လောနိုင်ငံနဲ့ အမိမြန်မာနိင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါရင် မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်များ ပိုမိုများတာ တွေ့ရပါတယ်။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေကို အင်တာနက်ကနေ ကမ္ဘာကို ကြေညာမယ်ဆိုရင် ကမ္ဘာက အသိများ လာမှာပါ။ အဲဒီအခါ နိုင်ငံခြားသားခရီးသည်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြပြီး နိုင်ငံခြားဝင်ငွေ အများကြီး ရလာနိုင်မယ်လို့ တွေးမိပါတယ် ။
ညဉ့်ဖက် လောပရာဘန်မြို့အတွင်း ချေလျင်သွားခဲ့ကြပြီး ည ၉း၃၀ ခန့် တည်းခိုရာ ဟော်တယ်သို့ ပြန်လာခဲ့ကြတယ်၊ ဒီလိုနဲ့ ညဉ့်နက်လာသောအခါ အတူလိုက်ပါလာတဲ့ သီတင်းသုံးဖေါ်နှစ်ဦးမှာ ခရီးပမ်းတဲ့အတွက် အိပ်ပျော်သွားကြပေမယ့် စာရေးသူမှာတော့ ထုံးစံအတိုင်း တွေ့ကြုံခဲ့သမျှ အတိုးချပြီး စာတွေကို မက်မောစွာ ရေးနေမိပါတော့တယ်၊ ည ၁၁ နာရီခန့်မှ အိပ်ရာဝင်ခဲ့တယ်ဆိုပါတော့။
Morning beautiful of Loungprabang လောပရာဘန်မြို့ရဲ့နံနက်ခင်းအလှ
၂၃.၅.၂၀၀၉
နံနက်၅း၃၀မှာ တည်းခိုရာဟော်တယ်အနီး ဘုန်းတော်ကြီးကျောင်းမှ အုံးမောင်းခေါက်သံ ကြားရသဖြင့် မြန်မာပြည်နှင့် ကွာခြားမှုမရှိလှ။ နံနက် စောစောအိပ်ရာထကြကာ ရေချိုးပြီး နံနက် ၆း၃၀ နာရီခန့်တွင် စာရေးသူတို့ သုံးဦးသား မနက်စာစားရန် မြို့ထဲ ထွက်လာခဲ့ကြတယ်။ လမ်းများက ကတ္တရာလမ်းဖြစ်ပြီး လမ်းခင်းထားတာ အလွန် ကောင်းပါ တယ်။ ဒါ့အပြင် လမ်းပေါ်မှာ အမှိုက်များ လုံးဝမရှိ၊ ကွမ်းတံတွေး ထွေးထားတဲ့နေရာလည်း လုံးဝမရှိပါ။
ဒါတင်မက မဲခေါင်မြစ်အတွင်း မော်တော်စီးလာတုန်းက မော်တော်ပေါ်ကနေ မြစ်ထဲသို့ အမှိုက်ပစ်ချသူ လုံးဝမတွေ့ရပါ။ ကိုယ့်အမှိုက်ကို ကိုယ်စနစ်တကျထားကာ မော်တော်ပေါ်ထားရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းရှိလှတဲ့အတွက် မြို့ကြီးသားများ ပီသပါစေစွ လို့လည်း ချီးကျူးမိပါတယ်။ အမိမြန်မာနိုင်ငံမှာဆိုလျှင် နယ်မြို့များတိုင်းမြို့များကို မဆိုထားနဲ့၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင် အမှိုက်ကို အလွယ်ပစ်ချလား ပစ်ချရဲ့၊ လမ်းမပေါ် ကွမ်းတံတွေး ထွေးလား ထွေးရဲ့ လမ်းမကြီးနံဘေးမှာ အန္တရာယ် လွယ်ထားမကောင်းဘူး ဆိုပြီး အကြောင်းပြကာ မရှက်မကြောက် ကျင်ငယ်စွန့်လားစွန့်ရဲ့နဲ့ မြို့ကြီးသားများ စည်းကမ်းရှိပါပေ့။ ပြောရရင်တော့ အတုယူစရာတွေ အများကြီးပါ။ ပြောရင်းနဲ့ စကားတောင်ဘယ်ရောက်မှန်း မသိတော့ ဘူး။
ခုနင်က လောပရာဘန်မြို့တွင်း မနက်မှာ လည်တာနဲ့ပတ်သက်ပြီး ပြန်ပြောပါ့မယ်။
အဲဒီမှာ Loungprabang မြို့လေးရဲ့ နံနက်ခင်းအလှတစ်ခုကို သွားတွေ့ပါတယ်။ ရဟန်းသံဃာတော်များ နံနက်ခင်း ၇ နာရီခန့်မှာ တန်းစီပြီး ဆွမ်းခံကြွတော်မူကြပါတယ်။
လောနိင်ငံမှ ရဟန်းသံဃာတော်များဟာ ထိုင်း၊ကမ္ဘောဒီးယားများသံဃာများနဲ့ ဆင်တူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်း အရောင်အသွေးတူညီကြပါတယ်။
ဒကာ/ဒကာများက ရဟန်းတော်များအား ဆွမ်းလောင်းတဲ့အခါမှာ လမ်းပေါ်မှာပဲ မိန်းမထိုင်(ပေါင်ယာထိုင်)နဲ့အတူ အခင်းမပါ ပြားဝပ်စွာ ထိုင်ပြီး ရိုသေစွာ ဆွမ်းလောင်းလှူကြပါတယ်။ ထူးခြားတာက ဆွမ်းလောင်းတဲ့အခါမှာ ကောက်ညှင်းပေါင်းကို အဆုပ်အဆုပ်လေးလုပ်က သပိတ်ထဲသို့ ညင်သာစွာ ပစ်ထည့်ကြပါတယ်။ အဲဒါကလည်း သပိတ်ကို လက်နဲ့ မထိမစေရန်၊ ရိုသေသည့်သဘောဖြင့် လက်နဲ့ ပစ်ထည့်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါ့မယ်)။
ထိုဆွမ်းလောင်းမှုနဲ့ပတ်သက်ပြီး မြန်မာ့အမြင်မှာတော့ မရိုမသေဖြစ်နေတယ်လို့ ထင်ရပြီး အမြင်ဆန်းနေပါတော့တယ်။ ဒါပေမဲ့ လောပြည်သူတို့ရဲ့ ဓလေ့အတိုင်း ရိုသေစွာပေးလှူကြတယ်လို့ပဲ မှတ်ယူရပါ့မယ်။
ဆွမ်းလောင်းပြီးတဲ့အခါ တစ်ချို့က အနီးရှိ ဘုရားသိမ်ထဲ သွားကာ သူတို့မှာပါလာတဲ့ ကောက်ညှင်းပေါင်းတွေကို အဆုပ်လေးတွေလုပ်ပြီး ဘုရားမှာ ကပ်လှူကာ ဘုရားဝတ်ပြုပြီး နေအိမ်သို့ ပြန်သွားကြပါတယ်။
ဒီလို နံနက်ခင်းမှာ တန်းစီပြီး ဆွမ်းခံကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များဟာ လောပရာဘန်ရဲ့ နံနက်ခင်းအလှတစ်ခု လို့တင်စားပြောလိုက်ချင်တယ်။ ဒီလိစိတ်ချမ်းမြေ့စရာုမြင်ကွင်းမျိုးကို စာရေးသူတို့ မြန်မာပြည်မှာလည်း နံနက်တိုင်း တွေ့မြင်နေကျဖြစ်လို့ မဆန်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အမြင်မှာတော့ ဆန်းတယ်လို့ ထင်ရပေမပေါ့။
ဒီလို သံဃာတော်များအား ဆွမ်းလောင်းလှူကြတာဟာ လာအိုပြည်သူတို့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို လာအိုတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလို့လည်း ဆိုရပါမယ်။ အဲဒါကိုပဲနံနက်ခင်းသံဃာတော်များအား ပေးလှူမှုဟာ အလွန်ယဉ်ကျေးသော အပြုအမူတရပ်ကို ဆောင်ရွက်ပြုမူကြတယ်(Morning Alms Giving Ceremony) လို့ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။
နံနက်စောစော ဒီမြင်ကွင်းကို စာရေးသူကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့အတွက် လောနိုင်ငံသူများရဲ့ စေတနာ သဒ္ဓါတရားနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကို တွေ့မြင်ခဲ့ရပါတယ်။
(လော်ပရာဘော်ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်များ)
The world heri tage of Loungprabang
စာရေးသူတို့လည်း နံနက်စာအတွက် ဥရောပစတိုင်ဖြင့် ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်သို့ဝင်ကာ send wiches ကို မှာစားကြပါတယ်။ ဆိုင်ဝန်ထမ်းများက ပေါင်မုန့် များနဲ့ အသားပြား၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊သခွားသီး၊ ချိစ်ပြား၊စတာတွေကို လာရောက်ချပေးပါတယ်။
ပြီးတော့ ဒါး-ဇွန်းများနှင့်အတူ အနက်ရောင် လေးထောင့်ပုဂံပြားလေးတွေကိုလည်း လာရောက်ချပေးပါတယ်။ စာရေးသူတို့လည်း ဗိုက်ဆာဆာနဲ့ စတိုင်လ်နဲ့မဟုတ်ဘဲ တောသားစားနည်းအတိုင်း လက်နဲ့ကိုင်ပြီး တ၀စားပါတော့တယ်။
ဒီမြို့မှာလည်း ရေနွေးကအစ ၀ယ်ရပါတယ်။ အလကား ဘာတစ်ခုမှ မရပါ။ အမိမြန်မာပြည်မှာဆိုလျှင် ရေနွေးကြမ်းကို ၀ယ်သောက်စရာမလိုပဲ အလကားသောက်ရပါတယ်။ အဲဒီမှာ send wiches ကို စားပြီးတဲ့အခါ ရေခဲရေ တ၀သောက်ပြီး ဆိုင်မှ ထွက်ခဲ့ကြပါတော့တယ်။
မဲခေါင်မြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း ရှေးဟောင်းအမွေအနှစ်များကို လေ့လာလည်ပတ်ဖို့ ကားငှားပါတယ်၊ အဲဒီရက်က ကားငှားရန်းခမှာ(310000)KIP ၊ မြန်မာငွေဆိုရင်တော့ 46500 ကျပ် ပေးရပါတယ်။
ကောင်းစီရေတံခွန်…
လောပရာဘန်မြို့ဝန်းကျင်မှာ ရေတံခွန်များစွာ ရှိတယ်။ ထိုရေတံခွန်များအနက် အကြီးဆုံးနှင့် ထူးခြားထင်ရှားဆုံးက ကောင်းစီရေတံခွန်ပါ။ ဒီရေတံခွန်ဟာ လောဘရာဘန်မြို့ရဲ့ အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်တွင် တည်ရှိပြီး ကားဖြင့် သွားလာနိုင်ပါတယ်။
စာရေးသူတို့လည်း တစ်နေ့တာငှားရမ်းထားတဲ့ ကားဖြင့် တစ်နာရီကျော်ကျော်ခန့် သွားမိတယ်ဆိုရင်ပဲ ကောင်းစီ ရေတံခွန်ကြီးကို ရောက်ရှိပါတယ်။ ဒီရေတံခွန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး ရောက်တဲ့ နေရာပဲဖြစ်တယ်။
စာရေးသူတို့ ရောက်သွားတဲ့ အချိန်က နံနက်ဖြစ်တော့ လူအနည်းငယ်ရှင်းနေပါတယ်။ နေ့လည်ဆိုရင်တော့ ရေတံခွန်တွင် လာရောက်အပမ်းဖြေသူ လည်ပတ်သူ လူအရေအတွက် အလွန်များတယ်လို့ သိရပါတယ်။ ရေတံခွန် ရောက်တယ်ဆိုရင် ဦးစွာ ဂိတ်ဝင်ကြေး ပေးရတယ်လို့ ပြောပါတယ်၊ စာရေးသူတို့ကတော့ ရဟန်းတွေမို့လို့ မပေးရပါ။ (လောနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်တယ်)
ဂိတ်အ၀င်ရဲ့ ဘယ်ဖက်ခြမ်းက ကွင်းပြင်မှာ သူတို့ရဲ့ Traditional ရိုးရာပစ္စည်းများ ရောင်းချနေကြတဲ့ ဆိုင်တန်းလေးတွေရှိတယ်။ စာရေးသူတို့လည်း အဲဒီမှာ အမှတ်တရ ပစ္စည်းလေးတွေဝယ်ပြီး ရေတံခွန်ဖက်သို့ ခြေလျင် ဖြင့် ငါးမိနစ်ကျော်ခန့်သွားပြီးတဲ့အခါ ရေတံခွန်ကို ရောက်ပါတယ်။ အလွန်မြင့်မားတဲ့ တောင်ထက်ကနေ ရေများ တစ်ဝုန်းဝုန်မြည်ကာ ကျနေပြီး စီးကျလာတဲ့ရေများဟာ အပြာရောင်ဖြစ်နေတာတွေ့ရပါတယ်။ ရေစီးကျတဲ့အရှိန်ကြောင့် ရေတံခွန်နားမှာ အေးမြတဲ့ အတွေ့ကို ခံစားရတဲ့အတွက် ခန္ဓာကိုယ်လည်း လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ခဏအပမ်းဖြေကာ ရေတံခွန်ဖက်ကနေ လာလမ်းအတိုင်းမပြန်တော့ဘဲ တောလမ်းအတိုင်း ခြေလျင် ပြန်ခဲ့ပါတယ်။ အဲဒီမှာ ၀က်ဝံများ ကောင်ရေ အနည်းဆုံး ၁၀ကောင် ခန့် မွေးထားတာကို မြင်ခဲ့ရပါသေးတယ်။
လောဘရာဘန်မြို့ အမျိုးသားပြတိုက်
(Laungprabang National Museum)
နောက်မြို့ထဲ ပြန်ရောက်လာတဲ့အခါ မြို့ထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ laungprabang,National Museum အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ကြပါတယ်။ ပြတိုက်အ၀င်ဝရဲ့ ညာဖက်မှာ (Temple architecture) သူတို့နိုင်ငံရဲ့ ဗိသုကာပညာဖြင့် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို တွေ့ရတယ်၊
အထဲဆက်ဝင်သွားတဲ့အခါ အမျိုးသားပြတိုက်ကြီးကို ရောက်ပါတယ် ဒီအမျိုးသားပြတိုက်ကြီးဟာ ဘုရင်အုပ်ချူပ်တဲ့ ခေတ်က ဘုရင့်နှင့် ဘုရင်မိသားစုများနေထိုင်ရာ ဘုရင်နန်းတော် တစ်ခုပါ။ အဲဒီမှာ ဘုရင်နေတဲ့အခန်း၊ မိဖုရားနေတဲ့အခန်း၊ဘုရင့်သားတော်များ နေတဲ့အခန်း၊ ထမင်းစားခန်း၊ ထီးနန်းသုံးတဲ့ အသုံးအဆောင်များကို ပြသထားတဲ့အပြင်၊ စေတီဘုရားများက ရရှိတဲ့ ၁၄ ရာစုနှစ်က ကြေးနဲ့တစ်မျိုး၊ကျောက်နဲ့တဖုံ ဖလ်နဲ့တသွယ် ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်များကိုလည်း တွေ့မြင်နိုင်ပါတယ်။နန်းတော်ခေတ်က အသုံးအဆောင်များကိုလည်း မြင်ရတယ်၊ တိုင်းခန်းလှည့်လယ်တဲ့အခါ ထုတဲ့ ကြေးမောင်းကြီးများကိုလည်း ပုံစံတစ်မျိုးဖြင့်မြင်ရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လာအိုဘုရင်အား လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ဘယ်နိုင်ငံကပေးတဲ့ လက်ဆောင်ဆိုပြီးစနစ်တကျ သူ့နေရာနဲ့သူ ထားပေးထားပါတယ်။ အဲဒီလက်ဆောင်များအနက် မြန်မာနိုင်ငံမှလည်း ပါဝင်နေတာကို အံ့သြစွာ တွေ့မြင်ခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်မှာ ဦးနေ၀င်းမှ လာအိုဘုရင်အား လက်ဆောင်အဖြစ် ဗုဒ္ဓ၀င်ရုပ်စုံပါ ငွေလင်ဘန်းတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးထားပါတယ်။ အမိမြန်မာနိုင်ငံမှ ပေးတဲ့လက်ဆောင်ကို ပြတိုက်မှာ စာနဲ့ တခမ်းတနား ပြသထားတာကို မြင်ရတော့ ပီတိဖြစ်မိသူကတော့ စာရေးသူပါ။
နေ့လည်စာကိုတော့ Loungprabang မြို့ မဲခေါင်းမြစ်ကမ်းနံဘေးက ဆိုင်တစ်ဆိုင်မှာ စားကြပါတယ်။ ဒီနေ့တော့ အထူးအဆန်းလေးတွေစားမယ်ဆိုပြီး မဲခေါင်မြစ်က ထွက်တဲ့ မဲခေါင် ရေညှိနဲ့လုပ်ထားတဲ့ ဟင်းလျာကို မှာယူစားကြတယ်။ ရေညှိကို အပြားလေးလုပ်ကာ နှမ်းဖြူးပြီး ကြော်ထားပါတယ်၊ အဲဒါကို ကောင်းညှင်းနဲ့ ပူးတွဲပြီး အချဉ်နဲ့တို့စားရပါတယ်။ မဲခေါင်မြစ်ကို မျှော်ကြည့်ရင်း မဲခေါင်ရေညှိအပါအ၀င် နေ့လည်စာ စားပြီး၊ ဟော်တယ်မှာ ခေတ္တခဏပြန်နားကြတယ်။
(The world heri tage) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် လို့ သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုက တန်တင်း လို့ခေါ်တဲ့ ပါ့ခ်ဦး လှိုင်ဂူပါ။
နေ့လည် တစ်နာရီခန့ှ်မှာ Tam Ting (Pak Ou Cave) တန်တင်းလို့ခေါ်တဲ့ ပါ့ခ်ဦး ဂူသို့ ကားဖြင့်သွားကြပါတယ်။ Loungprabang နဲ့ Pak Ou Cave ဟာ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ဒီပါ့ခ်ဦးဂူဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ ၄င်းနေရာကို Loungprabang မြို့ မှ ကားဖြင့်ဖြစ်စေ၊ ရေလမ်းခရီးမှ မဲခေါင်မြစ်အတိုင်း ဆန်တက်ကာ မော်တော်ဖြင့်ဖြစ်စေ သွားရောက်နိုင်ပါတယ်။(ဆက်လက်ရေးသားပါဦးမည်)