Wednesday, July 22, 2009

ဒုစရိုက်ကို ချီးမွန်းသင့်ပါသလား

အမေး။ ။ အရှင်ဘုရား….ဇာတ်တော်ထဲမှာ သုလသာက သူခိုးကို သတ်ဖို့ ကြံစည်တာဟာ ဘယ်နည်းနဲ့မှ ပညာ မဖြစ်နိုင်၊ ဒုစရိုက်သာ ဖြစ်ပါတယ်ဘုရား။ သို့ပါလျှက် “ပညာရှိ” လို့ ဘုရားအလောင်းနတ်သားက ချီးမွန်းတာဟာ သဘာဝမကျပါ။ တပည့်တော် သိချင်တာက ဘာ့ကြောင့် သတ်ဖို့ကြံစည်တာကို ပညာရှိ လို့ ချီးမွန်းရတာပါလဲဘုရား။

အဖြေ။ ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ တိပိဋကဓရဆရာတော် ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဌမတွဲ ပဌမပိုင်းမှာ ဖတ်ရပါတယ်။
ဒီအကြောင်းကို ပါဌဇာတ် (ငါးရာငါးဆယ်) အဋ္ဌကနိပါတ်။ သုလသာ ဇာတ်တော်မှာ ဟောတော်မူထားပါတယ်။
ရှေးအခါတုန်းက ဗာရာဏသီပြည် သုလသာ အမည်ရှိတဲ့ ပြည့်တန်ဆာ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးတယ်။ တစ်နေ့မှာ ခိုးမှုနဲ့ သေဒဏ် ကျခံရမဲ့ဆဲဆဲ သူခိုးတစ်ယောက်ကို သုလသာက ကယ်တင်ခဲ့တယ်။ သူခိုးရဲ့နာမည်က သတ္တုက လို့ခေါ်ပါတယ်။ သူတို့နှစ်ဦး အိမ်ထောင်ပြု ပေါင်းသင်းလာခဲ့ရာက တစ်နေ့တော့ သူခိုးက သုလသာအား တောင်ထိပ်ပေါ်ကို တက်စေပြီး သူမကိုယ်မှာ ၀တ်ဆင်လာတဲ့ တသိန်းတန် အဆင်းတန်ဆာများကို အချွတ်ခိုင်းပြီး သတ်မယ် လုပ်တော့တာပဲ။ သတ္တုက သူခိုးက သူ့အား သတ်မယ် ဆိုတာကို သိသွားတယ်။
“ပရိယာယ်မာယာဆင်ပြီး သူ့ထက်လက်ဦးအောင် ပြုမှ တော်မယ်” လို့ အကြံဖြစ်ပြီး၊ “ အိုမောင်တော်….မောင်တော်က ကျွန်မအား သတ်တော့မယ် ဆိုပေမဲ့ မောင်တော်အား ကျွန်မ မေတ္တာမပျက်နိုင်ပါဘူး။ ဒါကြောင့် မသေခင်အချိန်လေးမှာ မောင်တော်အား လေးမျက်နှာ ရှေ့နောက်ဝဲယာ တို့ ရှိခိုးပါရစေ” လို့ တောင်းပန်တယ်။ လင်တော်မောင် သတ္တုကကလည်း အဟုတ်မှတ်ကာ သုလသာအား ရှိခိုးခွင့်ကို ပေးလိုက်တယ်။
သုလသာကလည်း အချိန်မဆိုင်းဘဲ ပတ်လည်ပြီး ရှိခိုးပါတယ်၊ သူခိုးရဲ့ နောက်ကျောလည်း ရောက်ရော သူခိုးရဲ့ကျောက်ကုန်းကို အားနဲ့ တွန်းချလိုက်တာ သူခိုး ချောက်ထဲကျပြီး သေပွဲဝင်ခဲ့ရပါတယ်။ ထိုအဖြစ်အပျက် အလုံးစုံကို သိမြင်နေတဲ့ သူတစ်ယောက် ရှိတယ်။ ထိုသူမှာ တောင်ကို စောင့်နေတဲ့ ဘုရားအလောင်းတော် နတ်သားပဲ ဖြစ်တယ်။ အဲဒီမှာ ဘုရားအလောင်းက “ အရာတိုင်းမှာ ယောက်ျားများသာ ပညာရှိတာ မဟုတ်၊ ထိုထိုအရာရာတွေမှာ တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်တဲ့ ပညာရှိမိန်းမ တွေလည်း ရှိသေးတာပဲ” လို့ ဘုရားအလောင်းတော် နတ်သားက သုလသာ ကြံစည်ပုံနဲ့ပတ်သက်ပြီး ချီးမွန်းတော်မူခဲ့တယ်။
ထိုအကြောင်းနဲ့ ပတ်သက်ပြီး သုလသာရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ ဒုစရိုက်များ ဖြစ်တဲ့အတွက် ပညာမဟုတ်နိုင်၊ ဒါကြောင့် ဒုစရိုက်ကို မချီးမွန်းသင့် လို့ မေးခွန်းရှင်ကဆိုထားပါတယ်။ အမှန်ကား သုလသာ လုပ်ဆောင်ချက်အားလုံးကို ဆန်းစစ်လေ့လာလိုက်လျှင် ရှင်းသွားပါလိမ့်မယ်။
“ ဒီလို ဒီိလို ကြံစည်ရင်တော့ ငါနိုင်မှာ သေချာတယ်” ဆိုတဲ့ သုလသာရဲ့ ကြံစည်ချက်ဟာ အမှန်အတိုင်းကြံစည်ချက်သာ ဖြစ်တယ်။ အမှန်အတိုင်း သိတာဟာ အပြစ်မရှိ၊ ပညာသိပင်ဖြစ်တယ်။ ပီးတော့မှ ကြံစည်တဲ့အတိုင်း ပြုလုပ်တော့မယ်၊ ပရိယာယ်နဲ့ သတ်မှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်လိုက်တာကစပြီး အပြစ်ရှိတဲ့ ဒုစရိုက်အမှု ဖြစ်သွားပါပြီ။ သုလသာရဲ့ ပါဏာတိပါတအမှု ပြုရာမှာ ပထမဦးစွာ အသိဥာဏ်ဖြစ်ပေါ်တာကို ရည်ရွယ်ပြီး ဘုရားအလောင်းနတ်သားက ချီးမွန်းတယ် လို့ ယူဆရပါမယ်။
ဒီိလိုပါပဲ သုလသာရဲ့ အသိဥာဏ်နယ်ပယ်က တပိုင်း၊ ပါဏာတိပါတ ဒုစရိုက်နယ်ကတပိုင်း လို့ ခွဲခြားပြီး မှတ်ယူလိုက်မယ်ဆိုရင် ဒီပြဿနာ ဖြေရှင်းသွားလိမ့်မယ်လို့ ယူဆမိပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More