသို့ သူတော်ကောင်းကြီးများ၏ စိတ်နေသဘောထားများကို တစ်ရာပုံ၍ တစ်ပုံ၏တစ်ဝက်မျှ လိုက်နာကျင့်သုံးနိုင်ကြမည်ဆိုပါလျှင် စိတ်အနေအထား တတ်ပြီး မောင်ယဉ်ကျေး မယ်ယဉ်ကျေးများ ဖြစ်လာနိုင်ပါကြောင်းနှင့် ဖြစ်လာနိုင်ပါစေဟုလည်း ဆန္ဒပြုရင်း…………။

Sunday, July 20, 2008

ရွှေလက်တွဲကြမည်ဆိုပါလျှင်

ကပ္ပိယ “အရှင်ဘုရား….၀ါဆိုလဆန်း(၁၄)ရက်ကို မင်္ဂလာဆွမ်းယူမလို့တဲ့ဘုရား”
စာရေးသူ “ဒီရက်မှာ ဆွမ်းဒကာရှိနေတယ်လေ ကပ္ပိယကြီး”
ကပ္ပိယ “ဒါဆိုရင် ၁၃)ရက်နေ့ကို ပေးလိုက်ရရင်ကောင်းမလားဘုရား”
စာရေးသူ “ကောင်းသားပဲ” ဟုပြောလိုက်ပါသည်၊ ခဏကြာသောအခါ ကပ္ပိယကြီးသည် စာရေးသူရှိရာသို့ ပြန်ရောက်လာကာ “အရှင်ဘုရား….(၁၃)ရက်နေ့က ပြဿဒါးရက် ဖြစ်နေလို့တဲ့ အဲဒီရက်တော့မယူချင်ဘူးလို့ ပြောနေပါတယ်ဘုရား” ပြောလာပါသည်။

ရက်ရာဇာပြဿဒါးစသည့် ပြက္ခဒိန်ပါရက်များသည် လူသားများအား အလွန်ဖမ်းစားနေသည်ဟု ထင်မိပါသည်၊ ထိုရက်များသည် လောကီကိစ္စတွင် နေရာယူထားသည်သာမက ကုသိုလ်ရေးဆိုင်ရာတွင်လည်း နေရာအသင့်အတင့်ယူနေသည်ကို တွေ့ရပေသည်။
သူတို့၏ ရွှေလက်တွဲမည့်အရေးကို ရက်ရာဇာ ပြဿဒါး ရွေးနေကြပေသည်၊ အကယ်၍ ပြဿဒါးရက်တွင် မင်္ဂလာဆောင်သည့် မင်္ဂလာမောင်မယ်များသည် ရာသက်ပန် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်သွားတော့မည်လော၊ ထိုအိမ်ထောင်ရေး အတွက် ပြဿဒါးကအဓိကျပါ၏လော တွေးစရာဖြစ်နေပေသည်။ ထို့အတူ ရက်ရာဇာရွေး၍ လက်ထပ်မင်္ဂလာပြုကြသော မင်္ဂလာမောင်မယ် များအတွက် ရာသက်ပန် မကွဲမပြဲပဲ ချမ်းသာသော အိမ်ထောင်ရေးတစ်ခု ဖြစ်တော့မည်လော၊ ထိုအိမ်ထောင်ရေးအတွက် ရက်ရာဇာက အဓိကကျပါ၏လော ……..လောပေါင်းများစွာ အတွေးနယ်ချဲ့ မိပါတော့သည်။
လောကတွင် အိမ်ထောင်စုအတော်များများသည် ရက်ရာဇာ ၊ နေ့ကောင်းရက်မြတ် ရွေးပြီးမှ လက်ထပ်ယူကြသည်က များပါသည်၊ သို့ပါလျှက် မကြာမီ အိမ်ထောင်ရေး ပြိုကွဲကြသည်မှာ အဘယ့်ကြောင့်ပါနည်း၊ ရက်ကောင်းနေ့မြတ်များသည် အိမ်ထောင်ရေး မပြိုကွဲစေရန် မတတ်နိုင်သကဲ့သို့ ပြဿဒါးရက်များသည်လည်း ခိုင်မြဲနေသည့် အိမ်ထောင်ရေးကို မဖြိုခွင်းနိုင်ခဲ့သည်မှာ လူ့ပတ်ဝန်းကျင်တွင် အထင်အရှားပင် မြင်နေရပါသည်။
ထို့ကြောင့် လက်ထပ်မည့်သူများသည် ဘ၀တစ်လျှောက်လုံး အိမ်ထောင်ရေး၊အဆင်ပြေစေရန် ရက်ရာဇာ၊ပြဿဒါး ရွေးစရာမလို လွတ်လပ်စွာဖြင့် မင်္ဂလာပွဲကို ဆင်နွဲကြပါရန်တိုက်တွန်းလိုသည့်အပြင် သာယာသောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးချင်ကြသော ဇနီးမောင်နှံများအတွက် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သော လမ်းညွန်ချက်များရှိခဲ့ပေသည်၊ ထိုလမ်းညွန်ချက်အတိုင်း လိုက်နာကျင့်သုံးနိုင်လျှင် ယခုပစ္စုပ္ပန်ဘ၀တွင် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်သကဲ့သို့နောင်တမလွန်ဘ၀အတွက်လည်း အတူတကွ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်း ဟူသကဲ့သို့ ဘ၀အစဉ်အဆက်ပြန်လည်တွေ့ဆုံရတတ်ပေမည်။
ရွှေလက်တွဲမည့်သူများအတွက် မြတ်ဗုဒ္ဓ ညွန်ပြတော်မူခဲ့သည့် လမ်းညွန်ချက်ကား………..
(၁)သမသဒ္ဓါ (တူမျှသောယုံကြည်မှု)
(၂)သမသီလ(တူမျှသောကိုယ်ကျင့်တရား)
(၃)သမစာဂါ (တူမျှသော စွန့်ကြဲမှု)
(၄)သမပညာ ဖြစ်ပါသည်၊ (တူမျှသော ပညာရှိမှု)
သမသဒ္ဓါ ဟူသည်
တူမျှသော ယုံကြည်လက်ခံမှုဖြစ်သည်၊ ဇနီးမောင်နှံနှစ်ဦးသည် တူညီသည့် ယုံကြည်မှုရှိရမည်၊ ဤတွင် ယုံကြည်မှုဟူသည် လောကရေး၊ ဓမ္မရေးရာအားဖြင့် နှစ်ပိုင်းခွဲ၍ ပြောရပေမည်၊ လောကရေးရာအားဖြင့် ယုံကြည်သည်ဆိုရာဝယ်၊ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်ရမည်ဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို အပြန်အလှန် ယုံကြည်ရပေမည်။
ထိုသို့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်သည်ဟု ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် မိမိဇနီး ယုံကြည်လက်ခံနိုင်လောက်သည့် အပြောဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်ပေသည်၊ ခင်ပွန်းဖြစ်သူသည် ဇနီး၏အရှေ့တွင်တစ်မျိုး၊ နောက်ကွယ်တစ်မျိုး အခြေအနေပြောင်းနေမည်ဆိုပါက ဇနီးသည်၏ ယုံကြည်လက်ခံနိင်မှုကို ရရှိမည်မဟုတ်ပေ၊ သို့ဖြစ်လျှင် ထိုအိမ်ထောင်ရေးသည် မည်သို့ သာယာ နိုင်ပါမည်နည်း။ ထို့ကြောင့် ခင်ပွန်းသည် ဇနီး၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ရရှိစေရမည်၊ ယုံကြည်လက်ခံနိုင်အောင်လည်း နေတတ်ရမည်၊သို့မှသာ သာယာသည့် အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
တဖန် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ယုံကြည်လက်ခံသည်ဟု ဆိုရာဝယ် ဇနီးသည်သည် မိမိခင်ပွန်း ယုံကြည်လက်ခံနိုင် လောက်သည့် အပြောအဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်လှပေသည်၊ အရှေ့တွင်တစ်မျိုး နောက်ကွယ်တစ်မျိုးဆို လျှင် ခင်ပွန်းဖြစ်သူ မယုံကြည်နိုင်သည်မှာ မဆန်းပေ၊သို့ဆိုလျှင် ထိုအိမ်ထောင်ရေးသည် သာယာပျော်ရွှင်ဖွယ်မရှိနိုင်ပေ၊ ထို့ကြောင့် ဇနီးသည်သည် မိမိခင်ပွန်း၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ ရရှိစေရမည်၊ ယုံကြည်လက်ခံအောင်လည်း နေတတ်ရပေမည်၊သို့မှသာ တစ်ဦးကိုတစ်ဦးယုံကြည်မှုအပြည့်ရှိကာ သာယာသည့်အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ ဤကား လောကရေးရာ ယုံကြည်မှုဖြစ်ပေသည်။
ဓမ္မရေးရာအားဖြင့် လက်ခံယုံကြည်မှုဟူသည် ရာသက်ပန်လက်ထပ်ကြတော့မည်ဆိုလျှင် ဘာသာအယူဝါဒခြင်းတူညီရပေမည်၊ ဘာသာအယူဝါဒမတူညီလျှင် အမိုက်ကစ ပြသဒ်မီးလောင်ဆိုသည့်သကဲ့သို့ သူ့ဘာသာ ကိုယ့်ဘာသာ အပြစ်မြင်ပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်ကြပေသည်၊ ဘာသာမတူ အိမ်ထောင်ပြု၍ အဆင်ပြေနေသည်ကား အနည်းစုသာဖြစ်ချေသည်၊ထို့ကြောင့် ဘာသာ အယူဝါဒခြင်းတူညီကာ အိမ်ထောင်ပြုကြလျှင် ပို၍အဆင်ပြေကာ ကောင်းမွန်ပါလိမ့်မည်၊ ဘာသာအယူဝါဒတူလျှင်(ယုံကြည်မှုခြင်းတူလျှင်) အသွင်တူ အိမ်သူဖြစ် ဆိုသည့်မြန်မာစကားပုံကဲ့သို့ ပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်ကြပေလိမ့်မည်။
သမသီလ ဟူသည်
တူမျှသော ကိုယ်ကျင့်တရားကို ခေါ်ပါသည်၊ ကိုယ်ကျင့်တရားသည် ဇနီးမောင်နှံများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ဇနီးမောင်နှံနှစ်ဦးသာမဟုတ် လောကလူသားအားလုံးအတွက် အရေးကြီးသော တရားတစ်ခုဖြစ်သည့်အပြင် ဘ၀၏ အရှေ့ဆုံးတန်းတွင် နေရာရရန်အတွက် အထောက်ပံ့များစွာပေးနိုင်ပေသည်။
တူညီသော ကိုယ်ကျင့်တရားရှိရမည်ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် ငါးပါးသီလကို စောင့်ထိန်းရမည်ဖြစ်သကဲ့သို့ ဇနီးဖြစ်သူကလည်း ငါးပါးသီလ စောင့်ထိန်းရပါမည်။ သာယာပျော်ရွှင်သော အိမ်ထောင်စုတစ်ခုအတွက် ငါးပါးသီလသည် အခြေခံကျသော တရားတစ်ခုဖြစ်နေပါသည်၊ ထိုသီလတည်းဟူသောကိုယ်ကျင့်တရားကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်ဝရရှိနိုင် ပါသည်၊ ဥပမာ-ခင်ပွန်းဖြစ်သူ အရက်မူးလာလျှင် ဇနီးဖြစ်သူစိတ်ညစ်ရသည်၊ထိုမှတဆင့် လေးစားမှုနည်းကာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်ကြကာ နောက်ဆုံးတွင် အိမ်ထောင်ရေးပြိုကွဲသည်အထိ ဖြစ်နိုင်ပေသည်၊ ထို့အတူ စာရိတ္တသီလဟုခေါ်ဆိုရသည့် ကျင့်ရမည့်ကျင့်ဝတ်တရားတို့တွင် လင်ကျင့်ဝတ်ကို ခင်ပွန်းဖြစ်သူက ကျင့်သုံးရန်နှင့် ဇနီးဖြစ်သူက မယားကျင့်ဝတ်ကို ကျင့်သုံးလိုက်နာသင့်ပေသည်။
ဇနီးမောင်နှံနှစ်ဦးစလုံး၌ ကိုယ်ကျင့်တရားကောင်းမွန်ပါက သာယာသောအိမ်ထောင်စုတစ်ခုဖြစ်ကာ နောင်တမလွန် ဘ၀အတွက် အခြေအနေကောင်းသော သုဂတိဘုံသို့ ရောက်ရှိနိုင်ပေသည်၊ တစ်နေရာတွင် မြတ်စွာဘုရားသည် ဇနီးမောင်နှံတို့၏ ကိုယ်ကျင့်တရားဆိုင်ရာကို ဖေါ်ညွန်းထားပါသည်၊ လောကတွင် ဇနီးမောင်နှံလေးမျိုးရှိပါသည်၊ သူသေယောင်္ကျားနှင့်မယားနတ်သမီး၊ သူသေမယားနှင့်ယောင်္ကျားနတ်သား၊ သူသေမယားနှင့်ယောင်္ကျားသူသေ၊ မယားနတ်သမီးနှင့်ယောင်္ကျားနတ်သား ဟူ၍ ဇနီးမောင်နှံလေး မျိုးရှိရာတွင် သူသေဟူသည် သီလမရှိသော သူကိုခေါ်ပြီး၊ နတ်သား/နတ်သမီး ဟူသည် သီလရှိသည်ကို ခေါ်ကြောင်း သီလကို အခြေခံ၍ ပြဆိုထားပေသည်။
ထို့ကြောင့် ပစ္စုပ္ပန်၌ ပျော်ရွှင်သော အိမ်ထောင်စုဖြစ်သည့်အပြင် တမလွန်ဘ၀တွင် ချမ်းသာသောဘုံ၌ အတူတကွဖြစ်လိုလျှင် ယခုဘ၀တွင် ကိုယ်ကျင့်တရားဟူသည့် ငါးပါးသီလကို အတတ်နိုင်ဆုံး စောင့်ထိန်းကြရန် အထူးလိုအပ်ပါသည်။
သမစာဂါ ဟူသည်
စာဂဟူသည် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းကို ခေါ်သည်၊ ဤ၌ ဇနီးမောင်နှံနှစ်ယောက်စလုံး စွန့်ကြဲပေးကမ်းလှူဒါန်းမှုနှင့် ပြည့်စုံရပါမည်၊ ဤနေရာ၌ လောကနှင့်ဓမ္မရှုထောင့် နှစ်မျိုးဖြင့် ကြည့်ရပါဦးမည်။
လောကရေးရာအားဖြင့် ဇနီးမောင်နှံများ ဘ၀တွင်လုပ်ကိုင်၍ အဆင်ပြေသောအခါ (ပြေလည်သောအခါ)တွင် နှစ်ဖက်မိဘများအား လိုအပ်ပါက ထောက်ပံ့ပေးကမ်းကြရပါမည်၊ ဇနီးဖြစ်သူက မိမိ၏ မိဘများအားထောက်ပံ့ပေးချင်သည်ဆိုပါက ခင်ပွန်းဖြစ်သူအား တိုင်ပင်ပြောဆိုရပါသည်၊ ခင်ပွန်းဖြစ်သူထံမှ သဘောတူညီမှုရရှိခဲ့ပြီဆိုပါက ပေးကမ်းစွန့်ကြဲနိုင်သကဲ့သို့ ခင်ပွန်းဖြစ်သူ၏ မိဘများအား ထောက်ပံ့ချင်သည်ဆိုပါက ဇနီးသည်အားတိုင်ပင်ရပါသည်၊ သဘောတူညီမှု ရရှိပြီဆိုလျှင် ခင်ပွန်း၏ မိဘဆွေမျိုးများအား ထောက်ပံ့အကူအညီပေးသင့်ပေသည်၊သို့မှသာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေကြပေမည်။
တဖန် ဓမ္မရှုထောင့်မှ ကြည့်ကြမည်ဆိုလျှင်လည်း အလှူဒါနပွဲကို ချိန်ခါမဆွဲ ပြုလဲပြုချင်သပဆိုလျှင် ထိုအလှူဒါနပွဲအတွက် ဇနီး မောင်နှံနှစ်ယောက် စိတ်တူကိုယ်တူဖြစ်စေရန် တိုင်ပင်ကြရပါသည်။ နှစ်ဦ်းသားတို့၏ သဘောတူညီမှုကို ရရှိပြီဆိုတော့မှ ကုသိုလ်ပြုသင့်ပေသည်။ ဤသည်ပင်လျှင် တူမျှသော စာဂ ရှိသည်ဟု ပြောဆိုကြပါသည်။
တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦးယောက်ရှိလာပါသည်၊ ကိစ္စကားအခြားမဟုတ် အလှူပြုလုပ်ရန် လာရောက်လျှောက်ထားခြင်းဖြစ်သည်၊ နှစ်ယောက်သားတိုင်ပင်ထားခြင်း မရှိသည့်အတွက် စာရေးသူ၏ အရှေ့တွင် ထိုအလှူနှင့်ပတ်သက်၍ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မတိုင်ပင်ရကောင်းလား ဟုဆိုကာ စကားများကြပါတော့သည်၊ စာရေးသူသည် မနေနိင်ရကား ထိုအလှူအတွက် အဆင်ပြေစေရန် အစကတည်းကတိုင်ပင်ရပါကြောင်း၊ ဒါပေသည့် ဖြစ်ပြီးသည့်ကိစ္စတစ်ခုအတွက် ပြန်ပြင်၍မရနိုင်တော့ပါကြောင်း ခင်ပွန်းဖြစ်သူကလည်း ဇနီးဖြစ်သူ၏ အပြစ်ကိုမမြင်ဘဲ အပြစ်မှခွင့်လွတ်လိုက်လျှင် ထိုကိစ္စမှာ ပြီးသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတရား ဟောလိုက်ရပါတော့သည်။
ဆိုလိုသည်မှာ အလှူဒါနပြုလုပ်သည့်အခါ ဇနီးမောင်နှံများသည် မတိုင်ပင်ဘဲ ပြုလုပ်ကြသောကြောင့် စကားများရန်ဖြစ်ခြင်း စသည့် မဖြစ်သင့်သည့်အရာများဖြစ်လာကာ အမှိုက်ကစ ပြသဒ်မီးလောင် ဆိုသကဲ့သို့ နောက်ဆုံး တစ်ယောက်အပေါ်တစ်ယောက် အပြစ်မြင်ကာ အိမ်ထောင်ရေး ကွဲပြဲသွားတတ်ပါသည်၊ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်စေရန် အလှူပြုလုပ်သည့်အခါတိုင်း တစ်ယောက်ကိုတစ်ယောက်တိုင်ပင်ခြင်းဖြင့် တူညီသောစာဂ တရားများရှိပါက သာယာပျော်ရွှင်ဖွယ် အိမ်ထောင်စုတစ်ခုကို ဖန်တီးနိုင် သည့်အပြင် တမလွန်ဘ၀တွင်လည်း အတူတကွ ဖြစ်နိင်ပါသည်။
သမပညာ ဟူသည်
တူညီသော အသိဥာဏ် ရှိရမည် ဖြစ်ပါသည်၊ ဘ၀ကို ရုန်းကန်လှုပ်ရှားကြရသည့်အခါတွင် လွယ်ကူစွာဖြေရှင်းရသော အရာများ ရှိသကဲ့သို့ တစ်ခါတစ်ရံ ခက်ခဲသည့်ပြဿနာကိုလည်း ဖြေရှင်းကြရပေသည်၊ထိုသို့ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းကြရာတွင် ခင်ပွန်းဖြစ်သူက ငါလုပ်လျှင်ဖြစ်သည်ဟုဆိုကာ မတိုင်ပင်ဘဲ မနေရပေ၊ ဇနီးဖြစ်သူအား အခက်အခဲကို မည်သို့ပြုလုပ်သင့်ကြောင်း တိုင်ပင်ပြောဆိုရပါသည်၊ အဘယ့်ကြောင့်နည်း တစ်ယောက်တည်း ဦးနှောက်နှင့် ဖြေရှင်းသည်ထက် နှစ်ယောက်ဦးနှောက်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပို၍မှန်ကန်ပေလိမ့်မည်၊ ထိုကဲ့သို့ဘ၀တွင် အခက်အခဲပေါင်းစုံတို့ဖြင့် ရင်ဆိုင်လာရပါက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမည်ဖြစ်ပေသည်၊မည်သို့ပင်ဖြစ်စေ တစ်ဦးကိုတစ်ဦးနားလည်မှုပေးကာ တိုင်ပင်ကြမည်ဆိုပါက တူညီသော ပညာရှိသည်ဟု ဆိုရချေမည်။
အချုပ်ဆိုရသော် ဇနီးမောင်နှံများသည် တရားလေးမျိုးဖြင့် ပြည့်စုံအောင်ကျင့်သုံးနိုင်ကြမည်ဆိုလျှင် ပြဿဒါး ရက်မကောင်းသော်လည်း သာယာပျော်ရွှင်သော အိမ်ထောင်မှုဘ၀ခရီးကို ဖန်တီးနိုင်သည့်အပြင် နောင်ဘ၀တွင်လည်း အတူတကွဖြစ်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။

Thursday, July 17, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

သာသနာတော်သက္ကရာဇ် ၂၅၅၂ ခုနှစ် ၀ါဆိုလပြည့် ၊ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ခုဆိုရင် မမှားဘူးပေါ့၊
ဒီနေ့ စာရေးသူတို့ရဲ့ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာတွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသော အလှူ့ရှင်များနှင့် ဥပုသ်သည် များ လာရောက်ကာ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်၊ ထိုနေ့ တရားပွဲတွင် အမြတ်ဆုံးဥစ္စာ ရှာမှီးပါ ဆိုသည့် တရားကို ဟောကြားခဲ့ သည်။ ထိုတရားတော်ကို ဖတ်ရှုလိုပါက older posts ထဲမှ (တုနှိုင်းမမီ ၉ )တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

Wednesday, July 9, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

(၅.၇.၂၀၀၈)နေ့ ၊ မြိတ်-တက္ကသိုလ် ရူပဘေဒဌာနမိသားစု၊ပါမောက္ခ၊ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စာရေးသူ က အလှူရှင်များအား "ကောင်းခြင်းလေးဖြာ"တရားတော်ဖြင့် ဟောကြားချီးမြှင့်ပေးခဲ့ပါသည်။

Type the rest of your post here.

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၃)

ဘ၀ပန်းချီကားချပ် ဆွဲတတ်ကြပါစေ
ဘ၀ရှိကြသူများသည် ရုပ်နာမ် နှစ်ခု အရင်းပြုထားကြသော သူများဖြစ်ကြပေသည်၊ ထို့ကြောင့် ဘ၀အကြောင်းပြောလျှင် ရုပ်အကြောင်း နာမ်အကြောင်းများ မပါလျှင် မပြီးနိုင်သကဲ့သို့ ဘ၀ကိုသုတေသနပြုလျှင် ရုပ်အကြောင်းကို သုတေသနပြုကြရသည့်အပြင် နာမ် ဟုခေါ်သည့် စိတ်အကြောင်းကိုလည်း သုတေသနပြုကြရပေတော့မည်။
ထိုသို့သုတေသနပြုကြရာဝယ် ဥပမာ နွားတို့၏ ဦးဆောင်သွားရာဆီသို့ နောက်မှ လှည်းအိမ်ကြီးက လိုက်ပါကြရစမြဲ ဖြစ်ပေသည်၊
ထို့အတူ ဘ၀ကြီးကိုလည်း စိတ်တရားကပင် ဦးဆောင်နေပါသည်၊ (စိတ္တေန နီယတိ လောကော) ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ ပေသည်။

ဘ၀အနိမ့်အမြင့်ကို ဖန်တီးကြရာဝယ် နာမ်ဟုခေါ်သည့် စိတ်ရင်ပြင်တွင် အရောင်အသွေးမျိုးစုံအောာင် ခြယ်သထားကြရာ လိုချင်မှုအာရုံဖြစ်လျှင် စိတ်တွင် လောဘဟူသည့် အရောင်အသွေး ထင်ကျန်ရစ်ခဲ့သကဲ့သို့၊ အလိုမကျမှုအာရုံဖြစ်လျှင် စိတ်တွင် ဒေါသအရောင်အသွေး ထင်ကျန်ရစ်ခဲ့ပေသည်။ လောဘ ၊ ဒေါသ ကိလေသာအရောင်အသွေးမျိုးစုံစွာ ခြယ်သခံခဲ့ရသော စိတ်သည် ညစ်နွမ်းမှုများစွာဖြင့် ဘ၀သည်အဆင့်နိမ့်ကျခြင်းသို့ ရောက်ရှိခဲ့ပေတော့သည်။
စာရေးသူ ရဟန်းစတင်ဝတ်စဉ်က သတိပဌာန်တရားအားထုတ်မှုအတွက် အချိန်ပေးနိုင်ရန် ရဟန်းဝတ်လာသည်ဟု ရိုးသားစွာ ၀န်ခံပါသည်၊ သို့နှင့်ရဟန်းဝတ်ခါစအချိန်တွင် သတိပဌာန်တရားအားထုတ်မှုကို အချိန်များစွာပေးခဲ့ပေသည်၊ နောင်တွင် သာသနာ့ဝန်ထမ်းရဟန်းဘ၀ကို တစ်သက်လုံး ခံယူမည်ဟု ဆုံးဖြတ်ထားပါက ပရိယတ္တိစာပေ သင်ယူရမည်ဖြစ်ကြောင်း ဆရာသမားများ၏ ဆုံးမသြ၀ါဒအရ စာပေများကို အထိုက်အလျောက် သင်ကြားဖြစ်ခဲ့ပါသည်၊ ဤတွင် စာပေသင်ယူခြင်းဖြင့်လည်း တစ်ဖက်က ဝေယျာဝစ္စများဖြင့် အလုပ်များလုပ်ခဲ့ရသော နေ့ရက်များဆိုလျှင် “အော်…..ငါ့ဘ၀ ရဟန်းသာလုပ်လာရတယ်၊ ဒီလိုသာ ဝေယျာဝစ္စများနေမယ်ဆိုရင် လူ့ဘ၀နှင့်ဘာမှမခြား၊ လူထွက်တာကကောင်းပါဦးမယ်” ဟု အလိုမကျမှုများဖြင့် စိတ်ရင်ပြင်တွင် ကိလေသာအရောင်များကို ခြယ်သချင်တိုင်းခြယ်သနေပေတော့သည်။
တစ်နေ့သ၌ ဖခင်ကြီး ကျောင်းသို့ရောက်လာစဉ် ရင်ထဲက တွေးမိသောအကြောင်းကို ဖခင်ကြီးအား ပြောပြသောအခါ “အရှင်ဘုရား……. အခုရဟန်းဘ၀ အလုပ်နဲ့ လူ့ဘ၀အလုပ်ဟာ နှိုင်းယှဉ်လို့ မရပါဘူးဘုရား၊ ရဟန်းဘ၀၌ ဝေယျာဝစ္စအလုပ်သည် မယားကျွေးမှု၊သားကျွေးမှုမပါတဲ့အတွက် ဘယ်လောက်ပဲ လုပ်ရလုပ်ရ ရတနာသုံးပါးနဲ့စပ်တဲ့ လုပ်ငန်းများချည်းဖြစ်တဲ့အတွက် ကုသိုလ်ရပါတယ်ဘုရား…ရတနာသုံးပါးနဲ့စပ်တဲ့ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်ရလေ ကုသိုလ်ရလေလေပါပဲဘုရား….၊ လူ့ဘ၀လုပ်တဲ့အလုပ်ကတော့ လိုချင်မှုဦးစီးပီး လုပ်ရတဲ့အတွက် အကုသိုလ်များလှပါတယ်ဘုရား…. အတွေးမလွဲစေချင်ပါဘူးဘုရား……..” ဟု ဖခင်ကြီးပြောလိုက်သောစကားကြောင့် စာရေးသူ၏ စိတ်ထဲ ဖေါ်မပြနိုင်သော အင်အားတစ်ရပ်ကို ခံစားလိုက်ရသကဲ့သို့ ရဟန်းဘ၀အတွက်လည်း တန်ဖိုးမဖြတ်နိုင်သော အားဆေးတစ်ခွက်ဖြစ်ခဲ့သည့်အပြင် စိတ်တွင်ထင်ကျန်နေသည့် ကိလေသာအရောင်သွေးလည်း လျော့ပါးခဲ့ရပေသည်၊ ဤသည်မှာ ဖခင်တို့၏ သားသမီးအပေါ်ထားရှိ သည့် အဖြူရောင်စိတ်ပင် ဖြစ်ချေသည်။
လောကလူသားများသည် နေ့စဉ်နေ့တိုင်း ဘ၀ကို အရောင်မျိုးစုံတို့ဖြင့် ခြယ်သနေကြသည်မှာ ပန်းချီဆရာတစ်ယောက်၏ ဆွဲလက်စ ပန်းချီကားနှင့်တူလှပေသည်၊ ပန်းချီဆရာသည် မပြီးပြတ်သေးသော သူ၏ပန်းချီကားကို စိတ်တိုင်းကျဖြစ်အောင် နေ့စဉ်နေ့တိုင်း အရောင်မျိုးစုံတို့ဖြင့် ရေးဆွဲနေသကဲ့သို့ လောကလူသားများသည် မပြီးပြတ်သေးသော ဘ၀ပန်းချီကားချပ်တွင် နေ့စဉ်နေ့တိုင်း ကိလေသာ အရောင်မျိုးတို့ကို စိတ်တိုင်းကျဖြစ်အောင် ခြယ်သနေကြပေသည်။
လူ့လောကထဲရောက်စဉ်ကနေ ယခုအချိန်အထိ ဘ၀တွင် ခါးသီးသော အကြောင်းအရာတို့ဖြင့် ရင်ဆိုင်ခဲ့ရသည်လည်းရှိပေမည်၊ ဆွေမျိုးများနှင့်အမိအဘညီအစ်ကိုမောင်နှမတို့ဖြင့် ရှင်ကွဲ(သို့) သေကွဲ ကွဲရသည့်အခါတွင် စိုးရိမ်ပူဆွေးသောကပရိဒေ၀မီးများ တောက်လောင်ကာ စိတ်တွင် ဒေါသကိလေသာအရောင်များကို ထင်ကျန်ရစ်စေခဲ့ပေသည်၊ တစ်ခါတစ်ရံ ကိုယ်နှင့်မဆိုင်သည့် အကြောင်းအရာများကိုသော်မှ ကိုယ်နှင့်ဆိုင်သည့်နှယ် အငှားဝင်ယူပြီး အဟုတ်ကြီးထင်ကာ ဒေါသအရောင်ဆိုးပေးခဲ့ဖူးပေါင်းလည်း များလှလေပြီ။
တစ်ခါတစ်ရံ မိမိအလွန်နှစ်သက်သည့် ပစ္စည်းကို သုံးစွဲလို့မှ အားမရသေး ပျောက်ဆုံးသွားပြီဆိုလျှင် နမြောတသသ ယူကြုံးမရဖြစ် ကာ စိတ်မကောင်းခြင်းများဖြစ်ခဲ့သည့်အပြင် ထိုအကြောင်းအရာကိုပင် အဖန်ဖန်တွေးရင်း စိတ်ထဲ ရှက်ခြင်း၊၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်လာရပေသည်။
ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးဆုံးရှုံးပြီး တစ်ကနေပြန်စရမည်ဆိုပါက မကြုံဖူးသည့်အတွက် ၀မ်းနည်းပူဆွေးရခြင်း၊ ရောဂါများ ဖိစီးနှိပ်စက်ကာ သေစေနိုင်သည့်ရောဂါဆိုးများ ၀င်လာပြီဆိုလျှင် စိတ်ဓါတ်အကြီးအကျယ်ကျဆင်းခြင်း၊ ရံဖန်ရံခါ ကိုယ်ကျင့်တရားဖေါက်ပျက်ကာ ကျူးလွန်မိပြီးပါမှ ပြန်လည်နောင်တရ၍ စိတ်မကောင်းခြင်း၊စိတ်ဆင်းရဲခြင်းစသည်တို့ဖြစ်ကြပေသည်၊ ထိုသို့ဖြစ်ခြင်းများသည် စိတ်ရင်ပြင်တွင် ကိလေသာအရောင်များကို မမောနိုင်မပန်းနိုင် ခြယ်သနေကြခြင်းဖြစ်ပေသည်။
ဘ၀တွင် အခြွေအရံအသင်းအပင်းပြည့်စုံသည့်အပြင် ပစ္စည်းဥစ္စာကြွယ်ဝစွာဖြင့် ချမ်းသာပျော်ရွှင်စွာ နေခဲ့ရသည့် အခြေအနေအပေါ်မူတည်၍ ၀မ်းမြောက်ပျော်ရွှင်ခြင်း၊ သာယာခြင်း၊စွဲလန်းခြင်း၊တပ်မက်ခြင်းများ ဖြစ်ကြရသည်၊ သက်ရှိသက်မဲ့ ပစ္စည်းများ ရရှိလာလျှင် ထိုပစ္စည်းအပေါ်ကြောင့်ကျစိတ်ဖြစ်ရခြင်း၊ မရှိလျှင် တောင့်တစိတ်ဖြစ်ရခြင်းဖြင့် ဘ၀တွင် ကိလေသာအရောင်များကို နေ့စဉ် ခြယ်သနေကြပေသည်။ ထိုသို့ဆိုလျှင် ဘ၀ပန်းချီကားချပ်ကြီးသည် အရုပ်ဆိုးအကျည်းတန်၍ တန်ဖိုးမရှိသော ဘ၀ပန်းချီကားချပ်ကြီးတစ်ခုအဖြစ် တည်ရှိနေပေတော့မည်။ ထိုမကောင်းသည့်ပန်းချီကားကို ဆွဲမိ၍ သူ့အတွက် ဘ၀အရမတော်သေး ဟု ဆိုရချေမည်။
သို့ဖြစ်လျှင် ဘ၀အရတော်စေရန် တန်ဖိုးရှိသော ဘ၀ပန်းချီကားချပ်ကြီး ပီပီပြင်ပြင်ဖြစ်ဖို့အရေး မည်သို့လုပ်ဆောင်သင့်သနည်း ဟူမူ………ဘ၀ပန်းချီကားချပ်ကြီး ပီပီပြင်ပြင်ဖြစ်စေရန် ဘ၀အကြောင်းကို သုတေသနပြုကြရပေမည်၊ ထိုသို့ ဘ၀အား သုတေသနပြုခြင်းကို inside knowledge (၀ိပဿနာ) ဟုခေါ်ဆိုခဲ့ကြပါသည်။
ဘ၀အကြောင်းသိနိုင်ရန် လူသားတိုင်းတွင် ရှိရမည့် အရင်းအနှီးမှာ အာတာပီခေါ်သည့်ဝီရိယ၊ သမ္ပဇာန ခေါ်သည့် ပညာ ၊ သတိ ခေါ်သည့် အမှတ်ရမှု ဟု သုံးမျိုးဖြစ်ပါသည်။
ဤတွင် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးက အာတာပီ ဟူသောပုဒ်ကို (ကိလေသာအစေး စိတ်အညစ်ကြေးတို့ကို ပူနွေးသွေ့ခြောက်ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန်လုံ့လ၀ီရိယရှိသည်ဖြစ်၍ (၀ါ) အပြင်းအထန်ကြိုးစားအားထုတ်သည်ဖြစ်၍)ဟု ဘာသာပြန်ထားရာ ဘ၀ကို အတွင်းကျကျသိရှိရန် အပြင်းအထန်ကြိုးစားအားထုတ်ကြရမည် ဟု အဓိပ္ပါယ်ပေါ်လွင်နေပေသည်။ ထို့ကြောင့် inside knowledge ၀ိပဿနာအားထုတ်ရာ၌ လျော့ရဲစွာ အားထုတ်၍ မရနိုင်၊အပြင်းအထန်ကြိုးစားအားထုတ်မှရနိုင်သည်ဟု သိထားရပေမည်၊ ယခုခေတ်သည် အမှန်တကယ်ကြိုးစားရမည့်ခေတ် ဖြစ်နေသည်ကိုလည်း သတိပြုသင့်ပေသည်။ ထို့ကြောင့် ယခုခေတ်တွင် ဘ၀အကြောင်းကို သိရှိရန် အလွယ်လမ်းလိုက်ကာ ဖြတ်လမ်းရှာနေကြသူတို့ သတိပြုဖွယ်တစ်ရပ် ဖြစ်ပါသည်။
သမ္ပဇာန (ပညာ)ဟူသည် ဘ၀ခန္ဓာတွင် ဖြစ်ပေါ်လာသော သဘာဝတရားများကို အမှန်အတိုင်း၊အရှိကိုအရှိအတိုင်းသိနေရမည့် ပညာဖြစ်ပေသည်။(သွား၊ရပ်၊ထိုင်၊လျောင်း တို့တွင်ဖြစ်ပေါ်သော အာရုံတိုင်းကို အမှန်အတိုင်းသိရမည်ဟူလို)
သတိသည် ဘ၀ခန္ဓာ၏ သဘောကို အမှန်အတိုင်းသိမြင်နိုင်စေရန် ကောင်းစွာအမှတ်ရမှု(ရှုမှတ်မှု)ကို ဆိုလိုသည်။
ဤတွင် ကိုယ်အမူအရာ ထင်ရှားဖြစ်ပေါ်တိုင်း ကြောင့်ကြစိုက်ကာ အရှိကိုအရှိအတိုင်း အမှတ်ရမှု (ရှုမှတ်မှု)ရှိရပါမည်၊ ရုပ်ခန္ဓာ၏သဘာဝကို စောင့်ကြည့်ကာ မပြတ်ဒလစပ် မှတ်သိမှု ပြုပေးမည်ဆိုပါက ရုပ်ခန္ဓာ၏ သဘာဝကို ပညာဥာဏ်ဖြင့် သိမြင်လာမည်ဖြစ်ပေသည်။(ကာယာနုပဿနာ)
စိတ်ခန္ဓာနှင့်စပ်လျဉ်း၍ သုတေသနပြုကြရာဝယ် ခံစားမှုသဘာဝကို ခံစားရသည့်အတိုင်း မပြတ်ဒလစပ် မှတ်သိမှုပေးမည်ဆိုပါက ခံစားမှု၏ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သိမြင်လာပေလိမ့်မည်၊ ခံစားမှုသည် စာပေတွင် သုံးမျိုးပြထားပါသည်၊(၁)ချမ်းသာသော ခံစားမှု၊ (၂)ဆင်းရဲသောခံစားမှု၊(၃) ဆင်းရဲသည်လည်းမဟုတ်၊ချမ်းသာသည်လည်းမဟုတ်သည့် အလယ်အလတ်ခံစားမှု တို့ဖြစ်သည်၊ ထိုခံစားမှုတို့ တွင် ချမ်းသာသည့်ခံစားမှုကို ခံစားရလျှင် ချမ်းသာသည့် ခံစားမှု ဟု သိနေရပါမည်၊ (ခံစားမှုတစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေပုံ မမြဲပုံကို သိမြင်ရပါမည်)။
ဆင်းရဲသည့်ခံစားမှုကို ခံစားရလျှင် ဆင်းရဲသည့်ခံစားမှုဟု သိရပါမည်၊ မဆင်းရဲ၊မချမ်းသာ မဆိုးမကောင်းခံစားမှုကို ခံစားရလျှင်လည်း မဆင်းရဲ မချမ်းသာ မဆိုးမကောင်းသည့် ခံစားမှုဟု သိရပါမည်။(ဆင်းရဲသည့်ခံစားမှုသည် တစ်ချိန်နှင့်တစ်ချိန်မတူ ပြောင်းလဲနေပုံ ဖေါက်ပြန်နေပုံတို့ကို သိမြင်နေရပါမည်)။
မဆိုးမကောင်းခံစားရလျှင်လည်း မဆိုးမကောင်းကို ခံစားသည်ဟု သိမြင်နေရပါမည်။(ဝေဒနာနုပဿနာ)
စိတ်သည် အချိန်နှင့်အမျှပြောင်းလဲနေသည့်အားလျော်စွာ စိတ်တစ်ခုနှင့်တစ်ခုသည်လည်း မတူညီကြပေ၊ လိုချင်မှု၊ အလိုမကျမှု စိတ်ပျံ့လွင့်မှု၊ ပူပန်မှု ၊ တွန့်ဆုတ်မှု၊ ပျင်းရိမှု ယုံမှားသံသယဖြစ်မှု စသဖြင့် စိတ်အမျိုးစုံ အဖုံဖုံဖြစ်နေပေသည် ၊ထိုအခြင်းအရာကို စိတ်အမူအရာဟု ခေါ်ဆိုရပေသည်၊ ထိုစိတ်အမူအရာဖြစ်တိုင်း လိုချင်လျှင် လိုချင်သည့်စိတ်ကို သိရပါမည်၊ အလိုမကျလျှင် အလိုမကျသည့်စိတ်ကို သိရပါမည်၊ စိတ်ပျံ့လွင့်လျှင် ပျံ့လွင့်သည့်စိတ်ကို သိရပါမည်၊ ပူပန်လျှင် ပူပန်သည့်စိတ်ကို သိရပါမည်၊ တွန့်ဆုတ်လျှင် တွန့်ဆုတ်သည့်စိတ်ကို သိရပါမည်၊ ပျင်းရိလျှင် ပျင်းရိသည့်စိတ်ကို သိရပါမည်၊ သံသယဖြစ်လျှင် သံသယဖြစ်သည့်စိတ်ကိုလည်း သိရပါမည်၊ ထိုကဲ့သို့ စိတ်ဖြစ်ပေါ်တိုင်းကို အမှန်အတိုင်း သိမြင်မှုများလာလေလေ စိတ်အကြောင်းကို ပို၍သိလေလေ ဖြစ်ပေသည်၊ ထိုသို့သိမှုရင့်ကျက်လာလျှင် ဘ၀အကြောင်းကိုလည်း ပိုင်နိုင်စွာသိမြင်ကာ မကြာမီ ဘ၀မှ လွတ်မြောက်မှုရရှိကာ ငြိမ်းချမ်းသာယာစွာနေနိုင် ပေလိမ့်မည်။(စိတ္တာနုပဿနာ)
တဖန် သဘာဝတရားများကို လည်း အမှန်အတိုင်းသိနေရပါမည်၊ ပူသည့်သဘော ၊အေးသည့်သဘော၊ မာသည့်သဘော၊ပျော့သည့် သဘော၊ ထောက်ကန်လှုပ်ရှားသည့်သဘော၊ စိုထိုင်းသည့်သဘော ၊ ရွေ့လျားသည့်သဘော ၊ပေါ့သည့်သဘော၊လေးသည့်သဘောစသဖြင့် သဘောတရားများထင်ရှားပေါ်လာလျှင် ထိုသဘောတရားများကိုလည်း အမှန်အတိုင်းသိနေရ ပါမည်။ (ဓမ္မာနုပဿနာ)
ဤသို့ဖြင့် ကိုယ်အမူအရာ၊ ခံစားမှုအမူအရာ၊ စိတ်အမူအရာ၊သဘာတရားစသည်တို့၌ ကြိုးစားအားထုတ်မှု၊ ရှုမှတ်မှု၊ အမှန်အတိုင်းသိမှုတို့ကို အရင်းအနှီးပြုကာ ဖြစ်ပေါ်လာတိုင်း သိနေရ(ရှုမှတ်နေရ)ပါသည်။ ရှုမှတ်မှု အခြေတကျဖြစ်သည့်အခါ ဖြစ်ပေါ်လာသည့်တရားများသည် မပြတ်ဖြစ်ပျက်နေသည့်အတွက် မမြဲပုံ(မတည်မြဲပုံ)ကို ဥာဏ်မျက်စိဖြင့် သိမြင်လေတော့သည်၊ ထိုသို့သိမြင်သောအခါ ဖြစ်ပေါ်သမျှတို့တွင် လိုချင်မှု၊အလိုမကျမှု၊စိတ်တိုင်းမကျမှုများ လျော့ပါးလာလေသည်။ ဤသည်ပင်လျှင် စိတ်ခန္ဓာကြီး၌ ကုသိုလ် အဖြူရောင်များ ခြယ်သနေကြသည်ဟုခေါ်ဆိုရပါသည်။
ထိုသို့ကုသိုလ်အဖြူရောင်များကို ခြယ်သနိုင်လေ ယခင်ကစွဲထင်နေသော အကုသိုလ်အရောင်များသည် တဖြေးဖြေး အရောင်ဖြော့၍ ကုသိုလ်အရောင်တို့ဖြင့် လင်းလက်စေကာ ဘ၀ပန်းချီကးချပ်ကြီးသည် တန်ဖိုးမဖြတ်နိုင်သည့် ဘ၀ပန်းချီကားကြီးအဖြစ်သို့ ရောက်ရှိလာခဲ့ပေတော့မည်။
ဆိုခဲ့ပြီးသည့် ဘ၀အကြောင်း သုတေသနပြုချက်များသည် ဘ၀လွတ်မြောက်ကြောင်းအကျင့်ဖြစ်သောကြောင့် ထိုအကျင့်သည် ဘ၀အတွက် အားဆေးတစ်ခွက်ဟု ဆိုရမည့်အပြင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဘ၀အကြောင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်သော ဘ၀ပန်းချီကားချပ်ကို ဆွဲတတ်ကြပါစေဟု ဆန္ဒပြုရင်း………..။

Twitter Delicious Facebook Digg Stumbleupon Favorites More