Wednesday, February 10, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

အမြတ်ဆုံးတရားများ
“အရှင်ဘုရား…..ဖွားမောတစ်ယောက် နေမကောင်းဖြစ်နေပါတယ်။ လူမမာစားဖို့အတွက် ငှက်သိုက်ဝယ်ပေးလိုက်ပါဘုရား” စာရေးသူရဲ့နှမဖြစ်သူက ဖုန်းဆက်လာပါတယ်။ ငှက်သိုက်ဆိုလို့ ပြောရအုံးမယ်။ ငှက်အန်ဖတ်တစ်မျိုးပါ။ ထိုငှက်တွေရဲ့နာမယ်က ‘ဇီဝဇိုးငှက်’ ဖြစ်ပါတယ်။ ထိုငှက်တွေဟာ ကလေး သားပေါက်တဲ့အချိန်မကျခင်လေးမှာ ကိုယ်တိုင်အန်ချပါတယ်။ အန်ချလိုက်တဲ့ အန်ဖတ်တွေနဲ့ အသိုက်လုပ်ကြပါတယ်။ ဇီဝဇိုးငှက်တွေဟာ အသိုက်အမြုံ တည်ဆောက်ဖို့အတွက် ကိုယ်တိုင်ပဲ ပင်ပမ်းကြီးစွာ အန်ချကြရပါတယ်။ တစ်ချို့ငှက်ကလေးတွေဆိုရင် အန်ရင်းနဲ့ သွေးတောင်ထွက်တယ်လို့ ပြောပါတယ်။ ဒီလိုငှက်ကလေးတွေ ပင်ပမ်းစွာအန်ချလိုက်တဲ့ အန်ဖတ်တွေကို “ငှက်သိုက်” လို့ လူတွေက ခေါ်ကြပါတယ်။
ယခုအခါ ငှက်သိုက်ကို လူတို့အတွက် အားဆေးတစ်ခွက်အနေနဲ့ ဈေးကြီးပေးပြီး ၀ယ်ယူစားသုံးနေကြပါပြီ၊ ငှက်သိုက်ကို အသက်အရွယ်ကြီးတဲ့သူများ မှီဝဲစားသုံးရင် အားအင်ပြည့်တင်း ရောဂါကင်းပြီး ကျန်းမာလာကြတယ် လို့ ငှက်သိုက်မှီဝဲသုံးဆောင်ကြတဲ့သူ အချို့ ပြောဆိုတာ ကြားရပါတယ်။
ဒီလိုနဲ့ လူမမာအတွက် ငှက်သိုက်ပို့ပေးလိုက်ပါတယ်။ မကြာပါဘူး “အရှင်ဘုရား…….ဖွားမော မနေ့ညနေက ကွယ်လွန်သွားပါပြီ”….လို့ ဖုန်းဆက်လာပါတယ်။ ပို့လိုက်တဲ့ငှက်သိုက်တောင် မစားလိုက်ရပါဘူး။ မရဏတရားက ငှက်သိုက်စားဖို့တောင်မစောင့် နိုင်တော့ဘူး။ ဒီလိုအဖြစ်မျိုး အခြားသူများလဲ တွေ့ကြုံဖူးကြမှာပါ။

(က)
ဒီလိုပါပဲ ကျန်းမာရေးချို့ယွင်းလို့ အစားမစားနိုင်ဘဲ အိပ်ယာထဲလဲနေတဲ့သူများကို သူ့အနီးမှာ အစားအစာများ လာချပေးပေမဲ့ မစားနိုင်ပါဘူး။ လူနာမေးတဲ့ပုဂ္ဂိုလ်တွေက စားစရာတွေဘယ်လောက်ပဲ ယူလာပါစေ၊ အစာမစားနိုင်တဲ့လူမမာအဖို့ ဒီမုန့်တွေဟာ အသုံးမ ၀င်ပါဘူး။
ကောင်းပေ့ဆိုတဲ့ ဒန်ပေါက်ထမင်း၊ အုန်းထမင်း၊ အငံ ၊အုန်းမွှေး စတာတွေဟာ ကျန်းမာရေးကောင်းတဲ့သူများအတွက်တော့် ဘာပဲစားစား အစာလဲဆေး ဆေးလဲအစာဆိုသလို အားဖြစ်စေ ပါတယ်။ ဒါပေမဲ့ ထိုကောင်းပေ့ဆိုတဲ့အစားအစာများဟာ သွေးတိုးရောဂါရှိသူတို့ အတွက်တော့ အားမဖြစ်တဲ့အပြင် ရောဂါတိုးစေနိုင်တဲ့အတွက် အဆိပ်ဖြစ်တဲ့အစားစားလို့ ဆိုရပါမယ်။ ဆီးချိုရောဂါရှိသူများအတွက် အချိုပါတဲ့စားစရာဟာ မသင့်တော်ပေမဲ့ ရောဂါကင်းသူများအတွက်တော့ အားဆေးသဖွယ်ပါပဲ။
အနာရောဂါဝေဒနာကင်းပြီး ကျန်းမာတဲ့သူများဟာ ဘယ်အစားအစာကိုပဲ စားစား အဆင်ပြေစေပါတယ်။
ဒါကြောင့်လဲ အာရောဂျ ပရမာ လာဘာ =လာဘ်တကာ့လာဘ်တွေထဲမှာ ဝေဒနာအနာရောဂါကင်းတာဟာ အမြတ်ဆုံးလာဘ် တစ်ပါးရယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ တာဖြစ်ပါတယ်။ ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို အမြတ်ဆုံးတရားနဲ့ စပ်ပြီး ပြောချင်ပါသေးတယ်။
လောကမှာ အမြတ်ဆုံးတရား လေးမျိုးရှိတယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။
(၁)။ကျန်းမာခြင်းဟာ အမြတ်ဆုံးလာဘ်တစ်ပါး။
(၂)။တင်းတိမ်ရောင့်ရဲခြင်းဟာ အမြတ်ဆုံးဥစ္စာ။
(၃)။ချစ်ခင်ရင်းနှီးကျွမ်းဝင်ခြင်းဟာ အမြတ်ဆုံးဆွေမျိုး မိတ်ဆွေ။
(၄)။ကိလေသာမရှိခြင်းဟာ အမြတ်ဆုံးချမ်းသာ ….တို့ဖြစ်ကြပါတယ်။
ဒီလေးပါးအနက် နံပါတ် ၁- အမြတ်ဆုံးလာဘ်ကတော့ နားလည်သဘောပေါက်လောက်ပါပြီ။
(ခ)
ဒုတိယအမြတ်ဆုံးတရားက တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ သန္တုဋ္ဌီ တရားပါပဲ။ ရသမျှနဲ့ရောင့်ရဲတင်းတိမ်တယ်ဆိုတာ စိတ်ကိုအေးချမ်းစေပါတယ်။ လူကိုလဲအေးချမ်းစေပါ တယ်။ ရောင့်ရဲတင်းတိမ်မှု မရှိဘူးဆိုရင် စိတ်မအေးဘူး။ ပူပင်သောကရောက်နေရတယ်။ နောက်ဆုံးအဲဒီအပူနဲ့ပဲ သေဆုံးရတတ်ပါတယ်။
တစ်ခါက လယ်ပိုင်ရှင်တစ်ယောက်ဟာ သူ့ကိုအချိန်ကြာမြင့်စွာ လုပ်ကျွေးဖူးခဲ့တဲ့လယ်သမားတစ်ယောက်ကို မြေပေးဖို့အတွက် ပန္နက်ကိုပေးလိုက်တယ်။ လယ်သမားဟာ သူယူမဲ့မြေကွက်ကို ပန္နက်ရိုက်ရမှာပါ။ ဒါပေမဲ့ ရောင့်ရဲမှုမရှိဘဲ ထပ်လိုချင်နေပါတယ်။ ဒါကိုသိတဲ့ လယ်ပိုင်ရှင်သူဌေးကြီးက လယ်သမားဟာသူ့ကိုကျေးဇူးပြုထားသူဆိုတော့ လိုသမျှယူနိုင်ကြောင်း ပြောပါတယ်။ လယ်သမားဟာ ပန္နရိုက်မဲ့နေရာရောက်တော့ နည်းသေးတယ်ဆိုပြီး အဝေးကို ရွေ့သွားပြန်တယ်။ နောက်တစ်ခါ ပန္နက်ရိုက်မဲ့နေရာရောက်တော့ နည်းသေးတယ်ဆိုပြီး ထပ်သွားပြန်တယ်။ ဒီလိုနဲ့ လယ်သမားဟာ မြေကွက် ပေါ်မှာ ပန္နက်တောင် မရိုက်နိုင်ရှာဘဲ အမောဆို့ကာ သေဆုံးခဲ့ပါတယ်။ ဒါဟာ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်မှုမရှိတဲ့အတွက် နောက်ဆုံး သေရခြင်းဖြစ်ပါတယ်။
ရလာတဲ့ သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာအပေါ်မှာ ရောင့်ရဲမှုမရှိတာဟာ တဏှာလောဘများနေလို့ပါပဲ တဏှာလောဘဦးစီးနေသမျှကာ လပတ်လုံး စိတ်က ပူလောင်နေပါတယ်။ ဒီလိုပူလောင်နေတဲ့အတွက် ရလာတဲ့ပစ္စည်းဥစ္စာဟာ အမြတ်ဆုံးဥစ္စာလို့ မဆိုနိုင်ပါဘူး။
ရောင့်ရဲခြင်းမရှိတာနဲ့ပတ်သက်ပြီး ကမ္ဘာဦးက မန္ဓာတုစကြာဝတေးမင်းအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။
ဒီတုန်းက မန္ဓာတုစကြာဝတေးမင်းရဲ့ သက်တန်းဟာ အသင်္ချေယျတန်းဖြစ်ပါတယ်။ စကြာဝတေးမင်းဟာ ကာမမဂုဏ်များကို ခံစားရတာဟာ အားရတယ်လို့မရှိဘဲ စားပြီးရင်စားချင်ဆိုတာလို ကာမဂုဏ်ခံစားရတာ အလိုမပြည့်နိုင်၊ မရောင့်ရဲနိုင်တဲ့အတွက် လူ့ပြည်မှာ ငြီးငွေ့လာတယ်။ ဒါကြောင့် အမတ်ကြီးများအား “လူ့ပြည်ထက် မွေ့လျော်ဘွယ်ကောင်းတဲ့ နေရာများ ရှိပါသလား” မေးပါတယ်။ အမတ်ကြီးများကလည်း လူ့ပြည်ထက် နတ်ပြည်ဟာ ပိုပြီး မွေ့လျော်ဖွယ်ရှိတယ် ဆိုတဲ့အကြောင်း ပြန်လည်ဖြေကြားပါတယ်။
မန္ဓာတုစကြ၀တေးမင်းဟာ ပရိသတ်များ ခြံရံပြီး စကြာရတနာရဲ့ အကူအညီဖြင့် စတုမဟာရာဇ်နတ်ပြည်ကို သွားခဲ့တယ်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကလည်း မန္ဓာတုစကြာဝတေးမင်းကို ခရီးဦးကြိုဆိုကာ စတုမဟာရာဇ်နတ်ပြည်မှာ မင်းအဖြစ်မင်းပြုနိုင်ပါ ကြောင်း ပြောတဲ့အခါ စကြ၀တေးမင်းလည်း နတ်ပြည်မှာ လူ့ခန္ဓာကိုယ်ဖြင့် မင်းပြုကာ ကာမဂုဏ်ခံစားလာခဲ့ပါတယ်။
ကာလကြာ ရှည်ကြာလာတဲ့အခါ့ တဖန်ငြီး ငွေ့လာပြန်တယ်။ ဒါနဲ့ မင်းကြီးက “စတုမဟာရာဇ်နတ်ပြည်ထက် ပျော်စရာကောင်းတဲ့နေရာ ရှိသေးလား” လို့ နတ်မင်းကြီးများအား မေးပါတယ်။ “ မြတ်သောမင်းကြီး ကျွန်ပ်တို့ဟာ သူတစ်ပါးရဲ့ အလုပ်အကျွေးများသာ ဖြစ်တယ်။ ဒီနတ်ပြည်ထက် တာဝတိံသာနတ်ပြည်ကို ပိုပြီး ပျော်စရာကောင်းပါတယ်” လို့ နတ်မင်းကြီးလေးပါးက ပြန်လည်ဖြေကြားပါတယ်။ သို့နှင့်
တာဝတိံသာနတ်ပြည်သို့ တဖန်သွားပြန်တယ်။ ရောက်တော့ သိကြားမင်းက ခရီးဦးကြိုဆိုပါတယ်။ သိကြားမင်းကလည်း မန္ဓာတုမင်း အား သူပိုင်ဆိုင်တဲ့ တာဝတိံနတ်ပြည်ကို ထက်ဝက်ခွဲပြီး မင်းအဖြစ်ကို ပေးပါတယ်။ ဒီလိုနဲ့ လူအဖြစ်နဲ့ တာဝတိံနတ်ပြည်ရဲ့တစ်ဝက်ကို နတ်မင်း အဖြစ် မင်းပြုပြီး ကာမဂုဏ်တရားများကို လိုသည်ထက်ပိုပြီး ခံစားခဲ့ပါတယ်။
နှစ်ပေါင်း သုံးကုဋေခြောက်သန်းကြာတဲ့အခါမှာ သိကြားမင်းလည်း စုတေမနေ သေလွန်ခဲ့တယ်။ နောက်သိကြားမင်းတစ်ဦး ရောက်လာတယ်။ နောက်သိကြားမင်းလည်း အသက်အတိုင်းနေလို့ စုတေမနေ သေလွန်ခဲ့ပါတယ်။ဒီလိုနဲ့ သိကြားမင်းဆက် (၃၆)ဆက်ဖြစ် တဲ့အခါ မန္ဓာတုမင်းဟာ ကာမတဏှာခံစားမှုများ အတိုင်းထက်အလွန်ဖြစ်လာတယ်။ သိကြားမင်း (၃၆)ယောက်တိုင်တိုင် ထက်ဝက်ကိုမင်းပြုခဲ့ပါတယ်။ နောက်ဆုံးမှာ ကာမတဏှာရဲ့ခိုင်းစေမှုကြောင့် တာဝတိံသာ နတ်ပြည်ရဲ့ ထက်ဝက်ကို ခံစားနေရာက နတ်ပြည် တစ်ခုလုံးကို လိုချင်လာပြန်တယ်၊ ဒါနဲ့ လက်ရှိသိကြားမင်းကို သတ်ပြီး မင်းပြုမယ်ဆိုပြီး ကြံပါတော့တယ်။
ဒါပေမဲ့ သိကြားမင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကမာတဏှာကြောင့် မင်းကြီးဟာ တဖြေးဖြေး အိုမင်းလာပါတော့တယ်။ လူခန္ဓာကိုယ်ဟာ နတ်ပြည်မှာ မပျက်စီးကောင်းပါ။ မင်းကြီးဟာ နတ်ပြည်ကနေလျှောကျပြီး လူ့ပြည်မှ မင်းဥယျာဉ်ကို ရောက်လာတယ်။ ဥယျာဉ်စောင့်ကလည်း မင်းမျိုးများအား အကြောင်းကြားတဲ့အတွက် မန္ဓာတုမင်းရှိရာ ရောက်လာကြကာ ဥယျာဉ်ထဲ အခင်းတွေခင်းပေးပြီး အနားယူစေပါတယ်။ အဲဒီမှာ မန္ဓာတုမင်းဟာ မထနိုင်တော့ဘဲ အိပ်ရာထဲလှဲတော့တာပဲ။
အခြေအနေကို အကဲခတ်မိတဲ့ မင်းမျိုးများက “နောက်ကာလအတွက် ဘယ်လိုမှာခဲ့ပါလဲ” လို့ မေးတဲ့အခါ မန္ဓာတုမင်းက “မန္ဓာတုမင်းဟာ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိတဲ့ ကျွန်းကြီးလေးကျွန်းမှာ စကြ်ာဝတေးမင်းအဖြစ် မင်းပြုလာခဲ့တယ်၊ ဒါတင်မကာ စတုမဟာရာဇ်နတ်ပြည်မှာ လူ့ခန္ဓာကိုယ်နဲ့ နတ်မင်းအဖြစ်မင်းပြုခဲ့တယ်။ ဒါ့အပြင် တာဝတိံသာနတ်ပြည်မှာ နတ်မင်းအဖြစ် သိကြားမင်း (၃၆)ယောက်မြောက်တဲ့အထိ မင်းပြုခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ တဏှာအလိုကား မပြည့်နိုင်ဘဲ စုတေမနေ ကွယ်လွန်ခဲ့ရတယ်ဆိုတာကို လူတို့အား ပြောကြားလိုက်ပါ” လို့ ပြောပြီး မန္ဓာတုမင်းကြီးလည်း ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတော့တယ်။ (ဇာ၊၂ ၊ ဋ္ဌ ၊ ၂၈၁)
မန္ဓာတုစကြာဝတေးမင်းလိုပဲ ရောင့်ရဲမှုမရှိတာဟာ လောဘတဏကှို အတော်မသတ်နိုင်လို့ပါ။ ဒါ့ပြင် မိမိစိတ်ကို ပူလောင်စေပါတယ်။
ဒီလောဘကို အကန့်အသတ်လုပ်ပေးနိုင်ရင် ရောင့်ရဲမှုဆိုတာ ဖြစ်လာမှာပါ။ တရားတော်တစ်ခုမှာ တင်းတိမ်ရောင့်ရဲမှုဟာ လောဘကို (limit) အကန့်ခြားပေးလိုက်သလိုပါပဲ လို့ သီတဂူဆရာတော်ကြီးက အမိန့်ရှိခဲ့ဖူးပါတယ်။ “ရှိတာလေးနဲ့လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စား” ဆိုတဲ့ မြန်မာစကားပုံအတိုင်း ရသမျှနဲ့ ရောင့်ရဲခြင်းဟာ စိတ်ကိုအေးမြစေတယ်။ စိတ်ချမ်းသာပြီး ပေါ့ပေါ့ပါးပါးနေရတယ်။ သက်ရှိ-သက်မဲ့ ဥစ္စာအပေါ်မှာ ဆုတ်ကိုင်ထားမှုနည်းသွားပါတယ်။ ဒါကြောင့် လောကမှာ အမြတ်ဆုံးဥစ္စာဟာ ရောင့်ရဲ ခြင်းဆိုတဲ့ သန္တုဋ္ဌီ တရားဖြစ်ပါတယ်။
(ဂ)
လောကမှာ သွေးသားတော်စပ်မှ ဆွေမျိုးလို့ ပြောကြတယ်။ ဒါပေမဲ့ သွေးသားတော်စပ်တိုင်းလဲ အမြတ်ဆုံးဆွေမျိုးလို့ မဆိုနိုင်ပါဘူး။
ဘာ့ကြောင့်ဆိုရင် တစ်ချို့ဆွေမျိုးများဟာ တစိမ်းတရံစာလိုပဲ နေတတ်ကြပါတယ်။ ကူညီရိုင်းပင်းမှုမရှိဘူး အတ္တကြီးပြီး ကိုယ့်ဖို့သာသိတယ်။ တကယ့်အရေးတကယ့်ဘေးဖြစ်လာရင် ကူညီလေ့မရှိဘူး။ ဒီပုဂ္ဂိုလ်များဟာ ဘယ်လောက်ပင် သွေးသားရင်းချာ တော်စပ်နေပါစေ၊ အမြတ်ဆုံး ဆွေမျိုး မဟုတ်သေးပါဘူး။
သွေးသားမတော်စပ်လဲ “မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး” ဆိုတဲ့အတိုင်း ရင်းနှီးကျွမ်းဝင်မှသာ မြတ်တဲ့ဆွေမျိုး လို့ ခေါ်ဆိုရတာပါ။
လောကမှာ အကောင်းဆုံးမိတ်ဆွေတို့ရဲအင်္ဂါလေးချက်ရှိပါတယ်။
၁- သူ့အကျိုးကို မျှော်ပြီး ပေါင်းသင်ခြင်း။
၂- လျှို့ဝှက်အပ်တဲ့ကိစ္စမှန်သမျှကို ကူညီလျှို့ဝှက်ပေးခြင်း။
၃- ဘေးဒုက္ခကြုံလာရင် ရှေ့ဆုံးက ကူညီပေးခြင်း။
၎- ဆင်းရဲလဲအတူတူ ချမ်းသာလဲ အတူတူ ပေါင်းသင်းခြင်း တို့ ဖြစ်ကြပါတယ်။ ဒီအင်္ဂါလေးချက်နဲ့ ပြည့်စုံတဲ့ မိတ်ဆွေများဟာ မိမိနဲ့ သွေးမတော် သားမစပ်သော်လဲ အမြတ်ဆုံးဆွေမျိုးမိတ်ဆွေလို့ ခေါ်ဆိုရပါမယ်။
“ ၀ိဿဿ ပရမာ ဥာတိ” ချစ်ကျွမ်းဝင် ရင်းနှီးချစ်ခင်တဲ့ပုဂ္ဂိုလ်သာ အမြတ်ဆုံးဆွေမျိုး ဖြစ်ပါတယ်။
(ဃ)
လူတိုင်းလူတိုင်းဟာ ချမ်းသာတာကို ရယူလိုကြတယ်၊ ပိုင်ဆိုင်လိုကြတယ်။ ဒါပေမဲ့ သူတို့လိုလားကြတဲ့ ချမ်းသာများဟာ ကာမဂုဏ်ချမ်းသာကများပါတယ်။ ကာမဂုဏ်ချမ်းသာကို ခံစားရတော့ ၀မ်းသာတယ်၊ မခံစားရရင် တစ်ခုခုလိုနေသလို စိတ်ထဲအဆင်မပြေတော့ ဘူး။ မိမိလိုချင်တာရရင်တော့ ၀မ်းသာကြပါတယ်၊ပျော်ကြပါတယ်။ဒါပေမဲ့ လိုတာမရလိုက်ဘူးဆိုရင်တော့ နှလုံးမသာယာဖြစ်ကြ စိတ်ချမ်းသာမှု မရှိကြတော့။ ဒါကြောင့် ဒီကာမချမ်းသာများကို အမြတ်ဆုံးချမ်းသာလို့ သတ်မှတ်လို့မရပါဘူး။ လိုချင်မှု တဏှာမကင်းသေးသမျှ အမြတ်ဆုံးချမ်းသာလို့ မဆိုနိုင်ပါဘူး။
ဒီလိုပါပဲ နတ်များလဲ နတ်ကာမသုခကို ခံစားကြတယ်။ ဒါလဲ ချမ်းသာအစစ်မဟုတ်ပါဘူး။ တစ်ခါတုန်းက တာဝတိံသာနတ်ပြည်မှာ နတ်သားတစ်ယောက်ရှိတဲ့ သူ့နာမယ်က ‘သုဗြဟ္မာနတ်သား’ လို့ခေါ်ပါတယ်။ နတ်သားမှာ နတ်သမီး တစ်ထောင်အခြံအရံရှိတယ်။ တစ်နေ့တော့ အရှင်သခင်နတ်သားအတွက် နတ်သမီးငါးရာက သစ်ပင်ပေါ်တက်ပြီး သီချင်းတကြော်ကြော်သီဆိုကာ ပန်းခူးနေကြတယ်။ ကျန်နတ်သမီးငါးရာက အပင်အောက်မှာ ကျလာတဲ့ပန်းတွေကို သီသူကသိ၊ကုံးသူကကုံး၊ သီကုံးပြီးပန်းများကို ပန်ဆင်ပေးနေသူများလဲ ရှိပါတယ်။ ရုတ်တရက် အပင်ပေါ်က နတ်သမီးငါးရာ ပျောက်သွားတယ်။ ဒါကိုသတိထားမိလိုက်တဲ့ နတ်သားက နတ်သမီးများလာရာဂတိကို နတ်တို့ရဲ့မျက်စိနဲ့ ကြည့်လိုက်တဲ့အခါ နတ်သမီးငါးရာဟာ စုတေသေလွန်ပြီး ငရဲကျခံနေရတယ်ဆိုတာကို မြင်တယ်။ သူတို့လဲ မကြာခင် စုတေပြီး အ၀ီစိငရဲကျခံရမှာကို သိရတဲ့အတွက် နတ်သားဟာ ကြောက်ရွံ့ထိပ်လန့်နေပါတယ်။ နတ်သားက သူ့ရဲ့ကြောက်ရွံ့ထိပ်လန့်မှုကို ဘုရားရှင်မှတစ်ပါး အခြားသူ မဖြေပေးနိုင်တာကိုသိတဲ့အတွက် ဘုရားရှင်ထံသွားခဲ့တယ်၊ ဘုရားရှင်ရဲ့တရားတော်(နညတြ ဗောဇ္ဈ တပသာ)ကို နားယူမှတ်သားကြပါတယ်။
သီလအစ ဗောဇ္ဈင်အဆုံး ကျင့်သုံးရမဲ့တရားများကို ဟောကြားလိုက်တယ်ဆိုရင်ပဲ တရားအဆုံးမှ သုဗြဟ္မာနတ်သားဟာ နတ်သမီးငါးရာနဲ့အတူ နိဗ္ဗာန်မျက်မှောက်ပြုကာ သောတာပန်တည်ပြီး အရိယာများဖြစ်ကုန်ကြတယ်။ အရိယာများဖြစ်ကြပြီးတဲ့အခါ အသက်သေမဲ့ဘေးမှ ကင်းလွတ်သွားပါပြီ။
ဒါကြောင့် နိဗ္ဗာန်ချမ်းသာဟာ အမြတ်ဆုံးချမ်းသာရယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တာပဲလို့ ပြောရင်း…စာဖတ်သူများ အမြတ်ဆုံး တရားများနဲ့ ဆုံစည်းနိုင်ကြပါစေ……….

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More