My diary ခေါ်သည့် ကျွန်ပ်၏ နေ့စဉ်မှတ်တမ်းကို ရေးခဲ့သည်မှာ ကြာခဲ့ပြီဟုဆိုရချေမည်၊ နေ့စဉ်မှတ်တမ်းဆိုသည်မှာ နေ့စဉ်ကိုယ် တွေ့ကြုံခံစားရသည်များကို စကားလုံးအဆင့်သို့ ရောက်မလာဘဲ၊ စာအဖြစ်သို့ ရောက်ရှိအောင် ရေးရသည်ကို ခေါ်သည်ထင့်၊သို့သော် လည်းစာရေးသူသည် နေ့စဉ်မှတ်တမ်းဆိုသည့်အတိုင်း နေ့စဉ်ရေးဖြစ်သည်ကား တစ်လနှစ်လ စသည်တော့ ရှိပါသည်၊ တစ်ခါတစ်ရံ လုံးဝမရေးဖြစ် သည်ကြားထဲ ကွန်ပျူတာ၏ နှိပ်စက်မှု၊ပညာပြမှုကြောင့် ရေးထားသည့် မှတ်တမ်းများ ပျက်သွားရသည့်အခါ နောင်ရေးချင်စိတ်မရှိအောင် ဖြစ်ခဲ့ရသည်၊ သည်လိုနှင့်စာရေးသူ့ဒိုင်ယာရီကား ရေးချင်သည့်နေ့ရေးပြီး မရေးချင်သည့်အခါတွင် မရေးဖြစ်သည့်အပြင် ယခင်က ရေးထားသည့် နေ့စဉ်မှတ်တမ်းများလည်း မရှိတော့ အော်……..သမိုင်းကြောင်း (History)လိုက်ကာ ကောက်ကြောင်းရှာမည်ဆိုလျှင် လွယ်အံ့မထင်ပေ။
ယနေ့ (၁၉)ဂျုလိှုင် မမေ့နိုင်…. ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် နိုင်ငံသူ/သားများအား မည်သည့်အခါမျှ မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်ပါသည်။
စာရေးသူအတွက်လည်း သည်နေ့သည်အချိန်သည် မည်သို့မျှ မမေ့နိုင်ခဲ့ချေ၊ အဘယ်ကြောင့်နည်း……. စာရေးသူသည် (19,july,2009) အာဇာနည်နေ့၊ ညသန်းကောင်ယာမ်တွင် တုနှိုင်းမမီ (၁)ဆောင်းပါးကို အောင်မြင်စွာရေးသားပြီးစီးခဲ့ကာ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ရသည့်အတွက်ကြောင့် သည်နေ့သည်အချိန်ကို မည်သည့်အခါမျှ မေ့နိုင်မည် မထင်ပေ။ ကိုယ့်ဇာတိဖြစ်သည့် မွေးရပ်မြေကို(native)ကို မည်သူမှ မမေ့နိုင်သကဲ့သို့ပင်။
အော်……စာပေနယ်ထဲရောက်လာသည်မှာ ဘာလိုလိုနဲ့ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ၊ စာရေးသူ၏ စာရေးသက်တမ်းသည် တစ်နှစ်သားအရွယ်သို့ပင် ရောက်ခဲ့ပေမယ့် လူ့လောကအလယ်သို့ ရောက်ခဲ့သည်ကား (၅၂)နှစ်သို့ပင်တိုင်ခဲ့ချေပြီ၊ သေမင်းနှုတ်ခမ်း တစ်ဝက်နင်းမိနေချေပြီ၊ ယခင်က အကြောင်းတစ်ခုခုကြောင့် စာရေးရလျှင် စာကြောင်းရေ သုံးကြောင်းထက်ပို၍ မရေးတတ်သည်က တစ်ကြောင်း၊ ၀ါသနာမပါသည်ကတစ်ကြောင်း အပျင်းထူသည်ကတစ်ကြောင်း အကြောင်းသုံးကြောင်းကြောင့် စာပေနှင့်မရင်းနှီးခဲ့ပေ၊ အသက်(၅၁)နှစ်သို့ရောက်သောအခါ မမျှော်လင့်ဘဲ ဆရာဝင်းမြအောင်၏ ကျေးဇူးကြောင့် စာရေးဆရာမ မြတ်နိုးရှင်း(မြိတ်)နှင့် တွေ့ဆုံရင်းနှီးခဲ့ရကာ သူ၏ လမ်းညွန်မှု၊အားပေးကူညီမှုတွေကြောင့် စာပေနယ်ထဲသို့ ရောက်ခဲ့ရာကနေ ယခုဆိုလျှင် တုနှိုင်းမမီ ဓမ္မရသစာစုများကို စာအုပ်အဖြစ် ထုတ်နိုင်ရန်အတွက် စာပေစီစစ်ရေးတင်ထားသည့်အဆင့်သို့ပင် ရောက်နေချေပြီ၊ သိရသည်မှာ စီစစ်ရေးက နောက်တစ်ပတ်ထဲ ကျမည်…တဲ့၊ မကြာမီ တုနှိုင်းမမီ စာအုပ်အဖြစ်နှင့် မြန်မာပြည်သူ/ပြည်သားများနှင့် ပြည်ပရောက်မြန်မာ လူမျိုးများလက်ဝယ်သို့ ရောက်ရှိပေတော့မည်။
ထိုအကြောင်းကို တွေးကာ စာရေးသူပျော်ခဲ့ရပါသည်။ သည်တွင်မက ဆောင်းပါးရေးပြီးသည့် အချိန်တိုင်း ဖေါ်မပြနိုင်သော ပီတိတွေ ဖြစ်ခဲ့ရသည်ကား စာရေးသူပါ၊ ထိုထက်ပို၍ပီတိဖြစ်ခဲ့ရသည်ကား တုနှိုင်းမမီ (၁)ဆောင်းပါး ရေးပြီးခါစ သန်းကောင်ယာမ်အချိန် ခံစားဖြာဝေခဲ့ရသည့် ပီတိကိုကား ဗြဟ္မာကြီးများ၏ ပီတိတောင်မှ မမှီနိုင်ဟု တင်စားရလောက်အောင်ပင် အတိုင်းအဆမရှိ ပီတိဖြာဝေခဲ့ရပါသည်၊ ဤသည်မှာ စာရေးဆရာတိုင်းရဲ့ သဘာဝပေပဲ ဟု ထင်မိပါသည်။
Thursday, July 24, 2008
၁၉ဂျုလှိုင် မေ့ပါနိုင်
Posted in: အတွေးအမြင်
0 comments:
Post a Comment