လောက၌ အဆောက်အဦး တိုက်တာ အိမ်စသည်များသည် လူသားတို့အတွက် နားခိုရာ၊ အပန်းဖြေရာဖြစ်သည့်အပြင် နေပူ မိုးရွာ အပူဒဏ်၊အအေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်တို့မှ ကင်းဝေးရာနေရာလည်း ဖြစ်သောကြောင့် လူသားများအား မရှိမဖြစ်လိုအပ် သော အရာတစ်ခု ဖြစ်ပေသည်။
လူသားများသည် မိသားစုနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ရန် အိမ် တိုက် စသည့် အဆောက်အဦများကို ငွေကြေးတတ်နိုင်သူများက ကိုယ်ပိုင်ဝယ်ယူကာ အိမ်ပိုင်နှင့် နေထိုင်သူများ ရှိသကဲ့သို့ ငွေကြေးမတတ်နိုင်သူများက မိသားစုနေထိုင်မှု အဆင်ပြေစေရန် စဘော်ပေး၍ ငှားရမ်းကာ အိမ်ငှားဖြင့် နေထိုင်ကြရပါသည်။ မည်သို့ပင်ဖြစ်စေ လူသားများနေထိုင်ရာ အဆောက်အဦများသည် သဘာဝဘေးအန္တ ရာယ်က ထိုက်သည့်အားလျော်စွာ ကင်းလွတ်ပါသော်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျကာ ရေထဲမျောပါသွားခြင်း၊ တစ်ခါတစ်ရံ အဖျက်မီးကြောင့် အိမ်များ မီးထဲပါသွားခြင်း၊ ဆိုးသောမင်းများက အခွန်ဘဏ္ဍာအဖြစ်သိမ်းသောကြောင့်လည်း ဆုံးရှုံးသွားနိုင်ခြင်း၊ အမွှေခံစားသားသမီးများကြောင့်လည်း ပျက်စီးရခြင်း၊ သူခိုးများကြောင့်လည်း အိမ်ရှိအတွင်းပစ္စည်းများ ကုန်သွားနိုင်ခြင်းစသဖြင့် အမျိုးမျိုး
ပျက်စီး ရှုံးဆုံးနိုင်ပါသည်။ ထိုကဲ့သို့ ဆုံးရှုံးမှု မရှိဟု ဆိုစေဦးတော့၊ နှစ်ပရိစ္ဆေဒ ကြာမြင့်လျှင် ပြိုကျပျက်စီးရမည်မှာ သေချာလှသော သဘာဝနိယာမတရားတစ်ခုဖြစ်ပါသည်။
သို့သော်လည်းသဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်သည့်အပြင် ရေ၊မီး၊မင်ဆိုး၊သူခိုး၊သားဆိုးသမီးဆိုး ဟူသည့် ငါးဦးရှယ် ယာ ကွန်ယက်မှ လွတ်ကင်းသော အိမ်ကြီးတစ်လုံး ပေါ်ပေါက်ခဲ့ပါသည်။ ဤကား အရိယာများရဲ့ မြင့်မြတ်သော စံအိမ်တော်ဖြစ်ပါသည်။
ထို စံအိမ်တော်ကြီးသည် ယခုမှပေါ်ပေါက်ခဲ့သည်မဟုတ်၊ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့ပြီး ယခုထက်တိုင် မပျက်မစီးဘဲ တည်ရှိကာ နောင်တွင်လည်း ဘယ်တော့မှ ပျက်စီးခြင်းသို့ မရောက်နိုင်သောကြောင့် တုနှိုင်းမမီ စံအိမ်တော်ကြီးဟု ခေါ်ဝေါ်တင်စားမည်ဆိုလျှင် လွန်အံ့မထင်၊ ထိုစံအိမ်တော်ကြီးကို တည်ဆောက်ပေးခဲ့သူကား အတုမရှိ မြတ်စွာဘုရားရှင်ပင်ဖြစ်ပါသည်။ အတုမရှိ မြတ်စွာဘုရားသည် တုနှိုင်းမမီ စံအိမ်တော်ကြီးကို ကိုယ်တော်တိုင်သိမြင်တော်မူ၍ နတ်လူများအား စံအိမ်တော်ကြီးတည်ရှိရာသို့ လမ်းညွန်ပေးတော်မူခဲ့ပေသည်။
မြတ်သောစံအိမ်တော်ကြီးတွင် အရိယာပုဂ္ဂိုလ်များသည် ရှေးပဝေသဏီက နေထိုင်ခဲ့ကြသကဲ့သို့ ယခုလည်းနေထိုင်ကြဆဲ၊ နောင်ကိုလည်း နေထိုင်ကြပေလိမ့်ဦးမည်။ မြတ်သော စံအိမ်တော်ကြီးကား ဆယ်မျိုးရှိပါသည်။
ပထမစံအိမ်တော်ကြီး
ပဉ္စင်္ဂ ၀ိပ္ပဟီနော၊ နိဝရဏတရားငါးပါးကို ပယ်သတ်ပြီးခြင်းသည် ပထမစံအိမ်တော်ကြီး၏ အရည်အသွေးတစ်ခုဖြစ်ပါသည်။
နိဝရဏတရားငါးပါးကို အရိယာပုဂ္ဂိုလ်များ၌ ပယ်သတ်ပြီးပြီ ဤသည်ကိုပင်လျှင် ပထမစံအိမ်တော်ကြီးဟု ခေါ်ဆိုရပါသည်။
ရှင်းပါဦးအံ့-
ပုထုဇဉ်ဖြစ်ကြသော လူသားများသည် လိုချင်ဖွယ်ရာအာရုံတွေနှင့် တွေ့ကြုံရလျှင် လိုချင်မှုဆန္ဒက မဖိတ်ခေါ်ဘဲ ရောက်ရှိလာ စမြဲပင်ဖြစ်သည်။ ၀ိသဘာဂ ဆန့်ကျင်ဘက်အာရုံ(မိန်းမကယောင်္ကျားကို ယောင်္ကျားကမိန်းမကို)နှင့်တွေ့မြင်ရ၍ နှစ်သက်လိုချင်မှုများ ဖြစ်လာသည်။ ထို့အတူ ကြားမှု၊နံမှု၊စားမှု၊ထိတွေ့မှုကြံသိမှုစသည့် နှစ်သက်ဖွယ်ရာအာရုံများနှင့် တွေ့ကြုံသောအခါ ကောင်းသည်ဟုထင်ရသော အာရုံများအပေါ် လိုချင်မှုဆန္ဒများ ဖြစ်ပေါ်ရလေသည်။ ထိုတရားကို ကာမစ္ဆန္ဒနိဝရဏ ဟုခေါ်ပါသည်။
တဖန် လိုချင်တာမရလျှင် အလိုမကျ စိတ်ဆိုး ဒေါသထွက်ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဒေါသအခြံအရံများဖြစ်သည့် သူတစ်ပါးကောင်းစားသည်ကို မနာလိုမှု၊ ရှိသည့်ပစ္စည်းပေးရမည်ကို နမြောာတွန့်တိုသည့် ၀န်တိုမှု၊ နောင်တတဖန် ပူပန်မှု စသည်များကို ဒေါသအခြေခံသည့် ဗျာပါဒနိဝရဏ ဟုခေါ်ပါသည်။
တစ်ခါတစ်ရံ စိတ်ထဲ ရှင်းလင်းကြည်လင်မှုမရှိ မည်သို့မျှ တွေးတောစဉ်းစား၍မရ တွေတွေဝေေ၀ကြီး ဖြစ်နေတတ်ပါသည်။ တစ်ခါတလေ ဘယ်လိုမှ ထိန်းလို့မရအောင် ငိုက်မြည်းလာသည်။ ထိုင်းထိုင်းမိုင်းမိုင်းဖြစ်ကာ ပျင်းရိခြောက်သွေ့ပြီး ကုသိုလ်တရားများ ဖြစ်နိုင်ရန် ထကြွလုံးလမှုမရှိ တွန့်ဆုတ်နေတတ်ပါသည်။ ထိုတရားမျိုးကို ထိနမိဒ္ဓနိဝရဏ ဟုခေါ်ပါသည်။
တစ်ခါတစ်ရံ စိတ်စုစည်း၍လည်းမရ စိတ်မတည်ငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်ကာ စိတ်တွေ ပျံ့လွင့်နေသည့်အခါမျိုးလည်းရှိ ပေသည်။ ထို့အပြင် ယခင်က ပြုလုပ်ခဲ့ပြီးသော ကိစ္စတို့၌ အမှားပြုလုပ်မိ၍ နောင်တတဖန်ပူပန်မှုများလည်းရှိတတ်သည်၊ ထိုတရားမျိုးကို ဥဒ္ဓစ္စ ကုက္ကုစ္စ နိဝရဏ ဟုခေါ်ပါသည်။
တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုအပေါ် သံသယများလွမ်းမိုး၍ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချ၍မရ၊ ကိုယ့်ကိုယ့်ကို စိတ်ချ ယုံကြည်မှုမရှိ၊ ဆုံးဖြတ်ရမည်ကို ချီတုံချတုံ ဖြစ်ကာ ဒွိဟဖြစ်နေသောစိတ်များ သံသယဖြစ်နေသော စိတ်များကို ၀ိစိကိစ္ဆာ နိဝရဏဟု ခေါ်ပါသည်။
ထိုဆိုခဲ့ပြီးသော နိဝရဏတရားငါးပါးသည် ပုထုဇဉ်တို့သဏ္ဍာန်ဝယ် တစ်ခုမဟုတ်တစ်ခု ၀င်ရောက်နေကြပါသည်။ နိဝရဏတရားများ ရှိနေသည့် ကာလပတ်လုံး စိတ်၏ ငြိမ်အေးမှုကို မရရှိဘဲ အနှောင်အဖွဲ့ခံနေရသည့်ပမာ စိတ်သည် လွပ်လပ်မှုမှ ကင်းလျှက် ရှုပ်ထွေးကျဉ်းကြပ်လျှက်ရှိသည်။ ရှုပ်ထွေးကျဉ်းကြပ်လျှက်ရှိသောစိတ်သည် မည်သည့်အခါမျှ ကုသိုလ်စိတ်မဖြစ်နိုင် ကုသိုလ်မဖြစ်အောင်လည်း တားဆီးတတ်သည့်အတွက် ထိုတရားများကို နိဝရဏ တရားဟု ခေါ်ဆိုရပါသည်။
ဥပမာ- ရွှေထည်များတွင်အများအားဖြင့် သံ ၊ ကြေး ၊ဂျွတ်၊ခဲ၊ဘော်စသော အညစ်အကြေး (၅)မျိုးပါဝင်နေ သည်။ထိုအညစ်အကြေးများ ပါဝင်နေသော ရွှေထည်ကို တန်ဆာပြုလုပ်လျှင် ထိုတန်ဆာသည် ကြမ်းတမ်းခြင်း၊ ပျက်လွယ်ခြင်း၊ ကျွတ်ဆတ်ခြင်း၊ ကျိုးလွယ်ခြင်း၊ မကြာမီ အရောက်ပျယ်ခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် တန်ဆာမပြုလုပ်မီ ရွှေထဲပါဝင်နေသော အညစ်အကြေး (၅)မျိုးကို ဖားဖိုပေါ်တင်၍ သန့်စဉ်လိုက်သောအခါ စင်ကြယ်သော ရွှေကို ရရှိလေသည်။
ထို့အတူ စိတ်တွင် နိဝရဏတရားဟူသော အညစ်အကြေး(၅)မျိုး ရှိနေသည့်ကာလပတ်လုံး စိတ်သည်မစင်ကြယ်ပေ။ စိတ်ထဲတွင် ရှိနေသော ထိုအညစ်အကြေး (၅)မျိုးကို ၀ိပဿနာဖားဖိုပေါ်တင်လိုက်သောအခါ မကြာမီ အရည်အသွေးကောင်းသော စိတ်သန့့််လေးများဖြစ်လာရသည်။
ဝိပဿနာဟူသည် ဖြစ်ပေါ်ဆဲခဏ၌ သင်္ခါရတရားများကို ရှုမှတ်ရသည်ဖြစ်ရာ ရှုမှတ်မှုအားများ တိုးတက်လာလျှင် ရှုမှတ်တိုင်း၌ နိဝရဏတရားများကို တဒင်္ဂ(တစ်ခဏ)ပယ်သတ်နေပေသည်။ ထိုသို့ နိဝရဏတရားများကို ရှုမှတ်မှုတို့ဖြင့်ပယ်သတ်နေလျှင် အရိယာနှင့်တူအောင် ကျင့်သုံးနေသည်ဟု ခေါ်ဆိုနိုင်ပါသည်။ တစ်ချက်ရှုမှတ်လျှင် တစ်ချက် မြင့်မြတ်သော စံအိမ်တော်ကြီးသို့ ရောက်နေရပါသည်။ မရှုမှတ်လျှင် ရောက်မည် မဟုတ်ပေ။ အိမ်မပိုင်သော်လည်း အငှားအိမ်နဲ့နေရသကဲ့သို့ ပုထုဇဉ်များ တရားရှုမှတ်ပြီး လောဘစသော ကိလေသာများကို တဒင်္ဂပယ်ဖျောက်နေလျှင် အရိယာတို့၏ စံအိမ်တော်ကြီးတွင် ခေတ္တခဏငှားရမ်းပြီး နေသည်နှင့်တူလှပါသည်။ ထိုမှတဆင့် အဆက်မပြတ်ရှုမှတ်၍ လေးမဂ်လေးဖိုလ် အစဉ်အတိုင်းမျက်မှောက်ပြုနိုင်ပြီဆိုပါက အရိယာတို့၏စံအိမ်တော်ကြီးတွင် အပြီးအပိုင်နေရမည်ဖြစ်ရာ အိမ်ပိုင်နှင့်နေရသည်နှင့်တူလှပေသည်။ ထို့ကြောင့် စာဖတ်သူများသည် အရိယာအစစ်မဖြစ်သေးသော်လည်း ဖြစ်အောင်အားမထုတ်နိုင်သေးသော်လည်း အရိယာအတုနှင့်တူအောင် အလုပ်မအားလပ်သည့်ကြားကနေ မဖြစ်ဖြစ်သည့်နည်းနှင့် အချိန်ပေးကာ ၀ိပဿနာတရားကို ကြိုးစားအားထုတ်စေချင်လှသည်။ ဤသည်မှာ စာရေးသူ၏ ရင်တွင်းစကားပါ။
ဒုတိယစံအိမ်တော်ကြီး
ဆဠင်္ဂသမ္ပန္နာဂတော- အင်္ဂါ ၆ ပါးနှင့်ပြည့်စုံခြင်းသည် ဒုတိယစံအိမ်တော်ကြီး၏ အရည်အသွေးတစ်ခု ဖြစ်ပါသည်။
အင်္ဂါ ၆ ပါးဆိုသည်မှာ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဒွါရခြောက်ပါးကို ပြောပါသည်။ ပြည့်စုံခြင်းဟူသည်ကား ထိုဒွါရ ၆ ပါးနှင့် အဆင်း၊အသံ၊အနံ့၊အရသာ၊ အထိအတွေ့၊ ဓမ္မာရုံစသည့် အာရုံ ၆ ပါးတို့ (အာရုံနှင့်ဒွါရတို့) တွေ့ကြုံသောအခါ ချစ်ခြင်းမုန်းခြင်း မရှိတော့လျှင် (အရိယာရဟန္တာဖြစ်လျှင်)အင်္ဂါ (၆)ပါးနှင့်ပြည့်စုံသည်ဟုခေါ်ပါသည်။
ပုထုဇဉ်လူသားများတွင် အာရုံ ဒွါရ ဆုံခိုက်တွင် ကောင်းတာလေးမြင်ရလျှင် သာယာမည်၊ ချစ်ခင်မည်။ မကောင်းတာလေးမြင်ရ လျှင် မနှစ်သက် အလိုမကျ စိတ်ဆိုး ဒေါသထွက် တွေ့ကြုံရသည့်အပေါ်တွင် မုန်းလာသည်။
ထို့ကြောင့် ပုထုဇဉ်လူသားများသည် အရိယပုဂ္ဂိုလ်တို့နှင့်တူစေရန်
`ဒိဋ္ဌေ ဒိဋ္ဌမတ္တံ သမ္ပဇာနကာရီဟောတိ သုတေ သုတ္တမတ္တံ၊
မုတေ မုတမတ္တံ၊ ၀ိဥာတေ ၀ိဥာတမတ္တံ သမ္ပဇာန ကာရီ ဟောတိ´ ။
မြတ်ဗုဒ္ဓက မြင်ဆဲခဏ ၊ မြင်ရုံမျှ ၊ ကျနသိအောင်ရှု၊
ကြားဆဲခဏ ၊ ကြားရုံမျှ၊ ကျနသိအောင်ရှု၊
နံဆဲခဏ၊ နံရုံမျှ ၊ ကျနသိအောင်ရှု၊
စားဆဲခဏ ၊ စားရုံမျှ ၊ကျနသိအောင်ရှု၊
ထိဆဲခဏ၊ ထိရုံမျှ ၊ ကျနသိအောင်ရှု၊
ကြံဆဲခဏ ၊ ကြံရုံမျှ၊ ကျနသိအောင်ရှု…………..။
မြင်မှု၊ကြားမှု၊နံမှု၊စားမှု၊ထိမှု၊သိမှုတို့၌ ဖြစ်ဆဲတွင် မြင်တယ်၊ကြားတယ်၊နံတယ်၊စားတယ်၊ ထိတယ်၊သိတယ် ဟု ရှုမှတ်သွားမည်ဆိုပါက ရှုမှတ်တိုင်း သာယာမှု မနှစ်သက်မှုစသည်များကို တဒင်္ဂပယ်သတ်နေသည့်အတွက် ပုထုဇဉ်ပင်ဖြစ်စေကာမူ အရိယာတို့နှင့် တူအောင်ကျင့်နေသည် မည်ပါပေ၏။
တတိယစံအိမ်တော်ကြီး
ဧကရက္ခော- သတိ တည်းဟူသော အစောင့်အရှောက်နှင့် ပြည့်စုံခြင်းသည် တတိယစံအိမ်တော်ကြီး၏ အရည်အသွေးတစ်ခုဖြစ် ပါသည်။
အိမ်ကြီးတစ်လုံးတွင် တံခါးပေါက်မလုံလျှင် သူခိုး ဓါးပြ ၊စသည့် ဘေးအန္တရာယ်တွေနှင့် ကြုံရတတ်ပါသည်။ ဘေးအန္တရာယ်က လွတ်ကင်း စေရန် အ၀င်တံခါးမကြီးတွင် အစောင့်အရှောက်ချထားရပါသည်။
ထို့အတူ သတိတည်းဟူသော အစောင့်အရှောက်မရှိလျှင် အပေါက်ခြောက်ပေါက်မှနေ၍ လောဘစသော ကိလေသာ ရန်သူများ ၀င်လာနိုင်ပါသည်။ ကိလေသာရန်သူများမ၀င်နိုင်စေရန် ဒွါရ (၆)ပါး၌ သတိဆိုသည့် အစောင့်အရှောက်ထားရပါသည်။ သတိအစောင့်အရှာက်နှင့်ပြည့်စုံလျှင် အကျိုးတရားများစွာရရှိသည့်အပြင် ကိလေသာများလည်း ကင်းစင်နိုင်ပေသည်။
သတိမတော သဒါမတော - သတိနှင့်ပြည့်စုံသောသူတို့အတွက် ကိလေသာမှကင်းနေသောကြောင့် လက်ရှိဘ၀မှာပင် လျှင် အမြဲတမ်း အခါခပ်သိမ်း ကောင်းနေပါသည်။ သတိ မံ သုခံ မေဒတိ- သတိစိုက်လျှက် ရှုမှတ်နေသော ပုဂ္ဂုလ်သည် သေလွန်လျှင် လူချမ်းသာ၊နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာတိုင်အောင် ရရှိခံစားနိုင်ပါပေသည်။ သတိတရားဖြင့် ရှုမှတ်နေသောသူသည် မနက်ဖြန်အတွက် မြတ်နေပါသည်။ သတိထား၍ ပေါ်ရာပေါ်ရာကို ရှုမှတ်ကြကုန်သောသူတို့သည် အို ၊ နာ ၊သေ စသော အလုံးစုံသော ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်၏ ဟု မြတ်ဗုဒ္ဓဟောတော်မူခဲ့သည့်အပြင် သတိနှင့်စပ်လျဉ်း၍ ရနိုင်သော အကျိုးတရားများသည် များစွာရှိသေးရကား အလျဉ်းသင့်က နောင်တွင် ဖေါ်ပြပေးပါဦးမည်။
ထို့ကြောင့် ပုထုဇဉ်ပင်ဖြစ်သော်လည်း သတိတရားဖြင့် နေနိုင်လျှင် ကိလေသာတွေနည်းရာကနေ ခေါင်းပါးသွားမည်၊ ခေါင်းပါး ရာကနေ အပြီးသတ်ပယ်သတ်နိုင်မည် ဖြစ်သောကြောင့် သတိရှိစေရန် ကျင့်သုံးနေခြင်းသည်ပင်လျှင် အရိယာမဟုတ်သော်လည်း အရိယာတို့နှင့်တူအောင် ကျင့်နေသည်မည်ပါပေတော့သတည်း။
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
31.3.2008 တနင်္လာနေ့
Tuesday, April 1, 2008
တုနှိုင်းမမီ(၆)
Posted in: ဆောင်းပါး
0 comments:
Post a Comment