ဘ၀ပန်းချီကားချပ် ဆွဲတတ်ကြပါစေ
ဘ၀ရှိကြသူများသည် ရုပ်နာမ် နှစ်ခု အရင်းပြုထားကြသော သူများဖြစ်ကြပေသည်၊ ထို့ကြောင့် ဘ၀အကြောင်းပြောလျှင် ရုပ်အကြောင်း နာမ်အကြောင်းများ မပါလျှင် မပြီးနိုင်သကဲ့သို့ ဘ၀ကိုသုတေသနပြုလျှင် ရုပ်အကြောင်းကို သုတေသနပြုကြရသည့်အပြင် နာမ် ဟုခေါ်သည့် စိတ်အကြောင်းကိုလည်း သုတေသနပြုကြရပေတော့မည်။
ထိုသို့သုတေသနပြုကြရာဝယ် ဥပမာ နွားတို့၏ ဦးဆောင်သွားရာဆီသို့ နောက်မှ လှည်းအိမ်ကြီးက လိုက်ပါကြရစမြဲ ဖြစ်ပေသည်၊
ထို့အတူ ဘ၀ကြီးကိုလည်း စိတ်တရားကပင် ဦးဆောင်နေပါသည်၊ (စိတ္တေန နီယတိ လောကော) ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ ပေသည်။
ဘ၀အနိမ့်အမြင့်ကို ဖန်တီးကြရာဝယ် နာမ်ဟုခေါ်သည့် စိတ်ရင်ပြင်တွင် အရောင်အသွေးမျိုးစုံအောာင် ခြယ်သထားကြရာ လိုချင်မှုအာရုံဖြစ်လျှင် စိတ်တွင် လောဘဟူသည့် အရောင်အသွေး ထင်ကျန်ရစ်ခဲ့သကဲ့သို့၊ အလိုမကျမှုအာရုံဖြစ်လျှင် စိတ်တွင် ဒေါသအရောင်အသွေး ထင်ကျန်ရစ်ခဲ့ပေသည်။ လောဘ ၊ ဒေါသ ကိလေသာအရောင်အသွေးမျိုးစုံစွာ ခြယ်သခံခဲ့ရသော စိတ်သည် ညစ်နွမ်းမှုများစွာဖြင့် ဘ၀သည်အဆင့်နိမ့်ကျခြင်းသို့ ရောက်ရှိခဲ့ပေတော့သည်။
စာရေးသူ ရဟန်းစတင်ဝတ်စဉ်က သတိပဌာန်တရားအားထုတ်မှုအတွက် အချိန်ပေးနိုင်ရန် ရဟန်းဝတ်လာသည်ဟု ရိုးသားစွာ ၀န်ခံပါသည်၊ သို့နှင့်ရဟန်းဝတ်ခါစအချိန်တွင် သတိပဌာန်တရားအားထုတ်မှုကို အချိန်များစွာပေးခဲ့ပေသည်၊ နောင်တွင် သာသနာ့ဝန်ထမ်းရဟန်းဘ၀ကို တစ်သက်လုံး ခံယူမည်ဟု ဆုံးဖြတ်ထားပါက ပရိယတ္တိစာပေ သင်ယူရမည်ဖြစ်ကြောင်း ဆရာသမားများ၏ ဆုံးမသြ၀ါဒအရ စာပေများကို အထိုက်အလျောက် သင်ကြားဖြစ်ခဲ့ပါသည်၊ ဤတွင် စာပေသင်ယူခြင်းဖြင့်လည်း တစ်ဖက်က ဝေယျာဝစ္စများဖြင့် အလုပ်များလုပ်ခဲ့ရသော နေ့ရက်များဆိုလျှင် “အော်…..ငါ့ဘ၀ ရဟန်းသာလုပ်လာရတယ်၊ ဒီလိုသာ ဝေယျာဝစ္စများနေမယ်ဆိုရင် လူ့ဘ၀နှင့်ဘာမှမခြား၊ လူထွက်တာကကောင်းပါဦးမယ်” ဟု အလိုမကျမှုများဖြင့် စိတ်ရင်ပြင်တွင် ကိလေသာအရောင်များကို ခြယ်သချင်တိုင်းခြယ်သနေပေတော့သည်။
တစ်နေ့သ၌ ဖခင်ကြီး ကျောင်းသို့ရောက်လာစဉ် ရင်ထဲက တွေးမိသောအကြောင်းကို ဖခင်ကြီးအား ပြောပြသောအခါ “အရှင်ဘုရား……. အခုရဟန်းဘ၀ အလုပ်နဲ့ လူ့ဘ၀အလုပ်ဟာ နှိုင်းယှဉ်လို့ မရပါဘူးဘုရား၊ ရဟန်းဘ၀၌ ဝေယျာဝစ္စအလုပ်သည် မယားကျွေးမှု၊သားကျွေးမှုမပါတဲ့အတွက် ဘယ်လောက်ပဲ လုပ်ရလုပ်ရ ရတနာသုံးပါးနဲ့စပ်တဲ့ လုပ်ငန်းများချည်းဖြစ်တဲ့အတွက် ကုသိုလ်ရပါတယ်ဘုရား…ရတနာသုံးပါးနဲ့စပ်တဲ့ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်ရလေ ကုသိုလ်ရလေလေပါပဲဘုရား….၊ လူ့ဘ၀လုပ်တဲ့အလုပ်ကတော့ လိုချင်မှုဦးစီးပီး လုပ်ရတဲ့အတွက် အကုသိုလ်များလှပါတယ်ဘုရား…. အတွေးမလွဲစေချင်ပါဘူးဘုရား……..” ဟု ဖခင်ကြီးပြောလိုက်သောစကားကြောင့် စာရေးသူ၏ စိတ်ထဲ ဖေါ်မပြနိုင်သော အင်အားတစ်ရပ်ကို ခံစားလိုက်ရသကဲ့သို့ ရဟန်းဘ၀အတွက်လည်း တန်ဖိုးမဖြတ်နိုင်သော အားဆေးတစ်ခွက်ဖြစ်ခဲ့သည့်အပြင် စိတ်တွင်ထင်ကျန်နေသည့် ကိလေသာအရောင်သွေးလည်း လျော့ပါးခဲ့ရပေသည်၊ ဤသည်မှာ ဖခင်တို့၏ သားသမီးအပေါ်ထားရှိ သည့် အဖြူရောင်စိတ်ပင် ဖြစ်ချေသည်။
လောကလူသားများသည် နေ့စဉ်နေ့တိုင်း ဘ၀ကို အရောင်မျိုးစုံတို့ဖြင့် ခြယ်သနေကြသည်မှာ ပန်းချီဆရာတစ်ယောက်၏ ဆွဲလက်စ ပန်းချီကားနှင့်တူလှပေသည်၊ ပန်းချီဆရာသည် မပြီးပြတ်သေးသော သူ၏ပန်းချီကားကို စိတ်တိုင်းကျဖြစ်အောင် နေ့စဉ်နေ့တိုင်း အရောင်မျိုးစုံတို့ဖြင့် ရေးဆွဲနေသကဲ့သို့ လောကလူသားများသည် မပြီးပြတ်သေးသော ဘ၀ပန်းချီကားချပ်တွင် နေ့စဉ်နေ့တိုင်း ကိလေသာ အရောင်မျိုးတို့ကို စိတ်တိုင်းကျဖြစ်အောင် ခြယ်သနေကြပေသည်။
လူ့လောကထဲရောက်စဉ်ကနေ ယခုအချိန်အထိ ဘ၀တွင် ခါးသီးသော အကြောင်းအရာတို့ဖြင့် ရင်ဆိုင်ခဲ့ရသည်လည်းရှိပေမည်၊ ဆွေမျိုးများနှင့်အမိအဘညီအစ်ကိုမောင်နှမတို့ဖြင့် ရှင်ကွဲ(သို့) သေကွဲ ကွဲရသည့်အခါတွင် စိုးရိမ်ပူဆွေးသောကပရိဒေ၀မီးများ တောက်လောင်ကာ စိတ်တွင် ဒေါသကိလေသာအရောင်များကို ထင်ကျန်ရစ်စေခဲ့ပေသည်၊ တစ်ခါတစ်ရံ ကိုယ်နှင့်မဆိုင်သည့် အကြောင်းအရာများကိုသော်မှ ကိုယ်နှင့်ဆိုင်သည့်နှယ် အငှားဝင်ယူပြီး အဟုတ်ကြီးထင်ကာ ဒေါသအရောင်ဆိုးပေးခဲ့ဖူးပေါင်းလည်း များလှလေပြီ။
တစ်ခါတစ်ရံ မိမိအလွန်နှစ်သက်သည့် ပစ္စည်းကို သုံးစွဲလို့မှ အားမရသေး ပျောက်ဆုံးသွားပြီဆိုလျှင် နမြောတသသ ယူကြုံးမရဖြစ် ကာ စိတ်မကောင်းခြင်းများဖြစ်ခဲ့သည့်အပြင် ထိုအကြောင်းအရာကိုပင် အဖန်ဖန်တွေးရင်း စိတ်ထဲ ရှက်ခြင်း၊၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်လာရပေသည်။
ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးဆုံးရှုံးပြီး တစ်ကနေပြန်စရမည်ဆိုပါက မကြုံဖူးသည့်အတွက် ၀မ်းနည်းပူဆွေးရခြင်း၊ ရောဂါများ ဖိစီးနှိပ်စက်ကာ သေစေနိုင်သည့်ရောဂါဆိုးများ ၀င်လာပြီဆိုလျှင် စိတ်ဓါတ်အကြီးအကျယ်ကျဆင်းခြင်း၊ ရံဖန်ရံခါ ကိုယ်ကျင့်တရားဖေါက်ပျက်ကာ ကျူးလွန်မိပြီးပါမှ ပြန်လည်နောင်တရ၍ စိတ်မကောင်းခြင်း၊စိတ်ဆင်းရဲခြင်းစသည်တို့ဖြစ်ကြပေသည်၊ ထိုသို့ဖြစ်ခြင်းများသည် စိတ်ရင်ပြင်တွင် ကိလေသာအရောင်များကို မမောနိုင်မပန်းနိုင် ခြယ်သနေကြခြင်းဖြစ်ပေသည်။
ဘ၀တွင် အခြွေအရံအသင်းအပင်းပြည့်စုံသည့်အပြင် ပစ္စည်းဥစ္စာကြွယ်ဝစွာဖြင့် ချမ်းသာပျော်ရွှင်စွာ နေခဲ့ရသည့် အခြေအနေအပေါ်မူတည်၍ ၀မ်းမြောက်ပျော်ရွှင်ခြင်း၊ သာယာခြင်း၊စွဲလန်းခြင်း၊တပ်မက်ခြင်းများ ဖြစ်ကြရသည်၊ သက်ရှိသက်မဲ့ ပစ္စည်းများ ရရှိလာလျှင် ထိုပစ္စည်းအပေါ်ကြောင့်ကျစိတ်ဖြစ်ရခြင်း၊ မရှိလျှင် တောင့်တစိတ်ဖြစ်ရခြင်းဖြင့် ဘ၀တွင် ကိလေသာအရောင်များကို နေ့စဉ် ခြယ်သနေကြပေသည်။ ထိုသို့ဆိုလျှင် ဘ၀ပန်းချီကားချပ်ကြီးသည် အရုပ်ဆိုးအကျည်းတန်၍ တန်ဖိုးမရှိသော ဘ၀ပန်းချီကားချပ်ကြီးတစ်ခုအဖြစ် တည်ရှိနေပေတော့မည်။ ထိုမကောင်းသည့်ပန်းချီကားကို ဆွဲမိ၍ သူ့အတွက် ဘ၀အရမတော်သေး ဟု ဆိုရချေမည်။
သို့ဖြစ်လျှင် ဘ၀အရတော်စေရန် တန်ဖိုးရှိသော ဘ၀ပန်းချီကားချပ်ကြီး ပီပီပြင်ပြင်ဖြစ်ဖို့အရေး မည်သို့လုပ်ဆောင်သင့်သနည်း ဟူမူ………ဘ၀ပန်းချီကားချပ်ကြီး ပီပီပြင်ပြင်ဖြစ်စေရန် ဘ၀အကြောင်းကို သုတေသနပြုကြရပေမည်၊ ထိုသို့ ဘ၀အား သုတေသနပြုခြင်းကို inside knowledge (၀ိပဿနာ) ဟုခေါ်ဆိုခဲ့ကြပါသည်။
ဘ၀အကြောင်းသိနိုင်ရန် လူသားတိုင်းတွင် ရှိရမည့် အရင်းအနှီးမှာ အာတာပီခေါ်သည့်ဝီရိယ၊ သမ္ပဇာန ခေါ်သည့် ပညာ ၊ သတိ ခေါ်သည့် အမှတ်ရမှု ဟု သုံးမျိုးဖြစ်ပါသည်။
ဤတွင် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးက အာတာပီ ဟူသောပုဒ်ကို (ကိလေသာအစေး စိတ်အညစ်ကြေးတို့ကို ပူနွေးသွေ့ခြောက်ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန်လုံ့လ၀ီရိယရှိသည်ဖြစ်၍ (၀ါ) အပြင်းအထန်ကြိုးစားအားထုတ်သည်ဖြစ်၍)ဟု ဘာသာပြန်ထားရာ ဘ၀ကို အတွင်းကျကျသိရှိရန် အပြင်းအထန်ကြိုးစားအားထုတ်ကြရမည် ဟု အဓိပ္ပါယ်ပေါ်လွင်နေပေသည်။ ထို့ကြောင့် inside knowledge ၀ိပဿနာအားထုတ်ရာ၌ လျော့ရဲစွာ အားထုတ်၍ မရနိုင်၊အပြင်းအထန်ကြိုးစားအားထုတ်မှရနိုင်သည်ဟု သိထားရပေမည်၊ ယခုခေတ်သည် အမှန်တကယ်ကြိုးစားရမည့်ခေတ် ဖြစ်နေသည်ကိုလည်း သတိပြုသင့်ပေသည်။ ထို့ကြောင့် ယခုခေတ်တွင် ဘ၀အကြောင်းကို သိရှိရန် အလွယ်လမ်းလိုက်ကာ ဖြတ်လမ်းရှာနေကြသူတို့ သတိပြုဖွယ်တစ်ရပ် ဖြစ်ပါသည်။
သမ္ပဇာန (ပညာ)ဟူသည် ဘ၀ခန္ဓာတွင် ဖြစ်ပေါ်လာသော သဘာဝတရားများကို အမှန်အတိုင်း၊အရှိကိုအရှိအတိုင်းသိနေရမည့် ပညာဖြစ်ပေသည်။(သွား၊ရပ်၊ထိုင်၊လျောင်း တို့တွင်ဖြစ်ပေါ်သော အာရုံတိုင်းကို အမှန်အတိုင်းသိရမည်ဟူလို)
သတိသည် ဘ၀ခန္ဓာ၏ သဘောကို အမှန်အတိုင်းသိမြင်နိုင်စေရန် ကောင်းစွာအမှတ်ရမှု(ရှုမှတ်မှု)ကို ဆိုလိုသည်။
ဤတွင် ကိုယ်အမူအရာ ထင်ရှားဖြစ်ပေါ်တိုင်း ကြောင့်ကြစိုက်ကာ အရှိကိုအရှိအတိုင်း အမှတ်ရမှု (ရှုမှတ်မှု)ရှိရပါမည်၊ ရုပ်ခန္ဓာ၏သဘာဝကို စောင့်ကြည့်ကာ မပြတ်ဒလစပ် မှတ်သိမှု ပြုပေးမည်ဆိုပါက ရုပ်ခန္ဓာ၏ သဘာဝကို ပညာဥာဏ်ဖြင့် သိမြင်လာမည်ဖြစ်ပေသည်။(ကာယာနုပဿနာ)
စိတ်ခန္ဓာနှင့်စပ်လျဉ်း၍ သုတေသနပြုကြရာဝယ် ခံစားမှုသဘာဝကို ခံစားရသည့်အတိုင်း မပြတ်ဒလစပ် မှတ်သိမှုပေးမည်ဆိုပါက ခံစားမှု၏ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သိမြင်လာပေလိမ့်မည်၊ ခံစားမှုသည် စာပေတွင် သုံးမျိုးပြထားပါသည်၊(၁)ချမ်းသာသော ခံစားမှု၊ (၂)ဆင်းရဲသောခံစားမှု၊(၃) ဆင်းရဲသည်လည်းမဟုတ်၊ချမ်းသာသည်လည်းမဟုတ်သည့် အလယ်အလတ်ခံစားမှု တို့ဖြစ်သည်၊ ထိုခံစားမှုတို့ တွင် ချမ်းသာသည့်ခံစားမှုကို ခံစားရလျှင် ချမ်းသာသည့် ခံစားမှု ဟု သိနေရပါမည်၊ (ခံစားမှုတစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေပုံ မမြဲပုံကို သိမြင်ရပါမည်)။
ဆင်းရဲသည့်ခံစားမှုကို ခံစားရလျှင် ဆင်းရဲသည့်ခံစားမှုဟု သိရပါမည်၊ မဆင်းရဲ၊မချမ်းသာ မဆိုးမကောင်းခံစားမှုကို ခံစားရလျှင်လည်း မဆင်းရဲ မချမ်းသာ မဆိုးမကောင်းသည့် ခံစားမှုဟု သိရပါမည်။(ဆင်းရဲသည့်ခံစားမှုသည် တစ်ချိန်နှင့်တစ်ချိန်မတူ ပြောင်းလဲနေပုံ ဖေါက်ပြန်နေပုံတို့ကို သိမြင်နေရပါမည်)။
မဆိုးမကောင်းခံစားရလျှင်လည်း မဆိုးမကောင်းကို ခံစားသည်ဟု သိမြင်နေရပါမည်။(ဝေဒနာနုပဿနာ)
စိတ်သည် အချိန်နှင့်အမျှပြောင်းလဲနေသည့်အားလျော်စွာ စိတ်တစ်ခုနှင့်တစ်ခုသည်လည်း မတူညီကြပေ၊ လိုချင်မှု၊ အလိုမကျမှု စိတ်ပျံ့လွင့်မှု၊ ပူပန်မှု ၊ တွန့်ဆုတ်မှု၊ ပျင်းရိမှု ယုံမှားသံသယဖြစ်မှု စသဖြင့် စိတ်အမျိုးစုံ အဖုံဖုံဖြစ်နေပေသည် ၊ထိုအခြင်းအရာကို စိတ်အမူအရာဟု ခေါ်ဆိုရပေသည်၊ ထိုစိတ်အမူအရာဖြစ်တိုင်း လိုချင်လျှင် လိုချင်သည့်စိတ်ကို သိရပါမည်၊ အလိုမကျလျှင် အလိုမကျသည့်စိတ်ကို သိရပါမည်၊ စိတ်ပျံ့လွင့်လျှင် ပျံ့လွင့်သည့်စိတ်ကို သိရပါမည်၊ ပူပန်လျှင် ပူပန်သည့်စိတ်ကို သိရပါမည်၊ တွန့်ဆုတ်လျှင် တွန့်ဆုတ်သည့်စိတ်ကို သိရပါမည်၊ ပျင်းရိလျှင် ပျင်းရိသည့်စိတ်ကို သိရပါမည်၊ သံသယဖြစ်လျှင် သံသယဖြစ်သည့်စိတ်ကိုလည်း သိရပါမည်၊ ထိုကဲ့သို့ စိတ်ဖြစ်ပေါ်တိုင်းကို အမှန်အတိုင်း သိမြင်မှုများလာလေလေ စိတ်အကြောင်းကို ပို၍သိလေလေ ဖြစ်ပေသည်၊ ထိုသို့သိမှုရင့်ကျက်လာလျှင် ဘ၀အကြောင်းကိုလည်း ပိုင်နိုင်စွာသိမြင်ကာ မကြာမီ ဘ၀မှ လွတ်မြောက်မှုရရှိကာ ငြိမ်းချမ်းသာယာစွာနေနိုင် ပေလိမ့်မည်။(စိတ္တာနုပဿနာ)
တဖန် သဘာဝတရားများကို လည်း အမှန်အတိုင်းသိနေရပါမည်၊ ပူသည့်သဘော ၊အေးသည့်သဘော၊ မာသည့်သဘော၊ပျော့သည့် သဘော၊ ထောက်ကန်လှုပ်ရှားသည့်သဘော၊ စိုထိုင်းသည့်သဘော ၊ ရွေ့လျားသည့်သဘော ၊ပေါ့သည့်သဘော၊လေးသည့်သဘောစသဖြင့် သဘောတရားများထင်ရှားပေါ်လာလျှင် ထိုသဘောတရားများကိုလည်း အမှန်အတိုင်းသိနေရ ပါမည်။ (ဓမ္မာနုပဿနာ)
ဤသို့ဖြင့် ကိုယ်အမူအရာ၊ ခံစားမှုအမူအရာ၊ စိတ်အမူအရာ၊သဘာတရားစသည်တို့၌ ကြိုးစားအားထုတ်မှု၊ ရှုမှတ်မှု၊ အမှန်အတိုင်းသိမှုတို့ကို အရင်းအနှီးပြုကာ ဖြစ်ပေါ်လာတိုင်း သိနေရ(ရှုမှတ်နေရ)ပါသည်။ ရှုမှတ်မှု အခြေတကျဖြစ်သည့်အခါ ဖြစ်ပေါ်လာသည့်တရားများသည် မပြတ်ဖြစ်ပျက်နေသည့်အတွက် မမြဲပုံ(မတည်မြဲပုံ)ကို ဥာဏ်မျက်စိဖြင့် သိမြင်လေတော့သည်၊ ထိုသို့သိမြင်သောအခါ ဖြစ်ပေါ်သမျှတို့တွင် လိုချင်မှု၊အလိုမကျမှု၊စိတ်တိုင်းမကျမှုများ လျော့ပါးလာလေသည်။ ဤသည်ပင်လျှင် စိတ်ခန္ဓာကြီး၌ ကုသိုလ် အဖြူရောင်များ ခြယ်သနေကြသည်ဟုခေါ်ဆိုရပါသည်။
ထိုသို့ကုသိုလ်အဖြူရောင်များကို ခြယ်သနိုင်လေ ယခင်ကစွဲထင်နေသော အကုသိုလ်အရောင်များသည် တဖြေးဖြေး အရောင်ဖြော့၍ ကုသိုလ်အရောင်တို့ဖြင့် လင်းလက်စေကာ ဘ၀ပန်းချီကးချပ်ကြီးသည် တန်ဖိုးမဖြတ်နိုင်သည့် ဘ၀ပန်းချီကားကြီးအဖြစ်သို့ ရောက်ရှိလာခဲ့ပေတော့မည်။
ဆိုခဲ့ပြီးသည့် ဘ၀အကြောင်း သုတေသနပြုချက်များသည် ဘ၀လွတ်မြောက်ကြောင်းအကျင့်ဖြစ်သောကြောင့် ထိုအကျင့်သည် ဘ၀အတွက် အားဆေးတစ်ခွက်ဟု ဆိုရမည့်အပြင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဘ၀အကြောင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်သော ဘ၀ပန်းချီကားချပ်ကို ဆွဲတတ်ကြပါစေဟု ဆန္ဒပြုရင်း………..။
Wednesday, July 9, 2008
ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၃)
Posted in: ဆောင်းပါး
0 comments:
Post a Comment