Thursday, December 27, 2007

ကျေးဇူးကြီးလှ မိနှင့်ဖ

တစ်ခါက အဖေ့အကြောင်းကို စုံလင်အောင် တင်ပြပေးပါ ဟု လျှောက်ထားသော သူတစ်ယောက်ကို အကြောင်းပြု၍ အွန်လိုင်းစာဖတ်ပရိ သတ်များအား ရည်ရွယ်ကာ မဟာကျော်ရဲ့ ဆောင်းပါးကို ဖေါ်ပြပေးလိုက်ပါတယ်။
လူရယ်ဟူ၍ မွေးဖွားဖြစ်တည်လာပြီဆိုလျှင် အမိဟူသော အမေရှိရမည်။ အဖဟုဆိုလျှင် အဖေလည်း ရှိရပေသည်။ သို့မှသာ လူသားတစ်ဦး ရှင်သန်ထမြောက်နိုင်သည်ကို လူသားတိုင်း သိရှိနားလည်ထားကြပါသည်။ ဤသို့ အမိအဖ တွဲထားပါလျှက် အဘယ့်ကြောင့် အမိ၏ ဂုဏ်သည်သာ လေးလေးနက်နက် ပေါ်လွင်စေပြီး အဖသည် အဘယ့်ကြောင့်မေးမိန်နေရပါသနည်း။ တကယ်ဆိုလျှင် အဖကိုလည်း အမိနှင့်တန်းတူ ပေါ်လွင်စေသင့်ပါသည်။ အနောက်တိုင်းမှအပ အရှေ့တိုင်းနိုင်ငံအများစုတွင် ကိုယ်ရေးရာဇ၀င်ကို မှတ်တမ်းပြုမည်ဆိုပါက အဖအမည်ကို အဓိကထားကြပါသည်။ ဘယ်သူ၏သားသမီးဟု ဆိုရာတွင်လည်း အဖအမည်ကိုသာ ရှေ့တန်းတင်၍ ပြောတတ်ကြသည်မှာ အရှေ့တိုင်းသားတို့တွင် နှုတ်ပင်ကျိုးနေကြပြီ။ ဤသို့ အဖေကိုရှေ့တန်းတင်ထားပါလျှက် အမိဂုဏ်ကို ဖေါ်ကျုးသော ကဗျာစာပေနှင့် သီချင်းမျိုးကသာ များနေကြပါသည်။

အမိအဖ ဆိုထားသောကြောင့် အမိအဖသည် ခွဲ၍မရ၊ သားသမီးအပေါ်၌ တူညီသော မေတ္တာတို့ ရှိကြပါသည်။ အမိသည် ရင်သွေး အား “ကိုးလလွယ် ဆယ်လဖွား” ကာ အသက်နှင့်ရင်းပြီး မွေးဖွားသန့်စင်ပေးခဲ့ရသကဲ့သို့ အဖသည်လည်း လောကအန္တရာယ် မျိုးစုံကြားမှ ၀တ္တရားကျေပွန်အောင် သားသမီးများ၏ တာဝန်ကို ထမ်းခဲ့ရပေသည်။ အဖသည် သားသမီးတို့၏ ရှေ့ဆောင်လမ်းပြ။ အဖသည် သားသမီးတို့အား စောင့်ရှောက်ရာ မဟာတံတိုင်းကြီး၊ အဖသည် သားသမီးတို့အတွက် အဟာရဖြစ်တည်ရာ လယ်ယာမြေကောင်း၊ အဖသည် သားသမီးတို့အတွက် အလှတန်ဆာဆင်ရာ အဖိုးတန်ရတနာ။ ဤသို့သော ဆိုစကားကြောင့် အဖ၏ တာဝန်သည် အမိထက် မပို လျှင်တောင် တန်းတူတော့ ရှိလေသည်။
မြတ်ဘုရားလက်ထက်တော်အခါကပင် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ပိသာရမင်းကြီး၏ ရင်သွေးငယ် သားတော် အဇာတသတ်အား ပုဏ္ဏား တော်များက အဖသတ်မည့်သား ဟု နိမိတ်ဖတ်ပါသော်လည်း ဖခင်ဟူသော အသိစိတ်လေးတစ်ခုကြောင့်ပင် မိမိ၏အသက်ခန္ဓာတည်မြဲမှု အတွက် တွေဝေခြင်းမရှိဘဲ သားတော်လေးအား ယုယစွာ ပြုစုပျိုးထောင်ရင်း ကြီးပြင်းစေခဲ့သည်မှာ ဖခင်တို့၏ သားသမီးများအပေါ်ထား သည့်မေတ္တာကို ဖော်ကျုးလိုက်သလိုပင် ဖြစ်ပေသည်။
မြန်မာသံစဉ် တေးသီချင်းများနှင့် ဗွီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းများတွင် မိခင်၏ ဂုဏ်ပုဒ်ကို ဖော်ကျုးသော သီချင်းစာသားများသာ ပေါများပြီး အဖေ၏ဂုဏ်ကို ဖော်ကျုးသော သီချင်းဇာတ်လမ်များ ရှားပါးလွန်းလှပါသည်။ (ယခု ခေတ်ကာလမှာတော့ ခွဲခြားခြင်းမရှိကြတော့ပါ) အဖသီချင်းများ အဖဇာတ်လမ်းများသည်လည်း ဖခင်၏ဂုဏ်ပုဒ်ကို ပေါ်လွင်စေခဲ့သည်။ အမှန်တကယ် ဆိုချင်သည်ကတော့ အမိနှင့်အဖကို ခွဲခြားခြင်းမပြုဘဲ တန်းတူ ကျေးဇူးတရား သိတတ်စေရန်သာဖြစ်သည်။
အချို့ဖခင်တို့သည် မိခင်ကဲ့သို့ပင် မိမိတို့မကောင်းသော်လည်း သားသမီးများအား ကောင်းစေချင်လှသည် “ ဘယ်မိဘမဆို သားသမီးကောင်းစားတာကိုပဲ မြင်ချင်သည်” ဟူသော ဆိုစကားအရ မိဘသည် သားသမီးတို့အား ကောင်းစေလိုသည့် မေတ္တာထားခြင်းမှာ ထပ်တူထပ်မျှပင် ဖြစ်ကြပေသည်။ အိမ်ထောင်သည် အမျိုးသား တချို့သည် အငယ်အနှောင်းထားတတ်ကြသည့် မထင်မှတ်သော စရိုက်တစ်ခုကြောင့် သားသမီးနှင့်သက်ဆိုင်သော ဖခင်ဆိုသည့် ဂုဏ်ပုဒ်ကို ချိတ်မိနေခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
တကယ်ဆိုလျှင် ဖခင်ဟူသော ဝေါဟာရနှင့် မည်သို့မျှ မသင့်ဆိုင်ပါ၊ ဖခင်ဆိုသောသ်ူမှာ ယောင်္ကျားတစ်ဦးဖြစ်ခြင်းကြောင့် ထိုစရိုက်များနှင့် ရော၍ ယောင်္ကျားဆိုသော ဝေါဟာရနှင့် ဖခင်ဆိုသော ဝေါဟာရကို ယှဉ်တွဲ မထားသင့်ပေ။ အဓိပ္ပါယ်ချင်း အလွန်အမင်း ကွာခြားလွန်းလှသည်။ “ ဘယ်ယောင်္ကျားမှ မကောင်းဘူး” ဟု လူတွေ၏ စကားမှာ သုံးနှုန်းတတ်ကြပေမယ့် “ ဘယ်ဖခင်မှ ကောင်းဘူး” ဟု သုံးစွဲခြင်းမရှိပေ။ သားသမီးရှိသော ဖခင်တိုင်းတွင် ၄င်းတို့၏ သားသမီးများအပေါ်တွင် ထားရှိသည့် အကြင်နာတရားမှာ မိခင်များကဲ့သို့ပင် ရှိကြပါသည်။
မိခင်သည် ရင်သွေးငယ်အား နို့ချိုတိုက်ကျွေးရန် အားအင်အတွက် အဟာရလိုအပ်ပေသည်။ ထိုအဟာရကို ဖခင်ကသာ ရှာပေးရသည်။ လူမမယ် ကလေးတို့အား ကျန်းမာရေးကောင်းမွန်စေရန်မှာ မိခင်၏ ကျန်းမာရေးကောင်းဖို့လည်း လိုအပ်ပေသည်။ ထိုမိခင်၏ ကျန်းမာရေးကို ဂရုစိုက်ပေးမည့်သူမှာ ဖခင်သာဖြစ်သည်။ “ ယောင်္ကျားဖေါင်စီး ၊ မိန်းမမီးနေ” ဟူသော ဆိုစကားအရ မီးတွင်းထဲတွင် ရှိနေသော မိခင်သည် အသက်အန္တရာယ် နီးသည်ဟုဆိုပါလျှင် ဇနီးသည်မှ ရင်သွေးငယ်အား ကျန်းမာရေး ကောင်းမွန်ပြီး ချောမွေ့စွာ မွေးဖွားပေးနိုင်ရန်နှင့် ဆင့်ကဲ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းနိုင်ရန် ပြင်ပလောကတွင် စီးပွားရှာဖွေပေးရရှာသော ဖခင်မှာလည်း အန္တရာယ်များကို ရင်ဆိုင်မည် မဟုတ်ပါလော။
ဤသို့သော အကြောင်းတရားများကြောင့် မိခင်နှင့်ဖခင်တို့မှာ မိမိတို့၏ ရင်သွေးများအပေါ် ထားရှိသည့် အဖမေတ္တာသည် အမိမေတ္တာကဲ့သို့ပင် တစ်ထပ်တည်းကျနေခြင်းကြောင့် “ မိဘမေတ္တာ” ဟူသော ဆိုစကား ထင်ရှားလာရခြင်းဖြစ်သည်။
ယောင်္ကျား၊မိန်းမ ဟူသော အသုံးအနှုန်းမှာ သတ်မှတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး ခြုံငုံကြည့်ပါက လူသားများသာဖြစ်ကြသည်။ လူတို့သည် ပုထုဇဉ်များဖြစ်သည့်အလျောက် ကောင်းခြင်း၊ဆိုးခြင်း ဒွန်တွဲနေမည်မှာ မလွဲပါ။ ထို့ကြောင့် ကောင်းသောယောင်္ကျား၊ မိန်းမ၊ မကောင်းသော ယောင်္ကျား၊မိန်းမ စ၍ ကောင်းသော မိဘ၊ မကောင်းသော မိဘဟူ ဖြစ်လာမည်မှာ မလွဲပေ၊ သို့သော် မိဘ ဟု အဆိုခံလိုက်သည်နှင့် အခြားအကြောင်းအရာများတွင်သာ မကောင်းတာတွေ ရှိကောင်းရှိမည်။ မိမိတို့၏ သားသမီးများအပေါ်တွင်တော့ ဘယ်လိုအကြောင်းကြောင့်ပဲဆိုပါစေ ကောင်းတတ်ကြသကဲ့သို့ ကောင်းအောင်လည်း နေတတ်ကြသည်။ မကောင်းသော မိဘဟု ဆိုရာတွင်လည်း “တစ်” ရာနှုန်းလောက်သာ ရှားပါးပေလိမ့်မည်။ မကောင်းသောမိဘဟု ခံယူလိုက်ရသော ပုဂ္ဂိုလ်မှာ လူမဆန်လေသော သူသာဖြစ်ပေလိမ့်မည်။ အသိဥာဏ်ပညာရှိသော လူပင် မဆိုလေနှင့် အသိဥာဏ်ပညာကင်းမဲ့လှသော တိရစ္ဆာန်များပင်လျှင် မိဘနှင့်သားသမီးဟူသော အသိစိတ် ရှိတတ်ကြသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရဖူးပါသည်။
၁၉၈၄ ခုနှစ်ကာလအတွင်း ပုသိမ်-မုံရွာကားလမ်း စီမံကိန်းအတွက် လမ်းခင်းကျောက်ရှာဖွေပေးသော ကျောက်ရှာဖွေရေးအဖွဲ့ သည် ရိုးမအတွင်း ကျောက်ကြော ရှာဖွေစဉ် လှပသော ရေအိုင်ကြီးတစ်ခုအတွင်းမှ တောသဘာဝအတိုင်း လွပ်လပ်စွာ နေထိုင်နေကြသော မျောက်ရွာ ဟုဆိုလောက်သည့် မျောက်မိသားစုကြီးကို မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးခဲ့သည်မှ ကြည့်ခဲ့ရသည်မှာ မျောက်ကလေးတစ် ကောင် ရေထဲပြုတ်ကျသွားသည်ကို မျောက်ကြီးက အသည်းအသန်ဆင်း၍ ဆယ်လေသည်။ မျောက်ကလေးကို ရသည်နှင့် ကမ်းပေါ်သို့ ချီတင်လာပြီးလျှင် ခေတ္တမျှပြုစု၍ သန်းရှာနေရာမှ ထလာကာ လာရပ်သော မျောက်မကြီးအား တုတ်တစ်ချောင်း ရှာ၍ ရိုက်လေတော့သည်။ သဘောမှာ သားသမီးကို ဂရုမစိုက်ကောင်းလား ဟူသော အဓိပ္ပါယ်သက်ရောက်နေပေသည်။ လူလောက်အသိဥာဏ်မရှိသော တိရစ္ဆာန်ပင်လျှင် သားသမီးကို ဂရုတစိုက် ချစ်ပါလျှင် အသိဥာဏ်ပြည့်ဝသော လူဆိုပါက ပြောစရာမရှိအောင် ချစ်ပေလိမ့်မည်။
မြန်မာ ဒဏ္ဍာရီတစ်ခုတွင် အဟိတ်တိရစ္ဆာန်ဖြစ်သော ခြင်္သေ့မင်း၏ရင်သွေးလူသားမှာ ခြင်္သေ့မင်းအား ထား၍ လူတို့ရှိရာအရပ်သို့ ထွက်ခွာသွားရာတွင် ဖခင်ဖြစ်သူ ခြင်္သေ့မင်းသည် ရင်ကွဲနာကျပြီး သေဆုံးခဲ့ရပါသည်။ မိမိနှင့် ပုံသဏ္ဍာန်ကွဲပြားလေသော ရင်သွေးကို အသက်ဆုံးရှုံးရသည်အထိ မေတ္တာတရားကြီးမားလေရာ အသိဥာဏ်ပညာရှိကြသော လူသားမိဘတို့ဆိုလျှင် မည်မျှလောက်မေတ္တာတရား ကြီးမားမည်ကို တွေးဆသိနိင်ပါသည်။ ကျွန်ုပ်တို့၏ သုံးလူ့ထွတ်ထား ဗုဒ္ဓရှင်တော်ဘုရားသည်လည်း မိခင်ဖြစ်ခဲ့ဖူးသော မယ်တော်မိနတ်သားအား တရားနှင့် ကျေးဇူးဆပ်သကဲ့သို့ ဖခင်သုဒ္ဓေါဓနမင်းကြီးအားလည်း တရားနှင့်ပင် ကျေးဇူးတော်များ ကုန်စင်အောင် ဆပ်ခဲ့လေသည်။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်ပင်လျှင် အမိနှင့်အဖအား ခွဲခြားခြင်းမပြုဘဲ ကျေးဇူးဆပ်ခဲ့ခြင်းဖြစ်ရာ ကျွန်ုပ်တို့သည်လည်း အမိမှသာ ၊ အဖမှသာ တွယ်တာစရာဟု မတွေးမိစေဘဲ သတိတရားများထား၍ မိဘနှစ်ပါးစလုံးအား တူညီစွာ ကျေးဇူးတော်များကို နားလည်သိသင့်ပါကြောင်း ဖေါ်ပြလိုက်ရပါတော့သတည်း။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More