Tuesday, July 1, 2008

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၁)

ဘ၀နဲ့ပတ်သက်၍ လူ့ဝန်းကျင်တွင် ဆင်းရဲစွာ ရှာဖွေစားသောက်ရပြီး ခက်ခဲပင်ပန်းစွာ လှုပ်ရှားကြရသည်ကိုပဲ ‘ဘ၀သမားတွေ’ ဟု ပြောဆိုယူဆဟန်ရှိသည်၊ အမှန်ကားဆင်းရဲပြီး ခက်ခဲစွာရုန်းကန်လှုပ်ရှားမှသာ ဘ၀သမား ဟုခေါ်သည်မဟုတ်၊ ချမ်းသာသည့်ဘ၀သည်လည်း ဘ၀သမားဖြစ်သကဲ့သို့ အလွှာမျိုးစုံအရောင်အသွေးမျိုးစုံတို့မှ ပုဂ္ဂိုလ်အသီးသီးသည်လည်း ဘ၀သမားပင်ဖြစ်၏၊ အမှန်စင်စစ် ရုပ်နာမ်ခန္ဓာရလာသူအားလုံးသည် ဘ၀ ဟူသည့်ဘောင်ထဲတွင် အကြုံးဝင်ပေသည်။

တစ်ချို့သောသူများသည် ခက်ခဲပင်ပန်းမှုမရှိ ချမ်းသာစွာနေရသောခါ “ငါ့ဘ၀အစစအရာရာအဆင်ပြေပြီး အားလုံးပြည့်စုံနေတဲ့အတွက် လူဖြစ်ရတဲ့ဘ၀ဟာ ပျော်စရာကောင်းလိုက်တာ” ဟုဘ၀ကို အကောင်းဖက်က ရှုမြင်သုံးသပ်ကြသကဲ့သို့ ခက်ခဲပင်ပမ်းစွာ ရုန်းကန်လုပ်ရှုားရပြီး ဘ၀တွင်ခါးသီးသော အတွေ့များကို ခါးစီးခံရသောအခါ ဘ၀ရလာတာကိုပင် မကျေနပ်၊ ဘ၀ကနေ ရုန်းထွက်ချင်စိတ်တွေ ဖြစ်ပေါ်၍နေကာ ဘ၀ကို အဆိုးဖက်က ရှုမြင်သုံးသပ်ကြပေသည်။
ထိုသို့ဘ၀ကို အကောင်းအဆိုးနှစ်ရပ်ဖြင့် ရှုမြင်သုံးသပ်ခြင်းသည် ဓမ္မဖြင့် ရှုမြင်သုံးသပ်သည်ဟု မခေါ်ဆိုနိုင်ပေ၊ ဘ၀သည် အမြဲတမ်းပြောင်းလဲနေသည့်အတွက် တည်မြဲသော သဘောမရှိချေ၊ ဖြစ်ပေါ်လာတိုင်းသောအရာများသည် ကုန်ပျောက်ခြင်းသဘော သာရှိသည့်အတွက် ဆင်းရဲအစုအဝေးသာ ဖြစ်ချေသည်၊ တစ်ခါတစ်ရံ ဘ၀မှာနေရသည်မှာ အဓိပ္ပါယ်မရှိသလို ခံစားရသည့်အပြင် မျှော်လင့်ချက်မရှိ ဘ၀ကြီးခြောက်သွေ့ငြီးငွေဖွယ် အသွင်ကို ဆောင်နေချေတော့သည်၊ ထိုကဲ့သို့ သိမြင်ခြင်းသည် ဘ၀ကို ဓမ္မဖြင့် ရှုမြင်သည်ဟု ခေါ်ဆိုရပေသည်။
ယနေ့လောကလူသားများရဲ့ ဘ၀ကို အချိန်မရွေး ရဲတင်းစွာ ၀င်ရောက်နှောက်ယှက်တတ်ပြီး မည်သည့်အချိန်အထိ နှောက်ယှက် နေဦးမည်မသိ၊ ကိုယ့်သဘောသို့ လုံးဝမလိုက်၊ သူ့သဘောအတိုင်း ခြယ်လှယ်ခြင်တိုင်းခြယ်လှယ်လျှက်ရှိသည့်အပြင် အစိုးမရသောသဘောကိုလည်း ဆောင်နေသည့်အတွက်ကြောင့် လူသားများ၏ဘ၀သည် လုံခြုံမှု လုံးဝမရှိပေ၊ ထိုအရာကား ကြီးရင့်ခြင်း၊ အနာရောဂါရှိခြင်း၊ သေဆုံးခြင်းဟူသော ဘ၀၏ဘေးဆိုးကြီးများပင်ဖြစ်ပါသည်။
စာအုပ်ထုတ်ရန်ကိစ္စဖြင့် ရန်ကုန်သို့ရောက်သည်မှာ မကြာသေး၊ အဖျားရောဂါက အားမနာတမ်း ၀င်ရောက်နှောက် ယှက်ခံရပါတော့သည်၊ အဖျားဝင်လာသည်ဆိုလျှင် နောက်နားကနေ လစ်ရင်လစ်သလို အပိုင်တွယ်ရန် အခွင့်အလမ်းစောင့်နေသည့် သွေးတိုး ရောဂါကလည်း “ ငါလည်းကြုံတုန်း ၀င်မွှေဦးမှ” ဟုဆိုကာ သွေးပရက်ရှာက (၁၈၀/၁၀၀) အထိ အံ့သြဖွယ်ရာ တက်လာပါတော့သည်။
ယခင်က ဤမျှလောက် ပရက်ရှာမတက်ဖူးပေ၊ သူက စာရေးသူအား ပယ်ပယ်နှယ်နှယ် နှောက် ယှက်နေပေတော့သည်၊ စာဖြင့် ဖေါ်ပြ၍ မရနိုင်အောင် အခံရခက်လိုက်ပါဘိ၊
အခံရခက်၊အနေခက်လွန်းသည့်အတွက် ဆေးခန်းသွားပြဖြစ်ပါသည်၊ ဆေးခန်းနာမည်က ( )ဆေး ခန်းဖြစ်ပါသတဲ့……၊
ထိုဆေးခန်းကား ရန်ကုန်မြို့တွင် အထက်တန်းကျ၍ ခေတ်မီသော ဆေးခန်းတစ်ခုဖြစ်သည့်အားလျော်စွာ တော်ရုံလူနာများ မတက်နိုင်ပါ၊ အထက်တန်းလွှာ ငွေတတ်နိုင်သော သူများမှ တက်နိုင်သည်၊ ထိုဆေးခန်းတွင် တက်ရသော လူနာများမှာ ငွေသောက်သောက်လည်း ကုန်ပါသည်၊ ငွေကုန်သလောက်လည်း ၀န်ဆောင်မှုက ကောင်းလှပါသည်၊ ထို့ကြောင့်ငွေကုန်သည်မှာ မဆန်းပေ၊ စာရေးသူ ဤဆေးခန်းသို့တက်ရောက်နိုင်သည်မှာ ငွေပေါ၍မဟုတ်ပါ၊ အလှူရှင်၏ အကူအညီနှင့်သာ တက်နိုင်ပါသည်။
သို့နှင့် ဆေးခန်းတွင် စာရေးသူ၏ အဖျားရောဂါအားစစ်ဆေးလိုက်ကြသည်မှာ ၁း၃၀နာရီမှ ၄ နာရီအထိ နှစ်နာရီခွဲ ကြာအောင် စစ်ဆေးကြပါသည်၊ နာမည်ကြီး အထက်တန်းကျသည့်ဆေးခန်း မို့ထင်ပါသည်၊ ဆေးခန်းရှိ ၀န်ထမ်းများကလည်း စေတာနာထက်သန်ကြသည့်အပြင် ဖေါ်ရွေမှုလည်းရှိကြသောကြောင့် စာရေးသူအတွက် နွေးထွေးမှုရှိလှပါသော်လည်း ရောဂါနှင့်ပတ်သက်၍ လူနာနှင့်ဆရာဝန်ဆွေးနွေးမှုကို အချိန်သိပ်မပေးနိုင်ကြပေ၊ အလုပ်များလွန်းသည်ထင့်…။
ဒီကြားထဲ သူနာပြုတစ်ဦးက ဆေးတစ်လုံးထိုးပေးအပြီး “အရှင်ဘုရား…..ဘွဲ့တော်က ဦးကောဝိဒ ဆိုတော့ မဇ္ဈိမဂုဏ်ရည် ဦးကောဝိဒ များလားဘုရား..” ဟု အခံခက်သည့်ကြားထဲမှ စာရေးသူအား နောက်နေလောမသိ၊ ရှိစေတော့…….မည်သို့မျှ ပြန်လည် တုံ့ပြန်စကား မဆိုမိတော့၊ အခံခက် အနေခက်နေသည်ကိုး….။
လူသားတိုင်း၏ ဘ၀ကို အနာရောဂါများက အမြဲတမ်းစိုးမိုးနေရုံမျှမက ဆင်းရဲသား၊ သူဋ္ဌေးသား၊ နိုင်ငံ့ခေါင်းဆောင်စသည်များရယ်ဟု ထိုအနာရောဂါများက မျက်နှာမလိုက်တတ်ပေ၊ အနာရောဂါသာမက အိုမှု၊ သေမှုတရားများကလည်း ထို့အတူပင်ဖြစ်သည်၊ သူ့ထက်ငါ အလုအယက် ၀င်ရောက်နှောက်ယှက်ကာ ပယ်ပယ်နှယ်နှယ်ကြီးကို ခြယ်လှယ်ခံနေကြရပေသည်။
လောကတွင် နေရသည်မှာပျော်သည်၊ အဓိပ္ပါယ်ရှိသည်ဟု မည်မျှပင်ဆိုစေကာမူ အနာရောဂါများ ခြယ်လှယ်ခံရ၊ ခံစားရသည့်အခါတွင် မပျော်ရွှင်နိုင်တော့သည့်အပြင် နေရတာလည်း အဓိပ္ပါယ်မဲ့သလို ခံစားရသည်။ ယခုမှသာမဟုတ် ရှေးယခင်ကတည်းက လူသားများအား အခြယ်အလှယ်ခံခဲ့ရပေသည်၊ ယခုလည်းခံရတုန်း၊နောင်လည်းမည်မျှ ခံရဦးမည်ကို တတ်အပ် သေချာ မဆိုသာချေ။
ဥပမာ သိပ္ပံပညာရှင်များသည် အကြောင်းအရာတစ်ခု၏သဘောသဘာဝကို သိချင်လျှင် အချိန်ကာလအတိုင်းအတာတစ်ခု အထိ သေချာစွာ သုတေသနပြုကြရပါသည်၊ သတ္တ၀ါအကြောင်းကို အတွင်းကျကျသိချင်လျှင် သတ္တ၀ါများနှင့် အနီးကပ် ထိတွေ့ကာ သုတေသနပြုကြရပါသည်။ သို့သော်လည်း………လူများ၏ဘ၀အကြောင်းကို အတွင်းကျကျသိချင်သည်ဆိုလျှင် လူအများအား အချိန်ကုန်ခံ၍ ပင်ပင်ပမ်းပမ်း လိုက်လံလေ့လာစရာမလိုဘဲ မိမိဘ၀ကိုပင် မိမိသုတေသနပြုခြင်းဖြင့် လူသားများ၏ သဘောသဘာဝကို သိလာနိုင်ပေသည်၊ လူတို့၏ အမျိုးအမျိုးအဖုံဖုံ အရောင်အသွေးမျိုးစုံသည့် စိတ်နေစိတ်ထားကို သိလိုလျှင် မိမိစိတ်ကိုပင် အချိန်နှင့်အမျှ စောင့်ကြည့်ကာ သုတေသနပြုခြင်းဖြင့် စိတ်၏သဘောကို အမှန်အတိုင်းသိမြင်လာပြီး တဆက်တည်း လူသားတို့၏ စိတ်သဘာဝကိုလည်း သိမြင်ပြီး ဖြစ်ပေတော့သည်။
ထိုသို့ ဘ၀ကို ဓမ္မဖြင့် သုတေသနပြုကြရာတွင်……..
(၁) သတ္တာဝါတွေကို တစ်ခုကနေ တစ်ခုသို့ ဆွဲဆောင်တွန်းပို့ခံနေကြရပေသည်၊ ထိုအတွက် လွန်ဆန်နိုင်ခြင်းအလျင်းမရှိဖြစ်ရလေသည်။ လူသည် အသက်ကြီးလာမှ ဗြုန်းဆို အိုလာသည်မဟုတ်၊ အမေမွေးကတည်းက စက္ကန့်မှ မိနစ်၊မိနစ်မှ နာရီ၊နာရီမှ ရက်၊ ရက်မှ လ၊ လ မှ နှစ် ဟူ၍ အစဉ်အတိုင်း ဆွဲဆောင်တွန်းပို့ခံနေကြရပေသည်။ ထို့ကြောင့်လည်း အမေမွေးတုန်းက ဘေဘီလေးသည် ယခုအခါ ဘေဘီကြီးသာမက ဘေဘီဘိုးအေကြီး ဖြစ်၍ နေပေတော့သည် မဟုတ်ပါလော၊ အကယ်၍ အိုမင်းရင့်ရော်မှုက ဆွဲဆောင်တွန်းပို့မှု မရှိဘူးဆိုလျှင် အမေမွေးသည့် ဘေဘီလေးသည် နှစ်တွေကြာညောင်းပေမယ့် ဘေဘီလေးအသွင်ပဲ ရှိနေချေဦးမည်၊ အိုမင်းရင့်ရော်မှုသို့ ဆွဲဆောင်ခြင်းခံနေရသည့်အတွက်ကြောင့်သာ ပုံစံများပြောင်းလဲခဲ့ရပေသည်။
မိတ္တူဆိုင်၌ မိတ္တူကူးလျှင် လိုချင်သော ပုံတူများကို ရှိကြသော်လည်း ငယ်စဉ်ဘ၀ကို မိတ္တူကူးမည်ဆိုပါက ပုံတူမရနိုင်တော့ပေ၊ ဤသို့ ဖြစ်ခြင်းသည် အိုမင်းရင့်ရော်မှု၏ တွန်းပို့မှုကို ခံနေကြရသောကြောင့် ဖြစ်ပါသည်။
စာရေးသူငယ်စဉ်က အဖြစ်အပျက်တစ်ခုကို ယခုတိုင် သတိရနေဆဲပါ၊ သတိရလွန်း၍လည်း အရိုးစွဲဖြစ်နေပြီလားမပြောတတ်၊ ဖြစ်ပုံကဒီလို…..
စာရေးသူတို့ လူငယ်ဘာဝ သူငယ်ချင်းများနှင့် ပြေးလွှားပျော်ပါး ဆော့ကစားနေကြသည်မှာ နေ့စဉ်ဆိုသလိုပင်၊ စာရေးသူတို့နေထိုင်သည့် ရွာ၏ ရေချိုးဆိပ်တွင် ကစားဖေါ်များနှင့်အတူ ဆော့ကစားနေကြရာ တစ်နေရာတွင် အိုမင်းရင့်ရော်နေပီဖြစ်သော အဖိုးအိုတစ်ဦးသည် ဖေါင်ပေါ်ကနေ ငါးမျှားချိတ်ဖြင့် ငါးမျှားနေပါသည်၊ စာရေးသူတို့ကလည်း လူငယ်ဘာဝ ဆော့ကစားရင်း ရယ်မောကာနောက်ပြောင်ပြောဆိုနေကြရာ၊ ထိုငါးမျှားနေသည့် အဖိုးအိုက သူ့ကို ပြက်ရယ်ပြုသည်ထင်ကာ “ ဟေ့ကောင်တွေ…….. ငါ့ကို ပြက်ရယ်ပြုနေကြတာလားကွ..၊ ငါအဖိုးအိုဖြစ်သလို မင်းတို့လည်း တစ်နေ့ကျရင် ငါ့လိုပဲ အဖိုးအိုဖြစ်လာကြလိမ့်မယ်……..” ဟု အဖိုးအို၏ ပြောစကားကို ထိုစဉ်က မည်သို့မျှ နားမလည်နိုင်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒကြာမြင့်လေလေ ထိုအဖိုးအို၏ စကား ပို၍ပို၍ မှန်လေလေ ဖြစ်နေပေတော့သည်။ ဤဖြစ်ရပ်ဖြင့် ဘ၀၏ အိုမင်းရင့်ရော်မှုကို ပုံဖေါ်ပေးနေသည့်အပြင် သံဝေဂ မီးမှောင်းကြီး ထိုးပြနေသကဲ့လည်း ခံစားရပေသည်။
နံနက်စောစောတွင် ပွင့်လာသည့် ပန်းကလေးတပွင့်သည် ညနေဖက်သို့ရောက်သောခါ အရောင်အသွေးနှင့်ပွင့်ဖတ်လေးတွေ တဖြေးဖြေး ညိုးမိန် လာသည်၊ ထို့အတူ ဘ၀ရလာသူတိုင်းသည် အိုမင်းရင့်ရော်မှုဆိုသည့် ဘူတာရုံကြီးသို့ တဖြေးဖြေးနှင့် ရောက်ရှိလာသည် ထိုဘူတာရုံသို့ ရောက်ရှိရုံမျှ မပြီးသေး၊ ထိုမှတဆင့် အနာရောဂါဆိုသည့်ဘူတာရုံသို့ရောက်ကာ သေဆုံးခြင်းဆိုသည့် မရဏဘူတာရုံတွင် တစ်ဘ၀အတွက် အဆုံးသတ်ခဲ့ရပေသည်၊ နောက်ဘ၀သို့ရောက်သောခါ ယခင်အတိုင်းဆက်လက်၍ ဘ၀ချားရဟတ်ကြီးက ဆက်ခါလည်ပတ်လျှက်ရှိပေသည်၊ ထို့ကြောင့် ဘ၀သည် မည်သည့်အချိန်တွင်မဆို တည်မြဲနေသည်ရယ်လို့မရှိ (ever changes)အမြဲတန်းပြောင်းလဲနေပေသည်။
ငယ်ငယ်တုန်းက မျက်စိမှုန်သည် နားထိုင်းသည်ဟု မရှိရေးချမရှိခဲ့ပေမယ့် ယခုအခါမှာတော့ မျက်စိမှုန်၍ အကူမျက်မှန်တတ်နေရသည့်အပြင် နားထိုင်း၍လည်း နားကြပ်ဆောင်ထားရသည်၊ ကြံ့ခိုင်မှုမရှိ၍ ဂျိုင်းထောက်၊ တောင်ဝှေးစတာတွေ ကို အားကိုးအဖေါ်ပြု၍ နေရသည့်အဆင့်သို့ ရောက်ခဲ့ရခြင်းသည် အိုမင်းရင့်ရော်မှု၏ တွန်းပို့မှုပင်ဖြစ်ပါသည်။
ယခုအခါ မည်သို့မျှ မထင်မှတ်ထားသည့် အသဲ ‘စီ’ ပိုး၊ ‘ဘီ’ ပိုးရောဂါ၊ကင်ဆာရောဂါမျိုးစုံ၊ အေအိုင်ဒီအက်စ်စသည့် သေမင်းတမန် ရောဂါများ၏ ဆွဲဆောင်တွန်းပို့မှုကိုလည်း ခံနေကြရပေသေးသည်။ ထို့ကြောင့်လည်း ကမ္ဘာတစ်လွှား ဆေးရုံဆေးခန်းများသည် မရေမတွက်နိုင်လောက်အောင် တိုးပွားလာနေပေသည်။ ဤသည်ပင်လျှင် ဘ၀ကို အနာရောဂါများက ဆွဲဆောင်တွန်းပို့မှုကို အမြဲမပြတ် ခံနေကြရပေသည်၊ ဘ၀ခန္ဓာကြီးကို ကြည့်မည်ဆိုလျှင် အကောင်းတစ်ခုမျှ မရှိပါ၊ သို့ပါလျှက် မကြာသေးမီက ဆီးချိုရောဂါကြောင့် ခြေချောင်းလေးတွေ ဖြတ်ထားရသော ဒကာမကြီးတစ်ဦးအား “ဒကာမကြီး…နေကောင်းပါရဲ့လား”ဟု စာရေးသူကမေးရာ သူမက “အရှင်ဘုရား…..လူတော့နေကောင်းပါတယ်၊ ဒီခြေလေးတွေက မကောင်းတာဘုရား” ဟုပြန်ဖြေပါသည်၊ အော်…ခြေနှင့်လူအတူတူဖြစ် ပါလျှက် ကောင်းကွက်ကို ခွဲ၍ ပြောနေသေးသည်၊ အမှန်ကား ဘ၀ခန္ဓာကြီးသည် မည်သည့်နေရာမျှ ကောင်းသည်ဟုမရှိပေ၊
ထို့ပြင် အနာရောဂါက ဘ၀တစ်ခုကို မည်သို့မျှ ပြန်လည်ပိုင်ဆိုင်၍ မရနိုင်လောက်အောင် သူ့ပင်ကိုယ်အတိုင်း မရနိုင်အောင် သူ၏ တွန်းပို့မှုကို ခံနေရပေသည်၊ တစ်ချို့ဆိုလျှင် ကျောက်ကပ်မကောင်း၍ ကျောက်ကပ်ထုတ်လှဲရသည့်အဖြစ်မျိုး၊ နှလုံးမကောင်း၍ နှလုံးလှဲရသည့်အဖြစ်မျိုး ၊မျက်စိမကောင်း၍ မျက်စိခွဲစိတ်ရသည့် အဖြစ်မျိုးစသည့် ခန္ဓာကိုယ်တွင်း မကောင်းသည့် ကလီစာများကို လှဲထုတ်၍ ကောင်းသည့် ကလီစာကို အစားထိုးကာ သေမင်းတမန်ရောဂါများကို တော်လှန်နေကြသည့်အလား မှတ်ထင်ကြရပေသည်။
စာရေးသူတို့သည် အမေမွေးစဉ်က သွေးတိုးရောဂါ ပါမလာခဲ့ပေမယ့်၊ အနာရောဂါ၏ တွန်းပို့မှုကြောင့် ဘ၀ပေးအမွေဟုဆိုနိုင်သော သွေးတိုးရောဂါအပြင် တစ်ခြားရောဂါအသစ်များကို မလိုချင်သော်လည်း ရရှိခဲ့ပေသည်၊ ထိုကဲ့သို့ အနာရောဂါ၏ တွန်းပို့မှုကို ခံနေရသည်မှ နောက်ဆုံး ဘ၀တစ်ခုကို လိုက်ကာချပေးလိုက်သလို သေမင်းတမန်၏ ရှေ့မှောက်ဝယ် လည်စင်းခံခဲ့ကြရသည်မှာ ဘ၀ပေါင်း အသင်္ချေ ရေတွက်၍ မနိင်တော့ချေ၊ ဤသို့ဖြစ်ခြင်းသည် အနာရောဂါရှိခြင်းမှ သေခြင်းသို့ တွန်းပို့နေသောကြောင့် ဖြစ်ပါသည်၊
ဘ၀နေ၀င်ချိန်သည် လူသားတိုင်း မဖြစ်မနေ ရင်ဆိုင်ကြရမည်ဖြစ်ရာ၊ သေခြင်းတရား၏ ပုံဖေါ်မှုတစ်ခုပင် ဖြစ်ပါသည်။ ထိုမျှသာမက ဘ၀တစ်ခုရလာသူမှန်လျှင် ထိုဘ၀ဖြစ်ပေါ်သည်နှင့် အိုမင်းရင့်ရော်မှု၊ အနာရောဂါရှိမှု၊ သေမှု စတာတွေသည် ထပ်ချပ်မကွာ နောက်နားက ကပ်ပါလာစမြဲဖြစ်သည်၊ လောကြီးတွင် ဖြစ်ပြီးသည်နှင့် ကုန်ပျောက်သွားရသည်မှာ သဘာဝနိယာမတစ်ခုမို့ တစ်ခုကနေ တစ်ခုသို့ တွန်းပို့ခံနေရသည်မှာ ထင်ရှားလောက်ပြီ ဖြစ်ပါသည်။ ဤ၌ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သံဝေဂလင်္ကာတစ်ပိုင်း တစ်စကို ဖေါ်ပြပါဦးမည်။
ခဏမစဲ ၊ အိုစမြဲ ၊ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
ဇရာမီးတောင် ၊ ကိုယ်တည်းလောင် ၊ သေအောင်မြိုက်တော့သည်၊
မသေရခင်၊ သွားလမ်းစဉ် ၊ကြိုတင်ပြင်သင့်သည်။
ဤသည်ပင်လျှင် ဘ၀အကြောင်း၏ ပထမ တစ်ခု ဖြစ်ပေသည်


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More