Tuesday, July 1, 2008

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၂)

(၂)ဘ၀အကြောင်းကို နောက်တစ်ခု သုတေသနပြုကြည့်ရအောင်ပါ၊
အတာဏော လောကော အနဘိဿရောတိ၊
သတ္တ၀ါမှန်သမျှ ဘေးဆိုးများကို မလွန်ဆန်နိုင်သည့်အပြင် မလွဲမသွေရင်ဆိုင်ရမည်မှာ သဘာဝနိယာမတရားတစ်ခုဖြစ်သည်၊ ဤတွင် ဘေးဆိုးဆိုသည်ကား အို၊နာ၊သေ ဖြစ်သည်၊ ဘ၀တွင် ထိုဘေးဆိုးများမှ လွတ်ကင်းစေရန် မည်သူမှ (protection) ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ချေ။


တိုက်ခန်းနံရံတွင် အသုံးပြုရသည့် (redboard)bland ရေဆေးသည် သူ၏အာမခံချက်က (Ten years protection) ၁၀နှစ် ကာကွယ်ပေး နိုင်သည်ဟု ရေးထားသည်ကို တွေ့ရသည်၊ ထို့အတူ လူတို့အသုံးအဆောင်ပစ္စည်းများကိုလည်း protection ပေးထားသည်ကို တွေရပါ သည်၊ သက်မဲ့ပစ္စည်းများကို ၁၀-၁၅-၂၀ နှစ်စသည် (protection) ကာကွယ်ပေးနိုင်ပမယ့်လည်း သက်ရှိဖြစ်သည့် သတ္တ၀ါများမှာ ဆယ်နှစ်မဆိုထား နှင့် တစ်စက္ကန့်မျှကိုပင် ကာကွယ်ပေးနိုင်စွမ်း(protection)မရှိပေ၊ တစက္ကန့်ပြီးသည်နှင့် နောက်တစ်စက္ကန့်သို့ရောက် သောအခါ ယခင်တစ်စက္ကန့်သည် လောကအတွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ၊ ထိုသို့ပျောက်ကွယ်မသွားအောင် မည်သည့်အရာနှင့်မျှ ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ပေ။
ထင်ရှားအောင်ပြဦးအံ့၊
ဘ၀သည် တစ်စက္ကန့်ြ့ပီး တစ်စက္ကန့် အချိန်နှင့်အမျှ ပြောင်းလဲနေသည်၊ စာဖတ်သူတို့ နေ့စဉ်နှင့်အမျှ ကိစ္စအဖုံဖုံတို့ဖြင့် သွားလာလှုပ်ရှားနေသည့်အခါ သတိထားကြည့်လျှင် မြင်နိုင်သည်၊ ပထမခြေလှမ်း လှမ်းပြီး၊ နောက်ခြေလှမ်းလှမ်းလျှင် ယခင်ပထမ ခြေလှမ်းကား လောကမှပျောက်ကွယ်သွားလေပြီ၊ မျက်စိနှင့်မြင်သည့်အခါတွင်လည်း အမြင်တစ်ခုပြီးတစ်ခုပြောင်းလဲနေသည်။
ပထမမြင်သည့်အာရုံကိုမြင်ပြီး၊ ဒုတိယအာရုံတစ်ခုကို မြင်သည်နှင့် ပထမအမြင်အာရုံသည် သူ့အလိုလိုပင် ကွယ်ပျောက်သွားခဲ့လေပြီ၊ ကြားသောအခါ အသံက တဆက်တည်းထင်ရပေမယ့် အသံစဉ်များ တစ်ခုနှင့်တစ်ခုမတူပုံကို သတိပြုမိပါလိမ့်မည် ထိုတစ်ခုနှင့်တစ်ခုမတူခြင်းသည် တစ်ခုပေါ်ပြီး၊တစ်ခုပျောက်နေသောကြောင့်ဖြစ်သည်၊ ထိုဖြစ်စဉ်ကို မည်သူမှ ထိန်းချုပ်၍ မရနိုင်ပေ၊
ကြံစည်တွေးတောသည့်အခါတွင်လည်း အလွန်ပင်ထင်ရှားလှပါသည်၊ ပထမအတွေးတွေးပြီး၊ ဒုတိယအတွေးပေါ်လာလျှင် ထိုပထမ အတွေးသည် အလိုလိုပင် ပျောက်ကွယ်ခဲ့ရသည်မဟုတ်ပါလော၊ ထို့အတူ နံတိုင်း ထိတွေ့တိုင်း အချိန်နှင့်အမျှ ကုန်ပျောက်နေသည့်အတွက် ထိုပျောင်းလဲမှုများကို မည်သို့မျှ (control) ထိန်းချူပ်၍မရနိုင်သောကြောင့် ဘ၀သည် (protection) အကာအကွယ်လုံးဝမရှိ၊ စောင့်ရှောက်မှုလုံးဝမရှိသော အခြေအနေတွင် ရှိသည်ကို စာဖတ်သူများ သတိပြုမိစေချင်ပါသည်။
ထို့ပြင် စာရေးသူတို့သည် ငယ်စဉ်မှစ၍ တဖြည်းဖြည်း ကြီးရင့်လာခဲ့ကြရသည် မဟုတ်ပါလော၊ ထိုသို့ကြီးရင့်လာခြင်းသည် ခေတ်စကားဖြင့်ပြောလျှင် ပုံတူကော်ပီပွားသည်နှင့်တူသယောင်ယောင်ပင်ဖြစ်၏၊ သို့ပါသော်လည်း ကော်ပီကူးသည်ဆိုသည်ဆိုသည်မှာ ပုံတူပွားခြင်းဖြစ်ပေရာ ဤ၌ ဘ၀သည် တစ်ချိန်နှင့်တစ်ချိန်မတူ ပြောင်းလဲနေသောကြောင့် ကော်ပီကူး၍ မရနိုင်ပါချေ၊ ထိုဘ၀ပြောင်းလဲမှုများ အဆက်မပြတ်ဖြစ်နေပါသော်လည်း မကာကွယ်နိုင်ကြပေ၊ ထို့ကြောင့် အစဉ်သဖြင့် ပြောင်းလဲ၍ မတည်မြဲသော ဘ၀ကိုပိုင်ဆိုင်သောသူများသည် ကယ်မည့်သူမရှိသည့်အတွက် အားငယ်နေကြရပေသည်။
မိဘနှင့်သားသမီး ၀န်းကျင်တွင် ထိုဘေးဆိုးးများဖြင့် ရင်ဆိုင်ရပြီဆိုပါက မိဘများက ချစ်လှစွာသော သားသမီးများအား မအိုအောင်၊ မနာအောင်၊ မသေအောင် စောင့်ရှောက်ပေးလို့မရနိုင်သကဲ့သို့ သားသမီးများက မိဘများအား မအို မနာ မသေအောင် စောင့်ရှောက်မပေးနိုင်ကြပေ။
ထိုကဲ့သို့ အရေးကြုံလျှင် တောင်မင်းကို မြောက်မင်း မကယ်နိုင်ဆိုသကဲ့သို့ အနာရောဂါဖြင့် ပြင်းစွာ အိပ်ယာထဲလဲကာ သေခါနီးအချိန်မျိုးတွင် တစ်ဦးကိုတစ်ဦး အနားတွင်ကြည့်နေရုံမှတစ်ပါး မည်သို့မျှ မတတ်နိုင်ရှာပေ၊ ချစ်လှစွာသော သားသမီးလေးများ သေနိုင်လောက်သည့် ရောဂါစွဲကပ်ပြီဆိုလျှင် ငွေကြေးတတ်နိုင်သူများက ကျွမ်းကျင်သည့် ပါရဂူများကို ပင့်ကာ တန်ဖိုးကြီး၍ အစွမ်းထက်သော ဆေးအကောင်းစားတို့ဖြင့် မည်မျှပင် ကုသပါသော်လည်း မကြာမီ သေဆုံးကြရပါသည်၊ တကယ့်အရေးတကယ့်ဘေးနှင့်ကြုံပြီဆိုလျှင် ပါရဂူမပြောနှင့် မည်သည့်တန်ခိုးရှင်မှ ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ကြချေ။
ထို့ကြောင့်လည်း အိုနာသေတရားများကို မိဘသားသမီး မကယ်နိုင်သော တရားများဟု အင်္ဂုတ္တရနိကယ် တိကနိပါတ်တွင် မြတ်စွာဗုဒ္ဓ မိန့်တော်မူခဲ့ပေသည်။
တစ်ခါက စာရေးသူ၏ မိခင်အား မကျန်းမာစဉ် အခွင့်အရေးရသမျှကို မိခင်ကြီးအား မပြတ်ပြုစုစောင့်ရှောက်ခဲ့ပေသည်။ မိခင်ကြီးသည် ရင်ကြပ်ပန်းနာဖေါက်၍ အမောရောဂါ ပြင်းထန်လာသောအခါတွင် မိခင်ကြီး၏ ဖြစ်အင်ကို မချိတင်ကဲ ကြည့်နေရုံမျှ ကြည့်နေရကာ စာရေးသူမှာ မည်သို့မျှ မတတ်နိုင်ရှာပေ၊ ဆေးဆိုလျှင် အစွမ်းထက်သော ကောင်းပေ့ဆိုသည့်ဆေးများကိုသာ ကြိုတင်ဝယ်ယူထားပြီး နှမတစ်ဝမ်းကွဲတော်စပ်သူ သူနာပြုဆရာမက အစွမ်းကုန် ကုသပေးပါသည်။ ထိုကဲ့သို့ ကုသာလာခဲ့ရာတွင် နေ့တစ်နေ့၏ ညနေခင်းတွင် မိခင်ကြီး၏ ဘ၀နေ၀င်ချိန်ရောက်လုနီးပြီဟု သိလိုက်သောအချိန်တွင် စာရေးသူ၏ စိတ်သည်မည်သို့မျှ ထိန်းချူပ်ထား၍မရ၊ ၀မ်းနည်းမှု၊ နမြောတသမှု၊ လွမ်ဆွေးမှုပေါင်းများစွာတို့ဖြင့် စိတ်သည် ဆောက်တည်ရာမရဖြစ်နေချေတော့သည်။
ဤတွင် တွေးမိသည်မှာ မိခင်ကြီးအား အစွမ်းကုန်ကုသပါသော်လည်း ကာကွယ်တားဆီး၍မရ ဘ၀နေ၀င်ချိန်နှင့်အတူ ဘ၀တစ်ခု၏ လိုက်ကာတစ်ခုကို ချခဲ့ရပေတော့မည်။ ဘ၀အတွက်ချစ်ခင်အားကိုးခဲ့ရသော မိခင်ကြီးအား ဖြစ်နိုင်လျှင် မသေစေချင်ပေ၊ သို့ပေမယ့်လည်း သဘာဝနိယာမတရားကြီးအား မလွန်ဆန်နိုင်ရကား မသေစေချင်၍လည်း မရနိုင်ပေ၊ ကာကွယ်မှုလည်းမလုပ်ပေးနိုင်ခဲ့ ပေ။ စာရေးသူသာမဟုတ်ပါ၊ လောကအတွင်း မည်သည့်သားသမီးများပင်ဖြစ်စေ မိခင်ဖခင်များကို ကာကွယ်မှု မပေးနိုင်ကြချေ။
ဘ၀၏သဘာဝနိယာမတရားကို မိခင်ကြီးသာမက သတ္တလောကကြီးအတွင်း မှီတင်းနေထိုင်ကြသော သတ္တ၀ါမှန်သမျှ လွန်ဆန်၍ မရနိုင်ကြ၊ သတ္တ၀ါများကို ကာကွယ်စောင့်ရှောက်မည့်သူ တစ်ယောက်မျှ မရှိသောကြောင့် သံသရာအတွင်း ဘ၀ဆင်းရဲကို ခါးသီးစွာခံစားရကာ မျှော်လင့်ချက်မဲ့စွာဖြင့် (ကူညီမည့်သူမရှိ နွံအိုင်ထဲနစ်နေသော သူတစ်ယောက်ကဲ့သို့) အားငယ်နေကြရသည် မဟုတ်ပါလော…………..။
ဘ၀၏ တွန်းပို့မှုကို ရင်ဆိုင်ရပြီဆိုပါက “အမေတို့..အဖေတို့ရေ မအိုနာပါနဲ့ဦး၊ မနာပါနဲ့ဦး၊ မသေပါနဲ့ဦး” ဟုတားမြစ်၍ (ထိန်းချူပ်၍) ရကောင်းသော အရာမဟုတ်ချေ၊ ထို့အတူ သားသမီးများတွင်ဘ၀၏တွန်းပို့မှုကို ကြုံလာရပါက “ သားတို့…..သမီးတို့ရေ…မအိုပါနဲ့ဦး၊ မနာပါနဲ့ဦး၊မသေ ပါနဲ့ဦး” ဟု တားမြစ်၍ (ထိန်းချူပ်၍) ရကောင်းသောအရာမဟုတ်ချေ၊ ထိုကြောင့် ဘ၀အမွေဟုဆိုအပ်သည့် အိုနာသေ တရားများကို မြတ်စွာဘုရားက (အမာတာပုတ္တိက ဘာယာတိနာမ) မိဘသားသမီးမကယ်နိုင်သည့် တရားများဟု ဟောတော် မူခဲ့ပေသည်။ ထိုဓမ္မအကြောင်းကို မှတ်မိလွယ်စေရန် ဆောင်ပုဒ်လေးကို အရကျက်ကာ ဆောင်ထားလိုက်ကြစေချင်ပါသည်။
အိုဘေးဒုက္ခ ၊ တွေ့ကြုံက ၊ မိဘသားသမီးမကယ်နိုင်။
နာဘေးဒုက္ခ ၊ တွေ့ကြုံက ၊ မိဘသားသမီး မကယ်နိင်။
သေဘေးဒုက္ခ ၊ တွေ့ကြုံက ၊ မိဘသားသမီး မကယ်နိုင်…………။
ဘ၀အကြောင်းဟုဆိုအပ်သော အိုနာသေ မဖြစ်အောင် ရပ်တန့်သွားအောင် မည်သူတစ်ဦးတစ်ယောက်မျှ ကာကွယ်မှု မပေးနိုင်သော်ငြားလည်း ဆိုခဲ့ပြီးသည့် ဘ၀အကြောင်းတွေမှ လွတ်မြောက်အောင် လမ်းညွန်မှုကို ပေးစွမ်းနိုင်သော သူတစ်ယောက်တော့ရှိခဲ့ပေသည်၊ ထိုသူကား မြတ်စွာဘုရားပင်တည်း၊ မြတ်ဗုဒ္ဓသည် ဘ၀လွတ်မြောက်မှု လမ်းကောင်းကို ညွန်ပြနိုင်ရန် အတွက် ဘ၀အကြောင်းကို သုတေသနပြုခဲ့သည်မှာ မြတ်ဗုဒ္ဓ၏ မှတ်တမ်းတော်အရ သိနိုင်ကြပေသည်။
မှန်ပါသည်၊ ဘ၀လွတ်မြောက်မှုကို လိုချင်ရင် ဘ၀အကြောင်းကို သုတေသနပြု (လေ့လာ)ကြရပါပေမည်၊ ဘ၀အကြောင်းကို များများသိလေလေ ဘ၀လွတ်မြောက်ရရှိရန် နီးလေလေ ဖြစ်ပေသည်၊ ဘ၀အကြောင်းမှန်သမျှကို နှိုက်နှိုက်ချွတ်ချွတ် အားလုံးသိမြင်ပြီ ဆိုပါက ဘ၀မှ အပြီးအတိုင်လွတ်မြောက်မှုကို ရကြပေတော့သည်။
…။ ဤကား ဘ၀အကြောင်း၏ ဒုတိယတစ်ခု….။
(၃) ဘ၀ကြီးသည် အဿကော- ကိုယ်ပိုင်ဥစ္စာမရှိ ဟု မြတ်ဗုဒ္ဓဟောခဲ့သည်မှာ မှန်လှပေသည်၊ သက်ရှိ/သက်မဲ့ နှစ်မျိုးစလုံးကို မပိုင်နိုင်ကြပေ၊ သက်ရှိဖြစ်သည့် ဘ၀ခန္ဓာကြီးအား မကြီးရင့်စေရန်၊ အနာရောဂါမဖြစ်စေရန်၊ မသေစေရန် ထိန်းထားမရသည့်အတွက် ဘ၀ခန္ဓာကြီးကို ကိုယ်မပိုင်ပေ၊ အမှန်စင်စစ် ဘ၀ကို ပိုင်သည်ဟုဆိုလျှင် မအို၊မနာ၊မသေအောင် ထိန်းချူပ်ထား၍ (control) ရမည်မှာသေချာသည်၊ သက်ရှိသာမက သက်မဲ့များကိုလည်း ဘ၀ရှိသူတိုင်းမပိုင်နိုင်ကြပေ၊
ဘ၀တွင် ပိုင်ဆိုင်နိုင်သည်ဆိုသည့်အရာများကို ရှုမြင်သုံးသပ်ကြည့်သောအခါ မည်သည့်အရာမျှ ပိုင်ဆိုင်သည်ဟူ၍ မရှိပေ၊ ပစ္စည်းဥစ္စာတို့သည် တစ်နေ့ကျ သေပြီဆိုလျှင် ထားခဲ့ရသည်ချည်း ဖြစ်သည့်အတွက် ကိုယ့်နောက်ပါအောင် ယူဆောင်၍ မရနိုင်သောကြောင့် မည်သည့်အရာမျှ မပိုင်ဆိုင်နိုင်ကြပေ…၊ “ ရသည့်ဥစ္စာ ၊ ချစ်သူပါ ၊ စွန့်ခွါသွားရသည်” စာရေးသူငယ်စဉ်ဘ၀ နံနက်ခင်းသြ၀ါဒတက်စဉ် ရွတ်ဆိုခဲ့ရသည်ကို ပြန်လည်ကြားယောင်နေမိပါတော့သည်
ဤကား ဘ၀အကြောင်း၏ တတိယတစ်ခု ဖြစ်ပေသည်။
(၄)စတုတ္ထမြောက် ဘ၀အကြောင်းကား………လူသားများသည် မည်မျှပင် လိုအင်ဆန္ဒများနှင့် ပြည့်စုံစေကာမူ အလိုပြည့်သည် ဟု မရှိ၊ အမြဲတမ်း တစ်ခုခုတော့ လိုနေသည်ချည်း ဖြစ်ပေသည်၊ “နွားသေလျှင် မြက်တန်းလန်း၊ လူသေလျှင် အလုပ်တန်းလန်း” ဟု လူသား များ အမြဲတမ်း အလိုပြည့်မှု မရှိသည့်အတွက် အလုပ်နှင့်လက်မပြတ် အဆက်မပြတ်လုပ်ကိုင်ရာကနေ သေဆုံးချိန်အထိ လုပ်ကိုင်နေကြ ရပေသည်၊ လောဘအတောမသတ်သည့်အတွက် ရမည်ဆိုလျှင် အသေခံပြီးအလုပ်လုပ်ကြသည်။
လိုချင်မှုတဏှာတရားကြောင့် အသက်အန္တရာယ်စိုးရိမ်ရသော လမ်းဖြစ်ပါလျှက် အသေခံသွားကြသည်၊ အလိုမပြည့်သည့် သဘောသက်ဝင်သော တဏှာလောဘကြောင့် မည်မျှပင် အသက်အန္တရာယ် စိုးရိမ်ရစေကာမူ အသက်စွန့်၍ သွားကြပေသည်၊ ဤကား တဏှာတရား၏ ရောင့်ရဲတင်းတိမ်မှုမရှိသည်ကို ဖေါ်ကြူးနေသကဲ့သို့ တဏှာစေခိုင်းရာ ပြုလုပ်နေကြရသည့်အတွက့်  တဏှာကျွန်ကြီးများ ဟု ဆိုရချေတော့မည်။
ငွေချမ်းသာသည့် သူများဆိုလျှင် လက်ရှိ ခံစားနေရသည်ကိုပင် မရောင့်ရဲနိုင်ဖြစ်ကာ အပိုဝင်ငွေရအောင် အပင်ပမ်းခံ၍ ရှာကြရပေသည်၊ တိုက်တစ်လုံးပိုင်သည့် ပုဂ္ဂိုလ်က ဖြစ်နိုင်လျှင် ဆယ်လုံးလည်း ပိုင်ချင်သည်၊ တကယ်တမ်း တိုက်ဆယ်လုံးရလာပါကလည်း ထိုဆယ်လုံးထက် ပို၍ လိုနေကြဦးမည်မှာအမှန်ဖြစ်သည်၊ ဤသို့ဖြင့်လူများသည် လိုချင်မှုတဏှာ၏ ဦးဆောင်ခိုင်းစေမှုကို ခံရကာ လောကထဲရှိသမျှ ပစ္စည်းအားလုံးကို ပိုင်အောင်လုပ်ချင်ကြသည်၊ ရအောင် အလုပ်လုပ်ရင်းနှင့် သေဆုံးသွားကြရပေသည်။
တစ်ခါက ဒကာတစ်ဦးက “အရှင်ဘုရား….တပည့်တော်လည်း အလုပ်လုပ်ရတာ ပြီးတယ်လို့မရှိ စိတ်လည်းကုန်ုလှပါပြီဘုရား၊ ဒါကြောင့် နောင်ငါးနှစ်ဆိုလျှင် အလုပ်တွေကို အပြီးသတ်လုပ်ပြီး တပည့်တော် ရိပ်သာမှာပဲ လာနေပါတော့မည်ဘုရား” ဟုလျှောက်ထားလာပါသည်၊ သို့နှင့် ငါးနှစ်ပြည့်သောအခါ ထိုဒကာကြီးသည် ရိပ်သာဝင်ဖို့ နေနေသာသာ ထပ်၍ပင် လုပ်ငန်းများကို များစွာတိုးချဲ့ထားသည်ကို တွေ့ရပါတော့သည်၊ ဤကား တဏှာစေခိုင်းသည့်အတိုင်း ပြုလုပ်နေကြရသော တဏှာကျွန်တွေ ဖြစ်နေသည်မှာ သိသာထင်ရှားလှပေသည်၊
ဤနေရာ၌ မှတ်သားဖွယ်လင်္ကာက “ တဏှာစေရာ ၊ မနေသာ ၊ဖွေရှာဆက်ရသည်” ……….တဲ့
ထိုကဲ့သို့ ဘ၀တွင် တွန်းပို့ခံရမှုမှ လွတ်ကင်းစေရန် ဓမ္မကို အသုံးချရမှာ ဖြစ်သကဲ့သို့ အိုနာသေဟူသည့် ဘ၀အကြောင်းတွေကြောင့် အားငယ်မှု၊ ကြောက်လန့်မှုများမှ ကျော်လွှားနိုင်စေရန် ဓမ္မကိုပဲ အသုံးချရမည်ဖြစ်ပေသည်၊ တွယ်တာတတ်မက်သည့်တဏှာသည် အာဏှာရှင်ကဲ့သို့ မိမိအား အမြဲတမ်း စေခိုင်းနေသည်၊ ထိုတဏှာကို ဓမ္မဖြင့် အပြီးသတ် အနိုင်ယူကာ တဏှာကျွန်အဖြစ်မှလွတ်အောင် ရုန်းထွက်ရပါမည်၊ ဤသို့ဖြင့် ဘ၀လွတ်မြောက်မှုရရှိစေရန် ဘ၀အကြောင်းကို များစွာလေ့လာနိုင်ကြပါစေ ဟု တိုက်တွန်းလိုက်ရပါတော့သတည်း။ ။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More