Sunday, June 7, 2009

ခရီးသွားမှတ်တမ်း (၃)

ဘန်ကောက်မှ ချင်းမိုင်သို့
၁၆.၅.၂၀၀၉ ရက်ည၊ ညကားဖြင့် Chiang mai မြို့သို့ သွားမှာ ဖြစ်တဲ့အတွက် စာရေးသူတို့ ညနေ ၆ နာရီမှာ မွန်ချေး ကားဂိတ်ကို ဆင်းပါတယ်။ ဘန်ကောက်မြို့ရဲ့ ညရှုခင်းကတော့ မိုးမျှော်တိုက်ကြီးတွေက မီးတွေ ထိန်ထိန်လင်းပဲ၊ ကားဆရာကလည်း သဘောကောင်းစွာ နဲ့ ဘန်ကောက်မြို့ရဲ့ ညရှုခင်းကို ကြည့်ရအောင်လို့ လိုက်ပို့ပါတယ်။
Internet ကနေတဆင့် contact ရထားတဲ့ ကိုအ၀ှာတစ်ယောက်လည်း ရှိပါသေးတယ်။
သူကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်လို့ ပြောပါတယ်၊ အလုပ်ချိန်မို့လို့ လာမကြို နိုင်တာ နားလည်ပေးပါတယ်၊ နောက်တစ်ရက် ဘန်ကောက်မြို့တွင်း လည်ပတ်ဖို့အတွက် ကိုအ၀ှာကို မနက်မှာခေါ်ပါတယ်။ မနက်တော့မအားဘူး၊ နေ့လည်(၁)နာရီမှ အားပါ့မယ်လို့ ပြောတယ်၊ ဒါနဲ့ နေ့လည်တစ်နာရီ ကိုအ၀ှာအလာကို စောင့်ပါတယ်။ မလာခဲ့ဘူး၊ ဖုန်းဆက်ကြည့်တော့ သူလာမှာနဲ့ သွားမှာနဲ့ဆို သွားလာရင်းနဲ့ အချိန်ကုန်နိုင်တယ် မွန်ချေးကားဂိတ်မှာ တွေ့မယ်လို့ တစ်ခါပြောလာပြန်တယ်၊ဒါနဲ့စာရေးသူတို့လည်း ကိုအ၀ှာရဲ့အကူအညီ မရမှန်းသိတော့ တခြားဒကာတစ်ယောက်နဲ့ Taxi ငှားပြီး လည်ပတ်ရပါတယ်၊ လိုက်ပို့တဲ့ ဒကာရဲ့နာမည်က အထက်တွင်ဖေါ်ပြပြီး ဖြစ်ပါတယ်။

ညနေဖက်ရောက် စာရေးသူတို့ Chiang mai သို့ သွားမဲ့ ကားဂိတ်သို့ ကားဖြင့် စီးလာခဲ့ကြပါတယ်၊ အဲဒီမှာကားစီးရင်းနဲ့ တယ်လီဖုန်းဝင်လာလို့ ကိုင်လိုက်တော့ အချိန်မရလို့ အလုပ်မအားလို့ လိုက်မပို့ဖြစ်တဲ့ ဒကာကိုအ၀ှာဆီကပါ။ သူပြောတာက “အရှင်ဘုရား…. ကားဂိတ်ကိုတော့ တပည့်တော် မလာနိုင်ဘူးဘုရား…. အရှင်ဘုရားတို့ Chiang mai ချင်းမိုင်ကားဂိတ်ရောက်ရင် ဘယ်မှမသွားပါနဲ့ ၊ဒကာမတစ်ယောက်လာ ကြိုလိမ့်မယ်ဘုရား၊ တပည့်တော်လည်း လိုက်လာခဲ့မယ်ဘုရား” လို့ ပြာပြာသလဲ ပြောပါတယ်။ အဲဒါနဲ့ပဲ….

ညဖက်ဘန်ကောက်မြို့တွင်း၂ နာရီလောက် ကားဖြင့်လည်ပတ်ခဲ့ပြီး မွန်ချေး ကားဂိတ်ရောက်တော့ ချင်းမိုင်သွားမဲ့ ကားလက်မှတ်ဝယ်ပါတယ်။ လက်မှတ်တစ်စောင်ကို ၅၁၅ ဘတ်ပါ၊ Discoun က ၅၇ ဘတ်ဆိုတော့ ၄၅၈ ကျပ်ပဲ ကျပါတယ်။
Bangkok မှ Chiang mai သို့ (၇၀၀)ကီလိုမီတာဝေးပါတယ်။
စာရေးသူတို့ စီးရမယ့်ကားက နှစ်ထပ်ကားကြီးဖြစ်ပြီး အပေါ်ထပ်မှာ နေရာရပါ တယ်။ ကားကြီးစီးရတာ မြန်မာပြည်မှ MA လေယာဉ်ပျံထက်တောင် ကောင်းတယ်လို့ ဆိုရမယ်။ အမှန်ပါပဲ ကြွားမပြောပါဘူး၊စီးဖူးတဲ့လူတိုင်းသိမှာပါ။ ဒီလိုနဲ့ ဘန်ကောက်ကနေ နှစ်ထပ်ကားကြီးဟာ ၉း ၁၅ နာရီမှာ စထွက်ပါတယ်။ ချင်းမိုင်ကို နံနက် ၇ နာရီမှာ ရောက်ပါတယ်။ ကားထဲမှာ ပထမ အကြိမ် သရေစာကျွေးပါ တယ်။ နံနက်မှာတော့ မျက်နှာသုတ်ပိုင်း၊ကော်ဖီ၊ မုန့်များကို ကားဝန်ထမ်းအမျိုးသမီး တစ်ဦးက လာကပ်ပါတယ်။
ကားဝန်ထမ်းအမျိုးသမီးကို ကြည့်ရတာ လေယာဉ်ပေါ်က လေယာဉ်မယ်တွေလိုပါပဲ၊ ယူနီဖေါင်းအပြည့်နဲ့ ခရီးသည်တွေအား ၀န်ဆောင်မှုအပြည့်ပေးပါတယ်။ ကားထဲမှာလည်း အခင်းကြီးအခင်းငယ်သွားရန်အတွက် အိမ်သာအဆင်သင့်ရှိပါတယ်။ ညဖက်တွင် အအေးဒါဏ်ခံနိုင်ရန်အတွက် စောင်တစ်ထည်စီပေးပါတယ်။ကားအတွင်း Air con ကလည်း အေးလိုက်ပါဘိ……..
ဘန်ကောက်ချင်းမိုင် နှစ်ထပ်ကားကြီးရဲ့ဝန်ဆောင်မှုကတော့ အဆင့်မြင့်လှပါတယ်။
၁၇ .၅ .၂၀၀၉
နံနက် ၇ နာရီခန့်မှာ ချင်းမိုင် ကားဂိတ်ကို ရောက်ပါတယ်။
ချင်းမိုင်ကို မနက်ရောက်တော့လည်း ကားဂိတ်မှာ လာရောက်ကြိုသူဆိုလို့ တစ်ယောက်မှမရှိပါ။ဒကာမတစ်ဦးလာကြိုပါလိမ့်မယ်၊တပည့်တော်လည်းပါပါ့မယ်ဆိုတဲ့ ပြည်ပရောက် မြို့ကြီးသားကို လည်း အရိပ်အယောင်မျှ မတွေ့ရပါ။ ဒါဆိုရင် စာရေးသူတို့တော့ ဒုတိယအကြိမ် အလိမ်ခံလိုက်ရ တာ သေချာနေပါပြီ။
ပြောလိုတာက ကိုယ်မလုပ်နိုင်တာတစ်ခုကို လုပ်နိုင်သလိုလိုနဲ့ စာရေးသူတို့အား ပညာသားပါပါနဲ့ ဒုက္ခပေးလိုက်တာက ပြည်ပရောက်မြို့ကြီးသားများရဲ့ စတိုင်လား မပြောတတ်ပါ။ အလိမ်ခံရတာကတော့ သေချာနေပြီ။ ရှိစေတော့…..
ချင်းမိုင်မှာ လာကြိုမဲ့သူ နောက်တစ်ဦး နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူကတော့ ဘလောဂါတစ်ယေက်ပါပဲ။
ချင်းမိုင်ကားဂိတ်ရောက်တော့ လာကြိုသူ ကိုရွှေဘလောဂါလည်းမပေါ်လာပြန်ဘူး၊ ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ပါ။ အင်း တတိယအကြိမ် အလိမ်ခံရပီနဲ့တူတယ်ဟေ့ လို့ စိတ်ထဲတွေးမိတော့တယ်။ ဘယ်ရမလဲ စာရေးသူတို့က သုံးဦးထက်မနည်း contact လုပ်ထားရတာလေ၊ “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုတာလို ပေါ့၊ ဘန်ကောက်လေဆိပ်တုန်းကလည်း တစ်ခါ ခံခဲ့ရသေးတာကို မမေ့သေးပါဘူး။
သို့နှင့် စာရေးသူတို့လည်း မြန်မာပြည် မဟာသန္တိသုခမှ ဆရာတော်ဦးဇနိတ ၏ တပည့်ဖြစ်သူ ဦးဣန္ဒာဝံသက ကားဖြင့် လာရောက်ကြိုနေတာကို တွေ့ရပါတယ်။ ဦးဣန္ဒ၀ံသက ပြောပါတယ်၊ “အရှင်ဘုရား….အရှင်ဘုရားတို့ကို လာကြိုဖို့အတွက် ကားပိုင်ရှင်လည်းဖြစ် ကောင်းမောင်းသူလည်းဖြစ်တဲ့ ထိုင်းအမျိုးသမီး ကတော့ အရှင်ဘုရားတို့ မနက် အစောကြီးလာရင် ကြိုရမှာမို့လို့ အိပ်လို့တောင် မပျော်ဘူးဘုရား” လို့ ပြောတယ်။ ရှာမှရှားတဲ့ သဒ္ဓါတရားပါပဲ။ ဘန်ကောက်က ကိုအ၀ှာနဲ့တော့ ကွာခြားပါပေ့။
ကားဂိတ်ကနေ ချင်းမိုင် မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ခဲ့ပါတယ်၊ ရောက်ရောက်ချင်းပဲ ချင်းမိုင် ကိုရွှေဘလောဂါဆီက ဖုန်းလာပါတယ် ၊သူအိပ်ပျော်လွန်သွားလို့ပါတဲ့။ အရှင်ဘုရားတို့ တည်းတဲ့ကျောင်းက ဘယ်ကျောင်းမှာပါလဲ၊ တပည့်တော်အခုပဲ ကျောင်းကိုလာခဲ့ပါ့မယ် လို့ ပြောကာ ကျောင်းရောက်လာပါတယ်။
အဲဒီမှာ လူတို့ရဲ့ ဖြစ်တတ်တဲ့ အခက်ခဲလေးတွေကို စာရေးသူတို့ နားလည်သဘောက်ပေါက်ပေးရပါတယ်။ ချင်းမိုင်မြို့မှ ကိုရွှေဘလောဂါကတော့ တော်ရှာပါတယ်၊ အေးလည်း အတော်အေးတဲ့သူပဲ၊ အင်း…လောကကြီးမှာ အဆိုးရှိသလို အကောင်းလည်း ရှိကြပါတယ်။ ဒါပေမဲ့ လူတိုင်းကိုတော့ တသမတ်တည်း သဘောထားလို့ မရဘူးဆိုတာ သတိထားစေချင်ပါတယ်။
ချင်းမိုင်မြို့ဟာ ဘန်ကောက်ရဲ့ မြောက်ဖက် ကီလိုမိတာ ၇၀၀ အကွာမှာတည်ရှိပါတယ်။
မနက်ပိုင်းဆွမ်းကို ချင်းမိုင် မြို့- ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းမှာ ဘုဉ်းပေးကြတယ် နေ့လည်စာကို ဒီဝပ်ဆိုင်းမွန်းကျောင်းမှာပဲ ဘုဉ်းပေးကြပါတယ်။ စာရေးသူတို့ ထူးတယ်လို့ဆိုရမလားမသိ၊ ချင်းမိုင်ရောက်တဲ့နေ့၊ ၀ပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းမှာ(………………….)ရဲ့ မင်္ဂလာဆောင်နဲ့ ကြုံရသဖြင့် သူတို့ရဲ့ မင်္ဂလာဆွမ်း ကို ဘုဉ်းပေးခဲ့ရပါသေးတယ်။ နားပါဦးမည်။ (အပိုင်း ၄ ကို ဆက်လက်ရေးသာပါဦးမည်)

1 comments:

Dear Sayadaw,

Hope you are fine and enjoy your Damma trip...
Just a quick note that the Bus station in Bangkok shall be MOCHIT instead of MONCHAAY..
Thought Thai people pronounce မော်ချစ်..
Apology if i m wrong..

MM

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More