Saturday, August 30, 2008

သန်းခေါင်ယံက အမေးအဖြေများ (၂)

ဤအကြောင်းအရာတို့ဖြင့် သက်သတ်လွတ်စားခြင်းဟာ ဗုဒ္ဓအလိုတော်ကျမဟုတ်သည်မှာ ထင်ရှားလှပါတယ်။
တစ်ဖန် မြတ်ဘုရားလက်ထက်တော်က အရှင်ဒေ၀ဒတ်သည် အခြွေအရံပရိသတ်နည်းကာ လာဘ်လာဘနည်းပါးလာတဲ့အတွက် မြတ်ဘုရားထံတော်တွင် အချက်ငါးချက်ကို တောင်းဆိုခဲ့ပါတယ်၊
ထိုငါးချက်မှာ……
(က) ရဟန်းတော်များ တောကျောင်း၌သာ နေရမယ်၊ ရွာထဲကျောင်းတွင်နေပါက အာပတ်သင့်စေ။
(ခ) ရဟန်းတော်များ တစ်သက်လုံးဆွမ်းခံစားရမယ်၊ ဒကာများ လှူသော ဆွမ်းကို စားသောက်ပါက အာပတ်သင့်စေ။
(ဂ) ရဟန်းတော်များ တစ်သက်လုံး ပံ့သကူသင်္ကန်းသာဝတ်ရုံရမယ်၊ ဒကာလှူသောသင်္ကန်းဝတ်ပါက အာပတ်သင့်စေ။
(ဃ) ရဟန်းတော်များ အသက်ထက်ဆုံး သစ်ပင်ရင်းမှာသာနေရမယ်၊ အမိုးရှိကျောင်းမှာ နေပါက အာပတ်သင့်စေ။
(င) ရဟန်းတော်များ အသက်ထက်ဆုံး အမဲသားငါးမစားရ ၊ စားကအာပတ်သင့်စေ ဟု အချက်ငါးချက်ကို မြတ်ဘုရားထံတောင်းခဲ့ပါတယ်။
ထိုအချိန်က အရှင်ဒေ၀ဒတ် တောင်းတဲ့အချက်ငါးချက်ကို အကျိုးမရှိတဲ့အတွက် မြတ်စွာဘုရား ခွင့်ပြုတော်မမူခဲ့ပေ၊ အကယ်၍ အကျိုးရှိက ခွင့်ပြုမှာပါ။


အသားလွတ်နှင့်စပ်လျဉ်းပြီး အာမဂန္ဓ ဆိုတဲ့ဝေါဟာရရဲ့ ပြဿနာလည်းး ပါလာပါတယ်။ အာမဂန္ဓ ဆိုတာ အမဲသား ငါး စတဲ့ အညှီအဟောက်ကို ပြောတာပါ၊ ဒါနဲ့စပ်လျဉ်း၍…
တစ်ခါက အာမဂန္ဓ အမည်ရှိတဲ့ ရသေ့ဟာ ဟိမ၀န္တာတောထဲမှာ ရသေ့ငါးရာအခြံအရံဖြင့် နေထိုင်ခဲ့ပါတယ်၊ တစ်နေ့သောအခါ ဘုရားရှင်ပွင့်တော်မူတယ်လို့ကြားတာနဲ့ မြတ်ဘုရားထံလာပြီး “ အရှင်ဘုရား…အာမဂန္ဓကို ဘုဉ်းပေးတော်မူပါသလားဘုရား” လို့ လျှောက်ထားရာ ဘုရားရှင်က “ အသင်ရသေ့…အာမဂန္ဓဆိုတာ ဘာကိုခေါ်ပါသလဲ” မေးရာ ရသေ့က “အာမဂန္ဓဆိုတာ သားငါးပါဘုရား” လို့ ဖြေပါတယ်၊ ဘုရားရှင်က “အသင်ရသေ့…သားငါးကို အာမဂန္ဓ ခေါ်တာမဟုတ်ဘူး၊ အလွန်ဆိုးဝါးတဲ့ ကိလေသာအညှီအဟောက်တွေကို သာ အာမဂန္ဓ လို့ ခေါ်ပါတယ်၊
သည်အမေးမျိုးကို အသင်ရသေ့သာ မေးတာမဟုတ်၊ကဿပဘုရားရှင်လက်ထက်တော်ကလည်း မေးခဲ့ဖူးလေပြီလို့ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းကာ ဟောကြားတော်မူပါတယ်။
ကဿပဘုရားရှင်လက်ထက်တော်အခါက တိဿ ရသေ့ဟာ အမဲသားငါးမစားဘဲ သစ်ဥသစ်ဖုတွေကိုသာ စားသုံးနေခဲ့ပါတယ် အမဲသားငါး(အာမဂန္ဓ) စားတာကို ကုသိုလ်ရပါတယ် မဂ်ဖိုလ်အကျင့်ဖြစ်တယ်လို့ ယူဆနေပါတယ်၊ တစ်နေ့တွင် ကဿပဘုရားရှင်အား ‘အာမဂန္ဓ(အမဲသားငါး) စားပါသလားဟု’ မေးလျှောက်ခဲ့ဖူးသည်၊ ၄င်းအမေးနှင့် စပ်လျဉ်း၍ ကဿပဘုရားရှင်က အာမဂန္ဓ ရဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့်ပြောပြတာကို အားလုံးမှတ်သားနာယူနိုင်အောင် ရေးသားပေးလိုက်ပါတယ်။
“အသင်ရသေ့… ပါဏာတိပါစတဲ့အကုသိုလ်ဒုစရိုက်တွေ၊ကိလေသာတွေ၊ တိတ္ထိအကျင့်တွေ ပြုကျင့်တာကို အာမဂန္ဓ (အညှီအဟောက်၊ အဆိပ်စော်နံတယ်၊ပုပ်စော်နံတယ်)လို့ ဆိုလိုပါတယ်၊ သားငါးစားတာကို အာမဂန္ဓ လို့ မဆိုလိုဘူး၊ ကိုယ့်အတွက်သတ်တာကို မြင်ရတဲ့အသားမျိုး၊ ကြားရတဲ့အသားအမျိုး၊ ကိုယ့်အတွက်သတ်တာပဲဟု ယုံမှားသံသယဖြစ်တဲ့ အသားမျိုး ၊ အဲဒီ အစွန်းသုံးပါးလွတ်တဲ့ အသားကို စားတာဟာ လောကအပြစ် ဓမ္မအပြစ် ဘာမှ မရှိတဲ့အတွက် အာမဂန္ဓ လို့ မဆိုလိုဘူး” လို့ပြောကာ အကျယ် ဟောပြတော်မူပြန်ပါတယ်။
“ တိဿရသေ့…သူ့အသက်သတ်ခြင်း၊ နှိပ်စက်ညှင်းဆဲခြင်း၊ မုသားဆိုခြင်း၊ အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း၊ သူတစ်ပါး သားမယားကို ပေါင်းဖေါ်မှီဝဲခြင်း၊ ဤသည်တို့သည် အာမဂန္ဓ အညှီအဟောက်ဖြစ်တယ်၊ သားငါးသည် အညှီအဟောက်မဟုတ်ပါ။
လောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌မက်မောကြကုန်၏ ၊ အသက်မွေးမှုမစင်ကြယ်ကုန်၊ နတ္ထိက အယူဝါဒ ရှိကုန်၏ ။ ထိုသူတို့၏ ကာမတို့၌ မစောင့်စည်းမှုသည် အာမဂန္ဓ အညှီအဟောက် ဖြစ်ပါတယ်၊ သားငါးဘောဇဉ်ဟာ အညှီအဟောက်မဟုတ်။
အကြင်သူတို့သည် ဆူးပေါ်၌ အိပ်ခြင်း၊ မြေကြီးပေါ်၌ အိပ်ခြင်း၊ အစာမစားဘဲနေခြင်း စသောကိုယ်ညှဉ်းဆဲခြင်း၊ အတ္ထကိလမထ နုယောဂအကျင့် ရှိကုန်၏၊ ရှေ့တွင် ချီးမွှမ်း၍ နောက်ကွယ်တွင်ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းကို ပြစ်မှားကြကုန်၏၊ သနားကရုဏာကင်း ကုန်၏။ ပေးကမ်းတတ်သော အလေ့မရှိကုန်၊ အလွန်ကောက်ကျစ်စဉ်းလဲကုန်၏။ ထိုသူတို့၏ အတ္ထကိလမထအကျင့်ဟာ အာမဂန္ဓ အညှီအဟောက်လို့ခေါ်ပါတယ်၊ သားငါးစတာတွေဟာ အညှီအဟောက်မဟုတ့်ပါ။
ကြွေးမြီကို ယူ၍ မပေးဆပ် ဖျက်ဆီးတတ်တဲ့အပြင် ကုန်းချောတတ်ကုန်၏ ၊ လာဘ်ပေး လာဘ်ယူကာ ကောက်ကျစ်စွာ တရားစီရင်ကြကုန်၏။ သီလရှိယောင် အတုဆောင်တတ်ကုန်၏။ မိဖစသည့်လူကြီးများအပေါ် ရိုသေမှုမရှိ၊ ရိုင်းစိုင်းကြမ်းတမ်းကြကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့အကျင့်သည်ပင် အာမဂန္ဓ အညှီအဟောက် လို့ခေါ်ပါတယ်၊ သားငါးစတာတွေဟာ အညှီအဟောက် မဟုတ်ပါ၊ အာမဂန္ဓ မဟုတ်ပါ။
ဤ ဒုစရိုက်အမှုကို ကျင့်ခြင်း၊ အတ္ထကိလမထကျင့်ခြင်းစတာတွေဟာ နှစ်သက်စရာမဟုတ်၊သူတော်ကောင်းတို့ စက်ဆုပ်ဖွယ်ရာဖြစ်တဲ့အတွက်ကြောင့် အာမဂန္ဓ ဟုခေါ်ပါတယ်။
ဆက်လက်၍ အနှစ်မရှိတဲ့ ဗေဒင်ရွတ်အံသရဇ္ဈယ်နေတာတွေ ၊ မီးပုံထဲ ထောပတ်တွေ လောင်းထည့်ပြီး မီးပူဇော်တာတွေ သတ္တ၀ါ အသက်တွေကို သတ်ပြီး ယဇ်ပူဇော်တာတွေဟာ မဂ်ဖိုလ်ရကြောင်းအကျင့်လို့ ထင်မြင်ယူဆပြီး လုပ်နေကြပါတယ်၊ ထိုအရာများဟာ မိစ္ဆာဒိဋ္ဌိ (အယူမှား)တွေဖြစ်ပါတယ်။ ထိုအယူမှားတွေဟာ အာမဂန္ဓ လို့ခေါ်ပါတယ်။
ဤနေရာတွင် သားငါးမစားဘဲ ရှောင်ကြဉ်တဲ့အကျင့်ကို အတ္ထကိလမထအကျင့်နှင့် တန်းတူထားပြီး မိစ္ဆာဒိဋ္ဌိထဲသွင်းယူတာကို သတိထားရပါ့မယ်။
ဘုရားရှင်ဟောတော်မူခဲ့သည့် အထက်အပါကြောင်းအရာများကို ကြည့်ရင် သက်သတ်လွတ်စားတာဟာ မဂ် ဖိုလ်ရ ကြောင်းအကျင့်လို့ ထင်မြင်ယူဆနေရင် မိစ္ဆာဒိဋ္ဌိ အယူသာဖြစ်ပါတယ်၊ မဂ်ဖိုလ်ရကြောင်းအကျင့်ဆိုတာ မဂ္ဂင်ရှစ်ပါးအကျင့်ကို ပြောတာပါ။ သက်သတ်လွတ်စားတဲ့အကျင့်ဟာ မဂ္ဂင်ရှစ်ပါးအကျင့်မဟုတ်ဘူး၊ ထို့ကြောင့် မဂ်ဖိုလ်ရရေးအတွက် ကြိုးစားတရားအားထုတ်တဲ့နေရာမှာ သက်သတ်လွတ်ဟာ အဓိကမကျတဲ့အပြင် ဘုရားရှင်က မိစ္ဆာအယူထဲ ထည့်သွင်းယူထားတာကို သတိပြုကြစေလိုပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်မှန်ကန်စွာ စားသုံးမယ်ဆိုရင်တော့ မိစ္ဆာဒိဋ္ဌိအယူထဲ မပါတဲ့အပြင် အနာရောဂါကင်းရှင်းနိုင်ပါတယ်။
သက်သတ်လွတ်စားခြင်းရဲ့အကျိုးကိုပြောရလျှင် အစိမ်း၊သရဲ၊သင်းကွဲပြိတ္တာ၊ တစ္ဆေ ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျား၊ စတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်း တယ်၊သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။
‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။
ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’ လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက….
(၁) ဣစ္ဆာ- လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက် ဖြစ်ရတဲ့ရောဂါ။
(၂) အနသန - စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။
(၃) ဇရာ - အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ ။
ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင် ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့ အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာများ ဖြစ်ပေါ်လာကြပါတယ်လို့ဆိုလိုပါတယ်။ ဒါကြောင့် အနာရောဂါကင်းပြီး အသက်ရှည်ခြင်းစတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ သက်သတ်လွတ်စားကြရပါမည်။
ယနေ့ခေတ်တွင် ထိုအသားလွတ်ကို အကျင့်ထူးကြီးတစ်ခုဟု မှတ်ထင်ကာ မွေးနေ့ရက်၊ ၀ါတွင်းသုံးလ စတာတွေမှာ အသားလွတ်စားတဲ့အကျင့်ကို ကုသိုလ်ရတယ်ထင်ပြီး စားနေကြတာပါ။ အမှန်မှာ သက်သတ်လွတ်စားတာဟာ ကုသိုလ်မဖြစ်ပါ၊ ကုသိုလ်မဖြစ်ရင် အကုသိုလ်ကောဖြစ်မှာလား မေးစရာရှိနေပါတယ်၊ အမှန်စင်စစ် သက်သတ်လွတ်သည် ကုသိုလ်မရသလို အကုသိုလ်လည်းမဖြစ်ပေ၊ လောကီရေးရာအခန်းကဏ္ဍတွင်တော့ အကျိုးရှိကောင်း ရှိနိုင်ပေမယ့် ဓမ္မရေးရာဖက်တွင် အကျိုးမရှိနိုင်ပါ၊
အချူပ်ဆိုရသော်တရားအားထုတ်ရာ၌ ထိရောက်မှုရှိစေရန်အတွက် အသားစားခြင်း၊ မစားခြင်းနှင့်မသက်ဆိုင်ပေ၊ ကာယကံရှင်ရဲ့အားထုတ်သော သီလ ၊ သမာဓိ၊ ပညာနှင့်သာ သက်ဆိုင်နေပါတယ်၊ ဒါကြောင့် နိဗ္ဗာန်လိုလား တရားအားထုတ်နေကြတဲ့ သူတော်ကောင်းများဟာ မိမိတကယ်နိဗ္ဗာန်လိုချင်တယ်ဆိုလျှင် တရားတိုးတက်ရန်အတွက် အထောက်အပံ့မှာ သီလ သမာဓိ ပညာသာလျှင် အဓိက ဖြစ်တယ်ဆိုတဲ့အကြောင်း ပထမအမေးကို အဖြေပေးလိုက်ရပါတယ်။ ။
(၂) ပါဏာတိပါတကံ ထိုက်မထိုက် ဆိုတဲ့ ဒုတိယအမေးပြဿနာ……
ဤ၌ ပါဏာတိပါတကံထိုက်နိင်တဲ့ အင်္ဂါများကို တင်ပြပေးလိုက်ပါတယ်၊ ၄င်းတို့မှာ………..
(က)ပါဏ - အသက်ရှိသော သတ္တ၀ါလည်း ဖြစ်ရမည်။ (ခ) ပါဏသညိတာ - အသက်ရှိသတ္တ၀ါကောင်လို့လည်း အမှတ်ရှိရမည်။ (ဂ) ၀ဓကစိတ္တံ - သတ်လိုသည့်စိတ်လည်း ရှိရမည်။ (ဃ) ပယောဂ - ရိုက်ခြင်း၊ခုတ်ခြင်း၊ထိုးခြင်း၊ စသည်ဖြင့် သေအောင်အားထုတ်မှု သတ်မှု လည်း ရှိရမည်။ (င) သည်လို သတ်သည့်အတွက်ကြောင့် သတ္တ၀ါကောင်က သေလည်းသေရမည်၊ ထိုအင်္ဂါ ငါးချက်ပြည့်စုံမှသာလျှင် ပါဏာတိပါတကံမြောက်ပါတယ်။ ၄င်းအင်္ဂါငါး ပါးအနက် တစ်ပါးပါးချွတ်ယွင်းလျှင် ပါဏာတိပါတကံ မမြောက်ချေ။ ထိုကြောင့် ဒုတိယမေးခွန်း၌ ကိုယ်ဝန်ဖျက်ချသည်ဆိုရာဝယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမိပါက အထက်ပါအင်္ဂါများနှင့်ပြည့်စုံနေပါ၍ ပါဏာတိပါတကံ ထိုက်ပါတယ် ။
ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို …..ထိုပါဏာတိပါတအမူဟာ ကိုယ်တိုင်သတ်မှသာ ထိုက်တာမဟုတ် သူတစ်ပါးကို သတ်ခိုင်းရင်ဖြစ်စေ၊ သတ်ဖို့တိုက်တွန်းရင်ဖြစ်စေ၊ သတ်တာကောင်းတယ် ဘယ်လိုဘယ်လိုအကျိုးထူးတွေရနိုင်တယ်စတဲ့ သတ်တာကို ချီးမွန်းရင်ဖြစ်စေ၊ သူတစ်ပါးသတ်တာကို သဘောတူရင်ဖြစ်စေ ပါဏာတိပါတ ဖြစ်ပါတယ်။ ထိုပါဏာတိပါတသည် အပါယ်ငရဲကိုကျနိုင်တယ်လို့ ဘုရားရှင်က စတုက္ကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဟောထားပါတယ်။
သူတစ်ပါးက ကိုယ့်ကို ပေးလာတဲ့ အသားငါးကိုတော့ ရည်ရွယ်ပြီး သတ်တာမဟုတ်တဲ့အတွက် စားကောင်းပါတယ်။ အလှူဒါနတွေမှာ အသားငါးများ ကြိုတင်မှာတာတွေဟာ အသတ်ခိုင်းတာနဲ့ အတူတူပဲ၊ အသတ်ခိုင်းရုံမက သတ်တာကိုလည်း သဘောတူ ရာ ရောက်နေတဲ့အတွက် ပါဏာတိပါတကံ ကျူးလွန်ရာရောက်နေပါတယ်။ဒါကို နားလည်ကြတဲ့ အလှူရှင်များကတော့ ဒံပေါက်ထမင်းများ၊ အသားဟင်းများ၊ အသားစိမ်းငါးစိမ်းများကို ကြိုတင်မှာယူမှုတွေ ကို မပြုလုပ်ကြပါဘူး။
အလှူကောင်းမှုတွေကို မကြာခဏပြုလုပ်ရလေ့ရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ တရားရိပ်သာတွေမှာ သတိမထားရင် ဒါမျိုး မကြာခဏဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုပွဲအတွက် အချိန်မမှီမှာစိုးတဲ့အတွက် ကြိုတင်မှာယူတတ်ကြတယ်၊ ကြိုတင်မှာယူမှု အတွက် ငါ့ကိုလည်း ဘယ်နှစ်ကောင်လောက်၊ ဘယ်နှစ်ပိဿာလောက် သတ်ပေးပါဦး လို့ အသတ်ခိုင်းလိုက်တာနဲ့အတူတူပဲ၊ သည်လိုဆိုလျှင် ပိုက်ဆံဖြင့် အပါယ်လက်မှတ်ဝယ်ယူနေတာနှင့်အတူတူပဲ ဆိုတာ သတိထားစေချင်ပါတယ်။
ဆိုလိုတာက အသားငါးအလိုရှိရင် ကြိုတင်မမှာမိဖို့ပါပဲ၊ (ဘယ်သူဘယ်ဝါအတွက် မရည်ရွယ်ထားဘဲ လာဝယ်ရင် ရောင်းဖို့ဆိုပြီး ထားတဲ့ ဈေးထဲက အသားငါးတွေကို ၀ယ်ယူတာမျိုးကျတော့ အပြစ်မရှိပါဘူး။) (ဆက်ရန်)

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More