Thursday, July 2, 2009

ခရီးသွားမှတ်တမ်း(၁၀)

ပီရန်ကျင်းမြို့ဟာ ရန်ကုန်နဲ့ယှဉ်ကြည့်ရင် သိပ်မကွာလှပါဘူး။ သို့သော် မြန်မာနိုင်ငံမှာ မော်တော်ကား အသစ်စက်စက် တွေကို တော်ရုံနဲ့ မသုံးနိုင်ကြပေမယ့် Vientain မြို့မှာတော့ ကားအသစ်စက်စက်များကို အတော်များများ သုံးနိုင်ကြတာကို တွေ့ရတယ်။ဆက်သွယ်ရေးပိုင်းဆိုရင်လည်း တောရွာအနံ့ ဟန်းဖုန်းလေးတွေ ကိုယ်စီရှိတဲ့အပြင်၊ ဟန်းဖုန်းများ ရောင်းချနေတဲ့ ဆိုင်များကိုလည်း ကျေးလက်ဒေသမှာ တွေ့မြင်ခဲ့ရတယ်။ လျှပ်စစ်မီးဆိုရင်လည်း ၂၄ နာရီ ဘယ်အချိန်ကြည့်ကြည့် မီးလင်းနေတယ်လေ။
Vientain ပီရန်ကျင်းမြို့ဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းပေါ်မှာတည်ရှိနေတယ်။
မဲခေါင်တဖက်ကမ်း မှာဆိုရင်တော့ ထိုင်းနယ်ထဲရောက်သွားပါပြီ။ ဒါ့ကြောင့်လည်း စာရေးသူတို့မှာပါလာတဲ့ ထိုင်း GSM ဖုန်းများ conection ရနေပါတော့တယ်။ မဲခေါင်မြစ်ကမ်းနံဘေးမှာဆိုရင်တော့ ပိုပြီး conection ရရှိနေပြီး၊ မြို့ထဲရောက်သွားလို့ကတော့ conection မရတော့ပါ။ စာရေးသူတို့လည်း အမိမြန်မာပြည်နှင့် အဆက်အသွယ်ပြတ်တောက်နေတာကြာပြီဖြစ်တဲ့အတွက် မဲခေါင်မြစ်ကမ်းနားကို လမ်းလျှောက်လာရင်း အလွမ်းပြေ ဖုန်းပြောကြရပါတယ်။ ဒါလည်း ပြည်ပကို ခေတ္တရောက်နေသူတို့အတွက် အရသာတစ်မျိုးပဲပေါ့။

SISAKET MUSEUM
(Vientain)ပီရန်ကျင်းမြို့မှာ သတိထားမိတာကတော့ ကျောင်းတိုက်အတော်များများမှာ ရှေးဟောင်းလက်ရာများ ရှေးမူမပျက်ရှိတဲ့အပြင် Museum ပြတိုက်အဖြစ် ထားရှိတာ တွေ့ရတယ်။ စာရေးသူတို့ တည်းခိုတဲ့ SISAKET ကျောင်းမှာလည်း (SISAKET MUSEUM) စီစကက်ပြတိုက်အဖြစ် အသုံးပြုထားတာ တွေ့ရတယ်။ ထိုစိစကက်ကျောင်းကို (Anouvong) အန်နိုယူဘော်ဘုရင်ရဲ့ တစ်ဦးတည်းအုပ်ချူပ်သည့်ကာလ၊ ၁၈၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့တယ်လို့ဆိုပါတယ်။ ယခုအချိန်အထိ SISAKET ဟာ နှစ်ပေါင်း (၁၉၂)နှစ် ကြာခဲ့ပြီဖြစ်တယ်။ ယခင် ဘုရားကျောင်းဆောင်အနေဖြင့် တည်ရှိခဲ့ရာက ယခုမှာ နိုင်ငံခြားဝင်ငွေရအောင် ရှေးပြတိုက်အဖြစ် အသုံးပြုထားတာ တွေ့ရပါတယ်။
SISAKET MUSEUM ထဲမှာ မြန်မာလက်ရာနဲ့ ဆင်တူတဲ့ ဆင်းတုတော်တစ်ဆူကို မေးမြန်းကြည့်ရာ မြန်မာနိုင်ငံမှ ဆင်းတုတော်ဖြစ်ကြောင်း လာအို ဦးဇင်းလေးတစ်ပါး ပြောပြချက်အရ သိရပါတယ်၊ ဒီအထဲမှာ ထိုင်းကယူဆောင်လာတဲ့ ရှေးဟောင်း ဆင်းတုတော် အရေအတွက် လေးရာကျော်အထက်မှာ ရှိတယ်လို့ သိရတယ်။
ဒါဟာ နိုင်ငံခြားသားတွေအတွက် မျက်စိကျစရာ တစ်ခုပါ။ ထို့အတူပဲ မြန်မာနိုင်ငံမှာလည်း သမိုင်းအထောက်အထားပြည့်စုံတဲ့ ရှေးလက်ရာတွေကို ရှေးမူ မပျက်စေဘဲ ဒီအတိုင်းထားနိုင်မယ်ဆိုပါက လာအိုနိင်ငံမှာလိုပဲ The world heri tage city တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ တွေးမိပါတယ်။
ပီရန်ကျင်းမြို့မှ ဘာသာရေးအခြေအနေ
လာအိုနိုင်ငံမှာ လူဦးရေ ၆ သန်းရှိပြီး ရဟန်းသံဃာတော်များက ၅၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းထက်မနည်း ရှိနေပေမယ့် လာအိုနိင်ငံမှာတော့ သံဃာဂိုဏ်းကြီးတစ်ဂိုဏ်းထဲသာရှိပြီး သံဃာ့အစည်းအဝေးဆိုရင်လည်း လာအိုသံဃာအားလုံး တစ်စုတစ်ဝေးတည်း စည်းဝေးကြတယ်လို့ SISAKET စိစကက် အမည်ရှိ လာအိုဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောပြချက်အရသိရပါတယ်။ သံဃာတော်များ ပညာသင်ဖို့အတွက် တက္ကသိုလ်အဆင့်မရှိသေး၊ ကော့လိပ်အဆင့်သာရှိသေးတယ်လို့ သိရပါတယ်။ တစ်ချို့ ရဟန်းတော်များက အိန္ဒိယ ပညာသင်သွားကြပြီး B A , M A (Buddhism)ဘွဲ့ရရှိကြတဲ့ ရဟန်းတော်များလည်း ရှိကြပါတယ်။

SIEMREAP,CAMBODIA
၂၆.၅.၂၀၀၉
နံနက် မှာ လေယာဉ်ကွင်းထွက်ရမှာမို့ အစောကြီး အိပ်ရာဝင်ခဲ့သော်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ပါ၊ ဘာ့ကြောင့်လဲဆိုရင် အလွန်ရောက်ချင်နေတဲ့ Angkor wat ကို မနက်ဖန်မှာ ရောက်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်လည်းပါပါတယ်။
သို့နှင့်နံနက် ၅း၃၀ နာရီမှာ တုတ်တုတ်လေးဖြစ် Vientain Airpaort သို့ ထွက်ခွာခဲ့ကြပါတယ်။ နံနက်ဆွမ်း ကိုတော့ လေယာဉ်ကွင်းမှာပဲ သုံးဆောင်ကြပါတယ်။ အဲဒီလိုနဲ့စာရေးသူတို့ Lao Air line ဖော်ကာလေယာဉ်နဲ့ နံနက် ၆း၃၀နာရီမှာ စတင်ပျံသန်းပါတယ်။ တစ်နာရီခန့်ကြာသောအခါ PAKSE ပါ့ခ်စီ ဆိုတဲ့မြို့ကို ဆင်းသက်ပါတယ်။ စာရေးသူတို့က ထရန်စစ်နဲ့ လာတာဆိုတော့ ပါခ့်စီမြို့ လေဆိပ်အဆောက်အဦထဲ အရင်ဝင်ပြီး ထရန်စစ်အတွက် Check in လုပ်ရပါတယ်။ ပြီးတော့ ပါ့စ်ပို့မှာ လာအိုနိုင်ငံမှ အထွက်ပြကာ QV 512 လာအို လေယာဉ်ဖြင့်ပင် ကမ္ဘောဒီးယား သို့ ထွက်ခွာခဲ့ပါတယ်။ မကြာမီ စာရေးသူတို့ စီးနင်းလိုက်ပါလာတဲ့ QV 512 လေယာဉ်ကြီးဟာ SIEMREAP သို့ ဆင်းသက်ပါ တော့တယ်။

လေဆိပ်အရောက် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု
၂၆.၅.၂၀၀၉
လေဆိပ်ရောက်တယ်ဆိုရင်ပဲ ထုံးစံအတိုင်း၊ Departure Card / Arrival Card များကို ဖြည့်ပြီး၊ Arrival visa အတွက် တစ်ယောက်ကို ဒေါ်လာ ၂၀ ပေးရပါတယ်။ Travelers များ တစ်ခြားနိုင်ငံမှ SIEMRAPE ကို သွားကြမယ်ဆိုပါက SIEMRAPE လေဆိပ်မှာပဲ Arrival visa ကိုယူလို့ရတယ်ဆိုတာ အသိပေးလိုက်ပါတယ်။ ကျန်းမာရေးအတွက်စိတ်ချရအောင်ဟုဆိုကာ (Health Declaration of Travelers Form မှာလည်း ဖြည့်ရပါသေးတယ်။ (ယခုခေတ်ပေါ်ဖြစ်တဲ့ H1 N1 ရောဂါကြောင့် ကျန်းမာရေး ဖွန်ကို ဖြည့်ရတာထင်ပါတယ်)
ဲတစ်ခုတော့ရှိတယ်၊ Bangkok မှ Siem reap ကို သွားမယ်ဆိုပါရင် လေကြောင်းလိုင်းသာမက ကားဖြင့်လည်း သွားလာနိုင်တယ် ဆိုတာကိုလည်း သတင်းကောင်းပါးပါရစေ၊ ဘန်ကောက်မှ ကားဖြင့်သွားလျှင် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် (Boder)ကို ဖြတ်ရပါမည်။ Boder ရောက်တဲ့အခါ ထိုင်းနယ်စပ်ဘက်မှ အထွက်ပြပြီး ကမ္ဘောဒီးယားနယ်စပ်ဘက်မှာ arrival visa ယူပြီး တစ်ဖန်ကားဖြင့် Siem Reap သို့ သွားနိုင်ပါတယ်။ အထက်ကစကားပြန်ဆက်ပါ့မယ်။
Siem Reap လေဆိပ်တွင်Formဖြည့်ကာ Immigration countoarကို ဖြတ်ရပါတယ်။ ဘန်ကောက်လေဆိပ်လို လေယာဉ်အ၀င်အထွက်မများတဲ့အတွက် Baggage ရွေးရမယ့်နေရာက တစ်ခု နှစ်ခုလောက်ပဲ ရှိတယ်၊ Immigration countor က လေးခုလောက် ရှိပါတယ်။
မှားစရာအကြောင်းမရှိပါဘူး။ စာရေးသူလည်း ကမ္ဘောဒီးယား အန်ကောဝပ်ကို ရောက်ပြီိဆိုတဲ့ အသိနဲ့ အားခဲထားတာ ရောက်ပီပေါ့ ဆိုပြီး ၀မ်းသာအားရဖြစ်မိတယ် ၊ အဲဒီမှာ အတူပါလာတဲ့ ဦးကုမာရက စာရေးသူတို့အား ဓါတ်ပုံ ရိုက်ပေးပါတယ်။ အပြင်ရောက်တော့ Mandalay inn ဟော်တယ်မှ တာဝန်ရှိသူများက စာရေးသူတို့အား လာရောက်ကြိုနေတာကို တွေ့ရပါတယ်။ စာရေးသူလည်း သတိရ၍ ရုတ်တရက် ကိုယ့်လက်ထဲကြည့်လိုက်ရာ အပြန်လေယာဉ်လက်မှတ်ထည့်ထားတဲ့ အိတ်တစ်အိတ်လုံး ဘယ်နားကျခဲ့မှန်းလဲ မသိတော့ပါဘူး။ သွားပြီဆိုပြီး စိတ်ထဲ ထူပူသွားတော့တာပါပဲ။
ဒီအချိန်မှာ မမျှော်လင့်ပဲ မြန်မာအမျိုးသမီးတစ်ယောက်နဲ့ တွေ့ပါတယ်။ သူမနာမည်က မမြင့်မြင့်သန်း ပါ။ Siem Reap မြို့မှာ Tour oprition Manager အလုပ်ဖြင့် Siem Reap မြို့ကို ရောက်နေခြင်းဖြစ်တယ်။ သို့နှင့် ပျောက်သွားတဲ့ အိတ်အတွက် သူမကိုပဲ အကူအညီ တောင်းရပါတော့တယ်။ သူမက….
“ပျောက်သွားတဲ့ လေယာဉ်လက်မှတ်ကို မပူပါနဲ့ ပြန်ယူလို့ ရပါတယ်၊ ခရီးသွားသူတွေမှာ ဒီလိုမျိုးခဏခဏ ဖြစ်တတ်ပါတယ်” ဆိုပြီး သူမက အားပေးရှာပါတယ်။ သူမက စာရေးသူနဲ့ လေဆိပ်တာဝန်ခံတစ်ယောက်နဲ့ မိတ်ဆက်ပေးကာ အထဲပြန်ဝင်ပြီး ကျကျန်ခဲ့တဲ့ လက်မှတ်အိပ်ကို ရှာဖွေပါတယ်။ မတွေ့ပါဘူး။ သို့နှင့် စာရေးသူလည်း စိတ်ပျက်ပျက်နှင့် လေဆိပ်အပြင်ဖက်သို့်ပြန်ထွက်လာလိုက်တယ် Baggage အနားရောက်တယ်ဆိုရင်ပဲ စာရေးသူရှာနေတဲ့ အပြန်လက်မှတ်အိတ် အ၀ါရောင်လေးက Baggage များကြားမှာ တွေ့လိုက်ရတယ် ၊ အဲဒီအခါကျမှ စာရေးသူလည်း ဟင်း ချနိုင်တော့တယ်။
ဒီလို ပြည်ပခရီးထွက်တဲ့အခါမှာ ကိုယ့်ပါ့စ်ပို့စတာတွေကို မေ့ကျန်ခဲ့တာတို့ ကျပျောက်တာတို့ မဖြစ်အောင် အထူးသတိထားရပါ့မယ်။ ဒါကြောင့် ပြည်ပခရီးသွားလာသူများ ပါ့စ်ပို့နှင့် လေယာဉ်လက်မှတ် စတာတွေကို ပျောက်မသွားအောင် အထူးသတိထားဖို့ ပြောပါရစေ။

SIEMREAP မှ မြန်မာအမျိုးသမီး မမြင့်မြင့်သန်းရဲ့ စေတနာ (ဓါတ်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်)
ကိစ္စတစ်ခုရှင်းသွားတာနဲ့ မြန်မာအမျိုးသမီးဖြစ်သူ မမြင့်မြင့်သန်းက မြန်မာဘုန်းတော်ကြီးများကို ဆွမ်းမကပ်ရတာ ကြာပြီဖြစ်တဲ့အတွက် စာရေးသူတို့အား “ဆွမ်းကပ်ပါရစေ၊ တပည့်တော် မကြာမီ mandalayinn hotel ကို လိုက်လာခဲ့ပါ့မယ်” လို့ ပြောပါတယ်။ စာရေးသူတို့လည်း Mandalayinn hotel ကို ရောက်ပြီး မကြာခင်မှာ မမြင့်မြင့်သန်း ရောက်ရှိလာကာ ဆွမ်း ကပ်ရန်အတွက် မြို့ထဲ ကြွဖို့ အကြောင်း လာရောက် လျှောက်ထားပါတယ်။
စာရေးသူတို့လည်း သူမနှင့်အတူ ပါလာတဲ့ ကားဖြင့်ူ လိုက်ပါခဲ့တယ်။ ၁၅ မိနစ်ခန့် သွားပြီးတဲ့အခါ Restaurant တစ်ခုရဲ့ရှေ့မှာ ကားရပ်ပြီး ဆိုင်ထဲ ၀င်သွားပါတယ်။ ဆိုင်နာမည်က TONLE CHAK TO MUK ဖြစ်ပါတယ်။ ဗီယက်နာမ် စားသောက်ဆိုင်တစ်ဆိုင်လို့ သိရပါတယ်။
ဒီဆိုင်က ဘူဖေးစနစ် ယူစားစနစ်ဖြစ်ကြောင်းကိုလည်း အတူပါလာသူ ဆွမ်းအစ်မ မမြင့်မြင့်သန်း ပြောပြချက်အရ သိရပါတယ်။ သူမက “တပည့်တော်မှာ ဆွမ်းကပ်ခွင့်မရတာ ကြာပါပီဘုရား၊ ကပ်ခွင့်ပြုပါဘုရား” လို့ဆိုကာ သူမကိုယ်တိုင် ကောင်းနိုးရာရာ ဟင်းတွေကို ယူပေးပြီး ဆွမ်းကပ်ပါတယ်။ ဒီ Restaurant မှာ ကြိုက်သလောက်ယူစား တစ်ဦးအတွက်ကျသင့်ငွေက ၁၂ ဒေါ်လာ ဖြစ်တယ်လို့ သိလိုက်ရပါတယ်။ တစ်ဖန် သူမက……
“တပည့်တော် အရှင်ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာ ၀မ်းသာလှပါတယ်ဘုရား၊ တပည့်တော်အဖေက ရဟန်းတော် များကို ကိုးကွယ်တဲ့အခါ ပုဂ္ဂိုလ်မရွေးဘဲ သံဃာအမှတ်နဲ့သာ ကိုးကွယ်ဖို့ ဆုံးမထားတဲ့အတွက် တပည့်တော် သံဃာအမှတ်နဲ့ပဲ လှူပါတယ်ဘုရား” လို့ ပြောပါတယ်။ နေ့ဆွမ်းစားပြီးတဲ့နောက် စားသောက်ဆိုင် အပြင်ပြန်ထွက်လာတဲ့အခါ ဆွမ်းဒကာမ မမြင့်မြင့်သန်း နှင့်အတူ စာရေးသူတို့ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။ ပြီးလျှင်….
မြို့ထဲသို့ သူမကားနဲ့ ရှေးဟောင်းကျောင်းတိုက်အချို့နှင့် ကျောင်းတိုက်အတွင်းရှိ အသုဘအလောင်းများအား မီးသဂြိုလ်တဲ့ နေရာတွေကို လိုက်ပြပါတယ်။ မီးသဂြိုလ်တာကတော့ လျှပ်စစ်နဲ့မဟုတ်ပါဘူး၊ ရိုးရိုးထင်းမီးထိုးပြီး မီးသဂြိုလ်ကြတာကို တွေ့ရပါတယ်။
ဒီလိုနဲ့ သွားရင်း တစ်နေရာအရောက်မှာ မမြင့်မြင့်သန်းက သူမဘ၀ခံယူချက်နဲ့ ခံစားချက်များ အတွေ့ အကြုံများကို ပြောပြပါတယ်။
“တပည့်တော်ဟာ အိမ်ထောင်မရှိပါဘူးဘုရား……တစ်ကိုယ်တည်းနေရခြင်းအကြောင်းက တကယ်လို့များ attachment တွေ ရှိလာပြီဆိုရင် ဒါတွေအတွက် တပည့်တော် ကြောင့်ကျစိုက်ရပါတော့မယ်၊ အချိန်ပေးရပါတော့မယ်။ ကိုယ်ပိုင်အချိန်လည်း ကုန်သွားပါလိမ့်မယ်ဘုရား…….အကြောင်းကြောင်းတွေကြောင့် တပည့်တော် အိမ်ထောင် မယူဖြစ်ပဲ တကိုယ်တည်းပဲ နေလာခဲ့တာ အခုဆိုရင် အသက် ၄၀ ထဲဝင်လာပါပြီဘုရား။
တပည့်တော်က အလှူပြုခွင့်ရရင် ပြုတော့တာပဲဘုရား၊ အလှူလုပ်ရတာကိုလည်း ၀ါသနာပါလှပါတယ်ဘုရား၊ ဒါဟာ ငယ်ငယ်လေးထဲက တပည့်တော်ကို အဖေအမေများ ပြောဆို ဆုံးမခဲ့အတွက်ကြောင့်ပါပဲဘုရား၊ တပည့်တော်က ကိုယ်လှူနိုင်တာဆိုရင် ကြုံလို့ အခွင့်ရလို့ လှူရတာပဲဆိုပြီး လှူလိုက်တော့တာပဲ၊ ကိုယ့်အနာဂတ်အရေး မတွေးနေတော့ပါဘူးဘုရား။ ဒါကြောင့်လည်း….
သူငယ်ချင်းများကမေးပါတယ်.. အလှူခံပုဂ္ဂိုလ်များကို ဒီလောက်ပေးကမ်းနေတာ ရှေ့ရေးမတွေးဘူးလား……တဲ့၊ ဒါက နောင်ခါလာ နောင်ခါဈေးပါ၊ သေခြင်းတရားဆိုတာ အချိန်မရွေး အရွယ်မရွေးဘူး၊ ဒါကြောင့် လက်ရှိအချိန်ကို တန်ဖိုးရှိစွာ အသုံးချခြင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်ဘုရား….. (ဆက်လက်ရေးသားပါဦးမည်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More