သာသနာတော်ကြီးသည် သာမန်ကြည့်မည်ဆိုလျှင် မည်သို့မျှ ထူးခြားမည် မဟုတ်သော်လည်း အင်္ဂုတ္တရနိကယ် အဋ္ဌကနိပါတ်တွင် မြတ်စွာဘုရားက သာသနာအံဖွယ် ရှစ်ပါး ရှိကြောင်းကို ဟောကြားခဲ့သည်ကို ဖတ်ရသောအခါ သာသနာတော်ကြီး အံ့ဖွယ်အတိပြီးနေသည်ကို သိရသည့်အတွက် ကြည်နူးပီတိဖြစ်ရသကဲ့သို့ မေးလာသူကို ကျွမ်းကျင်ပြောင်မြောက်စွာ ပြန်လည် ဖြေကြား တော်မူခဲ့သည့် မြတ်စွာဘုရား၏ ဥာဏ်တော်ကိုလည်း အလွန့်လွန်ကြည်ညိုသဒ္ဓါပွားခဲ့ရပါသည်။
အခါတစ်ပါး မြတ်စွာဘုရားသည် နဠေရုအမည်ရှိ တမာပင်ရင်းတွင် သီတင်းသုံးနေခိုက် မဟာရာဒ အမည်ရှိ အသူရိန်က မြတ်စွာဘုရားအား “မြတ်စွာဘုရား……….အရှင်ဘုရားရဲ့ တပည့်သာဝကတွေဟာ အဘယ့်ကြောင့် သာသနာတော်မှာ ပျော်မွေ့နေနိင် ကြတာလဲဘုရား” ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက “မဟာရာဒ……မဟာသမုဒ္ဒရာကြီးဟာ အံ့ဖွယ်ရာ ရှစ်မျိုး ရှိနေသော ကြောင့် အသူရာတွေ ပျော်မွေ့နေကြသလို သာသနာတော်ကြီးမှာ လည်း အံ့ဖွယ်ရှစ်မျိုး ရှိနေတဲ့အတွက် ငါဘုရားရဲ့တပည့်သာဝက တွေ သာသနာမှာ ပျော်မွေ့နိုင်ကြတာဖြစ်တယ်” ဟု မိန့်တော်မူကာ သာသနာရဲ့အံ့ဖွယ်ရှစ်ပါးနှင့်မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးကို နှိုင်းယှဉ်ခဲ့ပါသည်။
ထိုအံ့ဖွယ်ရှစ်ပါးအနက်က အံ့ဖွယ်တစ်ပါးက
ပင်လယ်၊မြစ်၊ချောင်း၊အင်း၊အိုင်များမှ စီးဆင်းလာသော ရေများသည် အရသာမျိုးစုံသော်လည်း သမုဒ္ဓရာထဲ ရောက်လျှင် ငံသောအရသာ တစ်မျိုးတည်းသာဖြစ်တော့သည်၊ ထို့အတူ သာသနာတော်တွင်း မြတ်ဗုဒ္ဓဟောတော်မူထားခဲ့သော ပိဋကတ်သုံပုံ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်စသည်တို့၏ ပန်းတိုင်အရသာသည် “ ၀ိမုတ္တိရသ” တစ်ခုပဲဖြစ်ပါသည်။ သတိပဋ္ဌာန်၊မဂ္ဂင်စသည် အမည်မျိုးစုံကွဲနေပေမယ့် သူတို့ရဲ့နောက်ဆုံးပန်းတိုင်ဟာ ၀ိမုတ္တိအရသာ တစ်ခုပဲဖြစ်နေသည်မှာ အံ့သြစရာ ကောင်းလှပါသည်။ ယခုခေတ်တွင် မိုးကုတ်၊မဟာစည်၊ကသစ်ဝင် စတဲ့ နည်းမျိုးစုံသော်လည်း ဦးတည်ချက် ပန်းတိုင်ကား ၀ိမုတ္တရသပဲ ဖြစ်သည်။ ထိုအကြောင်းကို အောက်ပါ အပြည့်အစုံ ဆိုသည့် စာတန်းလေးကို ကလစ်ခေါက်ကာ ဆက်လက်ဖတ်ရှုကြစေလိုပါကြောင်း။
သတိပဋ္ဌာန်တရားတော်အတိုင်း အားထုတ်နေကြပါတယ်ဆိုရင် အားထုတ်နည်းအားလုံး မှန်သည်ချည်း ဖြစ်ပါတယ်။ အမည် အားဖြင့် မိုးကုတ်နည်း၊ စွန်းလွန်းနည်း၊ မဟာစည်နည်း၊ ဆရာသက်နည်း၊သံအင်းဂူနည်း စသဖြင့် အမည်တပ်ပြီး ပြောနေပေမယ့် အားလုံးသည် ဗုဒ္ဓနည်းသာ ဖြစ်ပါတယ်။ ၀ိပဿနာတရားမှန်ရင် သတိပဋ္ဌာန်တရားလေးပါး ဘောင်ထဲမှာ ၀င်ရပါမယ်။ အဲဒီဘောင်ထဲ မ၀င်ရင် ၀ိပဿနာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ အဲဒီဘောင်ထဲ ၀င်တာမှန်ရင် ရုပ်နာမ်ဖြစ်ပျက်ရှုတဲ့ဆီကို ဦးတည်သွားရမည်သာ ဖြစ်ပါတယ်။ ဘယ်နည်းကို ယူပြီး အားထုတ်သည်ဖြစ်စေ ရုပ်နာမ်ဖြစ်ပျက်ရှုတာကို မရောက်မချင်း သမထပဲ ဖြစ်နေပါမယ်။
တရားအားထုတ်နေကြတဲ့ ယောဂီများအတွင်း မိမိတို့နည်းကကောင်းတယ်၊ သူတို့နည်းကျတော့ ဘယ်လိုဖြစ်တယ်၊ စသဖြင့် မပြောအပ်ဘူး လို့ဆိုချင်ပါတယ်။ တရားစခန်းချင်းမတူတဲ့ ယောဂီနှစ်ဦး တရားအားထုတ်နည်း ဆွေးနွေးခိုင်းရင် သင့်မြတ်ကြဖို့ အတော်နည်းမယ် ထင်ပါတယ်။ နည်းချင်းမတူလို့ဖြစ်စေ၊ အဲဒီနည်းနှင့်မိမိအားထုတ်လို့ အဆင်မပြေလို့ဖြစ်စေ ဘယ်နည်းကိုမျှ မဝေဖန် ထိုက်ပါဘူးလို့ ပြောလိုပါတယ်။ တရားစခန်းမတူတဲ့ မိတ်ဆွေနှစ်ဦး နည်းချင်းပြိုင်ပြောလို့ အပေါက်အစ မတည့်ကြတာကို ကြုံရဖူးပါတယ်။
တပည့်မကောင်း ဆရာ့ခေါင်းဆိုတဲ့ စကားရှိပါတယ်။ ဆရားများက တပည့်ယောဂီများကို မိမိဌာနရဲ့နည်းကိုသာပြပြီး အားထုတ်စေတာ နည်းလမ်းကျပါတယ်။သို့သော် သတိပဋ္ဌာန်တရားလေးပါးစလုံးရဲ့ အကြမ်းဖျင်း အဓိပ္ပါယ်ကိုလည်း ကြုံရင်ကြုံသလို ရှင်းပြပေးရင် တပည့်များ သိရှိကြလို့ အမြင်ကျယ်လာမှာ ဖြစ်ပါတယ်။ အခြားသောကမ္မဋ္ဌာန်းဌာနက နည်းတွေလည်း ဗုဒ္ဓနည်းတွေပဲလို့ သိကြမယ်ဆိုရင် ယောဂီအချင်းချင်းတွေ့ကြလည်း တာဝန်မဲ့ ပြောတော့မှာ မဟုတ်ပါဘူး။ တရားအားထုတ်နေသူများ ဦးတည်ချက်ခြင်း တူကြတာမို့ တရားဆွေးနွေးလို့ မရဘူးဆိုတာလည်း မရှိအပ်ပါဘူး။
ဝိပဿနာတရားအားထုတ်ခြင်းသည် ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မတို့အပေါ် ဖြစ်ပျက်ရှုနေရမည်ဆိုတဲ့ သတိပဋ္ဌာန်ဘာဝနာတရား တော် ညွန်ကြားချက်နဲ့ ကိုက်ညီနေရင် မှန်သည်သာ ဖြစ်ပါတယ်။ ငါတို့က ကာယနုပဿနာဖြစ်တယ်၊သူတို့က ဝေဒနာနုပဿနာဖြစ် တယ်၊ မတူဘူးလို့ ကြံကြံဖန်ဖန် ပြောလိုကြပါတယ်။
သတိပဋ္ဌာန်တရားလေးပါးကို ယောဂီလေးယောက်က တစ်ယေက် တစ်ပါးစီ ကျင့်နေကြလို့ အားထုတ်နည်းချင်း မတူဘူးလို့ ငြင်းနေကြရင် အဲဒီလေးယောက်ကို ညွန်ကြားတဲ့ အသီးသီးသော ဆရာများက မရှင်းပြကြလို့သာ ဖြစ်ပါမယ်။ အပြောအားဖြင့် ကာယ၊ ဝေဒနာ၊စိတ္တ၊ဓမ္မလို့ အမည်ကွဲပြီး မတူတာတော့ မှန်ပါတယ်။ဒါပေမယ့် ဘယ်နည်းပေါ်မှာမဆို ဖြစ်ပျက်ရှုရမယ်ဆိုတဲ့ ဦးတည်ချက် အတူ တူသာဖြစ်ကြောင်း သတိပြုကြရပါမယ်။ နည်းမတူခြင်းကို ပြောတာထက် မိမိနည်းနဲ့မိမိအားထုတ်လို့ ဥာဏ်အမြင်တိုးတက်လာမှု ရှိမရှိကို မိမိဘာသာ ဆန်းစစ်သင့်ကြောင်း အကြံပြုလိုပါတယ်။
ယောဂီမျးကို သတိပဋ္ဌာန်လေးပါး အကျင့်တရားနဲ့ ပတ်သက်လို့ ကြိုတင် ရှင်းပြပေးထားရင် ဒီအချည်းအနှီးကိစ္စ ဖြစ်မလာနိုင် ဘူးလို့ ယူဆမိပါတယ်။ ဆရာလုပ်သူသည် မိမိဌာနနည်းအပြင် အခြားသော ဌာနနည်းများကိုလည်း လေ့လာသိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားစခန်းက ယောဂီများ မိမိစခန်းကို အကြောင်းသင့်လို့ ရောက်လာပြီး သူတို့အားထုတ်ခဲ့တဲ့ နည်းနဲ့ မိမိနည်းကို နှိုင်းယှဉ်မေးလာရင် ဆရာတစ်ဦးအနေနဲ့ မရှင်းပြတတ်ရင် မသင့်ဘူးလို့ ထင်ပါတယ်။
မိတ်ဆွေတစ်ဦး တရားစခန်းတစ်ခုမှာပဲ ပုံမှန်အားထုတ်နေရာက အကြောင်းသင့်တာနဲ့ နည်းမတူတဲ့ တရားစခန်းတစ်ခုကို ၀င်လိုက်ပါတယ်။ မိတ်ဆွေက နည်းမတူကြတာကို မသိလို့မေးတဲ့အခါ သူတို့က သူတို့နည်းနဲ့ အားထုတ်တာပါ ၊ ဒီမှာတော့ ဒီနည်းပဲ အားထုတ်တယ် လို့ ခပ်တိုတိုပဲဖြေလို့ ထပ်မမေးရဲတော့ကြောင်း ပြောပြပါတယ်။
ကမ္မဋ္ဌာန်းဌာန ဘယ်လောက်ပဲ များနေပါစေ၊ ၀ိပဿနာတရားအားထုတ်မယ်ဆိုရင် သတိပဋ္ဌာန်လေးပါး အတွင်းကသာ တရားပြကြရပါတယ်။ ဒါကို သဘောပေါင်ရင် ကျင့်နည်းချင်း မတူဘူးလို့ ပြောနေဖို့ မရှိကြောင်း သဘောပေါက်ထားကြရပါမယ်။ တရားအားထုတ်တော့မယ်ဆိုရင် အစပျိုးပုံချင်း တူချင်မှ တူပါမယ်။ ဒါပေမယ့် ၀ိပဿနာဘာဝနာအလုပ်ကို လုပ်ပြီဆိုရင်တော့ ရုပ်နာမ် ဖြစ်ပျက် ရှုရတာချင်း အတူတူဖြစ်ရပါမယ်။ ဒါကို သဘောပေါက်ထားတဲ့ ၀ိပဿနာသမားများဖြစ်ရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ဆုံဆုံ၊ တရားနဲ့ပတ်သက်တဲ့ ဘယ်စကားတွေပဲပြောပြော ပြောလို့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်ရပါမယ်။
တရားအားထုတ်ရာမှာ သမာဓိအတွက် စတည်ရပါတယ်၊ ၀မ်းဗိုက်မှာ ထားတာလည်း ရှိပါတယ်၊ နှာသီးဖျားမှာထားတာရှိ သလို ရင်ခေါင်းမှာလည်း ထားချင်ထားပါမယ်။ ဘယ်မှာပဲထားထား ဖြစ်ပျက်ရှုရမှာက အဓိကဖြစ်ပါတယ်၊ ဒီသဘောတရားကို ယောဂီများသိထားကြဖို့ လိုပါတယ်။ ၀ိပဿနာတရားအားထုတ်နေသူအချင်းချင်း နည်းပြိုင်ငြင်းနေတုန်းပဲဆိုရင် အဲဒီနှစ်ဦးစလုံးဟာ ရုပ် နာမ်ဖြစ်ပျက်ကို ရှုရတဲ့ သတိပဋ္ဌာန်ဘာဝနာအဆင့်ကို မရောက်သေးတဲ့ တရားမူကြိုတန်းမှာပဲ ရှိနေသေးကြောင်း သိရပါမယ်။
ဓမ္မမိတ်ဆွေတစ်ယောက်နှင့်တွေ့လို့ သတိပဋ္ဌာန်လေးပါးနဲ့ ပတ်သက်လို့ ဆရာလုပ်သူက ယောဂီများကို အခါအားလျော်စွာ ရှင်းပြသင့်ကြောင်းနဲ့ အခြားကမ္မဋ္ဌာန်းဌာနရဲ့ နည်းများကိုပါ လေ့လာသိရှိထားသင့်ကြောင်း ပြောမိပါတယ်။ မိတ်ဆွေက နည်းမတူလို့ပဲ ကမ္မဋ္ဌာန်းဌာနများ သီးခြားရှိနေကြတာဖြစ်ကြောင်း၊ ဆရာလုပ်တာနဲ့ ရှိသမျှ ကမ္မဋ္ဌာန်းဌာနတွေရဲ့ နည်းတွေကိုလိုက်ပြီး အားထုတ်ကြည့် ရမှာလား လို့ပြန်ပြောပါတယ်။
ရုပ်နာမ်ဖြစ်ပျက်မြင်လို့ ဆရာလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ တစ်ခြားကမ္မဋ္ဌာန်းဌာနတွေဆီကို သွားပြီး လက်တွေ့ဖြစ်ပျက်မြင်အောင် ထပ်ရှုကြည့်စရာ မလိုကြောင်း အခြားဌာနများရဲ့နည်းများကို လေ့လာကြည့်လိုက်တာနဲ့ မိမိသိထားတဲ့ ဖြစ်ပျက်ဆီကို ဘယ်လိုရောက် လာနိုင်တယ်ဆိုတာ မသိနိုင်ဘူးလားလို့ မိတ်ဆွေရင်းဖြစ်နေလို့ အားမနာဘဲ ပြန်ပြောလိုက်ပါတယ်။
ဖြစ်ပျက်
ရုပ်၊ဝေဒနာ၊စိတ်၊ဓမ္မ ဘယ်ဟာကိုပဲ ရှုရှု သတိပဋ္ဌာန်တရားတော်အရ ဖြစ်ပျက်ကိုပဲ မြင်အောင်ရှုရမယ်ဆိုတာ သဘောပေါက် ရင် သတိပဋ္ဌာန်ဘာဝနာပါဠိတော်ကို တစ်ခုချင်း ပြန်ကြည့်ကြပါမယ်။ ဘာတစ်ခုကိုပဲရှုရှု၊ ဖြစ်တာကို ရှုပြီး နေရမယ်၊ ပျက်တာကို ရှုပြီးနေရမယ်။ ဖြစ်ပျက်ကို ရှုပြီးနေရမယ်လို့ ပါဠိတော်က ညွန်ကြားထားပါတယ်။ မိမိအတွက် ထင်ရှားတာက ရှုရမယ်လို့ ယူဆရပါတယ်။ ဖြစ်ပျက်ကို တန်းပြီး ရှုရမယ်လို့ ပြောမထားကြောင်း သတိပြုမိပါတယ်။
ပုထုဇဉ်အနေနဲ့ တရားစပြီး အားထုတ်တဲ့အခါ ဖြစ်ပျက်ကိုတန်းပြီး မမြင်နိုင်သေးပါဘူး၊ သတိပဋ္ဌာန်လေးပါးအနက် တစ်ခုခုကို ရှုနေစဉ် အဘိဇ္ဈာဒေါမနဿစိတ် တစ်ခုခုပေါ်ရင်၊ အဲဒါကို ၀ီရိယသမ္ပဇဉ် သတိနဲ့ပယ်နေရမယ်ဆိုတဲ့ အလုပ်နဲ့ ၀ိပဿနာအကျင့်ကို စခိုင်းပါတယ်၊ ပုထုဇဉ်ဆိုတာ လောဘစိတ်ဖြစ်နေလည်း သိတာမဟုတ်ဘူး၊ ဒေါသစိတ်ဖြစ်နေလည်း မသိပါဘူး၊ လောဘစတ်၊ဒေါသ စိတ်ဖြစ်ရင် သတိ၊၀ီရိယ၊သမ္ပဇဉ် အကူအညီနဲ့ သိသိပြီး ပယ်တတ်အောင် သတိပဋ္ဌာန်တရားနဲ့ အစပျိုးခြင်းဖြင့် ပုထုဇဉ်တို့ရဲ့ဘ၀ ပေါက်လွတ်ပဲစား ထားခဲ့တဲ့စိတ်မှာ သတိဝီရိယသမ္ပဇဉ်ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွဲစည်းမှုတွေနဲ့ ရင်းနှီးလာမှာ ဖြစ်ပါတယ်။
ပထမတော့ အဘိဇ္စာဒေါမနဿစိတ် ဖြစ်လာရင် သိအောင် သတိထားနေရာက အလေ့အကျင့် များလာတဲ့အခါ အဲဒီစိတ်နှစ်ခု သာမကဘဲ အခြားသိစိတ်အမျိုးမျိုးကိုပါ သတိထားလာမိပါ ဖြစ်ပါတယ်။ ဒီမှာသိနေခြင်းဖြင့် ဖြစ်တာကို ရှုပြီး နေရမယ်ဆိုတဲ့ သတိပဋ္ဌာန် ဘာဝနာပါဠိတော်လာ ပထမအချက်နဲ့ကိုယ်ညီနေတာ တွေ့ရပါမယ်။ သိစိတ်တစ်ခုပြီးတစ်ခု ဖြစ်လာနေတာကို သိနေရာက တစ်ချိန်ချိန် မှာ စောစောက ပေါ်တဲ့သိစိတ် ဘယ်ရောက်သွားပါလိမ့် ၊ ဘာဖြစ်သွားပါလိမ့် စပ်စုပြီး ဆင်ခြင်ကြည့်တဲ့အခါ ပျောက်သွာား၊ ပျက်သွား တာကို သိလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သတိပဋ္ဌာန်ဘာဝနာ ပါဠိတော်လာ ဒုတိယအချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။
ဖြစ်ပေါ်လာတာကို ရှုမယ်၊ ပျက်သွားတာကို ရှုမယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေပဲ ထင်ရှားနေရင် ဖြစ်တာကိုရှုပါ၊ ပျက်သွားတဲ့ စိတ် ထင်ရှားနေရင် ပျက်တာကိုပဲ ရှုနေပါမယ်။ သိစိတ်တစ်ခုရဲ့ ဖြစ်ပေါ်လာပြီး ပျက်သွားတာထင်ရှားရင် အဲဒီသိစိတ်ရဲ့ ဖြစ်ပေါ် ပျောက်ပျက်မှုကို ရှုနေပါမယ်။ ဒါဆိုရင် သတိပဋ္ဌာန်ဘာဝနာပါဠိတော်လာ ညွန်ကြားထားတဲ့ အစီအစဉ်အတိုင်း ဆက်သွယ်မယ်ဆိုရင် ဆက်လက်အားထုတ်ဖို့အတွက် အခက်အခဲမရှိနိုင်ကြောင်း တင်ပြလိုပါတယ်။
တရားအားထုတ်ခါစ ယောဂီတစ်ဦးကို ဖြစ်တယ်ဆိုတာ ဘာကိုပြောတာလဲ၊ ပျက်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ မသိသေးဘဲ ရုပ်နာမ်ဖြစ်ပျက်ရှုဆိုတာကို တိုက်ရိုက်တရားပေးလိုက်ရင် အလုပ်လုပ်ရတာ ခက်မယ်ထင်ပါတယ်။ မသိနိုင်သေးတာကို ရှေးက ကြောင်းပေးလို့ လိုက်လုပ်နေတာဖြစ်လို့ သိပြီး အားထုတ်တာလောက် အရာမရောက်နိုင်ဘူးလို့ ယူဆရပါတယ်။
(မောင်ကံထူးရဲ့ဆောင်းပါးကို ကူးယူဖေါ်ပြပါသည်)
Saturday, April 26, 2008
ဦးတည်ချက်တူခြင်း
Posted in: ဆောင်းပါး
0 comments:
Post a Comment