မှန်ပါသည်၊ လောကတွင် အများနှင့်တည့်အောင်နေတတ်ဖို့ လိုပေသည်၊ အများနှင့်တည့်အောင် မနေတတ်လျှင် သူတစ်ပါး၏ ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှုကို ခံရမည့်အပြင် ပတ်ဝန်းကျင်နှင့်မတည့်သည့်အတွက် တစ်ယောက်ထီးတည်းဖြစ်ကာ ဘ၀တွင် နေရသည်မှာ အထီးကျန်ဆန်လာတတ်ပေသည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်နှင့်နေရသည်ဖြစ်ရာ မိမိဝန်းကျင်နှင့် အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးပေသည်။
ထိုကဲ့သို့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် လိုက်လျောညီထွေမှုရှိအောင် နေတတ်ရန်ကား အများ(ပတ်ဝန်းကျင်)နှင့်ဆက်ဆံသည့်အခါ မေတ္တာပါသော ဆက်ဆံမှု ရှိရပေမည်၊ မေတ္တာပါလျှင် သူတစ်ပါးအား ချမ်းသာအောင် စွမ်းဆောင်ပေးရာရောက်သည့်အပြင် မိမိတွင်လည်း စိတ်အေးချမ်းသာသည့် အရသာကို ခံစားရပေသည်။
ထိုမေတ္တာပါသော ဆက်ဆံရေးသည် လောကတွင် ထိရောက်သည့် ဆက်ဆံရေးတစ်ခုဖြစ်နေသည်ကို မည်သူမှ ငြင်းနိုင်မည် မထင်ပေ၊ စီးပွားရေး၊လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းစုံတွင် ပြေလည်နေသူများသည် မေတ္တာကင်းသည့် သူများ မဟုတ်ကြပေ၊ သိသာစေရန် ရှင်းလင်းပေးပါဦးမည်။
စားဝတ်နေရေးအတွက် စီးပွားရှာကြသည်ဆိုရာဝယ် အတ္တကြီးမားစွာဖြင့် မိမိရလိုမှု တစ်ခုတည်းကို မကြည့်ပဲ အများအတွက်အသုံးဝင်နိုင်မည့် အကျိုးရှိနိုင်မည့် အနေအထားကို သိမြင်ကာ မေတ္တာဖြင့် အများအကျိုးရှိအောင်ပြုလုပ်တတ်ရမည့် အပြင် မိမိအတွက်လည်း အကျိုးအမြတ်ရှိအောင် ပြုလုပ်တတ်ရပေမည်၊ ထိုသို့ မိမိသူတစ်ပါးနှစ်ဦးသား ချမ်းသာရေး အကျိုးအမြတ်ရရှိရေးကို အခြေခံ၍ မေတ္တာစိတ်ဖြင့် စီးပွားရှာကြမည်ဆိုပါက အများ(ပတ်ဝန်းကျင်)ကလည်း ကိုယ်ကျိုးမကြည့် အများကောင်းကျိုးကိုကြည့်တတ်သည် ဟု မိမိ၏ သဘောထားကို အသိအမှတ်ပြုကာ ပတ်ဝန်းကျင်၏ ယုံကြည်မှုဖြင့် မကြာမီ စီးပွားရေး အဆင်ပြေသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။
လူမှုဆက်ဆံရေးအဆင်ပြေစေရန်အတွက် မေတ္တာမပါလျှင် မဖြစ်ပေ၊ ကိုယ်လည်းသူ့လိုဖြစ်တတ်သည် ဟု မေတ္တာဖြင့် ကိုယ်ချင်းစာနာ စိတ်ထားကာ ဆက်ဆံသင့်ကြပေသည်၊ ဤနေရာ၌် မိဘနှင့်သားသမီး ဆက်ဆံရေးတို့တွင် မိဘက သားသမီးများအား နားလည်သဘောပေါက်အောင် ညင်သာစွာ ပြောရမည့်အစား ဒေါသဖြင့် အော်ငေါက်၍ပြောခြင်း၊ ထိခိုက်သွားအောင် ပုတ်ခတ်ခြင်းများ ပြုလုပ်မည်ဆိုပါက မိဘနှင့်သားသမီးပင် ဖြစ်သော်လည်း တစ်စိမ်းတစ်ရံကဲ့သို့ ဖြစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်၊
ထို့အတူ ဆရာနှင့်တပည့်တို့၏ ဆက်ဆံရေးတွင် ဆရာလုပ်သူက တပည့်အား သားသမီးကဲ့သို့ မေတ္တာထား၍ သွန်သင်ညွန်ပြ ဆုံးမပေးရမည့်အစား မလိုမုန်းထား ဒေါသတရား ရှေ့ထားကာ ပြောဆိုဆုံးမကြမည်ဆိုပါလျှင် ဆရာနှင့်တပည့်သည် ရန်သူသဖွယ်ဖြစ်သွားတတ်ပေသည်၊ ထို့ကြောင့် တပည့်သည် ဆရာက အကျိုးလိုလား၍ ညွန်ပြဆုံးမသည်ဟု မေတ္တာဖြင့် ဆုံးမမှုကို တပည့်ဖြစ်သူက မေတ္တာထားတတ်မည်ဆိုပါလျှင် ဆရာတပည့်ဆက်ဆံရေးသည် အထူးကောင်းမွန်လာနိုင်ပေသည်။
မိတ်ဆွေသူငယ်ချင်းများနှင့်ဆက်ဆံကြရာတွင်လည်း တစ်ဦးနှင့်တစ်ဦးမေတ္တာထားကာ ကိုယ်ချင်းစာနာမှု ရိုင်းပင်းကူညီမှုပေးရမည့်အစား မိတ်ဆွေသူငယ်ချင်းအပေါ် ဒေါသရှေ့ထားမည်ဆိုလျှင် မိတ်ဆွေ သူငယ်ချင်းဆက်ဆံရေးသည် မပြေပြစ်တော့ဘဲ နောက်ဆုံး လုံးဝကြည့်၍ မရသည့်အဆင့်သို့ ရောက်ရှိသွားတတ်ပေသည်၊ ထို့ကြောင့် မိတ်ဆွေသူငယ်ချင်းများ၏ ကောင်းကျိုးကိုလိုလားလျှက် မေတ္တာဖြင့် ဆက်ဆံပြောဆိုပါက ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှုကိုရရှိကာ ဘ၀တွင် မထင်မှတ်သော အကူအညီထောက်ပံ့မှုများ ရလာနိုင်ပေသည်၊ ဤသည်မှာ ပတ်ဝန်းကျင်နှင့်တည့်အောင်နေတတ်ခြင်းပင်ဖြစ်သည်။
အိမ်ထောင်ရေးအတွက်မူ တဏှာပေမဖြင့် အိမ်ထောင်ဖက်ကြသည်ဆိုသော်လည်း အရှည်ကာလတွင် ထိုတဏှာပေမသည်
အဓိကအခန်းကဏ္ဍက မပါဝင်တော့ပေ၊ နှစ်ဦးနှစ်ဖက် တစ်ယောက်အကျိုးကိုတစ်ယောက်လိုလားသည့်စိတ်၊ တစ်ယောက်ကို တစ်ယောက်လေးစားချစ်ခင်သောစိတ် စသဖြင့် နှစ်လိုဖွယ် (၅၂၈)မေတ္တာစိတ်ကသာ အိမ်ထောင်စုတစ်ခုလုံးကို တည်မြဲအောင် ထိန်းထားနိုင်မည်ကို သတိပြုရမည်ဖြစ်ပါသည်၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်နှင့်တည့်အောင်နေရမည်ဟု ဆိုရာဝယ် မိမိ၏ မိသားစုအတွင်း တည့်အောင် နေတတ်ဖို့လည်း အရေးကြီးလှပေသည်။
မည်သို့ပင်ဖြစ်စေ မိမိနှင့် အများ ဆက်ဆံရာတွင် မေတ္တာပါမှ အစစအရာရာ အဆင်ပြေနိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်၊ ယောဆရာတော်ဘုရားမိန့်တော်မူခဲ့သည့် မှတ်သားဖွယ်လင်္ကာလေးတစ်ခုကို ထုတ်ပြပါဦးမည်။
အများတကာ၊ ဆက်ဆံရာ ၊ မေတ္တာပါမှအဆင်ပြေ ………. တဲ့၊ မှတ်မိအောင် အရကျက်မှတ်ထား လိုက်ကြရအောင်နော်။
တစ်ဖန်ဆရာတော်ဘုရားက ပတ်ဝန်းကျင်နှင့်တည့်အောင်နေတတ်ရုံနှင့်မပြီးသေး တစ်ယောက်တည်းနေသည့်အခါတွင်လည်း တစ်ယောက်တည်း တည့်အောင်နေတတ်ဖို့ အရေးကြီးကြောင်း ဆက်လက်မိန့်တော်မူခဲ့ပေသည်။
လောကလူသားများသည် ပတ်ဝန်ကျင်နှင့် တည့်အောင်သာ နေတတ်ကြပြီး မိမိကိုယ်ကို တည့်အောင် နေရမှန်း မသိသည့်အပြင် တည့်အောင်လည်း မနေတတ်ကြသေးပေ၊ တစ်ယောက်တည်း ရန်ဖြစ်မှန်းမသိ ရန်ဖြစ်နေကြသည်။
ထိုအကြောင်းနှင့် စပ်လျဉ်း၍ ဆရာတော်ဘုရားက တစ်ယောက်တည်းနေသည့်အခါတွင် တည့်အောင် နေတတ်ဖို့ အလွန်အရေးကြီး ကြောင်း မိန့်တော်မူခဲ့ဟန်တူပါသည်။
တစ်ယောက်တည်း တည့်အောင်နေတတ်ရန် မေတ္တာပါရုံမျှဖြင့် မပြီးသေး၊ သတိ ပါ ပါရမည် ဟု ဆရာတော်ဘုရားကြီးက ဆက်လက်အမိန့်ရှိသည်ကို ဖတ်လိုက်ရပါသည်၊ မည်သည့်အချိန်ပင်ဖြစ်စေ သတိတရားထားရပါမည်၊ သတိ ဟူသည် ပိုသည်မရှိ လိုမြဲလိုနေသည်သာ ဖြစ်သည်။
ယခုနှစ်တွင် မိုးဦးကောင်းလှသောကြောင့် တစ်နေကုန်မိုးသဲနေတော့ရာ အအေးဒဏ်ကို အလူးအလဲခံကြရပါသည်၊ မခံချင်၍လည်း မရပေ၊ အအေးဒါဏ်ကြောင့် ဖြစ်လာရသော ခံစားမှုအပေါ် သည်းမခံနိုင်သည့် ဒေါသတရားများ တဖွားဖွားဖြစ်ပေါ်ကာ မိမိကိုယ်ကို မိမိ ရန်ဖြစ်နေခြင်းပင်ဖြစ်သည်၊ စာရေးသူတွင် အဆုတ်ရောဂါရှိသည့်အတွက် အအေးဒဏ်နှင့်မတည့်ပေ၊ မတည့်သော်လည်း သူနှင့်တည့်အောင်ပေါင်းရပေမည်၊ ထိုအအေးဒဏ်နှင့် တည့်အောင်မပေါင်းတတ်ပါက ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ပြီး မိမိကိုယ်ကို ရန်ဖြစ်နေရပေဦးမည်၊
အိပ်ယာထဲလှဲ၍ အနာရောဂါ ခံစားနေရသော သူများသည် စိတ်ပျက်အားငယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဒီတောင်က ကျော်နိုင်ပါတော့မလား ဟုတွေးကာ စိုးရိမ်ပူပန်မှုဖြစ်ခြင်းများဖြစ်သည့်အပြင် ကိုယ့်အတွက်စိုးရိမ်ပူပန်၍ပင် အားမရသေး၊ ငါ မရှိလျှင် မိသားစု ဘယ်လိုနေရစ်ကျမည်နည်းဟု တွေးပြီးတော့လည်သူတစ်ပါးအတွက်ပါ အငှားပူပန်နေကြပေသည်၊ ဤကား တစ်ယောက်တည်း ရန်ဖြစ်မှန်းမသိ ရန်ဖြစ်နေခြင်းပင် ၊ ထိုရန်ဖြစ်မှုမျိုးမှ လွတ်ကင်းသူတစ်ယောက်ဖြစ်ရန် သိသမျှ အချိန်တိုင်းတွင် သတိ ထားဖို့လိုပေသည်၊ ထိုကဲ့သို့ ဖြစ်ပေါ်ရာကို သတိထားနိုင်မည်ဆိုပါက ဖြစ်သမျှတို့တွင် စိုးရန်ပူပန်မှု၊ စိတ်ဓါတ်ကျမှု၊ သူတစ်ပါးအား အငှားဝင်ပူပန်ပေးမှု စသည်များ တဖြေးတဖြေး နဲလာပါလိမ့်မည်။
ထိုမှတဆင့် လုံးဝပါးလျားသွားပေလိမ့်မည်၊ ထိုအခါ လှောင်အိမ်က လွတ်သော ငှက်ကလေးကဲ့သို့ စိတ်သည် လွတ်လပ်ပေါ့ပါးနေပေလိမ့်မည်။ မိမိတွင် ကိလေသာဖြစ်မှု နည်းပါးလေလေ မိမိကိုယ်ကိုယ်ကို တည့်အောင်နေတတ်လေလေ ဖြစ်ပေလိမ့်မည်၊
လူသားတိုင်း တည့်အောင်နေတတ်ကြစေရန် မြတ်ဗုဒ္ဓဟော်တော်မူခဲ့သည့် စနစ်ကျသော နေထိုင်၊ပြောဆို ကြံစည်မှုတို့ကို တိကျမှန်ကန်စွာ ကျင့်သုံးခြင်းဖြင့် ကိလေသာနည်းပါးလာပေလိမ့်မည်၊ ဤတွင်မြတ်ဗုဒ္ဓ၏ စနစ်ကျသောနေထိုင်၊ပြောဆို၊ကြံစည်မှု ဆိုသည်မှာ “သတိ” ဖြင့်နေခြင်းကို ဆိုလိုပေသည်၊ ထို့ကြောင့် ဆရာတော်ဘုရားကြီးက “တစ်ယေက်တည်းပင် စွမ်းအင်အပြည့် တည့်လိုဘိ သတိဖြင့်သာနေ” ဟုစပ်ဆိုတော်မူခဲ့ပါ သည်။
ဥပမာ ပုလင်းထဲသို့ ရေထည့်သွင်းလျှင် ပုလင်းထဲရှိလေများ ထွက်လာသကဲ့သို့ အပေါက်ကျဉ်းသော ပုလင်းထဲသို့ ရေထည့်သောအခါ ရေများဝင်နိုင်အောင် သေသေချာချာ စူးစူးစိုက်စိုက် ထည့်ရသည်၊ ထိုသို့ထည့်ရာတွင် အားစိုက်မှုလည်းပါဝင်ရသည်၊ ရေကိုစနစ်တကျ ပုလင်းထဲသို့ ၀င်အောင်ထည့်သောအခါ ရေတစ်ပေါက် ပုလင်းထဲရောက်သည်နှင့် ပုလင်းထဲမှ လေတစ်ပေါက် အပြင်သို့ထွက်လာလိမ့်မည်၊ ရေဆယ်ပေါက်စာ ၀င်သွားလျှင် ဆယ်ပေါက်စာ လေများ ထွက်လာလိမ့်မည်၊ တစ်ဝက်စာရေများ လောင်းထည့်နိုင်လျှင် တစ်ဝက်စာ လေများထွက်နိင်ပါသည်။
ထို့အတူ လောဘစသည့်ကိလေသာ လေများထွက်စေရန် မိမိသန္တာန်တွင် ၀ီရိယ၊ သတိ၊ပညာ စသည့် ရေများ လောင်းထည့်ပေးရမည်၊ ထိုသို့ လောင်းထည့်ပေးနိုင်ရန်အတွက် ပုလင်းထဲ ရေ၀င်အောင် သေသေချာချာ လောင်းထည့်ရသကဲ့သို့ ဖြစ်ပေါ်ခိုက်တရားများကို သေသေချာချာ စူးစူးစိုက်စိုက် အမှတ်သတိမလွတ်တမ်း ရှုမှတ်(သိမှတ်)နိုင်မည်ဆိုလျှင် ကိလေသာတည်းဟူသော လေများ ထွက်ကျလာပေလိမ့်မည်၊ တစ်ချက်ရှုမှတ်နိုင်ပါက ကိလေသာ လေ တစ်ပေါက် ငြိမ်းနိုင်ပါသည်၊ ဆယ်ချက်ရှုမှတ်နိုင်လျှင် ကိလေသာဆယ်ချက်ငြိမ်းနိုင်ပါသည်။
ထိုနည်းဖြင့် ပုလင်းထဲမှ လေများကို ထွက်အောင်ပြုလုပ်သကဲ့သို့ ၀ီရိယ၊ပညာ၊သတိ ရေများကို များများထည့်နိုင်ပါက ကိလေသာလေ များများ ငြိမ်းနိုင်မည်ဖြစ်သည်။
အချူပ်ဆိုရသော် ဆိုခဲ့ပြီးသည့်အတိုင်း ကိလေသာနဲအောင်၊ ပါးအောင် ကျင့်သုံးနိုင်ပြီဆိုလျှင် ကိလေသာနဲပါးသည်နှင့်အမျှ မိမိကိုယ်ကိုယ်ကို တည့်အောင် တဖြေးဖြေး နေတတ်လာမည်ဖြစ်သဖြင့် စာဖတ်သူများ မိမိကိုယ်ကိုယ်ကို တည့်အောင်နေ တတ်သူ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ ဟုဆန္ဒပြုရင်း…………