ကောင်းသောည ဖြစ်ပါစေ
လောကတွင် တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြသည့်အခါတွင်ဖြစ်စေ ခွဲခွာကြသည့်အခါတွင်ဖြစ်စေ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်းသော ညပါ၊ ဟု အချိန်ကာလအပေါ်မူတည်၍ နှုတ်ဆက်ကြသည်မှာ လောကဓမ္မတာသဘောဖြစ်ပါသည်။
ထိုကဲ့သို့ နှုတ်ဆက်ကြသည့်အတိုင်း လူသားတို့၏ ဘ၀အတွက် ကောင်းသောအချိန်များကို ဖြတ်သန်းခဲ့ကြရပါသလား၊ ကောင်းသောအချိန်ကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုရာဝယ် ဘ၀တွင်အရာရာ ပြည့်စုံစွာဖြင့် ဖြတ်သန်းခြင်းကို ကောင်းသောဖြတ်သန်းခြင်းဟုခေါ်တာလား၊ ချစ်သောသူနှင့်တူနှစ်ကိုယ် ကြည်နူးမှုဖြင့် အချိန်ကုန်စေသည်ကိုပဲ ခေါ်ဆိုရမည်လော၊ လိုချင်သည့်အရာများ စိတ်တိုင်းကျရလာသည့်အတွက် ၀မ်းပမ်းတသာ အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ပျော်ရွှင်စရာ စိတ်ကျေနပ်ဖွယ်ရာ အတွေးလေးများဖြင့် အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ဆွေမျိုးသားသမီးအသိုင်းဝိုင်းဖြင့် ပျော်ရွှင်စွာ အချိန် ကုန်လွန်မှုများနှင့် ခရီးသွားလည်ပတ်ခြင်းဖြင့် အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ လောပေါင်းများစွာဖြင့်…..တွေးတောစရာဖြစ်နေ သည်။
လောကလူသားများသည် မွေးလာကတည်းက ယခုအချိန်အထိ ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်။ တစ်နှစ်တွင် (၃၆၅)ရက်ရှိ၍ ညပေါင်း(၃၆၅)ညကို ဖြတ်သန်းခဲ့ရချေပြီ၊ ၁၀ နှစ်ဆိုလျှင် ညပေါင်း (၃၆၅၀)ညကို ဖြတ်သန်းခဲ့ရလေပြီ။ ထိုဖြတ်သန်းခဲ့သော ညများတွင် ကောင်းသောညသည် မည်မျှ ရှိခဲ့ပါသနည်း၊ ကောင်းသောညကို ရေတွက်နိုင်ရန် ထိုကောင်းသောညသည် မည်သည့်ညမျိုး ဖြစ်ပါသနည်း၊ ကောင်းသည်ကို မည်သည့် စံနှုန်းဖြင့် သတ်မှတ်ရပါမည်နည်း။
ဘုရားရှင်လက်ထက်တော်အခါက ဘ၀ကောင်းကို ရရှိခဲ့သော ဘုရင်အဇာတသတ်သည် တန်ဖိုးရှိသော ဘ၀ကောင်းကိုရရှိခဲ့ပါ သော်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးမချခဲ့ပေ၊ ဆရာပေါင်းမှား၍ ဖခင်အားသတ်ပြီး နန်းတက်သည်အထိ မိုက်တွင်းနက်ခဲ့ပေသည်၊ ထို့အတူ ယနေ့ခေတ်လူငယ်လူရွယ်များသည် တန်ဖိုးရှိသော လူ့ဘ၀ကို မကောင်းသော အပြုအမူ ၊ အပြောအဆို၊ အနေအထိုင်တို့ဖြင့် တန်ဖိုးမဲ့အောင် မလုပ်မိကြပါစေနှင့်၊ လူ့ဘ၀တိုတောင်းလှသည့်အချိန်လေးအတွင်း လိုချင်မှုအားကြီး၍ မရရအောင် မတရားသောနည်းဖြင့် ရှာဖွေယူခြင်း(၀ိသမလောဘ)၊ လိုချင်တာမရ၍ အလိုမကျဖြစ်ကာ ကြမ်းတမ်းသောဒေါသဖြင့် မိဘဆရာသမားညီအစ်ကိုမောင်နှမအပေါ်တွင် ထင်တိုင်းကြဲကာ ရမ်းကားခြင်းစသည့် အကျည်းတန်သော လုပ်ရပ်များသည် ဘ၀တွင် တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးပစ်ရာရောက်နေပါသည်။
လူသားဝန်းကျင်တွင် မိသားစု စားဝတ်နေရေး ပြေလည်စေရန် နည်းမျိုးစုံတို့ဖြင့် ရှာဖွေနေကြသည်ဖြစ်ရာ မဲညစ်သည့်စိတ်နှင့် ရှာဖွေခြင်းဖြင့် အချိန်ကို မကုန်လွန်စေဘဲ၊ စိတ်ကိုပြုပြင်ကာ နူးညံ့သောစိတ်ဖြင့် ရှာဖွေကြရပါမည်၊ မည်သည့်အကြောင်းပင်ဖြစ်စေ စိတ်နှလုံးနူးညံ့စွာဖြင့် ပြုမူပြောဆိုဆက်ဆံကြမည်ဆိုပါက အလုပ်လုပ်ရင်း ကုသိုလ်များရယူနိုင်သည့်အပြင် ဘ၀နောင်ခါအတွက်လည်း အားကိုးစရာများ ပါသွားနိုင်ကြမည်ဖြစ်ပါသည်၊ မည်သို့ပင်ဖြစ်စေ တန်ဖိုးရှိသောအချိန်များကို တန်ဖိုးရှိစွာ အကျိုးရှိရှိကုန်လွန်စေဖို့ အလွန်ပဲအရေးကြီးလှသည်၊ သို့မဟုတ်ပါက အချိန်သည် လူကိုမစောင့် ဟူသည့်အတိုင်း တိုတောင်းလှသော ဘ၀တစ်ခုကို မကြာမီ ကုန်လွန်သွားတော့မည်။ ဘ၀တစ်ခု မဆိတ်သုဉ်းမီ ဘ၀တွင် အဓိပ္ပါယ်ရှိရှိ နေထိုင်ပြောဆို ကျင့်သုံးတတ်ရန်အရေးကြီးပေသည်၊ သို့မှသာ ဘ၀၏ တန်ဖိုးရှိသည့်အချိန်များကို ကောင်းစွာ ဖြတ်သန်းနိုင်ပေမည်။
ဤတွင် ကောင်းသောည၏ စံနှုန်းသတ်မှတ်မှုအတွက် တိကျသောအဖြေရရှိနိုင်ရန် ပိဋကတ်တော်များတွင် ဟိုဟိုဒီဒီ ရှာဖွေမွှေနောက်မိရာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဍာသပါဠိတော် ၀ိဘင်္ဂ၀ဂ် ဘဒ္ဒေကရတ္တသုတ်၌ တွေ့ရပါသည်။ ဘဒ္ဒေကရတ္တ ဆိုသည်မှာ (ဘဒ္ဒ = ကောင်းသော၊ ဧက ရတ္တ=ညစ်တစ်ည) ကောင်းသော ညတစ်ည ဖြစ်ပါသည်။
ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့သည် လွန်မြောက်ခဲ့ပြီဖြစ်သဖြင့် ဖြစ်ပြီးသည့် အကြောင်းအရာများကို ပြန်လည်တွေးမည်ဆိုလျှင် ထိုတွေးမိသည့်အချိန်တိုင်း မိန်းမောသာယာဖွယ်ရာများ၊ စွဲမက်စရာအာရုံများ၊ အညိုးမပြေတေးမှတ်ခြင်း အာဃာတများ၊ မလိုမုန်းထားမှုများစသည်တို့ဖြင့် စိတ်တွင် ပြည့်နှက်နေပေတော့မည်။
တဖန် မဖြစ်သေးသည့် အနာဂတ်ကာလဆီသို့လည်း မျှော်မှန်းတမ်းတနေတတ်ပေသေးသည်၊ နောင်အနာဂတ်ဆိုသည်မှာ မသေချာ မရေရာပေ၊ သို့သော်လည်း ထိုမသေချာသည့် အကြောင်းအရာများကိုမှ မျှော်ကာမှန်းတမ်းတကြသည်၊ ထိုသို့မျှော်ကာ တွေးမိတိုင်း မိန်းမောသာယာဖွယ်ရာများ၊ စွဲမက်စရာအာရုံမျာ၊ အငြိုးမပြေ တေးမှတ်ခြင်း အာဃာတများ၊ မလိုမုန်းထားမှုများစသည်တို့ဖြင့် စိတ်တွင် ပြည့်နှက်နေပေတော့မည်။
ထိုသို့ အတိတ်အကြောင်းကို အစဉ်လိုက်၍ မျှော်တွေးခြင်း၊မသေချာမရေရာသည့် အနာဂတ်အကြောင်းများကို မျှော်မှန်းတမ်းတခြင်းဖြင့် ညစ်ထေးပွေလီသည့် စိတ်များသာ ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသည်၊ ဤသို့ဆိုလျှင် ကောင်းသောည ဖြစ်နိုင်ပါဦးမည်လော………….။
ထို့ကြောင့် မြတ်ဗုဒ္ဓက……
အတိတ်ကိုပြန်မတွေးပါနှင့်၊ အတိတ်တရားဆိုသည်မှာ လွန်မြောက်ခဲ့လေပြီ၊ အနာဂတ်တရားကိုလည်း မမျှော်မှန်းနှင့်၊ အနာဂတ် တရားဆိုသည်မှာ ရောက်မလာသေးပေ၊ ပစ္စုပ္ပန် ဖြစ်ဆဲအချိန်တွင် ယခုဖြစ်ဆဲတရားများကို ထူးခြားစွာသိမြင်ရမည်၊ ဤတွင် မိမိသဏ္ဍာန်တွင် တဏှာ၊မာန၊ဒိဋ္ဌိတို့ဖြင့် မယွင်းမှားရလေအောင် ဖြစ်ဆဲတွင် ထူးခြားစွာ(၀ိပဿနာ)ရှုမြင်ရမည်၊ ဟုဟောတော်မူခဲ့ပေသည်၊ (ဤနေရာ၌ ၀ိပဿနာရှုရာဝယ် အတိတ်ကိုလည်း ရှုရမည်၊ အနာဂတ်ကိုလည်း ရှုရမည်ဟု ၀ါဒအဆန်းတို့သည် ဘုရားဟောသည်နှင့် မကိုက်ညီသည်ကို သတိထားရပါမည်၊)
ဤ၌ ဖြစ်ဆဲဟူသည် မြင်ဆဲ၊ကြားဆဲ၊နံဆဲ၊စားဆဲ၊ ထိဆဲ၊သိဆဲ တို့၌ မြင်သည့်သဘော၊ကြားသည့်သဘော၊နံသည့်သဘော၊ စားသည့်သဘော၊ထိသည့်သဘော၊ တွေးသည့်သဘောတရားများကို ရှုသိရပေသည်၊ ထိုသို့ရှုသိရာ၌ ဖြစ်ပေါ်လာပြီးလျှင် မတည်မြဲ၊ ကုန်ပျောက်သည့်သဘောတရားမျာအား သိမြင်အောင်ရှုခြင်းကို ထူးခြားစွာ သိမြင်ခြင်း(၀ိပဿနာရှုခြင်း)ဟုခေါ်ပါသည်၊ နေ့အချိန်တွင် ထိုကဲ့သို့ ဖြစ်လာသောသဘာဝဓမ္မများကို ထူခြားစွာရှုသိခြင်းသည် ကောင်းသောနေ့အချိန်ကို ဖြတ်သန်းခြင်းဟု ခေါ်ဆိုသကဲ့သို့ အကာလ ညအခါ တွင် ထူးခြားစွာရှုသိခြင်း(၀ိပဿနာရှုခြင်း)ဖြင့် အချိန်ကို ကုန်လွန်စေခဲ့လျှင် ထိုညကိုပင် ကောင်းသောညတစ်ညကို ဖြတ်သန်းနိုင်ခဲ့ပေသည်ဟု ဆိုရပေမည်။
ထိုအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားလက်ထက်တော်အခါက သာဝတ္ထိမြို့ကို အစိုးရသော ကောသလမင်းကြီးသည် တိုင်းပြည်၏ အစွန်အဖျားနားတွင် သူပုန်ရန်ထကြွသောင်းကျန်းနေသဖြင့် မငြိမ်မသက်ဖြစ်နေသည်ကို အေးချမ်းစေရန် သူ၏ အထူးအားကိုးရသည့် သန္တတိအမတ်ကြီးအား စေခိုင်းခဲ့၏၊ သူပုန်ရန်ကို ငြိမ်းချမ်းအောင် နှိမ်နင်းတိုက်ခိုက်ချေမုန်းနိုင်လျှင် မင်းစည်းစိမ် (၇)ရက်တိုင်တိုင် ခံစားရမည်ဟုလည်း အမိန့်တော်ရှိသဖြင့် အမိန့်တော်ကို မလွန်ဆန်ဝံ့ရကား သန္တတိအမတ်ကြီး ဦးစီးသည့် တပ်ဖွဲ့ကြီးသည် တိုင်းစွန်ပြည်ဖျားသွားကာ သူပုန်ရန်ကို နှိမ်နင်းခဲ့ပေသည်။
ထိုအမတ်ကြီးသည် သူပုန်ရန်ကို တိုက်ခိုက်ချေမုန်း၍ အောင်မြင်သောအခါ တိုင်းပြည်သို့ ပြန်လည်ရောက်ရှိလာပါသည်၊ ကောသလဘုရင်၏ ကတိအတိုင်း သန္တတိအမတ်ကြီးအား မင်းစည်းစိမ် (၇)ရက်ကြာသည်အထိ ခံစားစေခဲ့သည်။
အမတ်ကြီးသည် တိုင်းရေးပြည်ရာကိစ္စမပါဘဲ မင်းစည်းစိမ်ချည်းသက်သက် (၇)ရက်ကြာသည်အထိ အပျော်ကြီးပျော်ကာ ခံစားခဲ့ပါသည်၊ သို့နှင့် အမတ်ကြီအား ကပြဖျော်ဖြေနေသော ကချေသည်မလေးသည် ရုတ်တရက် အရုပ်ကြိုးပြတ် လဲကျ သေဆုံးသွားရရှာသည်၊ အမတ်ကြီး၏ ရှေ့မှောက်တွင် သေဆုံးသွားသည့်အတွက် သူ၏နှလုံးသားတွင် ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့လေသည်၊( He was seriously hurt in his heart.)
ပိယတေ ဇာယတေ သောကော ….အမတ်ကြီးသည် ကချေသည်အပေါ်တွင် အလွန်ချစ်ရာကနေ ဖြစ်ပေါ်လာသော ပူဆွေးသောက တို့ပင်တည်း၊ အမတ်ကြီးသည် သူ၏သောကအပူတို့ကို ငြိမ်းပေးနိုင်မည့်သူသည် လောကတွင် မြတ်ဗုဒ္ဓမှတစ်ပါး အခြားမရှိနိုင်၊ မြတ်ဗုဒ္ဓထံသွား မှဖြစ်မည် ဟုဆိုကာ မကြာမီ မြတ်ဗုဒ္ဓ အထံတော်သို့ ရောက်ရှိပြီး အကျိုးအကြောင်းလျှောက်ထားရာ မြတ်ဗုဒ္ဓက….
“အမတ်ကြီး… ဖြစ်ခဲ့ပြီးသည့် အကြောင်းများကိုတွေး၍ ဖြစ်ပေါ်နိုင်သည့် ကိလေသာများကို ခြေက်သွေ့ပါစေ……”တဲ့၊
ရှေးယခင်က ဖြစ်ခဲ့သည်များကို ပြန်လည်တသ တွေးတောနေလျှင် လောဘစသည့် ကိလေသာများ ဖြစ်နိုင်သည်၊ ထိုကိလေသာများ မဖြစ်စေရန် ရှုမှတ်ရပါမည်၊ ရှုမှတ်ခြင်းဟူသည် ဖြစ်ဆဲသဘောတရားများကို ရှုမှတ်ရမည် ဖြစ်သည်၊ ထိုဖြစ်ဆဲကို ရှုမှတ်မှသာလျှင် ဖြစ်ခဲ့ပြီးသည့် အကြောင်းများကို မစဉ်းစားမိတော့ပေ၊ မစဉ်းစားမိလျှင် ဖြစ်ခဲ့ပြီးသည့်အကြောင်းနှင့်ပတ်သက်၍ ကိလေသာမဖြစ်တော့ပေ၊ စဉ်းစားမှုဖြစ်ပေါ်လာလျှင်လည်း စဉ်းစားမှုကို ပြတ်အောင်ရှုမှတ်ရပေမည်။
အမတ်ကြီးသည် ထိုအကြောင်းကို သဘောပေါက်၍ စွဲလန်းခဲ့သည့် အမျိုးသမီးငယ်အား ပြန်လည်စဉ်းစားမိတိုင်း စိတ်ကို ရှုမှတ်ခြင်းဖြင့်လည်းကောင်း၊ ရှေးအခြေအနေကို ပြန်မစဉ်းစားမိစေရန် ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်ခဲ့ပါသည်၊
“အမတ်ကြီး…..နောင်မဖြစ်သေးသည့် အကြောင်းကိုတွေး၍ ကိလေသာမဖြစ်ပါစေနှင့်……..”တဲ့၊
အမတ်ကြီးသည် ထိုအကြောင်းကို သဘောပေါက်၍ အမျိုးသမီးငယ်နှင့် နောင်တွင် အတူတကွပေါင်းသင်းလိုမှု လောဘတဏှာကိလေသာများဖြစ်သည့်အပြင် သေဆုံးသည့်အတွက် နောင်တွင် “အမျိုးသမီးလေးနှင့်တွေ့ရမှာ မဟုတ်တော့ဘူး” ဟု စဉ်းစားမိကာ ဒေါသကိလေသာများ ဖြစ်ခဲ့သည် ၊ ထို့ကြောင့် ကြိုတင်၍ စဉ်းစားမိတိုင်း စိတ်ကို ရှုမှတ်ခြင်းဖြင့်လည်းကောင်း၊ နောင်ဖြစ်လာမည့်တရားများကို မစဉ်းစားမိစေရန် ဖြစ်ခိုက်ရိုက်နာမ်ကို မပြတ်ရှုမှတ်ခြင်းဖြင့်လည်းကောင်း ကိလေသာမှ ငြိမ်းအေးနိုင်မည် ဖြစ်သည်။
ဖြစ်ဆဲပစ္စုပ္ပန်တွင်လည်း စဉ်းစားတွေးတောမှု မဖြစ်အောင်နှင့် စဉ်းစားတွေးတောမိလျှင်လည်း ဖြစ်ခိုက်ရုပ်နာမ်များ မပြတ်ရှုမှတ်ခြင်းဖြင့် လောဘစသည့် ကိလေသာမှ ငြိမ်းနိုင်ပေသည်။
ထိုအကြောင်းကို အမတ်ကြီးသည် မြတ်ဗုဒ္ဓထံမှ တရားနာယူဆဲတွင် ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်လိုက်ရာ တရားတော်ဆုံး သည်နှင့် သန္တတိအမတ်ကြီးသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊ ဤသို့ဖြင့် သန္တတိအမတ်ကြီးသည် ကောင်းသော နေ့တစ်နေ့ (သို့) ကောင်းသောညတစ်ညကို တန်ဖိုးရှိရှိ အောင်မြင်စွာဖြတ်ကျော်ခဲ့ပေတော့သည်။
သို့ဆိုလျှင် လောကလူသားများသည် ဖြစ်ခိုက်ကိုရှုမှတ်နိုင်ရန် မည်သည့်ရက်ကို ရွေးကြမည်နည်း၊ နေ့ကောင်းရက်သာရွေးရကြရမည်ဟု တွေးစရာရှိပေသည်၊ ထိုအတွက် မြတ်စွာဘုရားက……..
အဇ္ဇေ၀ ကိစ္စံ မာတပ္ပံ ကောဇညာ မရဏံ သုဝေ၊ နဟိနော သင်္ဂရံတေန မဟာသေနေန မစ္စုနာ။
အဓိပ္ပါယ်ကား…….ထိုဖြစ်ခိုက်ရုပ်နာမ်ရှုမှတ်ရန် နက်ဖြန် သဘက်ခါ မရွေးပါနှင့် ယခုပင်လျှင် ပြုလုပ်ပါတော့ ဟု မိန့်တော်မူခဲ့သည်၊ အဘယ့်ကြောင့်နည်း……မနက်ဖန်တွင် သေရမည်ဆိုသည်ကို သာမန်လူ မဆိုထားနှင့် မည်သည့်တန်ခိုးကြီးနတ်များတောင်မှ မသိနိုင်ပေ၊ သေမင်း၏ စစ်တပ်များစွာဖြင့် တိုက်ခိုက်ခံနေရသည့်အတွက် မနက်ဖြန်မှ သေမည်ဟု သေမင်းနှင့် ငြိမ်းချမ်းရေးပြုလုပ်၍လည်း မရပေ၊ သေမင်း၏စစ်တပ်ဆိုသည်မှာ အနာမျိုး (၉၆)ပါးသော ရောဂါဝေဒနာမျိုးစုံကို ခေါ်ပါသည်၊ ထို့ကြောင့် သေမင်းသည်လည်း တစ်ခြားမှာ မရှိပေ၊ သေမင်းဟူသည် မိမိကိုယ်ကိုပင်ဖြစ်သည်၊
တစ်ခါက တီဗွီဇာတ်လမ်းထဲတွင် ဒါယိကာမက ဒါယကာအား
“အဖိုးကြီး အသက်ဘယ်လောက်ရှိပြီလဲ…..”
“ရှင်မရေ ငါ့အသက် ၁၇ နှစ်ပဲရှိသေးတယ်လေ….ဟဲဟဲ”
“အမလေး….ရှင်ပြောတာနဲ့ သေမင်းကြားသွားလို့ ရှင့်ကို ငရဲပြည်ကလာခေါ်လိမ့်မယ်၊”
“ဟ…. ငါ့အသက်ကို ပြောင်းပြန်ပြန်လိုက်ရင် ၇၁ နှစ်ပေါ့ဟ” ဟု ပြောကြရာတွင် သူတို့အထင်မှတ်နေသည်မှာ သေမင်းဆိုသည် တစ်ခြား၌ ရှိသည်ဟု မှတ်ထင်နေကြသည်၊ အမှန်စင်စစ် သေမင်းဟူသည် အဝေး၌ မရှိ၊ သေမင်းကို တွေ့ချင်သည်ဆိုလျှင် မိမိအရှေ့တွင် မှန်ထောင်ကြည့်ခြင်းဖြင့် မှန်ထဲတွင်ပေါ်လာသော အရုပ်သည် သေမင်းပင်ဖြစ်နေပေတော့သည်။ (သတိချပ်ဖွယ်)၊
ဆိုလိုသည်မှာ သေမင်းနှင့် ငြိမ်းချမ်းရေး ပြုလုပ်၍ မရသဖြင့် မသေစေရန် အာမမခံနိုင်ပေ၊ ထို့ကြောင့် မိမိလုပ်ရမည့်အလုပ်ကို ယနေ့ပင် (ယခုပင်)လုပ်လိုက်ပါတော့ ဟု မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည်၊ ၄င်းနှင့်ပတ်သက်၍ ရက်ရာဇာ၊ပြဿနား နက္ခတ်အဆိုးအကောင်း ရွေးနေကြသော သူများ သတိပြုရန် အထူးလိုအပ်ပါသည်။
အချူပ်ဆိုရသော် ကောင်းသောညတစ်ညကို အောင်မြင်စွာဖြတ်သန်းနိုင်ရန်အတွက် ဖြစ်ခိုက်သဘာဝဓမ္မတရားကို မပြတ်ရှုမှတ်ခြင်း ဖြင့် ကျော်ဖြတ်ကြပါစို့ ဟုဆန္ဒပြုရင်း……..
Saturday, July 26, 2008
ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၄)
Posted in: ဆောင်းပါး
0 comments:
Post a Comment