Saturday, February 27, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

ဝိပါက်ကြမ္မာ မလွတ်သာ
ဝင်လုလုအားဖျော့တဲ့နေရောင်ခြည်နဲ့အတူ မိုးကောင်းကင်ပြာကြီးကို ကြည့်လိုက်တဲ့အခါ ငှက်များ အုပ်စုဖွဲ့ပြီး အစာရှာရာမှ အိပ်တန်းရှိရာ နေရာသိုက်မြုံကို ပျံသန်းနေကြတယ်။ ဒါကိုကြည့်ပြီး အတွေးနယ်ချဲ့မိပါတယ်။ သတ္တ၀ါများဟာ ဘ၀ကံဇာတ်ဆရာအလိုကျ ဘ၀တွေအမျိုးမျိုးအဖုံဖုံဖြစ်နေကြရသလို ရရှိလာတဲ့ဘ၀တွေမှာလဲ အဖြူအမဲ ကောင်း-မကောင်းဆိုတဲ့ အလုပ်တွေကို ကိုယ်တိုင်ပဲ စီမံဖန်တီးနေကြတာပါပဲလား။
ဒါကြောင့်လဲ ဘုရားရှင်က အဘိဏှသုတ်မှာ ကံသာ ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံကပေးတဲ့အမွေကိုပဲ ခံယူကြရတယ်။ ကံဆိုတဲ့ အကြောင်းပဲရှိတယ်။ ကံဆိုတဲ့ ဆွေမျိုးပဲရှိတယ်။ ဘ၀မှာအမှတ်မထင်ပြုလုပ်လိုက်တဲ့ အလုပ်တွေက ကောင်းတာ လဲရှိမယ်၊မကောင်းတာလဲရှိ မယ်။ ထိုကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေရဲ့ အမွေခံဟာ တစ်ခြားမဟုတ် မိမိကိုယ်သာ ဖြစ်ရတော့တယ်၊ ဒါကို နေ့စဉ်မပြတ် ဆင်ခြင် ပွားများသင့်တယ် လို့ ဟောကြားတော်မူခဲ့တယ်။

အတွေးနယ်ချဲ့နေစဉ် စာရေးသူထံသို့ ဒကာတစ်ဦးရောက်ရှိလာပါတယ်။ သူက “အရှင်ဘုရား….ဗုဒ္ဓယဉ်ကျေးမှုသင်တန်းအတွက် ကိုရင်သင်္ကန်း၊သီလရှင်ဝတ်စုံနဲ့ ဖျော်ရည်အတွက် အလှူငွေထည့်ချင်လို့ပါဘုရား” လို့ ပြောရင်း သင်တန်းအတွက်လိုအပ်တဲ့ အထောက် အပံ့ကို လာရောက်လှူဒါန်းပါတယ်။ သူ့နာမယ်က မောင်မျိုးလွင် လို့ခေါ်ပါတယ်။ အရင်တုန်းက သူဟာ ကျောင်းကို မကြာမကြာ ရောက်လာတတ်ပါ တယ်။ ပြီးခဲ့တဲ့နှစ်ကဆို လုံးလုံးမရောက်လာခဲ့ပါ။ ဒါနဲ့စာရေးသူက “မောင်မျိုးလွင်…..မရောက်တာကြာပေါ့နော်၊ အခုမှပဲရောက်လာတော့တယ်၊ အဆင်ပြေကြရဲ့လား” မေးရာ သူက “ တပည့်တော်မရောက်ဖြစ်တာ တစ်ခြားကြောင့်မဟုတ်ဘူးဘုရား၊ တပည့်တော်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက အလုပ်ထဲမှာ မျက်စိခိုက်မိပြီး မျက်စိဒါဏ်ရာရခဲ့ရာက မျက်စိတစ်ဖက်ကွယ်ခဲ့ရပါတယ်ဘုရား” ။ မှန်ပါတယ်၊ မောင်မျိုးလွင်မျက်စိတစ်ဖက်ပျက် နေတာကိုအခုမှပဲ သတိထားကြည့်မိပါတယ်။ ဖြစ်မှဖြစ်ရလေဒကာရယ်… ကံတရားရဲ့ အလှည့်အပြောင်းလေးတွေဟာ တစ်ခါတစ်ရံ အံ့သြစရာ ထိတ်လန့်စရာကောင်းလှပါတယ်။ “လှံထမ်းလာတာမြင်တယ်၊ ကံထမ်းလာတာမမြင်ဘူး” ဆိုတဲ့ စကားအတိုင်း ဒီလိုဖြစ်မယ်လို့ အစကသိခဲ့ မယ်ဆိုရင် ဒီလိုဘယ်လုပ်ဖြစ်တော့မလဲ။
သို့နှင့်မောင်မျိုးလွင်ဟာ မျက်စိကွယ်ခဲ့ရတာနဲ့ပတ်သက်ပြီး “ဒီအကြောင်းကို အရှင်ဘုရားအားလျှောက်ချင်ပါသေးတယ်” ဆိုပြီး သူ့ဘ၀ဇာတ်ကြောင်း တစ်စိတ်တစ်ဒေသကို လျှောက်ထားလာပါတယ်။
တပည့်တော် ငယ်ငယ်တုန်းက ရွာမှာ သူငယ်ချင်းများနဲ့အတူ ငါးမျှားကိုင်းထောင်လေ့ရှိပါတယ်။ ငါးတွေလဲမရမဟုတ်ရခဲ့တယ်။ ရလာတဲ့ ငါးကလေးတွေကို အိမ်အပြန်ဆောင်ယူဖို့ လွယ်ကူအောင်ဆိုပြီး ပါလာတဲ့နှီးပြားလေးတွေနဲ့အတူ မသေမရှင်ဖြစ်နေတဲ့ငါးလေး တွေရဲ့ပသိကိုထိုးသီပြီး ယူဆောင်လေ့ရှိပါတယ်။
တစ်နေ့ ငါးလေးတစ်ကောင်ကို လုပ်နေကြထုံးစံအတိုင်း ၀ါးနှီးပြားလေးနဲ့ ပသိကနေထိုးလိုက်ရာ ပါးစပ်သို့မရောက်ဘဲ မျက်လုံးမှ ဖေါက်ထွက်သွားပါတယ်။ ဒါနဲ့တပည့်တော်လဲ ကြောက်လန့်ပြီး ထွက်လာတဲ့မျက်စိကို ပြန်သိပ်ပေးခဲ့တယ်။ ဒီတုန်းက ကလေးအရွယ်ဆိုတော့ ဘာမှနားမလည်ခဲ့ပါ။
သတိရပါသေးတယ်။ ဒီတုန်းက ငါးမျှားဖို့ရာ ငါးစာအတွက် ကင်းခြေလေးတွေကို လက်ခြေတုတ်ပြီး ငါးမျှားချိတ်မှာထိုးသီခဲ့ရတဲ့အကြိမ် ပေါင်းလဲ မနည်းတော့ပါဘူး။ ငယ်ငယ်ကဆိုတော့ ကြောက်ရမှန်းလဲမသိ၊ ပျော်ပျော်ပါးပါးပဲ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပါ တယ်။ အရွယ်ရောက်လို့ အသက်(၁၈)နှစ်ဝန်းကျင်လောက်ရောက်တဲ့အခါ ငယ်ငယ်ကလုပ်ခဲ့တဲ့ အလုပ်တွေကို မကြာမကြာ ပြန်သတိရပါတယ်။ ကြိုးစားဖျောက်ပေမဲ့ မရခဲ့ဘူး။ မသေမရှင်ဖြစ်နေတဲ့ငါးလေးကို ၀ါးနှီးပြားလေးနဲ့ ငါးလေးရဲ့ ‘ပသိ’ ကနေထိုးလိုက်လို့ မျက်စိကိုဖေါက် ထွက်သွားတဲ့ မြင်ကွင်းအာရုံက အဆိုးဆုံးပဲ၊ မကြာမကြာလဲ ပြန်သတိရနေမိတယ်။
နေမြင့်လေ အရူးရင့်လေ ဆိုတာလိုပဲ ငယ်စဉ်က မသိလို့ပြုခဲ့မိတဲ့ မကောင်းမှုဟာ အသက်အရွယ်ရလာလေလေ ပိုပြီး သတိရလေလေ ပိုပြီးမြင်ယောင်လေလေ ဖြစ်လာပါတယ်။ ဒီလို မကြာမကြာသတိရပြီး မြင်ယောင်နေလို့လားမသိပါ။ မကြာခင် ထိုမကောင်းမှုရဲ့ အကျိုးပေး အလှည့်အကြိမ်က တပည့်တော်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာခဲ့ပါတော့တယ်။
တပည့်တော်တို့အလုပ်က အင်ဂျင်စက်ပိုင်းမှာ နော်လ်ဇယ်ဆီပေးမှု (ပရက်ရှာ) လုပ်ပေးရတဲ့လုပ်ငန်းဆိုတော့ အင်ဂျင်စက်နဲ့ အများကြီး ဆက်စပ်နေပါတယ်။ တစ်နေ့တော့ စက်အင်ဂျင်တစ်လုံးကို ကြည့်ပေးရာကနေ အင်ဂျင်ရဲ့အမြန်နှုံးကို တိုးလိုက်ရာ အမြန်နှုံး များသွားလို့ထင်ပါတယ်။ အင်ဂျင်စက်ခေါင်းမှာ တတ်ဆင်ထားတဲ့ လေပန်ကာ အစတစ်ခုပြုတ်ထွက်လာပြီး ရေတိုင်ကီသွားမှန်ပါတယ်။ ရေတိုင်ကီကနေ တပည့်တော်ဆီရောက်လာကာ မျက်စိကို ထိခိုက်သွားပါတယ်။ တပည့်တော်လဲ ပူတာခံစားလိုက်ရတဲ့ခဏ လက်နဲ့ မျက်စိကိုပိတ်ထားမိပါတယ်။ အစကတော့ မျက်ခုံးကအရေပြားလန်ထွက်လို့ပဲ သွေးထွက်တာလားလို့ ထင်မိတယ်။ ဒါနဲ့ အုပ်ထားတဲ့လက်ကို မရဲတရဲဖွင့်ကာ အနီးရှိ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကြည့်ခိုင်းရာ မျက်စိထိခိုက်သွားကြောင်း ပြောလာပါတယ်။
နာလိုက်တဲ့ဝေဒနာကလဲ ပြောမပြတတ်အောင်ပါပဲ။ မျက်စိထိခိုက်စဉ်က ကိုယ့်လက်နဲ့ပြန်ပီး မျက်စိကို ကုတ်မိမှာစိုးလို့ လက်ကို အနောက်ထားပီး ကြိုးနဲ့စည်းထားလိုက်ရတယ် အဲဒါလဲ တစ်လကျော်ကျော်လောက် ခံလိုက်ရပါတယ်။
ဒီမှာတပည့်တော်သွားသတိရမိတာကတော့ အခုလို ငါမျက်စိကွယ်ရတာဟာ ငယ်ငယ်တုန်းက ငါးရဲ့မျက်စိကို ငါးနှီးပြားနဲ့ထိုးခဲ့မိလို့ အခုလို ငါရဲ့မျက်စိတစ်ဘက် ကွယ်ရတာပဲလို့ ချက်ခြင်း သိလာပါတော့တယ်။ နောက်ပီး လက်ကို မျက်စိမကုတ်မိအောင် လက်နောက်ပြန်ပြီး ကြိုးတုတ်ခံထားရတာကလဲ ငါးမျှားစာအဖြင့် ကင်းခြေလေးတွေကို ကြိုးနဲ့တုတ်ခဲ့တဲ့ မကောင်းမှုဖြစ်မှာပဲဆိုတာကို တပည့်တော်စိတ်ထဲ အလိုလိုသိလာပါတယ်ဘုရား။ တပည့်တော်ရဲ့မကောင်းမှုက တပည့်တော်ပြန်ခံရတာပါဘုရား” လို့ မောင်မျိုးလွင်က စာရေးသူအား သူ့ရဲ့ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ်။
ဒီလိုပါပဲ ၀ိပါက်ကြမ္မာ မလွတ်သာ ဆိုတဲ့အတိုင်း သတ္တ၀ါတိုင်း မိမိပြုလုပ်တဲ့ကံတရားတွေကို ဒီဘ၀မခံရသေးလဲ နောင်ဘ၀တစ်ခုခုမှာ ခံစားကြရအုံးမှာပါ။ အရိယာမဖြစ်သေးသမျှ ဘ၀သံသရာမှာ ကောင်းတစ်ခါ ဆိုးတလှည့် နဲ့ လည်ပတ်သွားလာနေကြရတာပါ။
မကောင်းမှုမှန်သမျှကို မသိလို့ပြုလုပ်ခဲ့မိတယ်ဆိုပေမဲ့ သူက မျက်နှာသာပေးမှာမဟုတ်ဘူး။ မကောင်းမှုဆိုတာ သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ပြုလုပ်တဲ့သူအတွက် အကျိုးပေးချိန်ရောက်လာရင် တစ်နေ့မှာတော့ ခံလာရစမြဲပါပဲ။ မကောင်းမှု အကျိုးပေးချိန်အလှည့်ကျ ရောက်လာရင် သူဌေးသား၊ဆင်းရဲသား၊ ယောင်္ကျား၊မိန်းမ၊ကလေး ဘယ်သူဘယ်ဝါရယ်လို့ မျက်နှာလိုက်မှာမဟုတ်ဘူး။ ဒါကြောင့်လဲ ကံပေးတဲ့အမွေကို သတ္တ၀ါတိုင်း ခံယူကြရတယ်လို့ ဘုရားရှင် ဟောတော်မူခဲ့တာပေါ့။
မောင်မျိုးလွင်ပြောတဲ့စကားကြားရတော့ စာရေးသူတို့လဲ ငယ်ငယ်က အမှတ်တရပြုမိခဲ့တဲ့ မကောင်းမှုတစ်ခုကို သတိရမိပါတယ်။ သတိရမိတယ်ဆိုတာထက် မကြာမကြာ သတိရနေမိတယ်ဆိုရင် ပိုမှန်ကန်မယ်ထင်တယ်။
စာရေးသူငယ်စဉ်ဘ၀ အသက်၂၂နှစ်အရွယ်ခန့်က ပျင်းပျင်းရှိတာနဲ့ ပလစတိအိပ်လေးအတွင်း ယင်ကောင်ကလေးတွေကို ဖမ်းထည့်ပါတယ်။ အိတ်အပေါက်ဝကို လက်နဲ့ပိတ်ထားပြီး ဆေးလိပ်အခိုးတွေကို ပလစတိအိပ်ထဲ မှုတ်ထည့်လိုက်တယ်၊ ယင်ကောင်လေးတွေ ဟာ လေကလဲမရှိတဲ့အပြင် အခိုးတွေနဲ့ ပြည့်နေတဲ့ ပလစတိအိပ်လေးအတွင်း ကြာရှည်စွာ အသက်မရှင်နိုင်ဘဲ မွန်းကြပ်ပြီး သေကျေကြရပါ တယ်။ မေ့နေတဲ့ယင်ကောင်ဆိုရင်တော့ ခဏနေ ပျံသွားပါတယ်။
လုပ်ခဲ့တုန်းကတော့ ဘာရယ်လို့မဟုတ် ပျင်းလို့ဆော့ကစားတဲ့သဘောပါ။ ဒါပေမဲ့ ပြုခဲ့မိတဲ့ မကောင်းမှုအပေါ် ယခုထက်တိုင် မေ့ပျောက်လို့မရတဲ့အပြင် ကြာလေလေ မြင်ကွင်းအာရုံကပိုထင်ရှားလာလေလေ အမှတ်ရမိလာလေလေဖြစ်လာပါတယ်။ “မောင်မျိုးလွင်ပြော သလိုပဲ ငါလဲ လေမရှိတဲ့အခမ်းထဲ ဒါမှမဟုတ် ရေထဲမှာ အသက်ရှုကြပ်ပြီး တစ်ခုခုဖြစ်မလားဆိုတာ တွေးမိနေရုံမှတစ်ပါး ဘာမှ မတတ်နိုင်တာ့ ပါ။
စာရေးသူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကနေ ရင်ကြပ်ပန်းနာ ရောဂါရခဲ့ပါတယ်။ ယခုလဲ မကြာမကြာ ရင်ကြပ်ပန်းနာ (အသက်ရှုကြပ်တဲ့)ရောဂါ ခံစားရပါတယ်။ ဒီလိုခံစားရတဲ့အခါမျိုးမှာ ငယ်ငယ်က ယင်ကောင်လေးတွေကို အသက်ရှူကြပ် အောင်လုပ်ခဲ့မိတဲ့ မကောင်းမှုကို ပြန်လည်အမှတ်ရမိတာဟာ အကြိမ်ကြိမ်ပါပဲ၊ အမှတ်ရတိုင်းလဲ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။
ဒီလိုပါပဲ လူအများဟာ ဘ၀တစ်လျှောက် ပြုလုပ်ခဲ့တဲ့ ကိုယ်အလုပ် နှုတ်အပြော စိတ်အကြံတွေမှာ ကောင်းတာလည်းရှိ၊ မကောင်းတာ လဲရှိခဲ့ကြတာပါ။ ကောင်းတာပြုလုပ်ခဲ့တာက ဘာမှပြောစရာမလိုပေမဲ့ မကောင်းတာပြုလုပ်ခဲ့တာတွေကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်ခံကြရမှာပါ၊ ပုထုဇဉ်ကိုမဆိုနဲ့ဦး၊လက်ျာတော်ရံ အဂ္ဂသာဝကဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်တောင်မှ နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီး အချိန်အထိ အတိတ်က သူပြုခဲ့တဲ့မကောင်းမှုကို နောက်ဆုံး ခံလိုက်ရပါသေးတယ်။
ကိုယ်ပြုခဲ့တဲ့မကောင်းမှုအတွက် အကျိုးပြန်ခံစားရမှာကို တွေးပြီး ပူပန်နေရုံနဲ့ ကိစ္စမပြီးသေးဘူး၊ ဒါဖြင့်ရင် ကိုယ်ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို မခံရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တွေးကြည့်မယ်။ ယခင်ကလဲဒါနဲ့ပတ်သက်ပြီး ရေးထားပါသေးတယ်။
ကိုယ်ပြုခဲ့တဲ့မကောင်းမှုကြောင့် သေရင်အပါယ်ကျတော့မှာဘဲ ဆိုပြီး တွေးပူကာ ပူပန်မှု ကုက္ကုစ္စတွေဖြစ်နေမယ်ဆိုရင် ဒီပူပန်မှုကြောင့် အပါယ်ကို ကျရောက်သွားနိုင်ပါတယ်။ ပြုမိခဲ့တဲ့မကောင်းမှုကံကို နောင်မပြုမိအောင်ရှောင်မယ်၊ ပြုခဲ့တဲ့မကောင်းမှုကိုလဲ မေ့ထားလိုက်မယ်။ ကုသိုလ်ကောင်းမှုကိုပဲ ကြိုးစားအားထုတ်မယ်ဆိုရင် ကြာလာတဲ့အခါ ပြုမိခဲ့တဲ့မကောင်းမှုကံတောင်မှ ပပျောက်သွားနိုင်တယ် ရယ်လို့ ဂါမဏိသံယုတ်မှာ ဟောတော်မူထားတာကို ၀မ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်။ မကောင်းမှုဆိုလို့ ပဉ္စနန္တရိယကံကလွဲပြီး အခြားမကောင်းမှုတွေကို ပြောလိုတာပါ။
ဒါကြောင့်စာဖတ်သူများ ပြုလုပ်သင့်တာက ကိုယ်ပြုခဲ့တဲ့မကောင်းမှုတွေကို ဆက်လက်မပြုလုပ်တော့ဘဲ မေ့ထားရပါမယ်။ ကောင်းမှုကို မကြာခဏပြုလုပ်သွားမယ်ဆိုရင် ကြာလာတဲ့အခါ အကုသိုလ်တွေပပျောက်သွားနိုင်ပါတယ် ဒါက မကောင်းမှုပြုခဲ့မိသူများအတွက် အားဆေးတစ်ခွက်ပါလို့ ပြောရင်း……….မကောင်းမှုဟူသမျှမှ ရှောင်ကြဉ်နိုင်ကြပါစေ……………….

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More