၂၀.၅.၂၀၀၉
နံနက် စောစောထကာ ခရီးသွားမှတ်တမ်းရေးနေခဲ့ပါတယ်၊ ရေးလို့မှမပြီးသေး၊ ခရီးထွက်ဖို့ အချိန်ရောက်လာပြီဖြစ်တဲ့အတွက် စာရေးတာကို ရပ်နားပြီး ခရီးထွက်ဖို့ အထုပ်အပိုးပြင်ဆင် ရပါတော့တယ်။ ပစ္စည်းများ မကျန်အောင်လည်း ဂရုစိုက်ရတယ်။ ဘာ ကြောင့်တုန်းဆိုရင် ချင်းမိုင်ကို ပြန်လာဖို့ ရာ ခရီးစဉ်ထဲမပါတဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါနဲ့ နံနက် ၅း၃၀ မှာ ချင်းမိုင်မြန်မာကျောင်းရှေ့က ထိုင်းအမျိုးသမီးရဲ့ ကားနဲ့ ကားဂိတ်ကို လိုက်ပို့ပါတယ်။
ကားဂိတ်ရောက်တော့ ကားလက်မှတ်ဝယ်ဖို့ စုံစမ်းကြရာ ချင်းမိုင်ကနေ ရွှေတြိဂံကို တိုက်ရိုက်ပြေးဆွဲတဲ့ Bus မရှိဘူး၊ ချင်းမိုင် = ချင်းရိုင်=ရွှေတြိဂံ အဲလို အဆင့်ဆင့်စီးရမယ်ဆိုတာ သိလိုရတယ်။ Chiang mai မှ Chiang Rai သွားတဲ့ ကားလက်မှတ် ဖြတ်လိုက်တယ်၊ တစ်ယောက်ကို ၁၂၂ ဘတ် ပေးရပါတယ်။ ချင်းမိုင်မှ ချင်းရိုင် သို့ အကွာအဝေးကို google Earth မှာ မျဉ်းဖြောင့် ဆွဲကြည့်တော့ ၁၀၆.၈ မိုင် ရှိတယ်၊ဒါဆို ခန့်မှန်း မိုင်ပေါင်း ၁၀၀ ကျော်ခန့် ကွာဝေးမယ်လို့ ခန့်မှန်းရပါတယ်။ ချင်းမိုင်မှ နံနက် ၇ နာရီခန့်က စတင်ထွက်ခွာလာရာ ၁၀ နာရီလောက်မှာချင်းရိုင်မြို့ကို ရောက်ရှိပါတယ်။
တဖန် Chiang Rai မှ Golden Triangle သို့ သွားမည့် ကားကို ရှာဖွေရာ မရှိတော့ကြောင်းသိရတဲ့အတွက် Taxi ကားတစ်စီးကို ထိုင်းဘတ် ၈၀၀ ဖြင့် ငှားလိုက်ပါတယ်။ လမ်းရောက်တော့ ဆွမ်းချိန်က နီးကပ်နေတဲ့အတွက် ကားရပ်ကာ နီးရာဆိုင်ဝင်ပြီး နေ့ဆွမ်းစားကြတယ်၊ အဲဒီမှာ ဆွမ်းမရှိတဲ့အတွက် ထိုင်းအစားအသောက်တစ်ခု ဖြစ်တဲ့ ကွီးတရုတ် နဲ့ပဲ တင်းတိမ်ခဲ့ရပါတော့တယ်။
Golden Triangle ရွှေတြိဂံနယ်မြေ ( ဓါတ်ပုံများ ဤနေရာမှာ ကြည့်ရန်)
နေ့ဆွမ်းဘုဉ်းပေးပြီး ခရီးဆက်ခဲ့ပါတယ်။ ဒါနဲ့ ရွှေတြိဂံနယ်မြေကို ရောက်ခဲ့တယ်ဆိုပါတော့ ရွှေတြိဂံနယ်မြေရောက်တယ်ဆိုရင်ပဲ အလွန်မြင်ချင်နေတဲ့ မဲခေါင်မြစ်ကြီးကို မြင်လိုက်ရတယ် ၊ ခရီးပန်းလို့ နွမ်းသမျှ လန်းခဲ့ရတယ်ပေါ့။
Golden Triangle ရဲ့ ဆိပ်ကမ်းရောက်တော့ မဲခေါင်မြစ်အတွင်း စပိဘုတ်ဖြင့် လည်ပတ်ကြပါတယ်။စပိဘုတ် အတွက်ကျသင့်ငွေက တစ်ဦးလျှင် ထိုင်းဘတ် ၅၀၀ ပါ။ အဲဒီမှာ ပါလာတဲ့ ဘုန်းဘုန်းများကတော့ မော်တောင်ဆရာတော်ရယ်၊ စာရေးသူ၊ဦးကုမာရ၊ ချင်းမိုင်မြန်မာကျောင်းမှ ဦးဣန္ဒ၀ံသ လေးပါးဖြစ်တယ်။
မဲခေါင်မြစ်အတွင်း စပိဘုတ် နဲ့ စတင်ထွက်ခွာခဲ့ပါတယ် ၊ ဖြစ်ချင်လို့ပဲလား၊ တိုက်ဆိုင်လို့ပဲလားတော့မသိ၊ Golden Triangle ရဲ့ မြစ်လယ် မြစ်ဆုံကို ရောက်တယ်ဆိုရင်ပဲ စပိဘုတ်အင်ဂျင်စက်ပျက်ပါလေရော၊ တွေးမိသေးတယ်။ စာရေးသူတို့တော့ ရွှေတြိဂံနယ်မြေ ရဲ့ အလယ်ဗဟိုမှာ အချိန်အကြာကြီး နေခဲ့ရပြီဟေ့ လို့ ဆိုပြီး ၀မ်းသာ ကြည်နူးခဲ့ရတဲ့အပြင် မြန်မာ၊ထိုင်း၊လာအို သုံးနိုင်ငံရဲ့ အကြား မဲခေါင်မြစ်လယ်မှာ ခေတ္တနေလိုက်ရတဲ့ အရသာလေးကို ခံစားပီတိဖြစ်ရင်း မကြာမီ စပိဘုတ်တစ်စင်း ရောက်လာတဲ့အတွက် စာရေးသူတို့ လှေပြောင်းပြီး စီးခဲ့ရတယ်။
ရွှေတြိဂံနယ်မြေကို ထိုင်းနိုင်ငံကနေ ကြည့်မယ်ဆိုရင် မြောက်ဖက်မှာ မြန်မာနိုင်ငံ၊ အရှေ့ဖက်မှာ လောနိုင်ငံ ဖြစ်ပါတယ်။ စပိဘုတ်လေးဟာ ပထမဦးစွာ မဲခေါင်မြစ်ကို ဆန်တက်သွားပါတယ်၊ စပိဘုတ်က မြန်တဲ့အတွက် ၁၅ မိနစ်ခန့် ခုတ်မောင်းတယ်ဆိုရင်ပဲ မြန်မာပြည်ဖက်ကမ်းအနီးကို ရောက်ရှိသွားပါတယ်။မြန်မာကမ်းအနီးရောက်တော့ ကုန်းပေါ်မှာ နန်းတော်ပုံသဏ္ဍာန် အဆောက်အဦးကြီးတွေကို မြင်ရပါတယ်၊ နောက်သိလိုက်ရတာကတော့ ကာစီနိုရုံကြီးတွေလို့ သိရပါတယ်။
သည်လိုနဲ့ မြန်မာကမ်းအနီး ရောက်တော့ ကမ်းဆိုက်ကပ်လို့ ရမလား လို့ မေးကြည့်တော့ တက်ခွင့်မရှိဘူးလို့ ပြောပါတယ်။ မြန်မာကမ်းဖက်မှာ တိတ်ဆိတ်ပြီးနေတော့တယ် လူလည်းသိပ်မတွေ့ရဘူး။ ဥပမာပေးရရင် လူမရှိတဲ့ အိမ်အိုကြီးမှာ ပြိတ္တာချောက်နေသလိုပါပဲ။
Golden Triangle မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်မှာ ထိုင်းနဲ့ လာအို ကမ်းခြေတို့ က အလွန်စည်ကားပြီး၊ မြန်မာဖက်ကမ်းခြေမှာတော့ ကမ္ဘာလှည့်ခရီးသည်များ တက်ခွင့်မရှိတဲ့အတွက် ခြောက်သွေ့နေတာကို မြင်ခဲ့ရပါတယ်။ မြန်မာဖြစ်တဲ့ စာရေးသူတို့ မြန်မာကမ်းကို မတက်ရပေမယ့် လောနိုင်ငံကို တော့ နားလည်မှုနဲ့ တက်ခွင့်ပေးခဲ့တဲ့အတွက် မိနစ် သုံးဆယ်အကြာ တက်လည်ခွင့်ရခဲ့ပါ တယ်။အဲဒီ လောနိုင်ငံရဲ့ ကမ်းခြေမှာ ကမ္ဘာလှည့်ခရီးသည်များအတွက် ရည်ရွယ်ကာ သူတို့နိုင်ငံက ထွက်တဲ့ ရိုးရာ ပစ္စည်းမျိုးစုံကို ရောင်းချနေတဲ့ ဈေးကြီးတစ်ခုလည်း မြင်ခဲ့ရတယ်။
မြန်မာနိုင်ငံဖက်မှာလည်း ဒီလိုသာ Tourisim တွေကို တက်ခွင့်ပေးခဲ့မယ် ဆိုရင် နိုင်ငံခြားငွေ ဘယ်လောက်ရလိုက်မလဲ လို့ အမိမြန်မာနိင်ငံအတွက် တွေးမိပါသေးတယ်။ စိတ်မကောင်းရုံမှတစ်ပါး မည်သို့မျှမတတ်နိုင်ပါ။ (Tourisim တွေကို ဘယ်လမ်းကြောင်းက လာခွင့်ပေးလဲဆိုတာ မသိရပါ)
Golden Triangle ရဲ့ချစ်ရာကောင်းတဲ့ စီးပွားရေးတစ်ခု
ဒီလိုနဲ့ မဲခေါင်မြစ်အတွင်း စပိဘုတ်စီးပြီးGolden Triangle ထိုင်းကမ်းခြေသို့ ပြန်တက်လာသောအခါ အံ့သြစရာတစ်ခုကို မြင်လိုက်ရတယ်။ ထိုင်းအမျိုးသမီးတစ်ယောက်က စာရေးသူတို့ ပုံတွေပါတဲ့ ကြွေပုဂံပြားလေးတွေ တစ်ခုကို ဘတ် ၁၀၀ ဆိုပြီး ရောင်းပါတော့ တယ်။ စာရေးသူတစ်ယောက်ထဲမဟုတ်၊ ဘုန်းကြီးလေးပါးစလုံး ကို ရိုက်ထားတာ မြင်လိုက်ရတော့ အံ့သြလို့ကို မဆုံးတော့ဘူး၊ ပုဂံပြားအလယ်မှာ စာရေးသူတို့ပုံများပါအောင် ဘယ်အချိန်က ဓါတ်ပုံရိုက်လိုက်တာလဲ လျင်လိုက်တာလို့ တွေးမိတယ်၊ နောက် တဖြေးဖြေး စဉ်းစားတော့ မှ ၀၀ဖိုက်ဖိုက်ထိုင်းအမျိုးသမီးတစ်ယောက် စာရေးသူကို ဓါတ်ပုံရိုက်တာ သတိရလိုက်တယ်။ စာရေးသူကတောင် Thanks you ဆိုပြီး ကျေးဇူးတင်စကားတောင် ပြောမိပါရဲ့၊ ဘယ်မဟုတ်မလဲ သူတို့က ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံစတေကာကို ပုဂံပြားအလယ်မှာ ကပ်ပြီး ရောင်းတာ ကိုယ့်ပုံပါတော့ ဘယ်သူက မ၀ယ်ဘဲ ရှိပါ့မလဲ၊ ပိုင်လိုက်တဲ့ အကြံ ဒါကို စာရေးသူက ကိုယ့်ကို ဓါတ်ပုံရိုက်တယ်ဆိုပြီး ကျေးဇူးတောင်တင်လိုက်သေး……. ရွှေတြိဂံသူများရယ်……ပိုင်ပါပေ့……..လို့ ရိုးသားစွာ စီးပွားရှာနေကြတဲ့ ထိုင်းအမျိုးသမီးလေးများကို ချီးကျူးမိပါတော့တယ်။
Golden Triangle Tample
Golden Triangle ရှိ ရွှေရောင်ဝင်းဝင်းပြောင်နေတဲ့ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော် ကြီးကိုလည်း ကြည်ညိုဖွယ်ရာ ဖူးတွေ့လိုက်ရပါတော့တယ်။ အဲဒီမှာ ထေရ၀ါဒ မျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ တစ်ချို့အရာတွေဟာ အဆင်မပြေဘူး။
အဲဒါက ဘုရားပေါ်တက်လိုက်တယ်ဆိုရင်ပဲ အရှေ့မှာ ကွမ်ယင်မယ်တော်ပုံနှင့် (ဟိန္ဒူနတ်လို့ထင်ရတဲ့) လက်ပေါင်းများစွာ ရှိတဲ့ မယ်တော်ပုံတစ်ခုရယ် ကို စကြင်ကျောက်ဖြင့် ထုလုပ်ထားတာကိုတွေ့ရတယ်။ တစ်ချို့နေရာမှာကျတော့ ဘုရားဖူးလာသူ အချို့က ကြုပ်တစ်ခုကို ကိုင်ပြီး လိုရာဆုကိုတောင်းကာ ဂလောက် ဂလောက်ဆိုပြီး လက်လုပ်ရမ်းနေတာလည်း တွေ့ရတယ်။ ဘုရားရဲ့ မြောက်ဖက်ကို ဆင်းသွားတဲ့အခါ ဘိုးတီပွား အရုပ်ကြီးကို လည်း မြင်ရတယ်၊ ဒီအရုပ် ကြီးရဲ့တစ်ဖက်တစ်ချက်မှာတော့ (Donation Box) လို့ရေးထားတဲ့ ကတော့လို သံကတော့ကြီးနှစ်ခု(အလှူခံပုံး)ကိုလည်း တစ်ဖက်တစ်ချက်တွေ့ရတယ်။
အဲဒီသံကတွတ်ကြီးမှတဆင့် စယောက်ကို သွယ်တန်းထားတယ် ၊ နောက်ဆုံး အဲဒီသံစယောက်ဟာ ဘိုးတီပွားရဲ့ ဗိုက် ချက် ကနေတဆင့် ဗိုက်ထဲကို သွယ်ထားပါတယ်၊ အဓိပ္ပါယ်ကတော့ ပိုက်ဆံ ကတော့ထဲဝင်သွားတယ်ဆိုရင် စယောက်ကနေတဆင့် ဘိုးတီပွားဗိုက်ထဲ ရောက်သွားမယ် ၊ အဲဒီလိုရောက်သွားရင် စီးပွားလာဘ်လာဘ တိုးတက်မယ်ပေါ့၊ ဒါဟာ မဟာယာန အလွန်ဆန်သွားပါပြီ လို့ ထင်ပါတယ်။ လူများဟာ လောကီ စီးပွားရေးကို အချောင်လိုချင်လို့ ဖြတ်လမ်းကပဲ လိုက်ချင်နေကြတာကို အထင်းသား ပေါ်လွင်နေပါတော့တယ်။ ဘာသာရေးမှာ weak ဖြစ်တယ်လို့ပဲ ပြောရမှာပဲ။
သို့နှင့် ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း စပိဘုတ်နဲ့ လည်ခဲ့ရာက ထိုင်းနိုင်ငံ ကမ်းခြေဖက်ပြန်ရောက်ပါတယ်။ အဲဒီအခါ စာရေးသူမှာ ထိုင်းဘတ်လိုနေတဲ့အတွက် Money Changer မှာ ငွေသွားလဲပါတယ်၊ စာရေးသူက ပထမ ဒေါ်လာ ၁၀၀ ကှို money changer မှ လူအား ပေးလိုက်ပါတယ်။ ဒေါ်လာစစ်မစစ် အလွန်ကြာအောင်ကြည့်ရှုပီး ထိုင်းဘတ်ငွေကို ပေးပါတယ်၊ ငွေလှဲရာမှာ ဒီအတိုင်း မလဲပေးပါဘူး၊ ပါ့စ်ပို့ တောင်းကြည့်တာကို ခံရတယ်။ ပါ့စ်ပို့မပါလို့ကတော့ လှဲလို့ရဟန်မတူဘူး၊ အပြင်မှာတော့ အမဲလှဲလို့ရတာတော့ ၇ှိတာပေါ့။ ဒီတုန်းက ငွေလှဲနှုန်းက $1 = 34.06ဘတ် ဖြစ်ပါတယ်။
ဒီလိုနဲ့ Golden Triangle မှ Chiang Sai သို့ ထိုင်းဘတ် ၃၀၀ပေးပြီး ကားစီးလာ ခဲ့ပါတယ်။ကားမောင်းသမားက ဗမာဖြစ်နေတဲ့အတွက် ရှေ့ဆက်ရမဲ့ခရီးကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်။
Chiang Sai မြို့ကို ရောက်ပါတယ်၊ဒီကတဆင့် ချင်းခေါင်မြို့ကို တဖန် စီးရပြန်တယ်။ ဘာ့ကြောင့် ချင်းခေါင်အထိစီးရတာလဲဆိုရင် Immigration Office က ချင်းခေါင်မြို့မှာရှိတယ်၊ ဒါကြောင့် Chiang Sai မြို့မှတဆင့် Chiang Choung(ချင်းခေါင်နယ်စပ်မြို့)သို့ ကားဖြင့်လာခဲ့ရပါတယ် အချိန် ၂ နာရီခန့် ကားစီးရပါတယ်။
သို့နှင့် Chiang Choung သို့ ရောက်ခဲ့ပါတယ်။ ရောက်တယ်ဆိုရင်ပဲ immigration office မှာ အထွက်ပြကာ လာအိုနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဟောင်စီမြို့သို့ ကုတို့လှေဖြင့် ကူးပါတယ်။ (ဆက်လက်ရေးသားပါဦးမည်)
Sunday, June 14, 2009
ခရီးသွားမှတ်တမ်း(၅)
Posted in: ခရီးသွားမှတ်တမ်း
0 comments:
Post a Comment