သန်းကောင်ယံက အမေးအဖြေများကို အကျယ်တ၀င့်ပြန်တင်ပေးထားပါတယ်။
ကလင်…….ကလင်…….ကလင်
အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ်မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါတယ်
တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါလဲ လို့ မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်တာတွေကို မေးလျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါတယ်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်ပါတယ်လို့ ပြောပါတယ်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန် နှင့် အကယ်၍ မမှန်ပါက ဘယ်လို ကျင့်သုံးရမည်ကို အဖြေပေးစေလိုပါသည် အရှင်ဘုရား……။
(၂) အဖေမပေါ်ဘဲ ကိုယ်ဝန်ရခဲ့သည့် မိန်းခလေးများဟာ် ထိုကိုယ်ဝန်ကို အလိုမရှိ၍ ဖျက်ချနေကြပါတယ်၊ ဒီလိုဖြစ်ရတာက စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုတွင် မိန်းခလေးများကို ဖမ်းဆီးခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခံရရာမှ မိန်းခလေးများတွင် သန္ဓေသားရရှိကြတယ်၊ မိန်းခလေးများဟာ ထိုသန္ဓေသားကို လူ့ဝန်းကျင်၌ မွေးဖွားရမှာ်ကို ရှက်လှတာက တစ်ကြောင်း၊ လူမဆန်သည့်သူများနှင့် သွေးစပ်၍ ရရှိလာတဲ့ သန္ဓေသားကိုလည်း ရွံမုန်းလှတ်ာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချနေကြပါတယ်၊ ထိုအတွက် ပါဏာတိပါတကံ ထိုက်မထိုက် ဗုဒ္ဓတရားတော်အရ အဖြေပေးစေလိုပါတယ်ဘုရား….။ဒါ့အပြင် လူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပိုးပေါင်းများစွာတို့သည် ပဋိဇီဝဆေးစားသုံးခြင်းဖြင့် သေကြေပျက်စီးသွားပါက ပါဏာတိပါတကံထိုက်မထိုက် သိလိုပါသည်ဘုရား….။
(၃) တပည့်တော်တို့ ယခု အခါ တရားအားထုတ်နေပါတယ်ဘုရား၊ ဒီလိုတရားအားထုတ်သောအခါ တရားအပေါ်မှာပဲ စိတ်ဝင်စားပြီး တရားပဲအားထုတ်နေချင်တဲ့စိတ်ပဲဖြစ်နေမိပါတယ်၊ နေ့စဉ်စားဝတ်နေရေးအတွက် ပြုလုပ်နေကျ အလုပ်ကိုလည်း မလုပ်ချင်တဲ့အတွက် အလုပ်တွေလည်း လစ်ဟင်းလာ ရပါတယ်ဘုရား၊ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲဘုရား။ တရားအားထုတ်တယ်ဆိုတာ ဘယ်နေရာဖြစ်ဖြစ် အားထုတ်လို့ရပါသလားဘုရား……၊ အားလုံးသိရအောင် အရှင်ဘုရား၏ ဘလော့ခ်ဆိုက်မှာ စာရေးပြီး ပို့စ်တင်ပေးပါဘုရား………။
(၄) ဆရာတော်တစ်ပါးရဲ့ တရာားရှုမှတ်နည်းတစ်ခုကို တပည့်တော်သူငယ်ချင်းများက ပြောပြပါတယ်၊ ထိုတရားက လောကတွင် ဘယ်အရာမဆို (ဘာမှမဟုတ်ဘူး) ဟူ၍ ရှုမှတ်ရမည်ဟု ပြောပါတယ်ဘုရား ၊ ထိုနည်းနှင့်ပတ်သက်၍ မှန်မမှန်ကိုလည်း တပည့်တော်မ သိလိုပါတယ်ဘုရား……..ဟု မေးခွန်းလေးချက် မေးလာပါတယ်။
ယုံမှားဖွယ်၊ ဒွိဟဖြစ်ဖွယ်ရာ တရားနည်းလမ်းများကို မသိနားမလည်သောကြောင့် မိမိအား အားကိုးတကြီး မေးလာတဲ့ သူမအား စာရေးသူက စာနာထောက်ထားကာ စွမ်းနိုင်သမျှ ပြန်လည် အဖြေပေးလိုက်ပါတယ် ။
(၁) သက်သတ်လွတ်စားခြင်းဖြင့် တရားအားထုတ်ရာမှာ ထိရောက်မှု ရှိပါတယ် ဆိုတဲ့ ပထမအမေးပြဿနာ…
သက်သတ်လွတ်နဲ့ပတ်သက်ပြီး အငြင်းပွားလာကြ ပြောဆိုလာကြတာဟာ အတော်ကြာခဲ့ပါပြီ၊ သက်သတ်လွတ်စားခြင်းဟာ အခုမှ ရှိလာတာမဟုတ်ပေ၊ ကဿပဘုရားရှင်လက်ထက်တော်ကတည်းက ရှိခဲ့ပါတယ်။ ဒါတောင်မှ ရှိတယ်ဆိုတာလောက်ပဲ ပြောနိုင်တာပါ
ဘယ်အချိန်ကပေါ်ပေါက်ခဲ့တယ်ဆိုတာကို ခန့်မှန်း ရလျှင် ကမ္ဘာဦးအစကပင်လျှင် ပေါ်ပေါက်ခဲ့တယ်လို့ ဆိုရပါ့မယ်၊ကမ္ဘာဦးလူသားတွေဟာ ကမ္ဘာမြေကြီးရဲ့ အဆီအနှစ်သြဇာတွေကို စတင်သုံးစွဲခဲ့ကြတာပါ။ ဒါကိုကြည့်ခြင်းဖြင့် သက်သတ်လွတ်ဟာ ကမ္ဘာဦးက စခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
ကြာခဲ့ပြီဖြစ်တဲ့ ထိုသက်သတ်လွတ်အကြောင်းကို လူများအကြား ယခုတိုင် သက်သတ်လွတ်စားသင့်၊ မစားသင့် ငြင်းခုံနေကြဆဲပါ။
ဗုဒ္ဓရဲ့ တွေးခေါ်ယူဆချက် ခံယူချက်တွေကို (The concept of a Buddha) မသိသေးသမျှကာလပတ်လုံး(လက်ခံယုံကြည်မှု မရှိသေးသ၍) ထိုသက်သတ်လွတ်စားခြင်း ပြဿနာကို ငြင်းခုံနေကြဦးမှာပါ။ ဗုဒ္ဓရဲ့အတွေးအခေါ်ယူဆချက်တွေကို သဘောပေါက်လျှင်တော့ သက်သတ်လွတ်စားသင့် မစားသင့် ဆိုတဲ့ ပြဿနာဟာ အဆုံးသတ်နိုင်ပါလိမ့်မယ်။
ဝိနည်းမဟာဝါပါဠိတော် ဘေသဇ္ဇခန္ဓက ၀ဂ်လာ သီဟစစ်သူကြီးအကြောင်းကို ဖေါ်ပြလိုပါတယ်၊ မြတ်ဗုဒ္ဓလက်ထက်တော်က ဝေသာလီပြည် လစ္ဆ၀ီမင်းများမှာ စစ်သူကြီးတစ်ယောက်ရှိခဲ့သည်။ သူ့နာမည်က သီဟ စစ်သူကြီး…..လို့ ခေါ်ပါတယ်၊ မြတ်ဗုဒ္ဓပွင့်တော်မူ ဆဲဖြစ်တဲ့အတွက် လစ္ဆ၀ီမင်းတို့ဟာ အများအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ဒါပေမယ့် သီဟ စစ်သူကြီးကတော့ ဗုဒ္ဓဘာသာဝင် မဟုတ်ရှာဘူး၊ တိတ္ထိဆရာကြီး (၆)ယောက်အနက် တစ်ယောက်ဖြစ်တဲ့ နိဓိဂဏ္ဍ နာတပုတ္တ ဆရာကြီးဆိုသူထံမှာ နည်းခံခဲ့ပါတယ်။
ထိုဆရာကြီးရဲ့ အယူဝါဒက လောကမှာ ရှိရှိသမျှ အရာဝတ္ထုတိုင်း အသက်ရှိတယ် ဆိုတဲ့အယူဝါဒပါ၊ ရေမှာလည်း အသက်ရှိတယ်၊ ဒါကြောင့် ရေကို အစိမ်းမသောက်ဘူး၊ ရေကျိုချက်တဲ့အခါမှာ ရေထဲရှိ ပိုးမွှားသေကုန်မှာဖြစ်တဲ့အတွက် သူတစ်ပါး ကျိုပေးသော ရေပူကိုမှ သူတို့ သောက်ကြရတယ်၊ ပြီးတော့ အ၀တ်ဝတ်ရင် အ၀တ်မှာ ကပ်ညှိနေတဲ့ ပိုးမွှားများ သေကုန်မှာစိုးတဲ့အတွက် အ၀တ်မ၀တ်ဘဲ ကိုယ်တုံးလုံးနေကြတယ်၊ နိဓိဂဏ္ဍ နာတပုတ္တ ဒိဋ္ဌိဆရာကြီးရဲ့ အယူဝါဒဟာ ယခုအချိန်အထိ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘာသာ ဆိုပီး အလွန်ထင်ရှား ပါတယ်။
ဘုရားလက်ထက်က ဗုဒ္ဓဘာသာဝင်တွေ အလွန်ပေါများတဲ့အတွက် ဗုဒ္ဓဂုဏ်တော်များ တရားဂုဏ်တော်များအကြောင်း ပြောဆိုကြတဲ့အခါ လစ္ဆ၀ီမင်းများက ပြောနိုင်ပေမယ့် သီဟ စစ်သူကြီးက ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အတွက် မပြောနိုင်ရှာဘူး၊ စစ်သူကြီးက ဒီဗုဒ္ဓနှင့်စပ်တဲ့အကြောင်းကို သိချင်တယ်၊ သိချင်တဲ့အတွက်စူးစမ်းချင်လာတယ်၊ ဒါနဲ့တစ်နေ့ ရဟန်းဂေါတမထံသွားမယ် လို့ စိတ်ကူးပါတယ်၊ ‘ငါဒီအတိုင်းသွားရင် ငါ့ဆရာကို ကျော်သလိုဖြစ်နေမယ်၊ငါ့ဆရာထံ ခွင့်တောင်းဦးမှ’ တွေးပီး ဒိဋ္ဌိဆရာကြီးထံသွားကာ ခွင့်တောင်းတယ်၊ ဆရာကြီးက ‘ ရဟန်းဂေါတမ ဟာ အကြိယ၀ါဒရှိတယ် ၊ သင်မသွားနဲ့’ ဟု ဗုဒ္ဓကို မကောင်းကြောင်းပြောကာ တားမြစ်တယ် ၊ စစ်သူကြီးပထမ အကြိမ်မသွားဖြစ်ဘူး၊ နောက်ဒုတိယအကြိမ် ခွင့်တောင်းပြန်တယ်၊ ဒါလည်း တားမြစ်ခံရပြန်တယ်၊ တတိယအကြိမ် ခွင့်တောင်းတော့လည်း ရှေးနည်းအတိုင်းဘဲ တားမြစ်ပြန်တယ်၊ နောက် တစ်ကြိမ်မှာတော့ ဆရာကြီးထံမသွားတော့ပဲ ဗုဒ္ဓထံသို့ ရောက်သွားပါတော့တယ်။
ဗုဒ္ဓထံရောက်တော့ စစ်သူကြီးက “ အရှင်ဘုရား…..အရှင်ဘုရားဟာ အကြိယ၀ါဒ(ဘာမျှ မပြုထိုက်) ဆိုတဲ့ အယူဝါဒ ရှိတယ်လို့ လူအများ ပြောနေကြပါတယ် ဘုရား ဟုတ်မဟုတ် သိချင်ပါတယ်ဘုရား” ဟုလျှောက်ထားသောအခါ ဗုဒ္ဓက….
သူတစ်ပါးက မြတ်စွာဘုရားဟာ မပြုထိုက်ဆိုတဲ့ အကြိယ၀ါဒရှိတယ်လို့ စွတ်စွဲပြောဆိုတဲ့အနေရာမှာ ပရိယာယ်နည်းနဲ့ တွေးရင် မှန်ပါတယ် စစ်သူကြီး၊ ဒါ့အပြင် ပြုထိုက်သူ ဆိုတဲ့ ကြိယ၀ါဒ ရှိတယ်လို့ ပြောလာရင်လည်း ပရိယာယ်တစ်နည်းအားဖြင့် မှန်ပါတယ်၊ ငါ့ကို သတ်ဖြတ်တတ်တယ်ဆိုတဲ့ ဥစ္ဆေဒအယူရှိသူဟု စွတ်စွဲရင်ဖြစ်စေ၊ စက်ဆုပ်ခြင်းသဘောရှိတယ် လို့ ပြောလျှင်ဖြစ်စေ၊ ဖျက်ဆီးတတ်တဲ့ သဘော ရှိတယ်လို့လည်း ပြောလျှင်ဖြစ်စေ၊ပူပန်စေတတ်တဲ့ဝါဒရှိတယ်လို့ ပြောလျှင်ဖြစ်စေ၊ နတ်ပြည်မရောက်အောင် ဟောတတ်သူဟု လည်း ပြောလျှင်ဖြစ်စေ၊ သက်သာရာ ရှာသူလို့လည်း ပြောလာလျှင်ဖြစ်စေ၊ ပရိယာယ်တစ်နည်းဖြင့် မှန်ပါတယ်လို့ပဲ ပြောရမှာပဲ စစ်သူကြီး၊ ယခုပြောခဲ့တဲ့ အယူအဆတွေကို နားလည်အောင် ပြောပြရပါမယ်။
ငါဘုရားဟာ… ဒုစရိုက်တွေကို မပြုထိုက်ဘူး လို့ ဟောပါတယ်၊ အကုသိုလ်မှန်သမျှ မပြုထိုက်ဘူးဟု ပြောပါတယ်၊ဒါကြောင့် ငါဘုရားကို မပြုထိုက်တဲ့ အကြိယ၀ါဒရှိသူလို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။
ငါဘုရားဟာ…သုစရိုက်ကုသိုလ်တရားတွေကို ပြုလုပ်ကြဖို့ ဟောပါတယ်၊ဒါကြောင့် ငါ့ကို ပြုထိုက်တဲ့ ကြိယ၀ါဒသမားဟု ပြောလိုက ပြောနိုင်ပါတယ်။
ငါဘုရားဟာ…လောဘ ၊ ဒေါသ ၊ မောဟ တရားများကို ဖြတ်ဖို့ရာ ဟောပါတယ်၊ အကုသိုလ်တရားမှန်သမျှကို ပယ်သတ်ဖို့ရာလည်း ဟောပါတယ်၊ ဒါကြောင့် ငါ့ကို သတ်ဖြတ်တတ်သူလို့ ဆိုချင်ဆိုနိင်ပါတယ်။
ငါဘုရားဟာ…မကောင်းတဲ့ အကျင့်စရိုက်တွေ ၊အကုသိုလ်တွေကို စက်ဆုပ်ရွံမုန်းတယ် ၊ရွံမုန်းစရာတွေပဲလို့လည်း တရားဟောပါ တယ်၊ ဒါကြောင့် ငါ့ကို စက်ဆုပ်စရာ ရွံမုန်းစရာကြီး လို့လည်း ခေါ်ချင်ခေါ်နိုင်ပါတယ်။
ငါဘုရားဟာ… လောဘ ၊ ဒေါသ၊ မောဟ တရားတွေကို ဖျက်ဆီးတတ်တယ်၊အကုသိုလ်တွေကိုလည်း ဖျက်ဆီးတတ်ပါတယ် ဖျက်ဆီးကြဖို့ကိုလည်း ဟောကြားပါတယ်၊ ဒါကြောင့် ငါ့ကို ဖျက်ဆီးသူ ဟု ပြောချင် ပြောနိုင်ပါတယ်။
ငါဘုရားဟာ… မကောင်းတဲ့ ဒုစရိုက်တရားတွေကို ပူပန်စေတတ်တယ်၊ အကုသိုလ်တရားမှန်သမျှကိုလည်း ပူပန်စေတတ်တယ်၊ ဒါကြောင့် ငါ့ကို ပူပန်စေတတ်သူဟု ဆိုချင် ဆိုနိုင်ပါတယ်။
ငါဘုရားဟာ… အ၀ိဇ္ဇာ တဏှာကို ပယ်ပြီးပြီ ဖြစ်လို့ ဘ၀အသစ်ဆိုတာမရှိတဲ့အတွက် နတ်ပြည်လည်းမရောက်တော့ပါဘူး၊ ဆင်းရဲခပ်သိမ်းကင်းတဲ့ နိဗ္ဗာန်ရောက်နိုင်တဲ့တရားကို ဟောပါတယ်၊ ဒါကြောင့် ငါ့ကို နတ်ပြည်မရောက်အောင် ဟောတဲ့သူလို့ လည်း ပြောချင်ပြောနိုင်ပါတယ်။
ငါဘုရားဟာ…..နိဗ္ဗာန်ဆိုတဲ့ သက်သာရာကို ရအောင် တရားဟောပါတယ်၊ ဒါကြောင့် ငါ့ကို သက်သာရာရှာသူလို့ ဆိုချင် ဆိုနိုင်ပါတယ်” လို့ ဗုဒ္ဓက ဖြေတော်မူခဲ့ပါသည်။
ထိုအဖြေတို့တွင် အတုယူစရာအချက်များ ပါဝင်နေပါတယ်၊ လူဆိုတာ ပတ်ဝန်းကျင်နှင့်မကင်းဘူး ၊ ပတ်ဝန်းကျင်က အဆိုးတရားတို့ဖြင့် တိုက်ခိုက်လာလျှင် မှန်ကန်တဲ့နှလုံးသွင်းမှုမျိုးဖြင့် အထက်ပါ မြတ်ဘုရား၏ အတွေးခေါ်ယူဆသလို ယူဆကာ နှလုံးသွင်းနိုင်မည်ဆိုလျှင် အကုသိုလ်မဖြစ်ပေါ်လာတော့ဘဲ ကုသိုလ်တရားများသာ ဖြစ်ပေါ်လာရပါလိမ့်မယ်၊ ကုသိုလ်ဖြစ်လျှင် ကောင်းတာတွေပဲ ဖြစ်လာတော့မှာပါ ၊ ဒါတွေဟာ အလွန် အတုယူစရာ၊ လိုက်နာ ကျင့်သုံးစရာကောင်းလှပါတယ်။
မြတ်စွာဘုရား တရားဆုံးတဲ့အခါ သီဟစစ်သူကြီးက “ အရှင်ဘုရား ….အရှင်ဘုရားရဲ့တရားတော်ဟာ နှစ်သက်ဖွယ်ကောင်းလှပါ တယ်ဘုရား၊ ယနေ့မှစ၍ တပည့်တော်အား ရတနာသုံးပါး ဆည်းကပ်တဲ့ ဥပသကာအဖြစ် မှတ်တော်မူပါဘုရား” လို့ လျှောက်လိုက်ပါတယ်၊ မြတ်စွာဘုရားက “ သီဟစစ်သူကြီး…သင်ဟာ ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ ရုတ်တရက် စိတ်ထင်တိုင်း မလုပ်ရဘူး၊ သင်လိုပုဂ္ဂိုလ်ဟာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့် ပြုလုပ်သင့်တယ်” ဆိုတဲ့အကြောင်း မိန့်တော်မူသောအခါ..
သီဟာစစ်သူကြီးက “ မြတ်စွာဘုရားမိန့်တော်မူခဲ့တဲ့ ဒီစကားတော်နဲ့တင် တပည့်တော် ကြည်ညိုမဆုံး ရှိလှပါပြီဘုရား ဟုဆိုကာ ထပ်မံ၍ သရဏာဂုံသုံးပါးကို ဆောက်တည်ပြန်ပါတယ်၊(စာလေးမည်စိုး၍ အတိုချူံးထားပါသည်)။
သီဟစစ်သူကြီးသည် မြတ်စွာဘုရားနှင့်နောက်ပါသံဃာများအား သူ၏ဆွမ်းကို လက်ခံတော်မူပါရန် ပင့်လျှောက်ပြီး အိမ်ရောက်သောအခါ သူ့အလိုလိုဖြစ်သော အသားကို လူတစ်ယောက်အား အ၀ယ်ခိုင်းပီး ဆွမ်းစီမံချက်ပြုတ်နေစဉ် မြို့တွင်းသို့ နိဂဏ္ဍနာတပုတ္တအဖွဲ့သားများ ရောက်လာကြပြီး “ သီဟစစ်သူကြီးဟာ ဒီနေ့ ကျွဲနွားဝက်တွေသတ်ပြီး မြတ်စွာဘုရားကို ဆွမ်းကျွေးနေပါတယ်၊ မြတ်စွာဘုရားကလည်း သိလျှက်နဲ့ ရည်ရွယ်တဲ့အသားကို စားနေပါတယ်” လို့ မကောင်းသတင်းလွှင့်ပါတော့တယ်။
ဒီအကြောင်းနဲ့စပ်လျဥ်း၍ မြတ်စွာဘုရားက “ ရဟန်းတို့ သိလျက်နဲ့ မိမိအား ရည်ညွန်းသတ်တဲ့အသားကို စားလျှင် ဒုက္ကဋ်အာပတ် သင့်စေ” ၊ မိမိအားရည်ညွန်းသောအသားပဲလို့ ကိုယ်တိုင်မြင်မိတယ်၊ ကြားမိတယ် ၊ ယုံမှားသံသယဖြစ်မိတယ်ဆိုရင် ထိုအသားများကို မစားရ၊ အစွန်းသုံးပါးကလွတ် သောအသားဆိုလျှင်(အသားကြီးဆယ်မျိုးကလွဲလျှင်) စားခွင့်ပြုပါတယ်” ဟု မိန့်တော်မူခဲ့ပါတယ်။
ဤနေရာမှာ ဘုရားရှင် ခွင့်မပြုသော အသားကြီးဆယ်မျိုးဆိုတာကို ဗဟုသုတအဖြစ်သိအောင် အကျဉ်းဆောင်ပုဒ်တစ်ခု ရေးပေးပါ့မယ်၊ ကျက်မှတ်ထားက ပိုကောင်းပါလိမ့်မယ်။
ဆောင်ပုဒ်။ ။ လူ မြင်း ခွေး ဆင် ၊ မြွေ ခြင် သစ် ကျား၊ ၀ံ အောင်းသား ၊ ဆယ်ပါးမြစ်ပယ်သည်။ ခြင်က ခြသေ့င်္၊ သစ်က ကျားသစ်၊ ကျားက ကျားဖြစ်ပါတယ်။ လို့ ပြောရင်း အပိုင်း(၁)ကို ဒီတွင်ပဲခဏရပ်နားပါရစေ။ (ဆက်ရန်)
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
Saturday, August 30, 2008
သန်းခေါင်ယံက အမေးအဖြေများ (၁)
Posted in: အမေးအဖြေကဏ္ဍ, ဆောင်းပါး
0 comments:
Post a Comment