အမှားကိုပြင် အမှန်မြင်
တစ်နေ့နံနက် ဒကာတစ်ဦး စာရေးသူထံရောက်လာပြီး “အရှင်ဘုရား…ခုတလော မြို့ထဲမှာ တရားပွဲတွေများလိုက်တာဘုရား၊ တရားပွဲတွေများသလောက် တရားဟောဓမ္မကထိကလဲ အလွန်များပါတယ်ဘုရား၊ တစ်ချို့တရားပွဲတွေမှာ တရားတော်အကြောင်း အရာ တူကြပေ မဲ့ တင်ပြပုံမတူကြဘူးဘုရား” ။
“ မှန်ပါတယ်ဒကာကြီး တင်ပြပုံမတူတာကတော့ ရှုထောင့်အမျိုးမျိုးကနေ ဟောကြတာ ဖြစ်မယ်ထင်တယ်”
“အရှင်ဘုရား…ရှုထောင့်အမျိုးမျိုးကဟောတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကို အတ္တနောမတိ လုပ်ပြီး အဆန်းထွင်ဟောနေကြတာလဲ တွေ့ရပါ တယ် ဘုရား၊ဒီအတွက် ဘာသာရေးမှာ ဗဟုသုတနည်းတဲ့လူများအတွက် စိုးရိမ်လို့ပါဘုရား”
ထိုဒကာပြောသလိုပဲ ယခုအခါ ရပ်ကွက်တိုင်းလိုလို ညတရားပွဲများကျင်းပလာကြတာကို မြင်တွေ့နေရပါတယ်။ တရားပွဲများ စည်ကား စွာကျင်းပလာနိုင်တာဟာ ဘာသာရေးဗဟုသုတများစွာရတဲ့အတွက် ကောင်းလှပါတယ်။ ဒါပေမဲ့ အချို့ဓမ္မကထိကဆရာတော်များဟာ တရားပွဲ ပွဲဆက်တွေများတဲ့အတွက်ကြောင့်လားမသိပါ။ ဘုရားဟောကျမ်းဂန်နဲ့မညီညွတ်တဲ့ အယူအဆတွေကို ပြောဆိုလာတာ တွေ့ရ ပါတယ်။
တစ်ခါက နာမယ်ကြီးဆရာတော်တစ်ပါးရဲ့ ဟောတရားထဲက ကောက်နုတ်တင်ပြရမယ်ဆိုရင် “ထေရ၀ါဒဆိုတာ ထေရ်စဉ် အဆက်ဆက်ကနေ အသက်စွန့်ပြီး ယခုအချိန်အထိ မပျောက်မပျက် ထိန်းသိမ်းလာတဲ့ ဘုရားရှင်ရဲ့ အယူဝါဒ(ပိဋကတ်သုံးပုံ)ကို ထေရ၀ါဒ လို့ခေါ်ပါတယ်။ ယခုအခါ ကမ်းရိုးတမ်းမြို့တွေ ရှင်ဥပဂုတ္တ ကို အရမ်းကိုပူဇော်ကြပါတယ်။ ရှင်ဥပဂုတ်ဟာ ဘုန်းကြီးတို့ ထေရ၀ါဒမှာ မရှိပါဘူး။ ရှင်ဥပဂုတ်မရှိတာကို အရှိလုပ်ပြီးကိုးကွယ်နေကြတာဟာ အယူမှားတယ်လို့ ပြောရပါမယ်။ တနည်းပြောရရင် မိစ္ဆာဒိဋ္ဌိလို့လဲပြောလို့ရ တယ်။ ဒါ့အပြင် ရှင်ဥပဂုတ်ပူဇော်ပွဲရှိရာကို ဆွမ်းစားပင့်တဲ့အခါ ကြွရောက်လာကြတဲ့ရဟန်းသံဃာတော်များမှာလဲ အာပတ်သင့်ပါတယ်။ ရဟန်းတော်များ အာပတ်သင့်တဲ့အတွက ထိုနေရာသွားပြီး ဆွမ်းမဘုဉ်းပေးသင့်ပါဘူး”။
ထိုဟောပြောချက်မှာ ရှင်ဥပဂုတ်မထေရ် မရှိဘူးဆိုတာ ထေရ၀ါဒအရ မှန်ပါတယ်။သို့သော် ရဟန်းတော်များက ရှင်ဥပဂုတ်ပူဇော်ပွဲကိုကြွပြီး ဆွမ်းဘုဉ်းပေးတော်မူရင် အာပတ်သင့်တယ်၊ ဆိုတာ မမှန်ပါဘူး။ ဒါက ကိုယ့်အတွေးနဲ့ အတ္တနောမတိလုပ်ပြီး ပြောလိုက်တာပါ။ ရဟန်းတော်များဆိုတာ သတ္တ၀ါအကျိုးကိုငှဲ့ကြီး ကြွသင့်ရင်ကြွကြရမှာပါ။ ရှင်ဥပဂုတ်ပူဇော်တဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ အိမ်ကို မဆိုထားနဲ့၊ ဘာသာခြားများရဲ့အိမ်ကိုလဲ ကြွသင့်ရင် ကြွကြရအုံးမှာပါ။
ဘုရားရှင်ဟာ မိစ္ဆာဒိဋ္ဌိမကလို့ အခြားဘာသာဝင်ဘယ်သူမဆို ဆွမ်းစားပင့်တဲ့အခါ အကျိုးရှိတယ်ဆိုရင် ဘုရားရှင်ကိုယ်တော်တိုင် ကြွတော်မူခဲ့တာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ ပုပ္ဖ၀ဂ်၊ ဂရဟဒိန္န၀တ္ထုကို အကျဉ်းချုံးပြီး တင်ပြပေးပါ့မယ်။
တစ်ခါက သီရိဂုတ္တနဲ့ ဂရဟဒိန္န ဆိုတဲ့သူငယ်ချင်းနှစ်ဦး သာဝတ္ထိမှာ နေထိုင်ကြတယ်။ သီရိဂုတ္တက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဂရဟဒိန္နက ဘာသာခြားဖြစ်တယ်။ တစ်နေ့ ဂရဟဒိန္နက သူငယ်ချင်းဖြစ်သူအား သူကိုးကွယ်နေတဲ့ ဆရာများဟာ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်ကို သိတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။ ထိုအခါ သီရိဂုတ္တက သူငယ်ချင်းရဲ့ဆရာများဖြစ်တဲ့ တိတ္ထိတက္ကတွန်းတွေကို သူ့အိမ်သို့ ဆွမ်းစားဖိတ်ပါ တယ်။ သီရိဂုတ္တက တိတ္ထိတွေမလာမီ အိမ်အောက်ဝယ် အလွန်ရှည်တဲ့ မစင်တွင်းကြီးတူးစေကာ မစင်များထည့်ထားပါတယ်၊ အနံ့မနံအောင်လဲ စီရင်ထားပါတယ်။ မစင်တွင်းအထက်မှာတော့ အခင်းတွေနဲ့ ဖုန်းအုပ်ထားလိုက်တယ်။ တိတ္ထိတွေအိမ်ရောက်လာပြီး ထိုင်လိုက်တယ်ဆိုရင်ပဲ မစင်တွင်းထဲ စောက်ထိုးလိမ့်ကျကုန်ပါတော့တယ်။ ပြန်တက်လာတဲ့ တိတ္ထိတွေကို အပေါ်ကနေ “ကာလသုံးပါးကို ဘာကြောင့် မသိရတာလဲ” လို့ပြောပြီး တုတ်နဲ့ရိုက်ချတာ့ မစင်တွင်းထဲပြန်ကျကုန်တယ်။ ဒီလိုနဲ့ တိတ္ထိတွေ ကို အရှက်ခွဲတာ ပီးသွားတယ်။ နောက်ပိုင်းမှာ ဘာသာခြားဖြစ်တဲ့ ဂရဟဒိန္နက သီရိဂုတ္တရဲ့ ဆရာများကို ဆွမ်းစားပင့် ခိုင်းပါ တယ်။ ဂရဟဒိန္နကလဲ သူ့သူငယ်ချင်းကို လက်စားချေခြင်တဲ့အတွက် သူ့အိမ်ရဲ့အောက်မှာ တွင်းနစ်ကြီးတူးစေပြီး လှည်းအစီးရှစ်ဆယ်ခန့် ရှားထင်းတွေကို ထည့်ကာ မီးရဲရဲတောက်အောင် စီမံထားလိုက်တယ်။
သို့နင့် သီရိဂုတ္တက ဘုရားရှင်အား “ အရှင်ဘုရား…ဂရဟဒိန္နက မြတ်စွာဘုရားကို သူ့အိမ်ဆွမ်းဘုဉ်းပေးကြွတော်မူပါရန် ပင့်ပါတယ် တဲ့ ဘုရား၊ ပြီးခဲ့တဲ့ရက်တွေတုန်းက တပည့်တော်ကသူ့ဆရာတက္ကတွန်းတွေကို ဒီလို ဒီလိုပဲ အရှက်ခွဲခဲ့ပါတယ်။ ဒါကြောင့် ယခု ဆွမ်းစားပင့်တာဟာ လက်စားချေမှာလားဆိုတာ မသိပါ။ ပီးတော့ ဆွမ်းစားပင့်တာက စင်ကြယ်မှုရှိ/မရှိဆိုတာလဲ မသိပါ ဘုရား။ ဒါကြောင့် ဒီပင့်ဖိတ်တဲ့ဆွမ်းကို နှလုံးသွင်းပြီး သင့်တော်ရင် လက်ခံတော်မူပြီး မသင့်တော်ရင်တော့ ပယ်မြစ်တော်မူနိုင်ပါတယ်ဘုရား” လို့ သီရိဂုတ္တက လျှောက်တော့ ဘုရားရှင်က အနာဂါတ်မှာ ဖြစ်လာမဲ့အကြောင်းအရာများကို နှလုံးသွင်းဆင်ခြင်တော်မူပါတယ်။ သင့်တော်တဲ့အတွက်လဲ မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ ဂရဟဒိန္နရဲ့ဆွမ်းကို လက်ခံတော်မူလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ မိစ္ဆာဒိဋ္ဌိအိမ်ဖြစ်နေရင် မလိုက်ဘူး ဘာသာတူမှ လိုက်မယ်ဆိုတာ မပါပါဘူး။ သင့်တော်တယ်အကျိုးရှိတယ်ဆိုရင် ဘာသာခြားပင့်တဲ့ဆွမ်းကိုလဲ လက်ခံတယ်ဆိုတာ ထင်ရှားပါတယ်။
ဒီလိုပါပဲ စာရေးသူတို့မြို့ကို အခြားခြားသော တရားဟောဓမ္မကထိကများဟာ ပွင့်လင်းရာသီဆိုရင် ကြွရောက်တော်မူလာကြစမြဲပါ။ ယခင်ဆရာတော်က ထေရ၀ါဒမှာ ရှင်ဥပဂုတ် လုံးဝမရှိဘူးရယ်လို့ အတိအလင်းဟောပြောပြီး ရှင်ဥပဂုတ်ကို အားမပေးခဲ့ပေမဲ့ အခြားတရားဟော
ဆရာတော်တစ်ပါးကတော့ ရှင်ဥပဂုတ်ထေရ်ကို ယခင်က ရှိခဲ့သယောင်ယောင် ဟောကြားခဲ့ပါတယ်။ ရှင်ဥပဂုတ်ကို ဆရာတော်တစ်ပါးက မရှိဘူး၊တစ်ပါးက ရှိတယ်ဆိုပြီး ဟောပြောနေကြမယ်ဆိုရင် တရားနာပရိသတ်အနေနဲ့ ဘာကို အမှန်ယူရမလဲ ဆိုတာ မသိတော့ပါ။ နဂိုကမှ နားမလည်လို့ တရားနာရတဲ့အထဲ သူကတစ်မျိုးကိုယ်ကတစ်ဖုံဟောနေတော့ ဘယ်အရာကို အမှန်ယူရမလဲဆိုတာ မသိတော့ပါ။
ယခုနှစ်ပွင့်လင်းရာသီရောက်တော့ စာရေးသူတို့မြို့မှာ တရားပွဲတွေ ကျင်းပနေကြပေပြီ၊ စာရေးသူအားလာပင့်တဲ့အတွက်လဲ ရပ်ကွက်တစ်ခုမှာ ညတရားပွဲဟောခဲ့ရပါသေးတယ်။ ပြောချင်တာက ဒီနှစ်ပွင့်လင်းရာသီမှာ ရပ်ကွက်အတော်များများ တရားပွဲကျင်းပလာကြတာ ကိုတွေ့မြင်ရပါတယ်။ တစ်ခါတစ်ရံ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် တရားပွဲများ တိုက်ဆိုင်နေတာကို လဲတွေ့မြင်ကြရပါတယ်။ ယခုနှစ်စာရေးသူတို့မြို့မှာ ပေါ်ပြူလာအဖြစ်ဆုံးတရားဟောဆရာတော်တစ်ပါးရှိပါတယ်။ ညတရားပွဲဆိုရင် သူ့တရားပွဲက လက်ညိုးထိုးမလွဲပါ။ အဲလောက်အထိလူတွေ ကြိုက်ကြတာပါ။ ကြားရတာက ထိုဆရာတော်ဟာ နက်နဲတဲ့တရားတော်များ မဟောကြားဘဲ ၊ လူတွေလိုက်နာကျင့်သုံးနိုင်တဲ့ နားလည်လောက်တဲ့ အခြေခံတရားများကိုပဲ ဟောကြားပေးတဲ့အတွက် လူတွေ ပိုနှစ်သက်တယ်လို့ ပြောပါတယ်။
တစ်နေ့ ဦးဇင်းလေးတစ်ပါးက “အရှင်ဘုရား….အခုနာမည်ကြီးနေတဲ့ ………ဆရာတော်ဟောထားတာ ဘ၀င်မကျဘူးဘုရား” လျှောက်တော့ စာရေးသူက “ငါ့ရှင်….ဘာများဘ၀င်မကျစရာတွေ ကြားရလို့လဲ ပြောပါအုံး” လို့ပြောတော့ ဦးဇင်းလေးက“ သူဟော တဲ့တရားထဲမှာ ဘုရားပန်းတင် တာ အလကား အလုပ်ပိုတွေပါတဲ့၊ ပီးတော့ ဘုရားရှိခိုးတယ်ဆိုရင် တရားနဲ့သံဃာမပါဘူး၊ ဘုရားပဲပါတာလို့လဲ ပြောပါတယ်၊ ဒါအဆန်း ထွင်တယ် လို့ တပည့်တော်ယူဆပါတယ်ဘုရား” လို့လျှောက်ထားလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားရှင်အားပန်းလှူခဲ့တဲ့အတွက် နောင်ဘ၀များစွာမှာ အပါယ်မလားဘဲ ၊နောက်ဆုံးမဂ်ဖိုလ်နိဗ္ဗာန်မျက်မှောက် ပြုသွားတဲ့ သာဓကတွေ ပိဋကတ်သုံးပုံမှာ အထင်အရှားရှိပါတယ်။ ဒါ့အပြင်သီဟိုဠ်ခေတ်က ရဟန်းတော်တစ်ပါးရှိတယ်၊ သူ့ရဲ့အဖေက မုဆိုးပါ။ အသက်ကြီးတော့ သားရဟန်းက အဖေဖြစ်သူကို ဦးပဉ္ဇင်းကြီးပြုလုပ်ပေးထားပါတယ်။ တစ်နေ့ ဖခင်ကြီး မကျန်းမမာဖြစ်ပြီး အိပ်ယာထဲလဲနေတယ်။ အာရုံထဲမှာလဲ ခွေးနက်ကြီးတွေက သူ့ကိုလာဆွဲနေလို့ “သားရေ….အဖေ့ကိုခွေးနက်ကြီးလာဆွဲနေပီ၊ လုပ်ပါအုံးသားရဲ့” လို့ ဂယောင်ဂယမ်းပြောလာတော့ သားရဟန်းက အဖေတော့ အကုသိုလ်နိမိတ်ထင်နေပီး ဒီအတိုင်းသေရင်တော့ အပါယ်ကျဖို့သေချာ သလောက်ပဲ။ ငါလိုသားရဟန်းရှိနေပါလျက်နဲ့ ငါ့အဖေဦးပဉ္ဇင်းကြီးကို အပါယ်မကျစေရဘူးဆိုပြီး ကိုရင်လေးများကိုခေါ်ကာ အနီးရှိပန်းပင်များမှ ပန်းများခူးခိုင်းပါတယ်။
သားရဟန်းဟာ ဖခင်ရဟန်းကြီးကို မဟာစေတီရင်ကို ပင့်ဆောင်ပါတယ်။ သားရဟန်းက “ဦးပဉ္ဇင်းကြီး….ဒီမှာ ဦးပဉ္ဇင်းကြီးအတွက် ဘုရားမှာ ပန်းတွေလှူပေးထားတယ် ကြည်ညိုပါအုံး” လို့ပြောတဲ့အခါ ဦးပဉ္ဇင်းက သူ့အတွက်ပန်းကို စေတီတော်အားလှူပေးထားတာကို မြင်ရပြီး စိတ်ထဲရွှင်လန်းနှစ်သက်ခဲ့တယ်။ မကြာမီမှာပဲ ဦးပဉ္ဇင်းကြီးမှာ ကုသိုလ်နိမိတ်တွေထင်လာပါတယ်။ နတ်ပြည်က နတ်ရထားတွေဆိုက်လာ နတ်သမီးတွေလာခေါ်တာကိုလဲတွေ့ရတော့ “သားရဲ့ ဖယ်စမ်း ဖယ်စမ်း ဟိုမှာသားရဲ မိထွေးတွေ လာခေါ်နေပီ” လို့ ပြောပါတယ်။ မကြာမီမှာပဲ ပျံတော်မူပြီး နတ်ပြည်မှာ ဖြစ်ရပါတယ်။ သံကန္တာရအတွင်း ရေအိုင်ကလေးတစ်ခုတွေ့ရသလို ဖခင်ရဟန်းကြီးမှာလဲ ဘ၀သံသရာမှာ နားခိုစရာ ထောက်တည်ရာလေးတစ်ခု ရရှိသွားခြင်းပါ။
ဒါကိုကြည့်ခြင်းဖြင့် ဘုရားကို ပန်းလှူတယ်ဆို အလကားမဖြစ်ပါဘူး။ပန်းလှူရတဲ့အကျုးတွေလဲရှိပါသေးတယ်။
သို့ပါလျှက် ဘုရားပန်းလှူတာ အလကားအလုပ်ပိုတွေလို့ ဟောကြားလိုက် တာဟာ အလွန်ဝန်လေးတဲ့ အဟောပြောဖြစ်ပါတယ်။ တရားနာရတဲ့သူများ ဒါကိုအမှန်လို့ယူဆပြီး ဒို့အတွက်ဘုရားပန်းတင်တာ အလုပ်ပိုတွေပဲ လုပ်စရာမလိုဘူးလို့ စွဲထင်သွားကြမယ်ဆိုပါရင် ဘ၀သံသရာအတွက် ကြောက်စရာကောင်းလှပါတယ်။
ဒါကြောင့်လဲ စာရေးသူတို့ရိပ်သာတရားစခန်းမှ တရားစခန်းဝင်ယောဂီများကို ပြောဖြစ်လိုက်တာကတော့…..
“ အခုဘုန်းကြီးတို့မြို့မှာ တရားဟောဆရာတော်များပေါများသလောက် တရားပွဲများလဲ မရေမတွက်နိုင်အောင်ပါပဲများလှပါတယ်။ တရားဟောပုဂ္ဂိုလ်များက တစ်ပါးနဲ့တစ်ပါး အပြိုင်ဟောနေကြပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင် ဘယ်တရားပွဲက ဓမ္မပူဇာ (…..)သိန်း ရတယ်၊ ဘယ်ဆရာတော်တရားပွဲကနာမည်ကြီးမို့လို သိန်းပေါင်းများစွာ ရတယ်လို့ တရားပွဲမှာ ဓမ္မပူဇာများ အရပြိုင်နေကြတာကို ပြောလိုရင်းပါ။ အရပြိုင်နိုင်အောင်လဲ တရားပွဲအပြီး တရားပွဲကျင်းပရေးက ဓမ္မပူဇာ (………)သိန်းရတယ် လို့ ကြေညာပေးနေတာလဲပါပါတယ်။
ဒီလိုပါပဲ တရားနာတဲ့သူ တွေကလဲ တရားပွဲတိုင်းလက်မလွတ်စတမ်း အပြိုင်တရားနာလာကြတာတွေ့ရပါတယ်။ အပြိုင်တရားနာတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ နာတဲ့အတိုင်းလဲ အသိရှိဖို့ လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။ အခုတော့ တရားပွဲကို စောစောလေးသွားပြီး နေရာယူကြတယ်။ နေရာမရလို့ကတော့ သူ့နေရာကိုယ့်နေရာနဲ့ အငြင်းပွားပြီး ရန်ဖြစ်နေလိုက်ကြတာ တရားပွဲမှာ ငါးစိမ်းသည်တွေ ရောက်နေသလားအောက်မေ့ရတယ်။ တရားနာတယ်ဆိုတာ အမှန်မြင်ဖို့အတွက်ပါ။ အမှန်မြင်ပြီး ကျင့်သုံးကြဖို့ပါပဲ။
အရေးကြီးတာက တရားဟောတဲ့ဆရာတော်များကလဲ အဆန်းမထွင် ကျမ်းဂမ်လက်မလွတ်စေဘဲ တရားဟောဖို့ လိုအပ်သလို တရားနာသူများကလဲ နာရတဲ့တရားအတိုင်း လိုက်နာကျင့်သုံးဖို့ပါ။ ဘုရားရှင်ရဲ့တရားတော်ဟာ နာရုံနဲ့မပြီးပါဘူး။ ကိုယ်တိုင်လက်တွေ့ အသုံးချရမဲ့ တရားဖြစ်ပါတယ်။
ဒါကြောင့် ဟောပြောသူကလဲ မှားမှန်းသိတဲ့တရားကို ပြင်နိင်ကြပြီး၊ တရားနာသူများကလဲ အမှန်ကိုမြင်နိုင်ကြပါစေရယ်လို့ ပြောရင်း……..

1 comments:
လေ့လာမှတ်သားသွားပါတယ် ဘုရား...
Post a Comment