Sunday, June 21, 2009

ခရီးသွားမှတ်တမ်း(၇)

မဲခေါင်မြစ်အတွင်း တစ်ညအိပ်နှစ်ရက်ခရီး
၂၁.၅.၂၀၀၉

ဟောင်စီမြို့မှ လော်ပရာဘန်မြို့ကို မဲခေါင်မြစ်အတိုင်း သွားတဲ့အခါမှာ ဘုတ်လေးတွေကို (၂)မျိုးရှိတယ်၊ မြန်တဲ့စပိဘုတ်ကျတော့ ဈေးကြီးပြီး၊ ၆ နာရီခန့်သာစီးရပါတယ်၊ slow boat ကျတော့ ဈေးသက်သာပြီး တစ်ညအိပ်နှစ်ရက်ခရီးရှိပါတယ်၊ မိမိကြိုက်နှစ်သက်ရာ စီးနိုင်ပါတယ်။ (ဓါတ်ပုံများ ဤနေရာ နှင့် ဒီနေရာမှာ ကြည့်ရန်)
နံနက် ၁၁ နာရီ၊ ဟောင်စီဆိပ်ကမ်းမှ မော်တော်ဖြင့် စတင်ထွက်ခွာလာခဲ့ပါတယ်။ စာရေးသူတို့နဲ့အတူ လိုက်ပါလာကြတဲ့ ခရီးသည်များက လူဖြူကြီးပဲများပါတယ်(Tourisim) တိုးရစ်တွေကြီးပါပဲ။ ဒေသခံ လာအိုသူ/သားများက အနည်းငယ်ပါပါတယ်။
လူဖြူတွေကြားထဲမှာ စာရေးသူတို့ သုံးယောက်က ထူးခြားစွာနဲ့ ကာလာတူ နီညိုရင့်သင်္ကန်း(၀တ်ရုံ)များနဲ့ဆိုတော့ မမြင်ဖူးတဲ့ သူတို့မျက်စိထဲမှ အမြင်ဆန်းကာ အံ့သြစွာ ကြည့်ကြပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာ လူဖြူအချို့လည်း ပါဝင်ကြတယ်။
ဥပမာပေးရမယ်ဆိုပါက ကျီးကန်းတွေကြားမှာ ဟင်္သာသုံးကောင် ရောက်နေတယ်လို့ပဲ တင်စားပြောလိုက် ချင်တော့တယ်။

မော်တော်ဘုတ် စထွက်လို့ ၁၁း၃၀ ခန့်မှာ စာရေးသူတို့ သုံးယောက်သား ဟော်တယ်ပိုင်ရှင် လာအိုသူ လှူဒါန်းလိုက်တဲ့ ဆွမ်းကို နေ့ဆွမ်းအဖြစ် ဘုဉ်းပေးကြပါတယ်။
ဟောင်စီမြို့မှ လော်ဖရာဘန်{အင်တာနက်တွင်နာမည်ကြီးနေတဲ့ (world hari tage city) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်} မြို့သို့ မဲခေါင်မြစ်ကြောင်း အတိုင်း စုံဆင်းလာခဲ့တယ်။ ပထမတော့ မြောက်မှ တောင်သို့ စုံဆင်းလာပေမဲ့ နောက်တော့ အနောက်မှ အရှေ့သို့ စုံဆင်းလာပါတယ်၊ ဘာကြောင့်လဲဆိုရင် မဲခေါင်မြစ် ကြီးက ကောက်ကွေ့နေလို့ပါပဲ။ မဲခေါင်မြစ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါသေးတယ်။
မဲခေါင်မြစ်ဟာ အစအဆုံး အရှည် ၄၈၀၀ ကီလိုမီတာ ရှည်လျားပြီး၊ အရှေ့တောင်အာရှဗဟိုချက်မကို ဖြတ်၍ နိုင်ငံ(၆)ခုကို ဖြတ်သန်း စီးဆင်းလာပါတယ်။ ဒီမြစ်ဟာ တိဘက်ဒေသမှ မြစ်ဖျားခံဆင်းလာပြီး၊ ဗီယက်နမ် မြစ်ဝှမ်းဒေသအထိ စီးဆင်းလာပါတယ်။ လူသန်း ၆၀ခန့် မဲခေါင်မြစ်နှင့်မြစ်လက်တက်များကို အမှီပြုပြီးနေကြရပါတယ်။ အစားအသောက်၊ ရေနှင့်သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် ထိုမြစ်ကို အသုံးပြုနေကြရတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြား မဲခေါင်မြစ်က နယ်နိမိတ်အဖြစ်၂၃၄ ကီလိုမီတာအရှည် ဖြတ်သန်းစီးဆင်းပါတယ်။ လူပေါင်းများစွာ မဲခေါင်မြစ်ကို အမှီပြုပြီး နေရတဲ့အတွက် ဒီမြစ်ဟာ လူသားများအတွက် အလွန်ကျေးဇူးများတဲ့ မြစ်တစ်စင်းဖြစ်တဲ့အတွက် “လူသားများအတွက် မဲခေါင်မြစ်” လို့ တင်စားပြောလိုက်ချင်တော့ တယ်။
ဒါကမဲခေါင်မြစ်အကြောင်း တစ်စိတ်တစ်ဒေသပါ၊ အပြည့်အစုံဖတ်ချင်ရင်တော့ အင်တာနက်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
သို့နှင့် မဲခေါင်မြစ်ချောင်းအတိုင်း မော်တော်ဖြင့် စုံဆင်းလာရာ တစ်ချို့နေရာတွေမှာ မြစ်ချောင်းအနေအထားက ကျဉ်းကျဉ်းလေးပဲရှိတယ်၊ နံဘေးတစ်ဖက်တစ်ချက်မှာတော့ ကျောက်ဆောင်များ တွေ့ရတယ်။ ကျောက် ဆောင်ပုံသဏ္ဍာန်များမှာ ရေတိုက်စားမှုကြောင့် ပုံစံအမျိုးမျိုးပဲ၊ မော်တော်ဘုတ်စတင် ထွက်ခွာလာတုန်းကတော့ တဖက်ကမ်းက လာအို၊ တဖက်ကမ်းက ထိုင်းပါ။ နောက် မကြာမီမှာပဲ ကမ်းနှစ်ဖက်စလုံး လာအိုနယ်နိမိတ်အတွင်းဖြစ်နေပါပြီ။ အဲဒီအခါမှာ ထိုင်း GSM ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်ခဲ့ရပါတယ်။
ဒါကြောင်လည်း အတူပါလာသူ တစ်ဦးက “အခုမှ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ” လို့ ပြောပါတယ်။
ညနေ ၆ နာရီခန့်မှာ pak bang ဆိုတဲ့ မြို့မှာ တစ်ညတာအနားယူ အိပ်စက်ကြပါတယ်။ ဒီမှာတော့ ဟော်တယ်ခ ထိုင်းဘတ် ၃၀၀ ပေးရပါတယ်။
Pak bang မြို့ရဲ့ရာသီဥတုက အလွန်သာယာတယ် နံနက်ပိုင်းအချိန်မှာ ရာသီဥတု အေးမြ မြ အရသာကို ခံစားရပါတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုလိုပဲ၊ pak bang မြို့မှာ ခေတ္တခဏ နေထိုင်ရတယ်ဆိုပေမယ့် ချမ်းချမ်းသာသာနေရတယ်ဆိုပါတော့။
သူတို့ရဲ့ လာအိုငွေဟာ မြန်မာငွေထက် အများကြီးငယ်တယ်ဆိုပေမယ့် အစစအရာရာ ဈေးကြီးလှတယ်။ ရေသန့်တစ်ဘူးကို လာအိုငွေ 3000 KIP ပေးရပါတယ်။ မြန်မာငွေဆိုရင် တော့ ရေသန့်တစ်ဘူးကို ၄၅၀ ခန့်ကျပါတယ်။ ကိုကာကိုလာ တစ်ဘူးကို KIP 10000, (မြန်မာငွေဆိုရင်တော့ ၁၅၀၀ ကျပ်) ပေးပြီးဝယ်သောက်ရပါတယ်။
ညဖက်စာရေးသူတို့ ပင်ပမ်းနွမ်းနယ်လာကြရာ အပမ်းပြေစေရန်အတွက် ဟော်တယ်မှာ Lao Tea ကို မှာသောက်ပါတယ်၊Lao Tea ဆိုလို့ လဘက်ရည်လို့ မထင်လိုက်ပါနဲ့၊ လဘက်ခြောက်နည်းနည်းထည့်ထားတဲ့ မြန်မာအခေါ် ရေနွေးကြမ်းပေါ့။ ရေနွေးကြမ်းတစ်ခွက်ကို 5000 KIP ပေးရတယ်။ မြန်မာငွေဆိုရင်တော့ ၇၅၀ ကျပ်ကြပါတယ်။
ကြားဖူးကြရဲ့လား အရပ်ကတို့ရေ……မဲခေါင်မြစ်ကမ်းနဖူးက pak bang မြို့မှာ ရေနွေးကြမ်းတစ်ခွက်ကို မြန်မာငွေ ၇၅၀ ကျပ်ပေးပြီး ၀ယ်သောက်ခဲ့ရတယ်။ နမြောသော်လည်း မတတ်နိုင် သောက်လိုက်ရတာပါပဲ၊ ညဖက် အိပ်ရာဝင်ကြကာ မနက်စောစောထပြီး ဆိုင်တစ်ဆိုင်မှာ သုံးယောက်သား ထမင်းကြော်စားကြပါတယ်။ ထမင်းကြော်တစ်ပွဲက KIT 15000 ၊ မြန်မာငွေဆိုရင်တော့ ၂၂၅၀ ကျပ်လောက်ကျပါ တယ်။
Loung prabang မြို့ကို မော်တော်ဘုတ်က နံနက် ၉ နာရီမှာ ထွက်ခွာမယ်လို့ စုံစမ်းသိရတဲ့အတွက် ဦးကုမာရနှင့်စာရေးသူတို့ နှစ်ဦးသား နေ့လည်စာအတွက် ကြိုတင်ပြီး ၀ယ်ယူကြပါတယ်။ ထမင်းကြော်က သုံးပွဲ၊ sand wiches အသားညှပ် ပေါင်မုန့် က သုံးခု၊တစ်ခုလျှင် 10000KIP မြန်မာငွေ ၁၅၀၀ ကျပ်ကြပါတယ်။ လာအိုနိုင်ငံမှာ ဈေးဝယ်ရင် ထောင်ဂဏန်းလောက် အနည်းဆုံးပေးရတယ်။
ဟောင်စီ(Houei Xai )မှ လောပရန်ဘန်(Loungprabang)သို့ မော်တော်ဖြင့် တစ်ည အိပ်နှစ်ရက်ခရီးလာရပါတယ်။ ကီလိုမီတာ ၆၀၀ အနည်းဆုံးရှိပါတယ်။
မဲခေါင်မြစ်ကြောင်းတစ်လျှောက် သတိထားမိတာက ကမ်းတစ်ဖက်တစ်ချက်မှာ ကျွန်းပင်များကို ကမ်းခြေတစ်လျှောက် စိုက်ထားတာကို တွေ့ရပါတယ်။ တစ်ချို့တောင်တွေမှာ သစ်ပင်မရှိ မြေသားပြင်ကြီးတွေ့ရတဲ့အတွက် တောင်ယာအလုပ်အကိုင်ကို လုပ်ကိုင်ကြသူများလည်း ရှိတယ်လို့ ယူဆရပါတယ်၊ တစ်ချို့ဆို မဲခေါင်မြစ်အတွင်း လှေလေးကိုယ်စီဖြင့် ပိုက်မျော၊ပိုက်ထောင် လုပ်ကိုင်နေကြ တဲ့အတွက် တံငါအလုပ်ကိုလည်း ဟင်းလျာရဖို့အရေး ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ လာအိုနိုင်ငံသူများဟာ ယိုးဒယားသူများနဲ့ ဆင်ပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ ပအိုဝ်သူလေးများနဲ့ ဆင်တူပါတယ်။ ရေမြေဒေသကလည်း မြန်မာပြည်ရှမ်းပြည်နယ်နဲ့ အဆင်တူပါတယ်။
မဲခေါင်မြစ်တစ်လျှောက်မှာ ကျောက်ဆောင် ကျောက်တုံးများ လွန်စွာပေါများတဲ့ အတွက် မော်တော်စီးရတာ အလွန်အန္တရာယ်များတယ်လို့ ဆိုရမယ်။ ဒါပေမယ့် မော်တော် မောင်းသူများက ကျွမ်းကျင်လှတဲ့ အတွက် စိတ်ချစွာ သွားလာနိုင်ပါတယ်။
တကယ်လို့ မော်တော်နဲ့ မသွားချင်ဘူးဆိုပါရင် ကုန်းလမ်းကနေ ကားဖြင့် သွားမယ်ဆိုလဲ ရပါတယ်လို့ သိရတယ်။ သတိထားရမှာက ကားလမ်းမှာ တောင်တက်တောင်ဆင်း လမ်း အကွေ့တွေ အလွန်များတဲ့အတွက် အန္တရာယ်များတယ် လို့ဆိုပါတယ်။ဒါကြောင့်လည်း စာရေးသူတို့ ဒီမဲခေါင်မြစ်အတိုင်း မော်တော်စီးဖို့ ရွေးချယ်မိတာပါ။
၂၂.၅.၂၀၀၉
ဒီလိုနဲ့ စာရေးသူတို့ စီးလာတဲ့ မော်တော်ဘုတ်ဟာ ညနေ ၆ နာရီလောက်မှာ လောပရာဘန် (loungprabang)သို့ ဆိုက်ကပ်ပါတယ်၊ ဆိပ်ကမ်းရောက်တယ်ဆိုရင်ပဲ ကမ်းနာတွင် လူကြီးလူငယ်လူရွယ်များက စာရွက်လေးတွေကိုင်ပြီး တည်းခိုခမ်းကြော်ညာနေတာကို တွေ့ရပါတယ်။ စာရေးသူတို့လည်း ဟော်တယ်မှာပဲ တည်းကြပါတယ်။ တည်းခတစ်ညကို (၃)ယောက်ခန်း၊ ထိုင်းဘတ်ငွေ ၄၀၀ ကျပါတယ်။
တည်းခိုခန်းရောက်တော့ ရေချိုးလိုက်တဲ့အခါကျတော့မှ တစ်နေ့လုံးပမ်းသမျှ လန်းလာပါ တော့တယ်။
ညဖက်ကျတော့ စာရေးသူနှင့်ဦးကုမာရတို့နှစ်ဦး မြို့ထဲသွားကာ အင်တာနက်ကဖေးဆိုင် ရှာဖွေရာ အဆင်သင့်တွေ့တဲ့အတွင်နှစ်ဦးသား နက်သုံးကြပါတယ်။
ပြီး မြို့ထဲတွင် ညဖက်ဗဟုသုတရအောင် ၉၆၉၃ ကိုသုံးပြီး ခြေလျင်လျှောက်ကြတယ်။ Loungprabang မြို့လေးရဲ့ ညရှုခင်းကတော့ အိမ်အတော်များများမှာ မီးလုံးများစွာတို့ဖြင့် ထွန်းထားတဲ့အတွက် လျှပ်စစ်မီးများ အလွန်သုံးနိုင်တဲ့ မြို့လို့ဆိုရပါမယ်။ ညရှုခင်းမြင်ကွင်းကို စာရေးသူတို့အဖို့ မြင်ရတာ စိတ်ချမ်းသာလှပါတယ်။
ဒီမြို့ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီး သည်များ အရောက်များကြတယ်။ စာရေးသူတို့ ရောက်တဲ့နေ့ကဆိုလျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တစ်ရာကျော်ခန့် ရှိမည် ဟုခန့်မှန်းရပါတယ်။ ဘာ့ကြောင့် နိုင်ငံခြားခရီးသည်များ ဒီနေရာကို အရောက်များရတာလဲ ဆိုရင် ဒီ Loungprabang ရော်ပရာဘန် မြို့မှာ ရှေးဟောင်း အမွေအနှစ်များကို မပြုမပြင်ပဲ ထားရှိတဲ့အတွက် The world heri tage city ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်မြို့တော် ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များဟာ ဒီ The world heri tage city ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့တော်ကို ပွင့်လင်းရာသီမှာ နေ့စဉ်နှင့်အမျှ တစ်ရာကျော်ခန့် ရောက်ရှိနေကြတာကို တွေ့မြင်ရပါတယ်။
ရှေးဟောင်းအမွေအနှစ်ဆိုလို့ လောနိုင်ငံက အင်တာနက်ပေါ်တင်ပြီး ကြော်ညာထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည်များ အသိများလာရခြင်းဖြစ်တယ်။
ယခုလည်းစာရေးသူတို့ ဒီနေရာကို သွားရတာကလည်း အင်တာနက်ကနေတစ်ဆင့် website တွေကြည့်ပြီး နယ်စပ်ဖြတ်ပြီး arrival visa ကို အလွယ်တကူရတဲ့အတွက် ဒီလမ်းကြောင်းကနေ သွားကြသလို တစ်ခြား ကမ္ဘာလှည့်ခရိးသည်တွေလည်း အဲလိုပဲ သွားလည်ကြတာ ဖြစ်ပါတယ်။ တကယ်လို့ လောနိုင်ငံ visa ရဖို့အတွက် ဘန်ကောက်ပြန် visa ထုနေရမယ်ဆိုရင်တော့ ဒီလမ်းကြောင်းကနေ သွားဖြစ်ကြမှာ မဟုတ်ပါ။ ဒီလိုပါပဲ ရွှေတြိဂံနယ်မြေ မြန်မာဖက်ကမ်းမှာလည်း Imagration office ရုံးဖွင့်ပြီး arrival visa ပေးနိုင်ခဲ့မည်ဆိုပါက ခရီးသည်များ ရွှေတြိဂံကနေတဆင့် မြန်မာပြည် ထဲဝင်လာနိုင်တယ် လို့ တွေးမိပါတယ်။ဒါဆိုရင် နိုင်ငံခြားငွေ အများကြီးရ ရှိမှာဖြစ်ပါ တယ်။(ဆက်လက်ဖေါ်ပြဦးမည်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More