Saturday, August 30, 2008

ထေရ၀ါဒသာသနာ

ထေရ၀ါဒအကြောင်းအရာကို စိတ်ဝင်တစားမေးလာတဲ့အတွက် စာရေးသူမှာ ကျမ်းစာတွေဟိုလှန်ဒီလှန်နှင့် ဗဟုသုတတွေ ပိုလို့တိုးခဲ့ရပါ တယ် ၊ မေးခွန်းမေးသူ ကိုးရီးယားဆရာလေးအားလည်း ကျေးဇူးတင်ရှိပါတယ်
ထေရ၀ါဒသာသနာသည် မည်သည့်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသနည်း၊ ထိုသို့ရောက်ရှိလာရာတွင် မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသ ၊ မည်သည့်ကာလတို့တွင် ရောက်ရှိပါနည်း၊ ထိုအမေးပြဿနာကို ကိုးရီးယားမှဒကာ/မများက သိချင်၍ အဖြေပေးစေလိုပါကြောင်း၊ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ ဆရာလေးတစ်ပါး၏ မေးထားချက်ဖြစ်ပါသည်။
ဘုရားသမိုင်းအရ ဂေါတမရှင်တော်ဘုရား သင်တော်ထင်ရှား ရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။


၂၂၄ ဘီစီ ၊ သာသနာတော်နှစ် သုံးရာစုခန့် တတိယသင်္ဂါယနာတင်အပြီး အိန္ဒိယနိုင်ငံ အသောကမင်းလက်ထက် ကိုးတိုင်းကိုးဌာန သာသနာပြုစေလွတ်ရာတွင် အရှင်သောဏနှင့်အရှင်ဥတ္တရတို့ ဦးဆောင်သောအဖွဲ့သည် သုဝဏ္ဏဘူမိ သို့ ရောက်ရှိခဲ့သည်ဟု ဆိုသောကြောင့် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာသည် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံ၍ ၀င်ရောက်လာသည်ဟု ရှေးဦးစွာ ဆိုရချေဦးမည်။
ဤ၌ သာသနာပြုစေလွတ်ခဲ့သော နေရာတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိ ဟူသည် မြန်မာနိုင်ငံမှ သထုံဖြစ်သည် ဟူသော ပြဿနာအား မှန်/မမှန် သုံးသပ်ကြည့်ကြရအောင်….
(၁)။ သုဝဏ္ဏဘူမိကို ရာဇ၀င်ကြီးတို့တွင် သထုံ ဟူ၍၄င်း ၊ ဇင်းမယ်ဟူ၍၄င်း ဆိုလေသည်။ ကလျာဏီကျောက်စာတွင် (သုဝ ဏ္ဏဘုမ္မိ ရဋ္ဌ သင်္ခါတေ-ရာမညဒေသ သုဝဏ္ဏဘုမ္မိ ဟု ဆိုအပ်သော ရာမညဒေသအရပ်၌ )ဆိုသည်။
သထုံရာဇ၀င်တွင် သီဟရာဇာမင်းအား ရသေ့နှင့်သိကြားတို့မ၍ သုဝဏ္ဏဘုမ္မိ တည်ကြောင်း၊ ထို့နောင် ခြောက်ဆက်မြောက်သော ဥပဒေ၀မင်းလက်ထက်မှ တောင်တော်သို့ ပြောင်း၍ သုဓမ္မ၀တီ မည်သော သထုံပြည် တည်ကြောင်းကို ဆိုသည်။ ထိုဥပဒေ၀မင်း၏ မြေး ဇောတကုမာသီရိဓမ္မာသောကမင်းလက်ထက် သာသနာပြု အရှင်သောဏမထေရ် ၊အရှင်ဥတ္တရာမထေရ် တို့ ရောက်ကြောင်းကို ဆိုသော စကားနှင့် ကျန်းဂန်တို့၌ အရှင်သောဏ၊ အရှင်ဥတ္တရတို့ကို သုဝဏ္ဏဘုမ္မိသို့ သာသနာပြုစေလွတ်သည်ဟူသောစကားသည် ညီညွတ်သည်ဖြစ်၍ သထုံကိုသာ သုဝဏ္ဏဘုမ္မိ ဟုယူအပ်သည်ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီး ကဆိုထားပါသည်။
(၂)။ သုဝဏ္ဏဘူမိ ဟူသည် သထုံပြည် ၊ အချို့က ယိုးဒယားပြည် ၊ အချို့က ဇင်းမယ်ပြည် ဖြစ်သည် ဟု ဦးကုလားရာဇ၀င် ကဆိုထားပါသည်။
(၃) သုဝဏ္ဏဘူမိ ဟူသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တွေပါဟု (မောင်အံ့ - မဟာဝိဇ္ဇာရဲ့ သာသနာနှစ် ၂၅၀၀ ခရီး)တွင် ဆိုထားပါသည်။
(၄) သုဏ္ဏဘူမိ သည် ဘင်္ဂလားနယ်မှ ဒေသတစ်ခုဖြစ်သည်၊ ဆူမတြ ဂျာဗားဒေသဖြစ်သည်၊ မြန်မာနိုင်ငံ သထုံဒေသတစ်ဝိုက်ဖြစ်သည် စသည်ဖြင့် အမျိုးမျိုးယူဆခဲ့ကြသည်။ သမိုင်းပညာရှင်အချို့ကမူ အသောကမင်း၏သာသနာပြုအဖွဲ့ရောက်ရှိခဲ့သော သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်ရှိ ကေလာသတောင်ခြေနှင့် တောင်ပေါ်ဒေသတစ်ဝိုက်ဖြစ်သည်၊ ထိုနေရာသည် ထိုအချိန်အခါက ပင်လယ်ဆိပ်ကမ်းဒေသ ဖြစ်ခဲ့သည်ဟု ယူဆကြသည် ဟု နန္ဒသိန်းဇံရေးသည့် ထေရ၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ စာအုပ်တွင် ဖေါ်ပြထားပါသည်။
(၅) သထုံပြည်၌ စစ်မှန်သော သာသနာရောက်သည်မှာ ပုဂံပြည် ထက်နှစ်ပေါင်းများစွာ အလျင်ကျသည် ဟု မှတ်ရပေမည်။ အရှင် မဟာမောဂ္ဂလိပုတ္တတိဿထေရ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွတ်စဉ်ကပင် “သုဝဏ္ဏဘူမိ” ဟုထင်ရှားသော ထိုအချိန်မှာ သမုဒ္ဒရာနဲ့လည်းနီးကပ်နေသော သထုံပြည် နေရာဟောင်းသို့ သာသနာပြုလွတ်တော်မူသည် ဟု ယူဆကြ၏။
မည်သို့ပင် ယူဆသည်ဖြစ်စေ ပုဂံပြည်ထက် သာသနာအစစ်အမှန် အလျင်ရောက်နေသည်ကား သေချာလောက်ပေသည်။ ဘာကြောင့်နည်း၊ အရှင်အရဟံ၏ အမိန့်တော်အရ သထုံပြည်သို့ ပိဋကတ် အတောင်းလွတ်ရသဖြင့် ပုဂံပြည်၌ သာသနာအစစ်အမှန် စတည်ချိန်ဝယ် သထုံပြည်၌ စာနှင့်ပေနှင့် ကျကျနန သာသနာတည်ပြီးဖြစ်သောကြောင့် ဖြစ်ပါသည် ဟု အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေး စာအုပ်တွင်ဆိုထားပါသည်။
ဤသို့ဖြင့် ကျမ်းးဂန်အမျိုးမျိုးမှ ဆိုလိုချက်များကို အဖြေညှိကြမည်ဆိုလျှင် ဗုဒ္ဓသာသနာတော်ကြီးသည် မြန်မာနိုင်ငံ၊သထုံ ဒေသသို့ ရောက်ရှိခဲ့သည်မှာ မှန်ကန်သည် ဟု ယူဆရပါသည်။
ထို့ကြောင့် ဗုဒ္ဓသာသနာသည် အိန္ဒိယပြည်မှ တစ်ဆင့် မြန်မာနိုင်ငံ သထုံသို့ သာသနာတော် (၃)ရာစုနှစ်ခန့်တွင် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ပထမအချက်တွင် မှတ်ယူရပါမည်။
သတိထားရမည့်အချက်တစ်ခုက - သထုံသို့ ထေရ၀ါဒသာသနာတော် စတင်ရောက်ရှိချိန်ဖြစ်သည့် (သာသနာတော်နှစ် ၃ ရာစုနှစ်)မှသည် သာသနာနှစ် ၉၀၀ကျော်သည့်တိုင်အောင် ရဟန်းတော်များက ပိဋကတ် သုံးပုံကို အာဂုံသာ ရွတ်တော်မူကြ သည် ပေထက်အက္ခရာ မရှိသေးချေ။ သီဟိုဠ်နိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်ပြီးသောအခါမှ မဂဓဘာသာဖြင့် ပေထက်အက္ခရာတင်ခဲ့ပါသည်။
တစ်ဖန် သီဟိုဠ်ပြည် (၆၃)ဆက်မြောက်မင်းဖြစ်သော ဗုဒ္ဓဒါသမင်း လက်ထက် ဓမ္မကထိ ပုဂ္ဂိုလ်တစ်ဦးသည် သုတ်၊အဘိဓမ္မာ ပိဋကတ်တော်ကို သီဟဠဘာသာပြန်၍ ရေးသားတော်မူသည်ကို သာသနာတော် (၉၄၆)နှစ်တွင် မင်းအဖြစ်ကိုရတော်မူသော (၆၆)ဆက်မြောက်မင်းဖြစ်သော မဟာနာမမင်း လက်ထက်တွင်မှ အရှင်ဗုဒ္ဓဃောသ မဟာထေရ်မြတ်သည် မာဂဓဘာသာဖြင့် ပေရွက်တွင်ကူးယူခဲ့၍ ဇမ္ဗူဒိပ်ကျွန်း သုဝဏ္ဏဘုမ္မိမည်သော သထုံပြည်ကြီးသို့ ရောက်လေသည်။ ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီးတွင် ဆိုထားသည်ဖြစ်၍…….ထေရ၀ါဒသာသနာတော်ကြီးသည် အရှင်မဟာဗုဒ္ဓဃောသ၏ ကြိုးပမ်းမှုဖြင့် ဒုတိယအကြိမ် ပေထက်အက္ခရာတင်ကာ ပိဋကတ်သုံးပုံကို သီဟိုဠ်ပြည်မှတစ်ဆင့် မြန်မာနိုင်ငံ သထုံသို့ ရောက်ရှိသည်ဟု မှတ်ယူနိုင်ပါသည်။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ

1 comments:

ဘုန်းဘုန်း ဘုရား ..
အခုလိုမျိုး သိရှိရတဲ့အတွက် အရမ်းကျေးဇူးတင်ပါသည်ဘုရား။
ဘုန်းဘုန်းမိတ်ကြားသော တရားတော်အတိုင်း တသွေမတိမ်း ဒီက တကာတကာမ များအား ပြန်လည်ဖြေကြား ပေးလိုက်ပါမည်ဘုရား။
အသက်ရှည်ကျမ္မာပြီး သာသနာပြုနိုင်ပါစေကြောင်း
ဆုတောင်း မေတ္တာပို့သ လိုက်ပါ၏။


ကိုရီးယားမှ ထားဝယ်ဆရာလေး။။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More