ဆဋ္ဌမမြောက်စံအိမ်တော်ကြီး
ဆဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးမှာ ရှာမှီးမှုမှ ကင်းစင်ခြင်းဖြစ်ပါသည်။
ရှာမှီးခြင်းဟူသည်
ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊
ဘဝေသနာ-ဘ၀ကို ရှာမှီးခြင်း၊
ဗြဟ္မစရိယေသနာ-မြတ်သောအကျင့်ကို ရှာမှီးခြင်း တို့ဖြစ်ပါသည်။
ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊
ပုထုဇဉ်လူသားများမှာ ထိုရှာမှီးမှုဖြင့် မကင်းကြသေးချေ။ ကောင်းသောအာရုံကို မြင်ရလျှင် နှစ်သက်သာယာကာ နောက်တစ်ကြိမ် မြင်ရန်အတွက် အားထုတ်ခြင်းဖြင့် ကာမဂုဏ်ကို ရှာမီးနေကြပေသည်။ ကောင်းသောအသံ၊ ကောင်းသောအနံ့၊ ကောင်းသောအရသာ၊ ကောင်းသောအထိအတွေ့များကိုလည်း ရှာမှီးကြပါသည်။ မိုးလင်းမှသည် နေ၀င်သည်အထိ ကိုယ့်ဝမ်းစာရေးနှင့် မိသားစုဝမ်းစာရေးအတွက် မနားမနေ ရှာဖွေကြရ သကဲ့သို့ အ၀တ်အထည် အသုံးအဆောင်များဖြင့် လူတန်းစေ့နေနိုင်ရန် ရှာဖွေကြရသည်၊ နေထိုင်ရန် တိုက်တာအဆောက်အဦးများအတွက်လည်း မနားမနေ များစွာရှာဖွေကြရသည့်အပြင် ကြည့်ချင်စရာများကိုလည်း နေ့စဉ်နဲ့အမျှ ရှာမှီးကြရသည်၊ နားထောင်ချင်စရာ ကောင်းသော အသံများကိုလည်း ရှာဖွေပြီး နားထောင်ကြပါသည်။
တစ်ခါတစ်ရံ ပျင်းရိ ငြိးငွေ့လာပြီဆိုလျှင် သာယာနာပျော်ဘွယ်ရှိသော သီချင်းလေးကို နားထောင်လိုက်ရသည့်အတွက် သူ၏ စိတ်ထဲတွင် စိုစိုပြေပြေ ဖြစ်လာသည် ဟု လူတစ်ယောက်က ပြောခဲ့ဖူးပါသည်။ ကာမဘုံသားများသည် ကာမဂုဏ်များကို ရှာမှီးနေရလျှင် ကျေ နပ်ကြသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ကုန်းပေါ်ရောက်လျှင် မနေတတ်သည့် `ဲငါး´သကဲ့သို့ ပုထုဇဉ်လူသားတို့၏ စိတ်သည်လည်း ကာမဂုဏ်အာရုံနှင့် ကင်းလျှင်မနေတတ်ပေ။ ကာမဂုဏ်အာရုံတွင် နစ်မျောပြီး နေတတ်ကြသည်။ ခြင်္သေ့၊ကျားစသည့် အသားစားသတ္တ၀ါ တို့သည် အငြီအဟောက်ကို ကြိုက်နှစ်သက်ကြသကဲ့သို့ ကာမဘုံသား ပုထုဇဉ်များသည်လည်း ကိလေသာအငြီအဟောက်ကိုသာ နှစ်သက်ကြပြီး ထိုကိလေသာအငြီအဟောက်မှ မရုန်းထွက်ချင်ကြပေ။ ကောင်းသောအနံ့များရအောင်လည်း ရှာမီးတတ်သည်၊ မိမိခန္ဓာကိုယ်တွင် ကောင်းသောရနံ့များရရှိနေစေရန် ရေမွေးပုလင်းများကို ဈေးကြီးပေးပြီး ရှာဖွေဝယ်ယူကြရပေသည်။ သူတစ်ပါးထံမှလည်း ကောင်းသောအနံ့ကို ရှုရှိုက်ချင်ကြပေသည်။ အရသာကောင်းသည့် အစားအစာများကို စားနိုင်ရန်လည်း နေ့စဉ်နှင့်အမျှ ငွေကြေးကို ပင်ပင်ပမ်းပမ်း ရှာဖွေနေကြရသည်။ လူသားတို့၏ အရှက်လုံရန် နူးညံ့သော အ၀တ်အထည်များကို ရှာမှီးကြရသည်၊ ထိုသို့ ရှာမှီး၍ ၀တ်ကြသော်လည်း ယခုခေတ်တွင် အ၀တ်အထည် ၀တ်ကြရာ၌ ခေတ်ရေစီးကြောင်းကို အသားပေးကာ အရှက်လုံရုံမျှဝတ်ဆင်ကြသည်ကို ပဓာနမထားဘဲ အပေါ်ကဆိုလျှင် လည်ဟိုက်၊ နောက်ကျောကဆိုလျှင် ကျောပြင်ကြီးမြင်ရပြီး၊ အောက်ကဆိုလျှင် အရှေ့ကွဲ နံဘေးကွဲ အနောက်ကွဲ မလုံတလုံဝတ်နေကြသည်မှာ မြန်မာတို့၏ အမြင်နှင့်ကြည့်လျှင် ယိုသူမရှက် မြင်သူပင် ရှက်စရာကောင်းလှပါသည်။ ထိုမလုံတလုံ အ၀တ်အထည်များကိုပင် ၀တ်နိုင်ရန် ငွေကို ရှာမှီးကြရသည်မှာ နားရသည်ဟူ၍ မရှိပေ။ အားလုံးအတွက် လိုအပ်သည့် ငွေကို ရှာမှီးနေကြသည်မှာလည်း တရားသောနည်းလမ်းဖြင့် ရှာဖွေကြရသကဲ့သို့ မတရားသောနည်းလမ်းဖြင့်လည်း အချို့မှာ နေ့စဉ် ရှာဖွေနေကြရသည်။ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာဝယ် ရေ၊မီးမင်းဆိုး၊သူခိုး၊အမွေခံသားသမီးဆိုး တို့နှင့် သဘာဝဘေးအန္တရာယ်မျိုးစုံစသည့် ပြင်ပ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြရသကဲ့သို့ ဥစ္စာရလာလျှင် လိုချင်နှစ်သက်သာယာသည့် လောဘ၊ တွက်ချေမကိုက်လျှင် ထင်သည့်အတိုင်းမဖြစ်လာလျှင် နှလုံးမသာယာသည့် ဒေါသ စသော ကိလေသာ အတွင်းအန္တရာယ်တွေနှင့် နေ့စဉ်ရင်ဆိုင်နေကြရသော် လူသားတို့၏ ရောင့်ရဲတင်းတိမ်မှုမရှိသည့်အတွက် အမြဲတမ်း ပင်ပင်ပမ်းပမ်း ရှာဖွေနေကြရသည် ထိုကြောင့် ဗုဒ္ဓရှင်တော်မြတ်က-
“ဦနော လောကော အတိတ္တော တဏှာဒါသော” ပုထုဇဉ်လူသားများသည် မည်သည့်အခါမျှ ပြည့်စုံသည်ဟု မရှိခဲ့ပေ၊ အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ လိုနေသည်ချည်းပင်၊ ကာမဂုဏ်နဲ့ပတ်သက်လာလျှင် ရောင့်ရဲတင်းတိမ်မှုလည်း မရှိသောကြောင့် ထိုသူများကို တဏှာ့ကျွန်တွေ ဟု မိန့်တော်မူခဲ့ပေသေးသည် မဟုတ်ပါလော။
အရိယာတို့သည် ကာမဂုဏ်အာရုံကို မည်သည့်အခါမျှ ရှာမှီးခြင်းမရှိသကဲ့သို့ ပုထုဇဉ်များသည်လည်း တရားရှုမှတ်မှု စွမ်းရည်မြင့်မားလာလျှင် ကာမအာရုံကို ရှားမှီးမှုသည် တစ်ခဏမျှ၊ တစ်အောင့်ကြာမျှ ကင်းစင်လျှက် အရိယာနှင့်တူအောင် ကျင့်သုံးနေသည် မည်ပါပေ၏။
ဘဝေသနာ- ဘ၀ကို ရှာမှီးခြင်း၊
ဘ၀ကို ရှားမှီးခြင်းဟူသည် ပုထုဇဉ်များတွင် လူဘ၀၊နတ်ဘ၀၊ဗြဟ္မာဘ၀ချမ်းသာများကို တောင့်တကာ ထိုထိုဘ၀ချမ်းသာ များကို ရရှိဖို့အတွက် ရည်ရွယ်ကာ ဒါနကုသိုလ်လုပ်ငန်းများ ပြုလုပ်ခြင်းသည်လည်း ၀ဋ္ဋနိဿိတ ၀ဋ်ကိုမှီ၍ ဖြစ်သာဒါနကုသိုလ်ဖြစ်ပြီး ထိုဒါနမျိုးဖြင့် ဘ၀ချမ်းသာများကို ရှာမီးကာပြုလုပ်နေကြပေသည်။ အရိယာတို့တွင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် တိုင်အောင် ဘ၀ကို ရှာမီးကြသေး သည်၊ အရိယာရဟန္တာဖြစ်လျှင်တော့ ဘ၀ကို ရှာမှီးခြင်း မရှိတော့ပေ။ တရားရှုမှတ်ခြင်းဖြင့် တဏှာ နည်းအောင် ကင်းအောင် ပါးအောင် ကျင့်နေသည့်အတွက် ဘ၀အသစ်တစ်ဖန် ဖြစ်အောင် ကျင့်နေသည်နှင့်တူနေပေသည်။ ထို့ကြောင့် တရားရှုမှတ်ခြင်းသည် ဘ၀ကို ရှာမှီးမှုမှ အခိုက်အတန့် ကင်းနေသည်ဟု ဆိုရပေမည်။
ဗြဟ္မစရိယေသနာ- မြတ်သောအကျင့်ကို ရှာမှီးခြင်း၊
မြတ်သောအကျင့်ကို ရှာမီးခြင်းဟူသည် မြတ်ဗုဒ္ဓသာသနာတော်မှအပ တစ်ခြားသော အကျင့်များကို မြတ်သောအကျင့်ဟု ထင်ယောင်ထင်မှားဖြစ်ကာ ရှာမှီးကြခြင်းဖြစ်သည်၊ မိမိတို့ ကိုးကွယ်နေသည့် မြတ်ဗုဒ္ဓသာသနာတော်က မဂ္ဂင်(၈)ပါးအကျင့်ကို ကျင့်သုံးမှုမရှိသည့်အပြင် မိမိကိုယ်၌ကလည်း ထိုမဂ္ဂင်(၈)ပါး အကျင့်တရားများကို မေ့လျော့ကာ ဟိုအကျင့်က ကောင်းနိုးနိုး ဒီအကျင့်က ကောင်းနိုးနိုးဖြင့် မြတ်သည်ထင်သော အကျင့်များကို ရှာမှီးနေကြသည်။
မြတ်သောအကျင့်နှင့်စပ်လျဉ်း၍် လူတို့၏ ၀န်းကျင်တွင် popular ဖြစ်နေသော အကျင့်တစ်ချို့ကို ဖေါ်ပြလိုပါသည်။ သဲဆွမ်းစားသောအကျင့်၊ မီးလွတ်စားသောအကျင့်၊ သက်သတ်လွတ်အကျင့် စသောအကျင့်များသည် သာသနာပြင်ပတွင် popular ဖြစ်သော အကျင့်များဟု ဆိုနိုင်ပေသည်။ သဲဆွမ်းစားသည့် အကျင့်သည် အကျိုးမရှိသည့်အပြင် အသက်အန္တရာယ်လည်း နီးကပ်လှပေသည်။ မီးလွတ်စားသောအကျင့်သည်လည်း မြတ်ဗုဒ္ဓ၏ စကားတော်ကို အဓိပ္ပါယ်လွဲမှားစွာ မှတ်ယူပြီး ကျင့်နေသော အကျင့်တစ်ခုဖြစ်ဟန်တူသည်။ ဤနေရာ၌ ဓမ္မပဒအဋ္ဌကထာလာ အကြောင်းအရာတစ်ခုကို တင်ပြချင်ပါသည်။
တစ်ခါက တူဝရီးနှစ်ဦး ရှိ၏၊ ဦးလေးဖြစ်သူ ရဟန်းက အာသဝေါကင်းကွာ ရဟန္တာဖြစ်ပြီး၊ တူဖြစ်သူရဟန်းမှာ ပုထုဇဉ်အဖြစ်နှင့် ပင် ရှိနေသေးသည်။ တစ်နေ့သောအခါ ဦးလေးရဟန်းက ဆွမ်းခံရာမှ ပြန်လာသော တူရဟန်းအား “ ငါ့ရှင် မောင်ပဉ္ဇင်း……ဒကာ/ဒကာမများ လှူ လိုက်တဲ့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တဲ့နေရာမှာ လျှာပူမလောင်စေနဲ့နော်” ဟု အမိန့်ရှိသောအခါ တူရဟန်းက “ဆွမ်းစားတဲ့အခါ လျှာပူမလောင်စေဘဲ စားရမယ်လို့ဆိုတယ်၊ ခံလာတဲ့ဆွမ်းက အေးလို့်နေပြီ၊ ဒါဟာ ပကတိမီးတော့ မဟုတ်တန်ရာ အေးတဲ့ဆွမ်းပဲဖြစ်စေ၊ပူတဲ့ဆွမ်းဘဲဖြစ်စေ၊ စားတဲ့အခါ ဆွမ်းအပေါ် တွယ်တာနှစ်သက်သာယာတဲ့ လောဘစတဲ့ ကိလေသာမီး အပူလောင်ခံပြီး မစားနဲ့လို့ ဆိုတာဖြစ်လိမ့်မယ်” ဟု သင့်လျော်စွာ နှလုံးသွင်းပြီး ဆွမ်းစားဆဲတွင် သတိကပ်၍ တရားရှုမှတ်ရာ ဆွမ်းစားပြီးသောအခါ ထို တူဖြစ်သည့်ရဟန်းလေးသည် အာသဝေါကင်းကွာ ရဟန္တာ ဖြစ်တော်မူခဲ့ရပါသည်။ ထိုဖြစ်ရပ်မှန်ဖြင့် ပကတိမီး မလောင်စေရန် စားရသည် မဟုတ်ဘဲ၊ ကိလေသာမီးအပူ မလောင်စေရန်အတွက် စားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ပကတိမီးလွတ်စားခြင်းသည် စင်စစ် အကျင့်မြတ်တစ်ခု မဟုတ်သည်ကို သတိချပ်သင့်ပေသည်။
နောက်အကျင့်တစ်ခုက သက်သတ်လွတ်အကျင့်ပါ၊ လူတို့သည် ထိုအကျင့်ကိုလည်း အကျင့်မြတ်တစ်ခုဟု အထင်မှားနေကြသည် စင်စစ် ထိုသက်သတ်လွတ်အကျင့်သည် မြတ်ဘုရားလက်ထက်တော်က ဒေ၀ဒတ်က မြတ်ဘုရားထံ တောင်းခဲ့သော အကြောင်းအရာ များအနက် သက်သတ်လွတ်စားခြင်းတစ်ခုလည်း ပါဝင်သည်။ ထိုအကျင့်ကို မြတ်ဘုရား ခွင့်ပြုတော်မမူခဲ့ပေ။ ဆိုလိုသည်မှာ ပုထုဇဉ်လူသားများသည် သာသနာတွင်း မဂ္ဂင်(၈)ပါးအကျင့်ကို ကိုယ်တိုင်မကျင့်သုံးဘဲ အထင်သေးကာ သာသနာပြင်ပမှ ထူးဆန်းသည်ဟု ထင်မှတ်သော အကျင့်တွေကို မြတ်သောအကျင့်ပဲဟု မှတ်ထင်ကာ မြတ်သောအကျင့်ကို ရှာမီးနေကြခြင်းပင်ဖြစ်သည်။
အရိယာသူတော်စင်များတွင် မဂ္ဂင်(၈)ပါး အကျင့်တရားသည်သာ နိဗ္ဗာန်သို့ ရောက်ရှိကြသောကြောင့် မဂ္ဂင်(၈)ပါးအကျင့်မှတစ်ပါး တစ်ခြားအကျင့်များကို ရှာမီးခြင်းမရှိတော့ပေ။ အကျင့်နှင့်ပတ်သက်၍ ယောင်ဝါးဝါးမရှိ ပြတ်သားစွာ ဆုံးဖြတ်နိုင်ကြပေသည်။ ပုထုဇဉ်ပင်ဖြစ် သော်လည်း မဂ္ဂင်(၈)ပါးအကျင့်ဖြင့် ဖြစ်ပေါ်ရာ ဖြစ်ပေါ်ရာကို သတိကပ်၍ ရှုမှတ်နေမည်ဆိုပါလျှင် ရှုမှတ်ဆဲ၌ ရှာမီးမှုမှ ကင်းစင်ပြီး တည်ငြိမ် အေးချမ်းနေပေမည်။ ထို့ကြောင့် ကိုယ့်ဘ၀ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်စေရန် ပုထုဇဉ်လူသားများအတွက် အရေးတကြီးလိုအပ်သော အရာတစ်ခုမှာ `သတိ´တရားပင်ဖြစ်ပါသည်။ သတိတရားထားနိုင်လေလေ ကိလေသာငြိမ်းလေလေ ကိလေသာငြိမ်းလေလေ ကာမဂုဏ်ရှာမှီးမှုမှ ကင်းလေလေ ထိုရှာမှီးမှု ကင်းလေလေ ဆဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီးတွင် အိမ်ငှါးဘ၀ဖြင့် နေနိုင်လေလေ ဖြစ်ပေလိမ့်မည်။ ထိုအိမ်ငှါးဘ၀မှတဆင့် တဖြေးဖြေး ရင့်ကျက်ပြီး အရိယာရဟန္တာဖြစ်လျှင် အိမ်ပိုင်ဘ၀သို့ လုံးဝရောက်ရှိသွားပေလိမ့်မည်။
သတ္တမမြောက် စံအိမ်တော်ကြီး
အနာဝိလသင်္ကပ္ပေါ
သတ္တမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးမှာ နောက်ကျုသော အကြံအစည်မှုမှ ကင်းစင်ခြင်း ဖြစ်သည်။
မကောင်းသော အကြံအစည်ဟု သတ်မှတ်ခံရသော အကြံအစည်များမှာ-
ကာမ၀ိတက်
နှစ်သစ်ဖွယ်ရာ အာရုံကို မြင်ရသည်ဖြစ်စေ ၊ မမြင်ရသည်ဖြစ်စေ၊ “ ဒီမြင်ကွင်းမျိုး နောက်တစ်ခါ မြင်နိုင်အောင် ဘယ်လိုများ လုပ်ရမလဲ” ဟု တွေးတောကြံစည်ခြင်းမျိုးကို ဆိုလိုပေသည်။ ထို့အတူ ကောင်းသည့်အသံ၊ ကောင်းသည့်အနံ့၊ကောင်းသည့် အရသာ၊ ကောင်းသည့် အထိအတွေ့မှန်သမျှကို ရအောင် တွေးတောနေခြင်းကို ကာမ၀ိတက် ဟုခေါ်ပါသည်။
ဗျာပါဒ၀ိတက်
လူတစ်ယောက်ကို “သူဒုက္ခရသွားအောင် ငါ ဘယ်လိုလုပ်ရရင် ကောင်းမလဲ” ဟု သူတစ်ပါးအား သေကျေပျက်စီး သွားအောင် ကြံစည်တွေးတောခြင်းမျိုးကို ဗျာပါဒ၀ိတက် ဟုခေါ်ပါသည်။
ဝိဟိံသာဝိတက်
“သူ့ကို ဘယ်လို ညှင်းဆဲလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဟု သူတစ်ပါးအားညှင်းဆဲရန် ကြံစည်နေခြင်းမျိုးကို ၀ိဟိံသ၀ိတက် ဟုခေါ်ပါသည်။ ထိုမကောင်းသောအကြံအစည် ဟူသမျှသည် အရိယာသူတော်ကောင်းများတွင် မရှိတော့ပေမယ့် ပုထုဇဉ်များတွင် ရာနှုန်း အပြည့် ရှိနေပါသေးသည်။ ထိုမကောင်းသောအကြံအစည်များကို ‘သတိ’ တရားထားကာ တွေးလျှင် “တွေးတယ်၊ တွေးတယ်” ဟုရှုမှတ်ပြီး ပယ်ဖျောက်သွားမည်ဆိုလျှင် အကြံအစည်များ တဒင်္ဂမျှ ပယ်ဖျောက်နေသည့်အတွက် ပုထုဇဉ်ပင် ဖြစ်စေကာမူ တုနှိုင်းမမီ အရိယာတို့၏ စံအိမ်တော်ကြီးတွင် ခေတ္တနေထိုင်နိုင်ကြကာ အရိယာနှင့်တူအောင် ကျင့်နေသည်မည် ပါပေသည်။
အဋ္ဌမမြောက် စံအိမ်တော်ကြီး
ပဿဒ္ဓ ကာယသင်္ခါရော
ကာယသင်္ခါရော ဟူသည် ထွက်သက်ဝင်သက်ကို ဆိုလိုပါသည်။
ဝင်သက်ထွက်သက် ငြိမ်းနေခြင်းသည်လည်း အဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးတစ်ခုဖြစ်ပေသည်။
ထွက်သက်ဝင်သက် ငြိမ်းသည်ဟု ဆိုရာဝယ် ၀ိပဿနာတရားအားထုတ်၍ ၀ိပဿနာနှင့်ယှဉ်သော စတုတ္ထဈာန်ရရှိနေသူများသည် ထွက်သက် ၀င်သက် မရှိဘဲ ငြိမ်းအေးနေသည့်သဘောကို ဆိုလိုပေသည်။
န၀မမြောက် စံအိမ်တော်ကြီး
သုဝိမုတ္တစိတ္တော
အရိယာပုဂ္ဂိုလ်များတွင် လောဘ၊ဒေါသ၊မောဟ ကိလေသာများမှ ကောင်းစွာလွတ်သော စိတ်ရှိနေခြင်းသည် န၀မမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေး တစ်မျိုးပါပေ။ တရားရှုမှတ်ရာဝယ် ရှေ့အမှတ်နဲ့ နောက်အမှတ်တို့ ဆက်စပ်မိအောင် ရှုမှတ်နိုင်လျှင် စိတ်ဟာလည်း အခြေခံ အဆင့်ဖြစ်သည့် စိတ်တည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်။ ရှုမှတ်မှုစင်ကြယ်သောကြောင့် စိတ်ဖြူစင်လာသည့် သဘောပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ဆက်လက်ရှုမှတ်လျှင် စိတ်တည်ငြိမ်မှုအားကောင်းလာကာ တစ်ခဏမျှ မရှုမှတ်ပေမယ့် စိတ်သည် လောဘစသည့်ကိလေသာမှ ကင်းနေပါသည်။ ထိုသို့ ကိလေသာများသည် တဒင်္ဂ (တစ်ခဏမျှ) ၀ိခမ္ဘဏ (တစ်အောင့်ကြာမျှ) ကင်းနေခြင်းသည် ပုထုဇဉ်ပင်ဖြစ်စေကာမူ န၀မမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၌ နေထိုင်နိုင်ကြကာ အရိယာနဲ့တူအောင် ကျင့်နေသည်မည်ပါပေသည်။
ဒသမမြောက် စံအိမ်တော်ကြီး
သုဝိမုတ္တပညော
အရိယာပုဂ္ဂိုလ်များသည် သူတို့၏ စိတ်တွင် လောဘစသော ကိလေသာများ လုံးဝမရှိ ၊ ကိလေသာမှ လွတ်နေသည်ဟု သိသော ပညာသည် ဒသမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်သွေးပင်ဖြစ်ပေသည်။
အချူပ်ဆိုရသော် တုနှိုင်းမမီ စံအိမ်တော်ကြီး (၁၀)မျိုးတွင် အရိယာပုဂ္ဂိုလ်များ နေထိုင်တော်မူနိုင်ကြသကဲ့သို့ ပုထုဇဉ်များ သည်လည်း တရားရှုမှတ်မှု စွမ်းရည်မြင့်မားလာလျှင် ထိုတုနှိုင်းမမီ စံအိမ်တော်ကြီးများ၌ ခေတ္တနေထိုင်နိင်ကြသကဲ့သို့ အရိယာနှင့်တူအောင် လည်း ကျင့်သုံးနေခြင်းဖြစ်သည်ကို စာဖတ်သူများ သိစေချင်ပါသည်။ ထိုသို့သိမြင်ပြီး ကြိုးစား၍ တရားရှုမှတ်လျှက် တရားအားထုတ်မှုစွမ်းရည်များ တိုးတက်မြင့်မှားလာကာ အခွင့်သာခိုက် တကယ့်ကိုယ်ပိုင်ဖြစ်သော တုနှိုင်းမမီ စံအိမ်တော်ကြီးတွင် စိတ်ချလက်ချ နေထိုင်နိုင်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း။
စိတ်နေသန့်ရှင်း၊ ဘေးရန်ကင်း၊ လွန်မင်းချမ်းသာကြပါစေ
၂၀.၄.၂၀၀၈ တနင်္ဂနွေနေ့၊ 8:13, PM
Tuesday, April 22, 2008
တုနှိုင်းမမီ(၈)
Posted in: ဆောင်းပါး
0 comments:
Post a Comment