Wednesday, February 24, 2010

ရိုးရိုးကျင့် မြှင့်မြှင့်ကြံ

တစ်နေ့ ဒကာကြီး ဦးတင့်က “ရှင်ဘုရား….. http://myautoosayadaw.com ဒီဝဘက်ဆိုက်မှာ ဖတ်ကြည့်ပါအုံးဘုရား” လို့အွန်လိုင်း ပေါ် ကနေတစ်ဆင့် စာရေးသူအား ပြောလာပါတယ်။ သူညွန်းတဲ့အတိုင်း ……….ဆရာတော်အကြောင်းရေးသားထားတဲ့ ၀က်ဘ် ဆိုက် တစ်ခုပေါ်သို့ ရောက်သွားပါတယ်။
ဖတ်ကြည့်တဲ့အခါ ထိုဆရာတော်ရဲ့ တရားအတွေ့အကြုံတွေကို ရေးတင်ထားခြင်းဖြစ်ပါတယ်။ ဒီိလိုတရားအတွေ့အကြုံတွေ ရေးတင်ထားတာဟာရုတ်တရက် အပေါ်ယံကြည့်ရင် ပညာအားနည်းပြီး သဒ္ဓါတရားအားကောင်းသူတို့အတွက်တော့ ကြောင်က ငါးကြော်ကို ကြိုက်သလိုမျိုး အကြိုက်တွေ့နေကြမှာပါ။ တရားအတွေ့အကြုံဆိုတာ သီတင်းသုံးဖေါ်အချင်းချင်း တရားဆွေးနွေးရမဲ့အရာပါ။ ဒီလို ကမ္ဘာ ကို ၀က်ဆိုက်ကနေ ဒီလိုကြေညာဖို့ မလိုပါဘူး။

ပြီးလျှင် ချောင်တစ်ခုမှာ (၂၀၁)ကြိမ်မြောက် သိက္ခာထပ်ခဲ့တယ်ဆိုတာလဲပါတယ်။ ဒါဖြင့်ရင် ထိုဆရာတော်က အရေးကြီးတဲ့ အလုပ်တစ်ခုအနေနဲ့ သိမ်ထပ်တာကို သေသေချာချာ ရေးမှတ်ထားဟန်တူပါတယ်။ ဒါကလဲ ကိုယ့်ရှိတဲ့ ဘုန်းကံကို ကြွားရာရောက်နေသလားလို့ပါ။ မနာလိုလို့ ပြောခြင်းမဟုတ်ပါ။
တရားအားထုတ်တဲ့အတွေ့အကြုံများကို ယခုလိုဝဘ်ဆိုက်ပေါ်တင်ရေးတယ်ဆိုတာ မီဒီယာအားကောင်းလှတယ်လို့ ယူဆမိပါတယ်။ ယခုလို လူတကာတို့မမြင်နိုင်တဲ့အရာတွေမြင်ရ၊ ကြားရတယ်ဆိုပြီး၊ ကိုယ့်ဂုဏ်ကို ဖေါ်ကြူးထားပါတယ်။ဒါဟာ စာဖတ်သူများအတွက် သဒ္ဓါတရား ဖြစ်စရာတစ်ခုမှ မတွေ့ရပါဘူး။ အထင်ကြီးစရာပဲရှိပါတယ်။ “လူများဟာဂုဏ်ရှိသူကိုသာမြင်တတ်ကြတယ်” ဆိုတဲ့အတိုင်း လူအထင် ကြီးအောင် လုပ်ရာရောက်နေလားမသိတော့ပါ။
ဒီလို အထင်ကြီးအောင် ဖေါ်ကျူးထားတဲ့အတွက် လူတွေအထင်ကြီးပြီး ထိုဆရာတော်ဆီ လူတွေ ရောက်လာမှာ တော့သေချာသ လောက်ပါပဲ။ တကယ်တွေးကြည့်ရင် လူတွေလာအောင်လုပ်တဲ့နည်းလို့ ဆိုရပါ့မယ်။
သူတော်ကောင်းကြီးများဟာ လူသူနည်းပြီး ကာယ၀ိဝေကဖြစ်တာကို နှစ်သက်တော်မူကြပါတယ်။ ဒါကြောင့်လဲ ဓမ္မပဒအဋ္ဌကထာ မဟာကာဠ၀တ္ထုမှာ သုဿာန်ဓူတင်ဆောက်တည်သူများ လိုက်နာရမဲ့စည်းကမ်းချက်များကို ဘုရားရှင်ဟောတော်မူထားပါတယ်။ စည်းကမ်းများ အနက် သုဿာန်သွားတဲ့အခါ သက်ကြီးခေါင်းချအချိန်မှ ရွာကနေ သုဿာန်သွားရပါ့မယ်၊ ၊ရွာသူတို့ မနိုးခင် ကျောင်းပြန်ရောက် ရမယ်ဆိုတာ ပါတယ်။ ဒါဟာ လူမသိစေချင်တာ ပေါ်လွင်နေပါတယ်။ တကယ်လို့ လူအများသိလိုက်မယ်ဆိုရင်တော့ သုဿာန်ဓူတင်ဆောက်တည်တဲ့ရဟန်း ထံသို့ လူအများလာရောက်ကြည်ညိုကြမယ်၊ ဖူးမျှော်ကြမယ်။ ဒါဆိုရင် သူတော်ကောင်းများအတွက် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေမှာပါ။
တစ်ခါကစာရေးသူတို့ရွာဘက် အနောက်စူးစူးမှာ ကျောက်တောင်တစ်ခုရှိပါတယ်။ ဒီကျောက်တောင်မှာ ဆရာတော်တစ်ပါးတရားအား ထုတ်နေတယ်ဆိုပြီး လူတွေ သွားလိုက်ကြတာ။ နောက်တော့ လူတွေက ဖူးမျှော်ရုံတင်မဟုတ်တော့ ဆွမ်းကျွေးပွဲ တွေပါလုပ် လာကြတာကို ကြားရပါတယ်။ အော် …ဆရာတော်ခမျာ တရားအားထုတ်မှုပျက်တော့မှာပဲ။
နောက်သိရတာက သူသီတင်းသုံးတဲ့မြို့ကနေ တောတွင်းကျောက်တောင်အတစ်ခုသို့ တောထွက်လာတဲ့အခါမှာ နောက်ပါ အခြွေအရံများလဲ ပါလာတယ်လို့ သိရပါတယ်။ ဒီနေရာကို တရားအားထုတ်သွားမယ်ဆိုတဲ့ သတင်းကလဲ တစ်ခဏ ချင်းပြန့်ထွက်သွားပါတယ်။ ဒါဟာ တောမထွက်ခင် ကြေညာအားကောင်းလို့ ဖြစ်ပါတယ်။ ယခုခေတ်ကလဲ မီဒီယာခေတ်ဆိုတော့……။
ဒါနဲ့ပတ်သက်ပြီး အချို့လူများက “အရှင်ဘုရား… ကျောက်တောင်မှာ ဆရာတော်တစ်ပါး တရားအားထုတ်နေတယ်တဲ့ဘုရား၊လူတွေ ကလဲ ကားကြီးကားငယ်အသွယ်သွယ်နဲ့ ဖူးမျှော်လာနေကြပါတယ်ဘုရား” လို့ စာရေးသူအား ပြောကြပါတယ်။
စာရေးသူက “ ဒကာတို့…………ဘုန်းကြီးတို့ ဟိုးအရင်က ဘုရားစေတီများတည်ထားတဲ့ ကျောက်တောင်တစ်ခုမှာ ဒီလိုပဲ တရားအား ထုတ်ခဲ့ဖူးပါတယ်။ အနား ဘယ်သူမှ မလာပါဘူး။ အခုလိုမျိုး လူလဲမစည်ပါဘူး။ ဘယ်လာမလဲ…….ဘုန်းကြီးတို့က တရားအား ထုတ်သွားမယ်ဆိုပြီး မကြေညာခဲ့ဘူး။ လူတစ်ယောက်ကိုတော့ ပြောခဲ့တယ်။ ဆွမ်းချက်ကပ်ဖို့၊ ဒါပေမဲ့ထိုဒကာကို ဘယ်သူ့ကိုမှ မပြောဖို့ အကြောင်းတော့ နှုတ်ပိတ်ခဲ့ရသေးတယ်။
တစ်ခါက ဘုန်းကြီးတစ်ပါး အဲလိုပါပဲ တောထွက်တော်မူခဲ့ပါတယ်။ နောက်တော့ အခြွေအရံမောင်းမိဿံများနဲ့ အတူ ထိုဆရာတော်ရဲ့ ပရိက္ခရာနေရာမှာ စလောင်းတို့ တီဗီတို့ပါ အပါယူပြီး တောထွက်ရာကနေ သီတင်းသုံးရာကျောင်းသို့ ပြန်ကြွတော်မူလာတယ်ဆိုတာကို ဓမ္မရံသီ မဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ယခုခေတ်တောထွက်နည်းတွေကတော့ မီဒီယာအားကောင်းကောင်းနဲ့ ထွက်ရင်တော့ ကိုယ့်အတွက် တွက်ချေကိုက်လှတယ်လို့ ဆိုရမှာပါ။
လိုရင်းပြောရရင်တော့ မူလတန်း ဖတ်စာအုပ်မှာ “ရိုးရိုးကျင့် မြှင့်မြှင့်ကြံ” ဆိုတာလို အဆန်းမထွင်ဘဲ ရိုးရိုလေးပဲကျင့်ကြပြီး မြှင့်မြှင့်ကြံနိုင်ကြတဲ့သူများဖြစ်ကြပါစေလို့ ပြောရင်း……

1 comments:

ခက်တာပဲဘုရား။
အမှန်ဆို အဆန်းတွေ တင်မဲ့ မီဒီယာသမားဟာ အနိမ့်ဆုံးအားဖြင့် ဆရာတော်တစ်ပါးပါးရဲ့ သြ၀ါဒကို နာယူရမယ်။ စာတွေကို တည်းဖြတ်ရမယ်။ မလျော်တဲ့ ဓာတ်ပုံစာသားတွေကို ထောက်ပြပေးဖို့ စာရေးဆရာတွေ သံဃာတွေကို အပ်ထားရမယ်။ ခုလို မတိုင်မပင် စွပ်ကနဲစွပ်ကနဲ လုပ်နေသူတွေ ရှိနေသ၍ တပည့်တော်တို့တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပဲလို့ စဉ်းစားမိတယ်။ တချို့က တရားအားထုတ်ထားတယ်ဟေ့လို့ မကြေငြာတဲ့ လူတွေ ဘုန်းကြီးတွေကို စာသိပဲ ရှိတယ် ဆိုပြီး ပြစ်မှားကြတယ်။ ဘုရား အလိုကျတာတွေ ဘာတွေ နားမလည်ဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် များများ ကြော်ငြာ ဆိုသလိုပဲ။ တစ်သက်လုံး သံဃာနဲ့ ဝေးနေပြီး အသက်လေးငါးဆယ် လောက်မှ ဘုရားတရား သံကြားရရင် ဒီလိုဖြစ်တာပဲ။ အဲဒီတော့ဘုရား... ဆန်းဒေးစကူးလ် ဖွင့်မှ ဖြစ်မှာပါပဲ။

ဒါနဲ့ ယဉ်ကျေးမှု သင်တန်းအကြောင်းကို ဆောင်းပါး ရေးပေးပါဦးဘုရား။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More