Friday, July 31, 2009

အောင်ခြင်း(၈)ပါး အကြောင်း

(၁)မာရ်နတ်ကို အောင်တော်မူခြင်း။
အမေး။ ။ အရှင်ဘုရား.......အပြင်အတွင်းအောင်ခြင်း (၈)ပါးကို အထောက်ထားစုံစုံလေးနဲ့ ပြည့်ပြည့်စုံစုံ သိချင်ပါတယ်ဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီး၊ အင်္ဂလန်
အဖြေ။ ။ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်မှာ သုဇာတာ လှူဒါန်းတဲ့ နို့ဃာဆွမ်းကို လက်ခံပြီး၊နေရဉ္ဖရာမြစ်ဆီသို့ သွားပါတယ်။ ထိုမြစ်ရဲ့ တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်မှာ ရေချိုးတော်မူပြီး အေးမြတဲ့သစ်ပင်အရင်းမှာ ထိုင်ကာ နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏ ခန့် (ထန်းသီးအစေ့အရွယ်)ကို ၄၉ လုပ်ဘုဉ်းပေးပါတယ်၊ အဲဒီမှာ ဆွမ်းအလုပ်တိုင်းမှာ နတ်ဗြဟ္မာများက လူနတ်များစားနိုင်တဲ့ သြဇာများ ထည့်ထားပါတယ်။ ဒါကြောင့်လည်း ဘုရားဖြစ်ပြီး ၄၉ ရက်ကြာတဲ့အထိ ဘာမှမစားဘဲ နေတော်မူနိုင်ခြင်း ဖြစ်ပါတယ်။
သို့နှင့် မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ “ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာဖြိုဖျက်တော်မူ ရာ နေရာဖြစ်တယ်” လို့ သိတော်မူပြီး ပါလာတဲ့ မြက်ရှစ်ဆုပ်ကို အဖျားက ကိုင်ကာ ကြဲဖြန့်လိုက်တာနဲ့ မြက်များကွယ်ပျောက်ပြီး ရတနာ ပလ္လင်တော်အသွင် ဖြစ် တည်ရှိခဲ့ပါတယ်။

ဘုရားအလောင်းတော်ဟာ မဟာဗောဓိပင်ကို နောက်ခံထားကာ အရှေ့ဖက်ကို မျက်နှာမူပြီး ရတနာပလ္လင်ပေါ်တွင် ထက်ဝယ်ဖွဲ့ ခွေ ထိုင်တော်မူခါ “ အရေ ကျန်လိုက ကျန်ပါစေ၊ အကြောကျန်လိုက ကျန်ပါစေ၊ အရိုးကျန်လိုက ကျန်ပါစေ၊ ငါတကိုယ်လုံး အသားသွေး တွေ ခမ်းခြောက်လိုက ခမ်းခြောက်ပါစေ ဘုရားမဖြစ်သမျှ ဒီနေရာက မထတော့ပြီ” လို့ အင်္ဂါလေးပါးရှိတဲ့ ၀ီရိယတရားတို့ဖြင့် ထိုင်နေတော် မူပါတော့တယ်။ အဲဒီအခါမှာ သိကြားအစရှိတဲ့ နတ်ဗြဟ္မာများက ပူဇော်မှုအမျိုးမျိုးတို့ဖြင့် ပူဇော်ကြပါတယ်။(ပူဇော်ပုံကို မရေးတော့ပြီ)
ထိုအခါ ၀သ၀တ္တီနတ်ပြည်သား မာရ်နတ်ဟာ နတ်စည်းစိမ်ကို စွန့်ပယ်ပြီး ဘုရားအလောင်းတော် ဒုက္ကစရိယာ ကျင့်စဉ်ကတည်းက ဘုရားအလောင်းတော်ရဲ့ စိတ်မှာ ဘယ်အခါ ကာမ၀ိတက်များ ဖြစ်မလဲဆိုတာ အပင်ပန်းခံကာ စောင့်ကြည့်နေခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူ။ “ဒီနေ့မှာတော့ ဘုရားအလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်ကို ရောက်ခဲ့ပြီ၊ ငါ့ရဲ့ ဘုံသုံးပါးဆိုတဲ့ နယ်ပယ်ကနေ ဘယ်နည်းနဲ့မှ အလွတ်မြောက် မခံနိင်ဘူး” လို့ တွေးကာ ၀သ၀တ္တီနတ်ပြည်က သူ့အခြံအရံ နတ်သားများကို ခေါ်လာပြီး “ အမောင်တို့…လက်နက်အမျိုးမျိုးယူပြီး ဘုရားအလောင်းတော်အား တိုက်ခိုက်ကြ” လို့ ပြောခဲ့သလို သူ့ကိုယ်တိုင်ကလည်း ယူဇနာ ၁၅၀ ရှိတဲ့ ဂီရိမေခလာ ဆင်ကိုစီးကာ လက်ရုံးတစ်ထောင်ကို ဖန်ဆင်းပြီး၊ လက်ရုံးတစ်ခုမှာ လက်နက်တစ်မျိုးဖြင့် ယူဆောင်လာခဲ့ပါတယ်။
ဒီအချိန်တုန်းက မာရ်နတ်စစ်တပ်ကြီးမှာ အလွန်များလှပါတယ်။ အရှေ့ဖက်က ၁၂ ယူဇနာ၊ လက်ဝဲ ဖက် ၁၂ ယူဇနာ၊လက်ျာ ဖက် ၁၂ ယူဇနာ၊ အထက်ကို ၉ ယူဇနာအထုရှိ များပြားလှတဲ့ မာရ်နတ်စစ်သည်တို့ဖြင့် ကြောက်မက်ဖွယ်ရာပုံသဏ္ဍာန်များ ဖန်ဆင်းကာ ညာသံပေးပြီး ဘုရားလောင်းရှိရာ မဟာဗောဓိမဏ္ဍိုင်သို့ လာခဲ့ကြပါတယ်။ များပြားလှတဲ့ မာရ်နတ်စစ်သည်များ ချီတက်လာတဲ့အခါ ဘုရားအလောင်းအား ပူဇော်နေကြတဲ့ နတ်များအနက် သိကြားမင်းဟာ နေရာမှာ ရပ်တည်မနိုင်တော့ဘဲ ခရုသင်းကို ကျောမှာ ပိုးပြီး ပြေးလွှားကာ စင်္ကြာဝဠာအနားရေးမှာ ရပ်နေရပါတယ်။ ဗြဟ္မာမင်းကတော့ ဒီနေရာမှာ မနေနိုင်တော့ဘဲ ထီးဖြူကို စင်္ကြ၀ဠာတိုက်စွန်းမှာ ပစ်ချခဲ့ကာဗြဟ္မာ့ပြည်ကို ပြန်သွားခဲ့ပါတယ်။ နောက်ဆုံး မဟာဗောဓိမှာ ဘုရားအလောင်းတော် တစ်ပါးတည်းသာ ကျန်ခဲ့တော့တယ်။
မာရ်နတ်ကလည်း တိုက်ခိုက်ရန်အတွက် ရှေ့နောက်ဝဲယာမှ များပြားလှတဲ့ စစ်သည်များကို “ရဟန်းဂေါတမကို တိုက်ကြ” လို့ အမိန့်ပေးပါတယ်။ အဲဒီမှာ ဘုရားအလောင်းတော်ဟာ ဖြည့်ကျင့်လာခဲ့တဲ့ ပါရမီကုသိုလ်များကို ဆင်ခြင်စဉ်းစားနေပါတော့တယ်။
မာရ်နတ်များဟာ ဘယ်လောက်ပင် တိုက်ခိုက်ပါသော်လည်း ဘုရားအလောင်းတော်ရဲ့ ပါရမီကုသိုလ်တော်ကို မယှဉ်နိုင်တဲ့အတွက် တိုက်ခိုက်တိုင်း နောက်ပြန်ဆုတ်လာခဲ့ရပါတယ်။
မာရ်နတ်စစ်သည်တို့ ပြုလုပ်သမျှသော အရာမှန်သမျှကို ဘုရားအလောင်းတော်က မေတ္တာ တော်အစွမ်းနဲ့ ပယ်ရှားတော်မူခဲ့ပါတယ်။ (မာရ်နတ်တိုက်ခိုက်ပုံအကျယ်ကို မပြောတော့ပြီ)
နောက်ဆုံးမှာ မာရ်နတ်အပေါင်းဟာ ၀သ၀တ္တီနတ်ပြည်ကို ပြေးရပါလေတော့တယ်။ ဒါဟာ ဘုရားရှင်က ၀သ၀တ္တီနတ်ပြည်သား မာရ်နတ်တို့ကို အောင်မြင်ပုံ၊ ပထမအောင်ခြင်းဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င် ဒုတိယတွဲ နှာ-၂၈၂ မှ ၂၉၀)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More