စတုတ္ထစံအိမ်တော်ကြီး
စတုရာပေဿန္နော
စတုတ္ထစံအိမ်တော်ကြီး၏ အရည်အသွေးက လေးပါးသောအရာဌာနကို မှီရမည် ဖြစ်ပါသည်။
မှီရာလေးပါးဆိုသည်မှာ -
၁။ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးကို မှီဝဲရမည်။
၂။ သည်းခံရမည်။
၃။ ဘေးအန္တရာယ်ဖြစ်မည့်အရာများကို ရှောင်ကြဉ်ရမည်။
၎။ မကောင်းသောအကြံအစည်များကို ပယ်ရမည်။ ထိုလေးခုကို မှီရာလေးပါးဟု ခေါ်ပါသည်။
အကျဉ်းမှတ်နိုင်ရန် ဆောင်ပုဒ် (မှီဝဲ၊ သည်းခံ ၊ ရှောင်ပယ်လှန်၊ လေးတန်မှီရာများ)၊
(၁) မှီဝဲ
ရဟန်းတော်များမှာတော့ ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး ဟု ခေါ်ဝေါ်ရသကဲ့သို့ လူပုဂ္ဂိုလ်များမှာတော့ ထမင်း,အ၀တ်, အိမ်,ဆေး ဟု ခေါ်ဝေါ်ရမည်ဖြစ်သည်။
ပုထုဇဉ်များသည် ထမင်းစားကြသောအခါ ကိုယ်ကြိုက်နှစ်သက်သည့် ဟင်းလျာဖြင့် စားရလျှင် စိတ်ထဲ အကျေနပ်ကြီး ကျေနပ် ကာ ကောင်းသောအရသာအပေါ်တွင် တပ်မက်သာယာမှု (တဏှာ)၀င်လာ၏။ အလွန်ကောင်းသော အ၀တ်အထည်များ ၀တ်ဆင်ရသောအခါတွင်လည်း အ၀တ်အထည်များအပေါ် နှစ်သက် သာယာမှု(တဏှာ)၀င်လာ၏။ နားခိုစရာ အိမ်ကောင်းကောင်းနဲ့နေရလျှင် လည်း နေထိုင်ရသည့် အိမ်၌နှစ်သက်သာယာမှု(တဏှာ)၀င်လာ၏။
` ဒီစားစရာမျိုးကို ငါမို့လို့ စားနိုင်တာ , ဒီအ၀တ်မျိုးကို ငါမို့လို့ ၀တ်နိုင်တာ , အလွန်ကောင်းတဲ့ဒီအိမ်မျိုးနဲ့ ငါမို့လို့နေနိုင်တာ , တန်ဖိုးကြီးပြီး အလွန်ရှားပါးတဲ့ ဒီဆေးမျိုးကို ငါမို့လို့ မှီဝဲနိုင်တာ´ဟု ထောင်လွှားသည့် မာန်မာနများဝင်လာ၏။
စားလျှင်လည်း `ငါစားတယ်´၊ အ၀တ် ၀တ်လျှင်လည်း `ငါ အ၀တ်ဝတ်တယ်´၊ အိမ်တွင်နေလျှင်လည်း ` ငါနေထိုင်တယ်´ ၊ ဆေးမှီဝဲလျှင် လည်း` ငါဆေးမှီဝဲတယ်´ဟု အထင်အမြင်မှားကာ `ငါ´ဟူသည့် လွဲမှားသော အယူအဆ(ဒိဋ္ဌိ)၀င်လာသည်။ ဤကဲ့သို့ ပစ္စည်းလေးပါး ကို အခြေခံ၍ တဏှာ၊မာန၊ဒိဋ္ဌိများ မိမိသဏ္ဍာန်ဖြစ်ပေါ်လာခြင်းသည် အိမ်ကောင်းအိမ်သန့်တွင်နေထိုင်ရသည် မဟုတ်ဘဲ အိမ်စုတ်လေးတွင် မိုးမလုံလေမလုံ ပင်ပမ်းစွာ နေထိုင်ရသည်နှင့်တူလှပါသည်။
အရိယာသူတော်ကောင်းကြီးများသည် ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး မှီဝဲသုံးဆောင်သောအခါ ထိုပစ္စည်းလေးပါးကို အခြေခံ ၍ သာယာမှု(တဏှာ)၊ ထောင်လွှားမှု (မာန)၊ အယူမှားမှု(ဒိဋ္ဌိ)များ ၀င်ရောက်လာခြင်း မရှိတော့ဘဲ တုနှိုင်းမမီ စံအိမ်တော်ကြီး၌ နေနိုင်ကြပါ သည်။
ထို့အတူ ပုထုဇဉ်များသည်လည်း အစာစားသောအခါ (အသိတေ အပိတေ သာယိတေ ခါယိတေ သမ္ပဇာနကာရီ ဟောတိ) သမ္ပဇဉ် ဥာဏ်ယှဉ်ကာ (စားတယ်၊၀ါးတယ်၊မျိုတယ်)စသည့် အမှတ်သတိဖြင့် မပြတ်ရှုမှတ်ပြီး စားသုံးမည်ဆိုပါလျှင် အစားအစာကို အခြေခံ၍ ကိလေသာများသည် တဒင်္ဂ(တစ်ခဏ)ပယ်သတ်ပြီး ဖြစ်နေတော့၏၊ နောင်တွင် ရှုမှတ်မှုအရည်သွေး မြင့်မားလာပါက အာသဝေါကင်းကွာ ရဟန္တာ များ ဖြစ်နိုင်ပါသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍-
တစ်ခါက သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံတွင် သာသနာတော်ထွန်းကားခဲ့စဉ်တုန်းက မြို့-ရွာ လမ်းဆုံလမ်းခွတို့၌ ခရီးသွားရဟန်း/ရှင်/လူများ နားနေ အပမ်းဖြေနိုင်ရန် ဇရပ်များ ဆောက်လုပ်ထားကြပါသည်။ နံနက်အာရုံတက်သည့်နှင့် ရဟန်းတော်များ ကျောင်းမှထွက်ကာ ဆွမ်းခံလေ့ရှိကြပါသည်။ ဆွမ်းခံပြီးသောအခါ သီတင်းသုံးရာ ကျောင်းသို့ပြန်ရမည်မှာ အလှမ်းကွာလှသောကြောင့် လမ်းဆုံ၌ ဆောက်ထားသော ဇရပ်ပေါ်တွင်ပဲ ဆွမ်းဘုဉ်းပေးတော်မူကြရပါသည်။ ထိုသို့ဆွမ်းဘုဉ်းပေးကြရာတွင် မပြတ်သော အမှတ်သတိဖြင့် ဆွမ်းဘုဉ်းပေးတော်မူကြခြင်းကြောင့် ဆွမ်းဘုဉ်းပေးပြီးသည်နှင့်တပြိုင်နက် အာဝေ၀ါကင်းကွာ ရဟန္တာ အဖြစ်သို့ ရောက်တော်မူခဲ့ကြပါသည်။ ထိုစဉ်က ဆွမ်းဘုဉ်းပေးစဉ် ရဟန္တာဖြစ်တော်မူခဲ့ကြသည်မှာ ရဟန္တာမဖြစ်ဘူးသည့် ဇရပ်ရယ်လို့ မရှိပါ ဟု စာပေတွင် မှတ်သိခဲ့ရပါသည်။
အ၀တ်အထည်-သင်္ကန်း ၀တ်ရုံသည့်အခိုက်တွင်လည်း (သင်္ဃာဋိ ပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ) သမ္ပဇဉ် ဥာဏ်ယှဉ်ကာ ကိုင်တယ်၊ ယူတယ်၊ ၀တ်တယ် ၊ လှဲတယ်၊စသည့် အမှတ်သတိဖြင့် မပြတ်ရှုမှတ်ပြီး ၀တ်ရုံကြမည်ဆိုပါလျှင် အ၀တ်အထည်ကို အခြေခံ၍ ကိလေသာများသည် တဒင်္ဂ(တစ်ခဏ) မ၀င်လာနိုင်တော့ဘဲ ငြိမ်အေးနေပေလိမ့်မည်။
ကျောင်း/အိမ်များတွင် နေထိုင်သည့်အခိုက် သမ္ပဇဉ် ဥာဏ်ယှဉ်ကာ သွား ရပ် ထိုင် လျောင်း ၊ လှည့်ကာပြောင်း၊ ကောင်းကောင်း မှတ်၍ နေကြလေ ဟူသည့် ဆောင်ပုဒ်လင်္ကာအတိုင်း မပြတ်ရှုမှတ်ခြင်းဖြင့် နေထိုင်သွားမည်ဆိုပါလျှင် နေစရာ ကျောင်း/အိမ်တို့ကို အခြေခံ၍ ကိလေသာများသည် တဒင်္ဂ(တစ်ခဏ) မ၀င်လာနိုင်တော့ဘဲ ငြိမ်းအေးနေပေလိမ့်မည်။
ကျန်းမာရေးအတွက် ဆေးမီဝဲသည့်အခိုက် သမ္ပဇဉ် ဥာဏ်ယှဉ်ကာ (သောက်တယ်၊ မြိုတယ်)ဟု သတိနှင့်ရှုမှတ်ပြီး ဆေးမှီဝဲကြ မည်ဆိုပါလျှင် ကျန်းမာရေးအတွက် ဆေးကို အခြေခံ၍ ကိလေသာများ တဒင်္ဂ(တစ်ခဏမျှ)မ၀င်လာနိုင်တော့ဘဲ ငြိမ်းအေးနေပေလိမ့်မည်။
ဤသည်ပင်လျှင် ဆွမ်းစသည်ကို မှီဝဲရာ၌ တဏှာ၊ မာန၊ ဒိဋ္ဌိ မဖြစ်စေဘဲ မပြတ်ရှုမှတ်မှုဖြင့် မှီဝဲနိုင်လျှင် စတုတ္ထစံအိမ်တော်ကြီး၏ မှီရာလေးပါး အနက် ပထမမှီရာ တုနှိုင်းမမီ စံအိမ်တော်ကြီးတွင် နေနိင်ကြမည်ဖြစ်ပါသည်။
(၂) သည်းခံ
မြင်မှု၊ကြားမှု၊နံမှု၊စားမှု၊ထိသိမှု တို့တွင် အဆိုးအကောင်းအာရုံတို့အပေါ် သည်းခံနိုင်ရပါသည်။ လူအများစုက မကောင်းသောအာရုံနှင့်တွေ့ကြုံရမှသာလျှင်သည်းခံရမည်ဟု သိထားကြဟန်တူပါသည်၊ အမှန်ကား ကောင်းသောအာရုံနှင့် တွေ့ကြုံရလျှင်လည်း သည်းခံရမည်ဖြစ်ပေသည်။ အထူးသဖြင့် တရားအားထုတ်သောအခါ ဆင်းရဲသည့်ဒုက္ခဝေဒနာအပေါ် သည်းခံ၍ ရှုမှတ်ရပါမည်။ ဆင်းရဲသည့်ဒုက္ခဝေဒနာကို သည်းမခံနိုင်ဘဲ ဣရိယာပုထ်ကို မကြာခဏ ပြောင်းနေမည်ဆိုပါက ရှုမှတ်မှုမကြာခဏပျက် နေသည့်အတွက် စိတ်တည်ငြိမ်မှု မရရှိနိုင်ပေ။ သည်းခံနိုင်သမျှကို သည်းခံ၍ ရှုမှတ်သွားပါက စိတ်တည်ငြိမ်မှုရလွယ်ပါသည်။ ထိုကြောင့် သည်းခံခြင်းသည် စတုတ္ထစံအိမ်တော်ကြီး၏ မှီရာလေးပါးအနက် ဒုတိယမီရာတစ်ပါးဖြစ်ပေတော့၏။
“ဤနေရာတွင် အလျဉ်းသင့်၍ ပြောလိုပါသေးသည်။”
တစ်ချို့က တရားအားထုတ်ရာ၌ ပင်ပင်ပမ်းပမ်းအားထုတ်စရာမလို ပင်ပင်ပမ်းပမ်းအားထုတ်လျှင် အတ္ထကိလမထ အကျင့်ဟု ပင် စွပ်စွဲပြောဆိုနေပါသေးသည်၊ ထိုသို့ပြောဆိုခြင်းသည် ၀န်လေးပေစွ၊ လူတို့သဘာဝကား ပင်ပင်ပမ်းပမ်း အားထုတ်သည်ကို မလိုလား သက်သာစွာ အားထုတ်ရလျှင် ကြိုက်နှစ်သက်ကြပါသည်။ ထိုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေရန်လှုံ့ဆော်ရေးသားဟောပြောနေလျှင် အမှန်တကယ် နိဗ္ဗာန်လိုလား တရားအားထုတ်နေကြသူများ အတွက် ရင်လေးစရာကောင်းလှပါသည်။
ဤသို့ဆိုလျှင် မြတ်ဗုဒ္ဓလက်ထက်တော်က နည်းလမ်းမှန်ကန်စွာ တရားကို ကြိုးစားအားထုတ်ကြသော သူတော်ကောင်းကြီးများ၏ တရားအားထုတ်ပုံအခြင်းအရာတို့ကို အတ္ထကိလမထဟု စွပ်စွဲရာရောက်နေပါသည်။ ဘုရားလက်ထက်က အသက်(၇)နှစ် အရွယ် ဥတ္တရာ အမည်ရှိသော အမျိုးကောင်းသမီးသည် မအိပ်၊မစား မသောက်ဘဲ ပြင်းထန်စွာတရားအားထုတ်ခဲ့ရာ (၇)ရက်မြောက်နေ့တွင် ရဟန္တာဖြစ်တော်မူခဲ့သည့် သာဓကလည်းရှိခဲ့ပေသည်။ တစ်ခြား သာဓကတွေလည်း အများကြီးရှိပါသေးသည်။ ဤနေရာ၌ စာအိုင်မည် စိုးသဖြင့် တော်လောက်ပြီ။ ပြောလိုသည်မှာ မဂ္ဂင်ရှစ်ပါး(သီလ၊သမာဓိ၊ပညာ)အကျင့်ပါလျှင် မည်မျှပင်ပမ်းစေကာမူ ထိုပင်ပမ်းမှုသည် အတ္ထကိလမထအကျင့် မဟုတ်ဘဲ၊ မဇ္ဈိမပဋိပဒါအကျင့်သာလျှင် ဖြစ်သည်ဟု တရားလိုလားသူများအား သိစေချင်လှပါသည်။
(၃)ရှောင်ကြဉ်ရမည်
နိဗ္ဗာန်လိုလားကြသောသူများသည် သားရဲတိရစ္ဆာန်ပေါများသောနေရာများတွင် တရားအားထုတ်ပါက သားရဲတိရစ္ဆာန်ဘေးရန် ကြောင့် တရားအားထုတ်မှု ပျက်သွားနိုင်သည်။ ဆူးငြှောင့်စသည်ပေါသောနေရာများတွင်လည်း တရားအားထုတ်ပါက ဆူးငြှောင့်တွေ အစူးခံရပြီး တရားအားထုတ်မှု ပျက်သွားနိုင်ပါသည်။ ထို့ကြောင့် သားရဲတိရစ္ဆာန်ဘေးအန္တရာယ်ရှိသောနေရာ ဆူးငြှောင့်စသည်ပေါသောနေ ရာများကို ရှောင်ကြဉ်ရပါမည်။ ထို့ကြောင့် အန္တရာယ်ဖြစ်စေသည့်နေရာများ ကို ရှောင်ကြဉ်ခြင်းသည်လည်း မှီရာလေးပါးအနက် တတိယမှီရာတစ်ပါးဖြစ်ပေတော့၏။
(၄)ပယ်လှန်သင့်တာတွေ ပယ်လှန်ခြင်း
ပယ်လှရမည့်တရားများက ကာမဂုဏ်နဲ့စပ်သည့် တွေးတောကြံစည် စိတ်ကူးမှုများ ကာမ၀ိတက်ကို ပယ်ရမည်။ သူတစ်ပါးကို သေပါစေ ပျက်စီး ပါစေဟု ကြံစည်စိတ်ကူးမှုဗျာပါဒ၀ိတက်ကိုလည်း ပယ်ရမည်။ သူတစ်ပါးကို ကိုယ်နှင့်ဖြစ်စေ ၊ နှုတ်နှင့်ဖြစ်စေ ညှင်းဆဲနှိပ်စက်ရန် ကြံစည်စိတ်ကူးမှုဝိဟိံသ၀ိတက်ကို ရှောင်ကြဉ်ရပါမည်။ ထိုကြံစည်စိတ်ကူးမှုများဖြစ်ပ်ါလျှင် စိတ်ဆင်းရဲရပါသည်။ ထိုကြောင့် အကြံအစည်တွေးတောစိတ်ကူးမှုများဖြစ်ပေါ်လာလျှင် `ကြံစည်တယ်၊စိတ်ကူးတယ်၊တွေးတယ်´ဟု မပြတ်ရှုမှတ်ပြီး ပယ်လှန်သွားမည်ဆိုပါက စိတ်ကိုတကယ်ချမ်းသာသွားစေနိုင်သောကြောင့် ကြံစည်စိတ်ကူးမှုများကို ပယ်လှန်ခြင်းသည်လည်း စတုတ္ထစံတော်ကြီး၏ မှီရာလေးပါး အနက် စတုတ္ထမှီရာတစ်ပါးဖြစ်သည်။ ဤကား မှီရာလေးပါး ဟူသည့် နံပတ်(၄) တုနှိုင်းမမီ စံအိမ်တော်ကြီးပင်ဖြစ်ပါတော့သတည်း။
ပဉ္စမစံအိမ်တော်ကြီး
ပဏုန္နပစ္စေကသစ္စော
တုနှိုင်းမမီ စံအိမ်တော်ကြီး၏ ငါးခုမြောက်အရည်အသွေးက သီးသန့်သစ္စာကို ပယ်ရမည် ဖြစ်ပါသည်။
ဤနေရာ၌ သီးသန့်သစ္စာဟူသည် သဿတဒိဋ္ဌိ နှင့်ဥစ္ဆေဒဒိဋ္ဌိ ပါပဲ၊ လောကတွင် သဿတဒိဋ္ဌိ အယူရှိသောသူသည် ပုဂ္ဂိုလ်သတ္တ၀ါ သေပြီး သော်လည်း တည်မြဲနေ၏ တစ်နေရာရာတွင် အသက်ကောင်အလိုက် ပြောင်းရွှေ့ပြီး ရှိမြဲတည်ရှိနေသည် ဟု ထင်မြင်သည်။ ဤသို့ထင်နေသည့် မိမိအယူသာ မှန်သည် ။ တစ်ခြားအယူဝါဒမှန်သမျှ မှားသည်ဟု သူကပယ်ချသည်။ ထိုသို့သောအယူသည် မိစ္ဆာအယူဝါ ဒလမ်းစဉ်ဖြစ်သည်။ ဥစ္ဆေဒဒိဋ္ဌိ ပုဂ္ဂိုလ်သတ္တ၀ါ သေလျှင် ဘာမှမရှိတော့ဘူး၊ အကုန်လုံးပျောက်သွားသည် ဟု ယုံကြည်ယူဆကာ သေပြီးသည့်နောက် ဟိုဘ၀ဒီဘ၀ရှိသေးတယ်ဆိုတာတွေဟာ အလကား အမှားတွေပဲဟု ပယ်ချတယ်၊ ထိုအယူများသည် မိစ္ဆာဒိဋ္ဌိ အယူများ ဖြစ်ပါသည်။ထိုမိစ္ဆာအယူဝါဒပင်လျှင် သီးသန့်သစ္စာများဖြစ်နေပါသည်။
ဆိုခဲ့ပြီးသောသီးသန့်သစ္စာများသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် မရှိတော့ ပယ်ပြီးဖြစ်လေသည်။ သို့သော်လည်း ပုထုဇဉ်များ၏ သဏ္ဍာန်တွင် ရှိနေပါသေးသည် ၊ ယောဂီပုဂ္ဂိုလ်များသည် ပေါ်ဆဲမပြတ် ရှုမှတ်နေလျှင် ရုပ်နာမ်၏ သဘောဖြစ်သည့် ပေါ်မှု ပျောက်မှုတို့ ထင်ရှားသိလာလေသည်။ ထိုသို့ ရှုမှတ်ရင်းဖြင့် ရုပ်နာမ်တို့၏ ပေါ်မှုကိုသိမြင်လျှင် သေပြီးနောက်ဘ၀ပြတ်သည်ဆိုသည့် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ပြီးဖြစ်ပါသည်။ တစ်ဖန် ရုပ်နာမ်တို့၏ ပျောက်မှုကို သိမြင်လျှင် သဿတဒိဋ္ဌိကို ပယ်ပြီးဖြစ်သည်။ ထိုသို့ရှုမှတ်မှုဖြင့် ပယ်ခြင်းသည် တဒင်္ဂ (တစ်ခဏ)ပယ်ခြင်းဖြစ်ရာ၊ သောတာပတ္တိမဂ်ဖိုလ် ရရှိပြီးသောသူများသည် ထိုသီးသန့်သစ္စာများ အားလုံးကင်းပျောက်သွားလေတော့ သည်။ ထိုကြောင့် သီးသန့်သစ္စာများကို ပယ်ခြင်းသည် ပဉ္စမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်သွေးပင်ဖြစ်ပေတော့သည်။
14.4.2008
11:45 AM တနင်္လာနေ့
Tuesday, April 15, 2008
တုနှိုင်းမမီ(၇)
Posted in: ဆောင်းပါး
0 comments:
Post a Comment