ယခင်က ဘုရင့်နန်းတော်များကို သစ်နဲ့ တည်ဆောက်ကြတဲ့အတွက် ယခုအခါမှာ နန်းတော်အဆောက်အဦးများ မမြင်ရတော့တာ ဖြစ်ပါတယ်။ နန်းတော်ရဲ့ အတွင်းပိုင်းမှာတော့ သူတို့ကိုးကွယ်တဲ့ မိုးနတ်မင်း ကျောင်းတစ်ခုရှိပါတယ်၊ အဲဒါက ကျောက်နဲ့ထုလုပ်ထားတဲ့အတွက် ယခုတိုင် ထင်ရှားရှိနေဆဲ ဖြစ်တယ်။
ဒီလိုနဲ့ နန်းတော်အတွင်းဆက်လေ့လာတဲ့အခါမှာ ရေကန်ကြီးနှစ်ကန်ကို တွေ့ရပါတယ်။ ကန်ကြီးကိုလည်း ကျောက်သား များဖြင့် ပြုလုပ်ထားတာကို အံ့ဖွယ်တွေ့ရပြီး၊ ဒီရေကန်ကြီးနှစ်ခုအနက် ကြီးတဲ့ ရေကန်က မိဖုရားများ ရေချိုးတဲ့ ရေကန်ဖြစ်တယ်။ ရေကန်ရဲ့ အတွင်းနံရံများမှာ မင်းသမီးပုံများ ထွင်းထုထားတာကို တွေ့ရပါတယ်။ ဒုတိယ ရေကန်ကတော့ နန်းတော်အတွင်းက ကလေးများချိုးတဲ့ ရေကန်လို့ သိရပါတယ်။ သို့နှင့် ၁၀း၃၀နာရီခန့်တွင် အန်ကောမြို့ဟောင်းမှ ပြန်ထွက်လာကြပြီး၊ နေ့လည်စာအတွက် siemreap မြို့ထဲသို့ ကားဖြင့် ပြန်လာကြပါတယ်။ မြို့တွင်းမှ ခမာစားသောက်ဆိုင်(Khmeri Resturant) တစ်ဆိုင်မှာ ရပ်နားပါတယ်။ ထိုစဉ် ဆွမ်းအစ်မ မမြင့်မြင့်သန်းဟာ စာရေးသူတို့ နားနေတဲ့ ဆိုင်သို့ ရောက်လာကာ သူမရဲ့သူဌေးက လှူချင်လို့ပါ ဆိုပြီး၊ အဲဒီဆိုင်မှာ နေ့ဆွမ်း ကပ်ပါတယ်။ siemreap မြို့က ခမာလူမျိုးတွေ ချက်တဲ့ဟင်းဟာ ထိုင်းက ဟင်းလိုပါပဲ ၊ အချို နှင့် အစပ်များတဲ့ ဟင်းတွေပါ။
KILLING FIELDS MEMORIAL IN SIEM REAP
သည်လိုနဲ့ ဆွမ်းစားပြီးတဲ့အခါ siem reap မြို့ထဲ မှ ထင်ရှားတဲ့နေရာ တစ်ခုဖြစ်တဲ့ Killing fields Memorial ကို ရောက်ခဲ့ပါတယ်။
Killing fields memorial ရောက်တော့ အနိဋ္ဌာရုံမြင်ကွင်းတစ်ခု မြင်ခဲ့ရပါတယ်။ဲ ခမာနီစစ်တပ်ခေါင်းဆောင် “ပိုပေါ့” ဟာ သူ့ကို အန်တုပုံကန်မည်လို့ ထင်နေတဲ့တိုင်းပြည်အတွင်းက ထူးချွန်သူ ပညာတတ်သူ ခမာလူဦးရေ ၂ သန်းကျော်ကို သတ်ဖြတ်ခဲ့တယ်။ ယခုအချိန်တိုင်အောင် ပိုပေါ့ ရက်စက်ခဲ့တဲ့ မြင်ကွင်းများကို ဓါတ်ပုံမှတ်တမ်းများအရ မြင်ခဲ့ရုံမက အသတ်ခံခဲ့ရတဲ့ ခမာတို့ရဲ့ အရိုးစုများစွာကိုလည်း မြင်ခဲ့ရတယ်။ ထိုပြသထားတဲ့နေရာကို killing fields memorial လို့ ခေါ်ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။
သို့နှင့် Angkor မြို့ဟောင်းထဲသို့ စာရေးသူတို့ တဖန် ပြန်ဝင်ခဲ့ကြပြန်ပါတယ်။
နေ့ခင်းဖက် နာမည်ကြီးနေတဲ့ Angkor wat ကျောင်းကို လေ့လာကြရာ အချိန်အားဖြင့် ၂ နာရီခန့် ကြာမြင့် ပါတယ်။
လေ့လာပြီးတဲ့အခါ ညနေပိုင်း အန်ကောမြို့ဟောင်း တစ်နေရာတွင် တောင်ပေါ်သို့ ဆင်စီးပြီးတက်ရတဲ့ နေရာတစ်နေခု ရှိပါတယ်။ အဲဒီမှာ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က လာရောက်စောင့်နေကာ “အရှင်ဘုရား… တောင်ပေါ်ကို ဆင်စီးပြီးတက်ပါဘုရား၊ ဆင်စီးရင် ဘုန်းကြီးတယ်လို့ အဆိုရှိတယ်လေဘုရား” လို့ဆိုကာ ဦးမောင်မောင်က သုံးယောက်စာအတွက် ဒေါ်လာ ၆၀ ပေးဝယ်ကာ စာရေးသူတို့အား ဆင်စီးလက်မှတ် ၃ စောင်ပေးပါတယ်။ တောင်ပေါ်တွင် အန်ကောဝပ်ပုံစံဖြင့် ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတစ်ကျောင်းကို တွေ့ရတယ်။
ရာသီဥတုကောင်းနေရင် တောင်ပေါ်ကနေ နေ၀င်ဆည်းဆာ (sun set) အလှကား ပြောမပြတတ်အောင် လှပလွန်းလှတယ် လို့ ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်များဟာ ဆည်းဆာအလှကို ကြည့်ဖို့အတွက် ညနေ ၅ နာရီခန့် အချိန်ကိုက်ပြီး ကားကြီးကားငယ်များ ဖြင့် လာရောက်ကြပြီး၊ တောင်ပေါ်သို့ ဆင်နဲ့ဖြစ်စေ၊ ခြေလျင်နဲ့ဖြစ်စေ၊ တက်ကြပါတယ်။ ဒါကြောင့်လည်း တောင်ခြေရင်းမှာ ညနေဆည်းဆာအချိန် ကမ္ဘာလှည့်ခရီးသည်များ ပျားပန်းခတ်မျှ လာကြတဲ့အတွက် ပွဲတော်တမျှ စည်ကားလှပါတယ်။
စာရေးသူတို့ တောင်ပေါ်သို့ တက်တဲ့အချိန်မှာတော့ ကံဆိုးချင်လို့ပဲလား မပြောတတ်၊ မိုးတိမ်များ မှောင်လာကာ မိုးဖွဲလေးများ ကျနေတဲ့ အတွက် မိုးရွှဲကုန်တော့တယ်။ ဒါနဲ့ တောင်ပေါ်ရောက်တယ်ဆိုရင်ပဲ ချေလျင်နဲ့ အမြန်ပြန်ဆင်းလာခဲ့ပါတယ်။
သို့နှင့် ညနေစောင်းမှာ ဦးမောင်မောင်ကားဖြင့် စာရေးသူတို့ သုံးဦး တည်းခိုရာ ဟော်တယ်သို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ညဖက်တွင် ဦးမောင်မောင်နဲ့ တည်းခိုရာ အခန်းအတွင်း စကားလက်ဆုံ ပြောဖြစ်ကြပါတယ်။ မနက်ဖန် Border ဖြတ်ကာ ဘန်ကောက်သို့ သွားရမှဖြစ်တဲ့အတွက် သုံးဦးသား အိပ်ယာဝင်ခဲ့ကြပါတော့တယ်။
ကမ္ဘောဒီးယားကြောင်း တစ်စေ့တစ်စောင်း
ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင် အာရှတွင် ပါဝင်ပါတယ်။ လူဦးရေ ၁၃ သန်းခန့် ရှိပြီး၊ မြို့တော်ကတော့ ဖနွမ်းပင် ဖြစ်တယ်။ နိုင်ငံရဲ့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအို အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့ ဖြင့် ထိစပ်လျှက် ရှိပါတယ်။
ကမ္ဘောဒီးယားနိင်ငံရဲ့မြို့တော် ဖနွမ်းပင်ဟာ siem reap မြို့လောက် စီးပွားရေး အချက်အချာမကျပါ။ဘာ့ကြောင့်လဲဆို ရင် siem reap မြို့မှာ The world heri tage လို့ တင်စားပြောရလောက်အောင် ရှေးဟောင်း အမွေအနှစ် အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Angkok wat အန်ကောဝပ် ဘုရားကျောင်းကြီး ရှိလို့ပါပဲ။ ကျောင်းကြီးရဲ့လက်ရာများဟာ တကယ်လည်းရှားပါးတဲ့ အရှေ့တိုင်း အနုပညာလက်ရာများဖြစ်တယ်။
ထင်ရှားတဲ့ အန်ကောဝပ်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များ မျက်စိကျခဲ့တဲ့ နေရာတစ်ခုဖြစ်သလို ကမ္ဘာ့အံ့ဖွယ်ထဲမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ “ကမ္ဘာ့အံ့ဖွယ်ရဲ့ ဘယ်နှစ်ခုမြောက်မှာဆိုတာ မသိပေမယ့် ဘာသာရေးနှင့် ဆက်နွယ်နေတဲ့ အံ့ဖွယ်ဖြစ်တဲ့အတွက် တစ်ခြားခြားသော ကမ္ဘာ့အံ့ဖွယ်တွေနဲ့ နိုင်းယှဉ်လို့ကို မရနိင်ပါဘူး” လို့ ကမ္ဘောဒီးယားသားဖြစ်သူ ‘ပင့်’ရဲ့ ပြောချက်အရ သိရပါတယ်။
ဒါကြောင့်လည်း ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၄ သန်းကျော် ဆွဲဆောင်နိုင်ခဲ့တယ်။ ကမ္ဘာလှည့်ခရီးသည်များကြောင့် siem reap မြို့ဟာ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းများဖြင့် စီးပွားရေး အချက်အချာကျတဲ့ မြို့တစ်မြို့ပါ။ ဒါပေမယ့် ယခုအခါမှာ ကမ္ဘာ့စီးပွားရေးကျဆင်းနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်များ သွားလာမှု နည်းပါးလာကာ တစ်ချို့ဟော်တယ်တွေဆိုရင် ပိတ်ထားရတဲ့ အဆင့်အထိ ရောက်ခဲ့ တယ်လို့ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က ပြောပြပါတယ်။
အန်ကော ဆိုတဲ့ ခမာတို့ရဲ့ တိုင်းပြည်လေးဟာ တစ်ချိန်က လျမ်းလျမ်းတောက် တန်ခိုးကြီးထွားခဲ့ပါတယ်။ ဗီယက်နာမ်နိုင်ငံမှသည် မြန်မာနိုင်ငံအထိ အာဏာစက် ပျံ့နှံ့ခဲ့ဖူးပါတယ်။ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံဟာ ဝေးကွာကြပေမယ့် ယဉ်ကျေးမှုခြင်း အလွန်နီးစပ်ပါတယ်။ မြန်မာယဉ်ကျေးမှုဟာ မွန်ခမာများဆီက ရခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။
တစ်ချို့သမိုင်းဆရာတို့က မြန်မာယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံက ဆင်းသက်လာခဲ့တယ်လို့လည်း ပြောကြပြန်တယ်။ ဖြစ်ပုံမှာ အနော်ရထာမင်း မတိုင်ခင်က မြန်မာနိုင်ငံဟာ ယဉ်ကျေးမှု အလွန်နိမ့်ကျနေပါတယ်။ နောက် အနော်ရထာမင်းစောက မွန်လူမျိုးတို့ရဲ့ တိုင်းပြည် သထုံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှ မြန်မာနိုင်ငံယဉ်ကျေးမှု ပိုမို အဆင့်အတန်း မြင့်ကာ ထွန်းကားလာခဲ့ပါတယ်။ ထိုစဉ်က မွန်လူမျိုးတို့ရဲ့ တိုင်းပြည်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရှိတယ်လို့ ယူဆကြပါတယ်။ မွန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုဟာ ခမာတို့ရဲ့ ယဉ်ကျေးမှုပင် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားဟာ တနည်းနည်းဖြင့် ဆက်သွယ်နေတာအမှန်ပင် ဖြစ်ပါတယ်။
ထိုဆက်သွယ်မှုကို သက်သေခံနိုင်တဲ့ အရာတစ်ခု ပုဂံပြည်မှာယခုတိုင်ရှိပါတယ်။ အဲဒါက ဘုရားကျောင်းတစ်ခုပါပဲ။ ဒီဘုရားကျောင်းကို သထုံနန်းကျဘုရင် မနူဟာမင်းက တည်ခဲ့တာဖြစ်ပြီး၊ယခုအခါ “နန်းဘုရားကျောင်း”လို့ ခေါ်တွင်ပါတယ်။ အုတ်ကျောက်တို့ဖြင့် တည်ဆောက်ထားပြီး ကျောက်ဆစ်လက်ရာများကတော့ အန်ကောဝပ် နဲ့ တစ်ထပ်တည်း တူညီနေတာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဆက်သွယ်မှု တစ်ခုရှိပါသေးတယ်။
အဲဒါက မြန်မာတို့ရဲ့ ဗျည်းမှာ ‘က’ မှစကာ ‘အ’ မှာ ဆုံးပါတယ်။ ကမ္ဘောဒီးယားတို့ရဲ့ ဗျည်းကတော့ ‘အ’ မှစကာ ‘က’မှာဆုံးပါတယ်။ အံ့သြစရာတစ်ခုပါပဲ။
အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းကြီးရဲ့ အမြင့်မှာ ၆၅ မီတာ ရှိပါတယ်။ အန်ကောဝပ်ကြီးရဲ့ ပတ်လည်တွင် ကျူံးများ ရှိနေပါတယ်။ ယခုအခါ ထိုကျုံးများမှာ ကြည်လင်တဲ့ ရေများဖြင့် အန်ကောဝပ်ကျောင်းကြီးကို လှပအောင် တန်ဆာဆင်ထားသလို ဖြစ်နေပါတော့တယ်။ အန်ကောဝပ် ဘုရားကျောင်းပတ်လည် ကျုံးများဟာ မန္တလေးနန်းတော်အပြင်က ကျုံးနဲ့စာရင် ငယ်ပါတယ်။
၂၈.၅.၂၀၀၉
ဒီနေ့မနက်စောစောထကာ siem reap မှ Border သို့ သွားမည့် ကားဖြင့် လာခဲ့ကြပါတယ်။ကားခက တစ်ယောက်လျှင် ၉ ဒေါ်လာပေးရပါတယ်။ နေ့လည် ၁၁ နာရီမှာ Border သို့ ရောက်ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယားနယ်စပ်က အထွက် immigration မှာ arrival & Departure ၀ိုက်ကပ်မှာ ဖြည့်စရာများ ဖြည့်ကာ ထိုင်းနိုင်ငံဖက်လာခဲ့ရပါတယ်။ အဲဒီထိုင်းနိုင်ငံ ဖက်မှာလည်း arrival & Departure ၀ိုက်ကပ်များကို ဖြည့်ရပြန်ပါတယ်။ အချိန်က တစ်နာရီကုန်သွားသဖြင့် ၁၂ နာရီထိုးကာ စာရေးသူတို့ နေ့ဆွမ်း ငတ်ခဲ့ရပါတယ်။ နယ်စပ်ဂိတ် (Border) တွင် ရဟန်း မစားရသော ဆွမ်းတစ်နပ် ဖြစ်ခဲ့ရပါတယ် ဆိုတာ ပြောရင်း ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ရပါတယ်။ ။
Saturday, July 18, 2009
ခရီးသွားမှတ်တမ်း (၁၂)
Posted in: ခရီးသွားမှတ်တမ်း



0 comments:
Post a Comment