Sunday, December 16, 2007

ဒွါရဂိုဏ်းနှင့်ထိုမှခွဲထွက်သောဂိုဏ်းများ

ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။တပည့်တော့် မြန်မာပြည်က သံဃာ ဂိုဏ်းများ အကြောင်း ဗဟုသုတ အနေနဲ့ သိလိုပါတယ် ဘုရား။ (၉)ဂိုဏ်းထဲက ရွှေကျင်နဲ့ သုဓမ္မာ ဂိုဏ်းများအကြောင်း ရေးထားသည်များ ဖတ်မှတ်ရသော်လည်း ၊ ဒွာရ ဂိုဏ်း နဲ့ ၄င်းမှ ထပ်ခွဲသွားသော ဂိုဏ်းများနဲ့ ထူးခြားချက်များကို မဖတ်ဖူးသေးပါ။အရှင်ဘုရား အချိန်ရရင် ဖြေကြားပေးပါ ဘုရား။ ဟု မေးခွန်းတစ်ခုကို ပဒုမ္မာဆိုက်၌ အဖြေပေးထားပါသည်၊ ထိုအဖြေကို မဖတ်ရသေးသောသူများ ဖတ်နိင်ရန်အတွက် ဒီမှာ တင်ပေး လိုက်ပါသည်။

ဒွါရဂိုဏ်းဖြစ်ပေါ်လာပုံအကျဉ်း--အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ (၁၇)၀ါရချိန် ၁၂၁၇ ခုနှစ်မှစ၍ အငြင်းပွားလာသော ကံ, ဒွါရ ကွဲပြားမှုသည် တစ်စစ ပြင်းထန် ရိုက်ခတ်လာခဲ့ရာ၊ ၁၂၂၄ ခုနှစ်တွင် ဦးသစ်နှင့် ဦးပေါ်လာ နှစ်ဦးတို့ အလောင်းအစားပြုမှုမှစတင်ကာ ကံ,ဒွါရ အငြင်းပွားခဲ့ကြပါသည်။ဤနေရာ၌ အကျဉ်းချူပ်ဆိုရပါမူ အုဂ်ဖိုရ်(အင်္ဂပူ)ဆရာတော် အရှင်ဥကံ္က၀ံသမာလာသည် သြကာသကန်တော့ချိုး၌ ကာယကံ,၀စီကံ, မနောကံ ဖြင့် ရှိခိုးကန်တော့ခြင်းကို မှားယွင်းသည်ဟု ပစ်ပယ်တော်မူပြီး၊ ကာယဒွါရ ၊ ၀စီဒွါရ ၊ မနောဒွါရ ဖြင့် ရှိခိုးပူဇော် ဖူးမျှော်ကန်တော့ခြင်းသာ ကျမ်းဂန်နှင့် ညီသည်ဟု အခိုင်အမာ ယူတော်မူခဲ့သည်။ ထို့ကြောင့် အုဂ်ဖိုရ်ဆရာတော်နှင့် တပည့်သာဝက သံဃာအစုကို “ဒွါရဂိုဏ်း”ဟု ခေါ်ခဲ့ကြရာမှ ဒွါရဂိုဏ်းလည်း အထင်အရှား ဖြစ်ပေါ်လာပါတော့သည်။အနောက်ချောင်းဒွါရဂိုဏ်းဖြစ်ပေါ်လာခြင်း-ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဟင်္သာတမြို့အထက်မှ စတင်ခွဲထွက်၍ ပုသိမ်မြို့အောက် ပင်လယ်အထိ စီးဆင်းသော ဧရာဝတီမြစ်ခွဲတစ်ခုကို ပုသိမ်မြစ်ဟူ၍လည်းကောင်း၊ င၀န်မြစ်ဟူ၍လည်းကောင်း ခေါ်သည်။ ဧရာဝတီမြစ်ခွဲတို့တွင် အနောက်ဘက် အကျဆုံး မြစ်ခွဲဖြစ်သောကြောင့် ထိုမြစ်ရိုးတစ်လျှောက်ကို “အနောက်ချောင်း” ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ဒွါရ၀ါဒီအုဂ်ဖိုရ်ဆရာတော်ကြီးသည် ဒွါရသာသနာကို ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ရာ င၀န်မြစ်ပေါ် အနောက်ချောင်း တစ်လျှောက်ရှိ လေးမျက်နှာ ၊ ငါးသိုင်းချောင်း ၊ ပုသိမ်မြို့အထိ ကြွချီလှည့်လည်၍ ဒွါရသာသနာ ပြန့်ပွားရန် ဖြန့်ချိ ဟောပြောတော်မူခဲ့သည်။ထိုအခါ ငါးသိုင်းချောင်းမြို့နယ် င၀န်မြစ် (အနောက်ချောင်း) ၀န်းကျင်ဒေသရှိ သီတင်းသုံးလျှက် ရှိတော်မူကြသော ဆရာတော်ကြီး (၆)ပါးနှင့် တကွ တပည့်သံဃာအပေါင်းတို့က အုဂ်ဖိုရ်ဆရာတော်ကြီး၏ ထေရ၀ါဒဒွါရသာသနာကို သဘောကျ နှစ်ခြိုက်တော်မူကြသဖြင့် အုဂ်ဖိုရ် ဆရာတော်ကြီး၏ သြ၀ါဒကို ခံယူကာ ပေါင်းစည်းတော်မူခဲ့ကြသည်။ဤဆရာတော်ဘုရား (၆)ပါးနှင့် တပည့်သံဃာတော်များသည် ဒွါရ၀ါဒီ အုဂ်ဖိုရ်ဆရာတော်ဘုရားကြီး အရှင်ဥက္ကံဝံသမာလာ၏ သြ၀ါဒကို ခံယူလျှက် ဒွါရအယူအဆကို သဘောကျ လက်ခံတော်မူခဲ့ကြသည်ကို အကြောင်းပြု၍လည်းကောင်း၊ ငါးသိုင်းချောင်းမြို့နယ် င၀န်မြစ် အနောက်ချောင်းဒေသကို အစွဲပြု၍လည်းကောင်း ယင်းဆရာတော်ကြီး(၆)ပါးနှင့် တပည့်သံဃာတော်များကို “ အနောက်ချောင်းဒွါရ၀ါဒီများ” “အနောက်ချောင်းဒွါရဂိုဏ်းသံဃာများ” ဟုခေါ်ဝေါ်ခဲ့ကြရာမှ “ အနောက်ချောင်းဒွါရဂိုဏ်း” စတင်ပေါ်ပေါက်ခဲ့ရသည်။အနောက်ချောင်းဒွါရ နှစ်ဂိုဏ်းကွဲပုံ-အနောက်ချောင်းဒွါရဂိုဏ်းဖြစ်ပေါ်လာပြီးနောက် မကြာမီကာလအတွင်း၌ ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဒွါရ၀ါဒီဂိုဏ်းဝင်ကျောင်း တစ်ကျောင်းတွင် ကျောင်းနေရဟန်းတစ်ပါးကို အကြောင်းပြု၍ အာပတ္တာဓိကရုဏ်း မှုခင်းတစ်ရပ်ဖြစ်ပေါ်ခဲ့သည်၊ ယင်းမှုခင်းကို အုဂ်ဖိုရ်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ကြွရောက်၍ ၀ိနိစ္ဆယအဆုံးအဖြတ် ပြုတော်မူခဲ့သည်နှင့် စပ်လျဉ်း၍ မကျေနပ်မှုများ ဖြစ်ပေါ်လာ သဖြင့် အနောက်ချောင်းဒွါရဂိုဏ်းသံဃာ မညီမညွတ်ဖြစ်ကာ ကွဲပြားသွားတော့သည်။အုဂ်ဖိုရ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒခံ အာဒိကမ္မိက ဆရာတော်(၆)ပါးနှင့် အနောက်ချောင်းဒွါရဂိုဏ်းဝင် သံဃာအ်ချို့က တစ်ဘက်၊ အုဂ်ဖိုရ်ဆရာတော်ဘုရားကြီးနှင့် အနောက်ချောင်းဒွါရ၀ါဒီဂိုဏ်းသံဃာအချို့က တစ်ဘက် ဤသို့အားဖြင့် အနောက်ချောင်းဒွါရဂိုဏ်း နှစ်ဂိုဏ်း ကွဲပြားသွားတော့သည်။ရေဒွါရ ၊ ကုန်းဒွါရအုဂ်ဖိုရ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် အနောက်ချောင်းဒွါရဂိုဏ်းဝင်အချင်းချင်း ထိန်းသိမ်းကာ နေလာခဲ့ကြရာ ဟင်္သာတ အနောက် ငါသိုင်းချောင်းမြို့ ပထမရေတံခွန်ဆရာတော်ကြီး ဦးကောဏ္ဍညသည် ဟင်္သတ၌ ရေတံခွန်တိုက်ကို တည်ထောင်သည်။ ယင်းတိုက်အစွဲပြု၍ “ရေဒွါရ” ။ဟင်္သာတအုဂ်ဖိုရ်နေ ဒွါရ၀ါဒီ သံဃာတော်များကို “ကုန်းဒွါရ” ဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။သို့ရာတွင် ယင်းအမည်အခေါ်အဝေါ်များ မပြန့်ပွားခဲ့ပါ။ ယနေ့လူတို့ သိနေကြသည်မှာ အနောက်ချောင်းဒွါရ ၊ မဟာဒွါရ ၊ မူလဒွါရ ဟူ၍ သာ သိရှိနေကြသည်။ ယနေ့ဂိုဏ်းကြီးကိုးဂိုဏ်းကို သတ်မှတ်အတည်ပြုရာ၌လည်း ဒွါရနှင့်ပတ်သက်၍ ဖေါ်ပြပါ ဒွါရသုံးမျိုးကိုသာ သတ်မှတ် အတည်ပြုထားသည်။မဟာဒွါရဂိုဏ်း ၊ မူလဒွါရဂိုဏ်း ဖြစ်ပေါ်ခြင်းအုဂ်ဖိုရ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် (၁၃)နှစ်မြောက် ၁၂၈၀ ပြည့်နှစ်တွင် ဟင်္သာတကိ ဗဟိုပြု၍ ၀န်းးကျင်ဆက်စပ် ရာ ဒွါရဂိုဏ်းဝင်သံဃာတော်များက စည်းဝေးတော်မူကြပြီး ဟင်္သာတမြို့ ၊ ရန်ကုန်ကျောင်းတိုက် ဆရာတော်ကြီး ဦးသီရိမာလာဘိဓဇ ကို ဒုတိယမြောက် ဒွါရဂိုဏ်းသာသနာပိုင် မဟာနာယကအဖြစ် တင်မြောက်တော်မူခဲ့ကြသည်။ ဒွါရဂိုဏ်းကြီးကိုလည်း “ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း” ဟု အမည်ပြောင်း၍ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ပြီးနောက် ဟင်္သာတနှင့် ဟင်္သာတ၀န်းကျင်ရှိ ဒွါရဂိုဏ်းဝင် သံဃာတော်များက စည်းဝေး၍ ဒုတိယမြောက် ဒွါရဂိုဏ်း သာသနာပိုင်ကို တင်မြှောက်ပြီး “ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယဂိုဏ်းအဖြစ် ပြောင်းလဲတည်ထောင်လိုက်သောအခါ ပင်ကိုယ်ကပင် ဟင်္သာတဆရာတော်များနှင့် ပုဂ္ဂိုလ်ရေးအရ မသင့်မတင့် ဖြစ်ခဲ့သော အုဂ်ဖိုရ်(အင်္ဂပူ)နေ အင်္ဂပူဆရာတော်ကြီးနှင့် တပည့်သံဃာတော်များကလည်း သံဃာ့သဘင်အစည်း အဝေးကြီး ဖိတ်ခေါ်ကျင်းပမှု မပြုဘဲ မိမိတို့ အင်္ဂပူ (အုဂ်ဖိုရ်)နေ ဒွါရဂိုဏ်းဝင် အစုအဖွဲ့ကို “မဟာဝိနယာနုလောမ မူလဒွါရ နိကာယဂိုဏ်း” ဟု အမည်သတ်မှတ်ကာ မဟာဒွါရဂိုဏ်းနှင့် အပြိုင်ခွဲထွက်ကာ ရပ်တည်ခဲ့ပါသည်။ဤသို့အားဖြင့် ဒွါရဂိုဏ်း နှစ်ဂိုဏ်းကွဲပြားခဲ့ပြီး အုဂ်ဖိုရ်ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်ကပင် ကွဲပြားတည်ရှိခဲ့သော အနောက်ချောင်းဒွါရဂိုဏ်း နှင့် ပေါင်းလျှင် အုဂ်ဖိုရ်ဆရာတော်ကြီး တည်ထောင်တော်မူခဲ့သော ဒွါရဂိုဏ်းကြီးသည် ဂိုဏ်းသုံးဂိုဏ်းအဖြစ် တည်ရှိသွားတော့သည်။အကျယ်ကို သိချင်ရင်တော့ မာမက(သုတေသီ)ရေးတဲ့ (ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကွဲများနှင့် ဂိုဏ်းကြီးကိုးဂိုဏ်း)စာအုပ် မှာ အပြည့်အစုံပါရှိပါကြောင်း
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(ျြမိတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More