Tuesday, July 28, 2009

အလှူလုပ်ဖို့ ထီထိုးတာ ကုသိုလ်ရပါသလား

အမေး။ ။အရှင်ဘုရား…အရှင်ဘုရားရဲ့ ဒါနအကြောင်းဖြေကြားတော်မူချက်အရ တပည့်တော် သံသယရှင်းရှင်းနဲ့ လှူဒါန်းနိုင်ပြီဖြစ်လို့ အထူးပဲ ကျေးဇူးတင်မိပါတယ်ဘုရား။
နောက်တစ်ခု တပည့်တော် ထီထိုး၊ ထီရောင်းတာနဲ့ ပတ်သက်ပြီး သိချင်ပါသေးတယ်ဘုရား..
“အလှူလုပ်ဖို့ ထီထိုးတာ ကုသိုလ်တောင် ရသေးတယ်” လို့ ပြောတဲ့စကားမှာ အလှူလုပ်လို့ ကုသိုလ်ရတာ လက်ခံနိုင်ပေမဲ့ ထီထိုးပြီး လှူဖွယ်ပစ္စည်းရှာတာ(ငွေရှာတာ)ကတော့ ဘ၀င်မကျပါဘုရား။ ငါးပါး၊ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးသီလတွေမှာလည်း ထီမထိုးရလို့ မပါတဲ့ အတွက် သီလမကျိုးသလို မရောင်းသင့်တဲ့ ပစ္စည်းတွေမှာ ထီလက်မှတ် မပါတဲ့အတွက်ကြောင့် သမ္မာအာဇီဝ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား.. ဖြေကြားပေးတော်မူပါဘုရား။ ။
မစန္ဒ၀တီ
မြိတ်မဟာစည်

အဖြေ။ ။မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ “အလှူလုပ်ဖို့ ထီထိုးတဲ့ အတွက် ကုသိုလ်တောင် ရသေးတယ်” ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဥပမာတစ်ခုပြောပါ့မယ်၊ ဘုရားတည်ဖို့အတွက် ဓမြထွက်တိုက်တာ ကုသိုလ်တောင်ရသေးတယ် လို့ ပြောတာနဲ့ အတူတူပါပဲ။ အမှန်က အလှူလုပ်တာနဲ့ ထီထိုးတာကို တစ်ခုစီ ခွဲခြားရမှာပါ။
နားလည်အောင် ပြောပါဦးမယ်။ ကုသိုလ်ဆိုတာ အပြစ်မရှိ၊ ကောင်းသောအကျိုးကို ပေးတတ်တဲ့ လက္ခာဏာရှိတဲ့ တရားများကို “ကုသိုလ်” လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာက စိတ်ထဲမှာ လောဘ၊ ဒေါသ၊မောဟ အပြစ်ကင်းနေရမယ်၊ ဒီအပြစ်ကင်းနေတဲ့ စိတ် ချမ်းသာမှုမျိုးကို ကုသိုလ်လို့ ခေါ်ပါတယ်။
ဒီတော့ အလှူလုပ်ချင်လို့ပဲဖြစ်စေ၊ တခြားကုသိုလ်တစ်ခုခုလုပ်ချင်လို့ပဲ ဖြစ်စေ၊ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ထီထိုးပြီဆိုကတည်းက ငွေလိုချင်လို့ ထိုးကြတာချည်းပါပဲ၊ ဒါဆိုရင် စိတ်ထဲမှာ ငွေ လိုချင်မှုသဘောလေး ပါနေပြီ၊ အဲဒါ လောဘအပြစ်တွေပဲပေါ့၊ ဒါတင်မက ထီမပေါက်လိုက်ရဘူးဆိုရင်တော့ လိုချင်တာမရတဲ့အတွက် နှလုံးမသာမှု၊ စိတ်ညစ်မှု၊ အလိုမကျမှုဆိုတဲ့ ဒေါသအပြစ်တွေ ဖြစ်လာမှာပါ၊ ဒါဆိုရင် စိတ်ချမ်းသာတာတွေ ကင်းဝေးသွားပြီ။ အဲဒါဟာ အကုသိုလ်ပဲလေ။
ဒါကြောင့် အလှူလုပ်တာကုသိုလ်ရပေမယ့် ထီထိုးပြီး ရလာမယ့်ငွေကို မျှော်လင့်နေတဲ့စိတ်ဟာ အကုသိုလ်ပါ။ ဒါကြောင့် ထီထိုးတာ ကုသိုလ်မရနိုင် ပါဘူး။ တဖန် ထီထိုးတာဟာ……..လောင်းကစားခြင်းတစ်မျိုးပါပဲ။
ဥပမာ ဘောလုံးပွဲလောင်းတဲ့နေရာမှာ လောင်းကြေးအတွက် ငွေပေးရတယ်။ နိုင်ရင် ငွေရမယ်။ တကယ်လို့ ရှုံးရင်တော့ လောင်းကြေးထပ်ထားတာတွေ အကုန်လုံး ဆုံးကုန်တော့တာပဲ။ ဒါဟာ လောင်းကစားတဲ့သဘောပါ။ ထို့အတူ ထီိထိုးတဲ့အခါမှာ ငွေပေးပြီး ထိုးရတယ်၊ တစ်ချို့ဆို စီးပွားရေးအသွင်နဲ့ ရှိရှိသမျှ ပုံအောပြီး ထိုးကြတာ တွေ့ဖူးကြမှာပါ။ တကယ်လို့ ထီပေါက်ပြီဆိုရင်တော့ ငွေတွေ တအားကို ရလိုက်တော့တာပဲ။ ထီမပေါက်ဘူးဆိုရင်တော့ ပုံအောထားတဲ့ ငွေအားလုံး ဆုံးရှုံးကုန်တော့တာပဲ။ ဒါကြောင့် ထီထိုးတာဟာ လောင်းကစား တစ်မျိုးပါပဲ။
လောင်းကစားရဲ့ အပြစ် (၆)ပါးရှိတယ်။ လို့
(၁)နိုင်ရင် ရန်များတယ်။
(၂)ရှုံးတဲ့အခါ ဥစ္စာအတွက် ပူပန်ရတယ်။
(၃)ဥစ္စာပစ္စည်းများ ဆုတ်ယုတ် တယ်။
(၄)တရားရုံးဖြေရှင်းတဲ့အခါ လောင်းကစားသူရဲ့စကားကို အတည်မယူတတ်ပါ။
(၅)မိတ်ဆွေသူငယ်ချင်းများရဲ့ မထီမဲ့မြင်ပြုခြင်းကို ခံရတတ်တယ်။
(၆)လောင်းကစားသူကို ဘယ်သားသမီးရှင်ကမှ အလိုမရှိ။ လို့ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ လက္ခဏသုတ်မှာ ဘုရားရှင်ဟောတော်မူထား ပါတယ်။ ဒါကို အကျဉ်းချုံးလိုက်ရင် လောင်းကစားတာဟာ ပစ္စည်းဆုတ်ယုတ်ပြီး၊ စိတ်မအေးရ ပူပန်ရတဲ့အတွက် အကုသိုလ်များတဲ့အပြင် လူတတကာရဲ့ ယုံကြည်မှုကို မရရှိပါဘူး။
တစ်ချို့ထီထိုးပြီး စီးပွားရှာကြတဲ့ သူများက ထီထိုးတာဟာ မရောင်းသင့်တဲ့ ပစ္စည်းငါးမျိုးထဲမှာ မပါတဲ့အတွက် သမ္မာအာဇီဝကျတယ် ဆိုတာနဲ့ ပတ်သက်လို့ ပြောရရင် ထီထိုးပြီး စီးပွားရှာတယ်ဆိုတာ အနေသနာ = မသင့်သော ရှာမှီးခြင်း၊ မလျောက် ပတ်သော ရှာမှီးခြင်းထဲမှာပါပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် ထီပေါက်ပါပြီတဲ့ ကိုယ့်အတွက် အလျော်ပေးလိုက်ရတဲ့သူမှာ စိတ်ချမ်းသာမှာ မဟုတ်သလို ထီမပေါက်ပြန်ရင်လည်း ထီထိုးသူမှာ ငွေကုန်သွားတဲ့အတွက် စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ထီရောင်းဝယ်လုပ်ငန်းနဲ့ စီးပွားရှာမှီးတာဟာ မသင့်တင့် မလျောက်ပတ်တဲ့ ရှားမှီးခြင်းမျိုးဖြစ်နေတဲ့အတွက် သမ္မာအာဇီဝ မဖြစ်နိုင်တော့ပါ။ နောက်တစ်ခုက ထီထိုးတာဟာ သီလထဲ တိုက်ရိုက်မပါပေမယ့်လို့ (သမ္မာဝါစာ ၊သမ္မာကမန္တ၊သမ္မာအာဇီဝ) ဆိုတဲ့ သီလမဂ္ဂင်သုံးပါးအနက် သမ္မာအာဇီဝ ပျက်ယွင်းနေတဲ့အတွက် သီလချို့ယွင်းတယ်လို့ ပဲ ပြောရပါလိမ့်မယ် လို့ ဖြေကြားပေးလိုက်ပါတယ်။

1 comments:

ထီထိုးတယ်ဆိုတာအစိုးရအောင်ဘာလေထီကိုပြောတာဖြစ်ပါလိမ့်မယ်အစိုးရအောင်ဘာလေထီကတော့ထိုးတဲ့ပမာဏတဲ့ကနေပေါက်တဲ့သူကိုပြန်ခွဲပေးတာဖြစ်လို့လျော်ရလို့စိတ်မဆင်းရဲပါဘူး။ထိုးတဲ့လူကလဲတစ်စောင်တစ်အုပ်ကံစမ်းတာဖြစ်လို့ မပေါက်လဲဘာမှမပူပါဘူး။ဒါကြောင့်အစိုးရအောင်ဘာလေထီကိုတစ်လတစ်စောင်တစ်အုပ်ထိုးတာအကုသိုလ်မဖြစ်ဖူးလို့ထင်ပါတယ်။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More