Sunday, August 10, 2008

သေဖို့ အဆင်သင့်ဖြစ်ပြီလား

was you ready to die
ဝါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့တွင် ကျောင်းရောက်လာသည့် ဥပုသ်သည်များအား မည် သည့်တရား ဟောရပါမည်နည်း ဟု စဉ်းစားတွေးတောမိပါသည်၊ တစ်နေ့ စာရေးသူ၏ စာအုပ်စဉ်တွင် စာအုပ်တစ်အုပ်ကို ယူကြည့်မိရာ စာအုပ်ပါ ခေါင်းစဉ်က “LETTERS FROM THE DEAD” ဖြစ်ပြီး စာရေးသူက Jane Homeshaw ဖြစ်ပါသတဲ့…………..။
စာအုပ်ခေါင်းစဉ်က စိတ်ဝင်စားစရာဖြစ်နေ၍ အမြည်းသဘောလှန်လောဖတ်ကြည့်ရာ ……
Black night was on the river. The dirty streets of the old town were wet with rain.
An old man who lives in the one of the houses was in bed.
He was very old and very ill. He was at the end of his life.
He wasn’t asleep. He liked life and he wasn’t ready to die.


ထိုဖတ်ရသည့်စာအတွက် တွေးစရာများပေါ်လာကာ ဥပုသ်နေ့ ဟောမည့်တရားကို လည်း သူ့အတိုင်းလေးပေးရင်ကောင်း မှာပဲ ဟု စဉ်းစားကာ သေဖို့ အဆင်သင့် ဖြစ်ခဲ့ပြီလား ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောခဲ့သည်များကို အွန်လိုင်းပရိသတ်များ နာယူနိုင်ကြရန် ပြန်လည်ဖေါ်ပြလိုက်ရပါသည်။
စာတွင်ပါသည့်အကြောင်းအရာကား…….
မဲမှောင်သော ညတစ်ည၊ မြို့ဟောင်းမြို့တစ်မြို့၏ ညစ်ပေနေသော လမ်းများသည် မိုးရေတို့နှင့်အတူ စိုစွတ်နေပါသည်၊ ထိုမြို့ဟောင်းကြီးအတွင်း အိမ်တစ်အိမ်တွင် အဖိုးကြီးတစ် ယောက်သည် အိပ်ယာထဲ လဲနေသည်၊ သူဟာ အလွန်အိုးမင်းပြီးတော့ အလွန်လည်း နေမကောင်း ဖြစ်နေပါတယ်၊ သူသည် ဘ၀နောက်ဆုံးအချိန်မှာ ရှိနေခဲ့ပြီ …..ဖြစ်ပါတယ် ….တဲ့ ၊ သူဟာ တစ်ည လုံး အိပ်မပျော်ဘူး….၊ သူရဲ့ဘ၀တွင် ပျော်ရွှင်စွာနေခဲ့ရသည့်အတွက် သူသည် သေဖို့ ပြင်ဆင်မှုများ မပြည့်စုံခဲ့သေးပေ……..ဟု နိဒါန်းအစပျိုးကာ ရေးထားသည်ကို ဖတ်လိုရပါသည်။
ထိုစာကြောင်းများအနက် He liked life and he wasn’t ready to die. ဆိုသည့် ၀ါကျလေးသည် တိုးတောင်သော်လည်း အဓိပ္ပါယ် ကျယ်ဝန်းလှပေသည်။ နားလည် အောင်ပြောရလျှင် သူသည် ဘ၀ကို ပျော်ရွှင်စွာ နေခဲ့သည်၊ သမီး၊သား၊ဇနီးမယား၊မြေးများ ပစ္စည်းဥစ္စာများဖြင့် ပျော်ရွှင်စွာခံစားခဲ့ရင်း အချိန်ကို ကုန်လွန်စေခဲ့သည့်အတွက် သူဟာ သေဖို့အတွက် မည်သို့မျှ ပြင်ဆင်မှု မရှိ ပါ………တဲ့၊ သူ့အတွေးလေးက စာဖတ်ရသူအဖို့ သံဝေဂရစရာ အလွန်ကောင်း ပါသည်။
ဒါပေမယ့် ဒီစာအုပ်မှာ သေဖို့ရာ (ပြင်ဆင်မှုများမပြည့်စုံသေး)အဆင်သင့် မဖြစ်သေးဖူးဆိုတာသာ ပြောခြင်းဖြစ်ပြီး၊ သေဖို့ရန် အဆင်သင့်ဖြစ်အောင် မည်သို့မည်ပုံပြင်ဆင်ရမည်နည်း ဆိုသည်ကိုကား မရေးထားဘဲ နောက်ဆုံး သူ သေဆုံးသွားခဲ့သည် ဟုသာ ရေးခဲ့ပါသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ သေဖို့အတွက် မည်သို့ပြင်ဆင်မည်နည်း ဆိုသည့် ပြဿနာကို ဒီစာအုပ်က မဖေါ်ပြသော်လည်း(မဖေါ်ပြနိုင်သော်လည်း) မြတ်ဗုဒ္ဓ၏တရားတော်တွင် ထိုအကြောင်းနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ဟောတော်မူထားသည်ကို တွေ့ရပေသည်။
သေဖို့ပြင်ဆင်ခဲ့ပြီးပြီလား ဟု တရားနာပရိသတ်ကို စာရေးသူက မေးသောအခါ အချို့က မပြင်ဆင်ရသေးဘူး၊ အချို့က ပြင်ဆင်နေပါပြီ စသည်ဖြင့် တိုးလွန်းသော အသံဖြင့် ဖြေဆိုသည်ကိုတွေ့ရပါသည်၊ ‘ကျယ်ကျယ်ဖြေစမ်းပါ သေမင်းကြားသွားမည်စိုးလို့လား’ ဟုပြောသောအခါ ပရိသတ်က (ရယ်)ကြသည်။ ဒါဖြင့် ‘ကားနိုင်တယ်ဆိုတဲ့ သေမင်းက ဘယ်နားနေ တာလဲ’ ဟုမေးသောအခါ ပရိသတ်ထဲမှ မည်သည့်အသံမျှ မထွက်လာတော့ချေ။
သေမင်းဆိုတာ ဘယ်သူလဲ တစ်ခြားတစ်ယောက်ယောက်တော့ ဖြစ်လိမ့်မည် ဟု ပရိသတ်များ ထင်နေ၍လောမသိ၊ ထို့ကြောင့် စာရေးသူက ‘သမင်းကို သိချင်ကြလား’ ဟုမေးရာ ‘ သိချင်ပါတယ်ဘုရား’….တဲ့၊ ဒီလိုဆိုလျှင် သေမင်းဘယ် သူဆိုတာ သိအောင် ကြည့်မှန်ဖြင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ၊ မှန်ထဲပေါ်လာသည့် အရုပ်သည် သေမင်းပဲ ဟုအဖြေပေးလိုက်ရာ ပရိသတ်များက (ရယ်)ကြပြန်သည်၊ အမှန်စင်စစ် သေမင်းသည် တစ်ခြားမဟုတ် ကိုယ်ကိုယ်တိုင်က သေမင်းပင် မဟုတ်ပါလော၊ ပြောရင်းဖြင့် ဘယ်နားရောက်သွားသည်မသိ၊ အထက်ကအကြောင်းကို ပြန်စကြရအောင်ပါ။
ဤ၌ သေဖို့ ပြင်ဆင်ရမည် ဆိုရာဝယ် ကောင်းစွာပြင်ဆင်နိုင်စေရန် ရှေးဦးစွာ သံဝေဂဥာဏ်လိုအပ်သည်ဟု ယူဆမိပါသည်၊ ထိုသံဝေဂဥာဏ်အတွက် အဘိဏှာသုတ်တော်တွင် လာရှိသည့်အတိုင်း ဖေါ်ပြရပါလျှင်……..
လောကတွင် အိုခြင်း(ကြီးရင့်ခြင်း)တရား ရှိ၏ ၊ ထိုအိုခြင်းတရားကို လူသားအားလုံး မလွန်ဆန်နိုင်ပေ၊ထို့အတူ နာခြင်းသဘောတရားသည်လည်း ရှိ၏ ၊ ထိုနာခြင်းတရားကိုလည်း လူသား အား လုံး မလွန်ဆန်နိုင်သကဲ့သို့ သေခြင်းတရားကိုလည်း မလွန်ဆန်နိုင်ကြပေ၊ မိမိ ချစ်ခင်ရင်းနှီး သောသူများနှင့် တစ်နယ်တစ်ကျေးပြောင်းသွားရ၍ ရှင်ကွဲ ခွဲရသလို၊ ဘ၀တစ်ပါးပြောင်းသွား၍လည်း သေကွဲ ခွဲခဲ့ကြရသည် ဟု မပြတ်ဆင်ခြင် ပွားများရပါမည်၊ (တွေးတောစဉ်းစားရမည်)၊ မည်သည့် အချိန်အထိ ဆင်ခြင်ရမည်ဆိုလျှင် နေ့စဉ်မပြတ်ဆင်ခြင်ရမည်…… ဟု မြတ်ဘုရား ဟောတော်မူခဲ့ပေ သည်။
ဤသို့ အို နာ သေတရားကို ဆင်ခြင်ခြင်းဖြင့် အို နာ သေရမည်ကို အမြဲသတိရာကာ သံဝေဂဥာဏ်များ ဖြစ်လာနိုင်သည်၊ ထိုမှတဆင့် သံဝေဂဥာဏ်ကို အခြေခံ၍ ဒါန သီလ ဘာဝနာ ကုသိုလ်တရားများကို စိတ်ဝင်စားလာလိမ့်မည်၊ အချိန်ပေး၍ ကုသိုလ်တရားကို များများ ပြုလုပ်နိုင် လေလေ ဘ၀သံသရာအတွက် ရိက္ခာထုပ်များကို စုဆောင်းနိုင်လေလေပင်၊ ဤသည်ပင်လျှင် ဘ၀နေ၀င်ချိန်အတွက် ကောင်းစွာပြင်ဆင်ခြင်း ဖြစ်ပေသည်။
တစ်ဖန်အဘိဏှာသုတ်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ….
လောကသတ္တ၀ါအားလုံးအတွက် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်…..တဲ့၊ မှန်ပါသည်၊ မိမိပိုင်ဆိုင်သည်ဆိုသည့် သမီး၊သား၊ဇနီးမယား လင်သားဆွေဥာ စီးပွားဥစ္စာ ၊ လယ်ယာ ကိုင်းကျွန်း ဆင်မြင်းစသည့် သက်ရှိ သက်မဲ့ ပစ္စည်းများသည် ကံကောင်းလှလျှင် တစ်ဘ၀သာ ပိုင်ဆိုင်ခွင့်ရှိ သည်၊ ဘ၀သံသရာသို့ လိုက်ပါခွင့်မရှိသည့်အပြင် လိုက်ပါ၍ မဖြစ်နိုင်သည့်အတွက် ကိုယ်ပိုင်သည် ဟု မဆိုသာချေ၊ အမှန်စင်စစ်ကား ကိုယ်တကယ်ပိုင်ဆိုင်သည်ဆိုသည့်အရာမှာ မိမိနေ့စဉ် ပြုလုပ် ပြောဆို၊ကြံစည်တွေးတောနေသည့် ‘ကံ’ တရားများဖြစ်ပေသည်။
ကံ ဆိုသည်မှာ အလုပ်ဖြစ်သည်၊ ထိုအလုပ်သည် ကောင်းသည့်အလုပ် ဆိုးသည့်အလုပ် ဟုရှိကြရာ ကောင်းသည့်အလုပ်သည် ကုသိုသ်တရားများဖြစ်ပြီး ၊ မကောင်းသည့်အလုပ်သည် အကုသိုလ်များဖြစ်သည်၊ မိမိတို့နေ့စဉ်ပြုလုပ်ပြောဆိုနေသည့် ကောင်းကံ၊ မကောင်းကံများကသာ ဘ၀သံသရာသို့ အရိပ်ပမာ လိုက်ပါကြမည် ဖြစ်ပါသည်၊ ထို့ကြောင့် သတ္တ၀ါအားလုံး ပိုင်ဆိုင်သည် ဆိုသည့် အရာကား ကံ တရားပင်ဖြစ်ပါသည်။
ကံ တရားနှင့်ပတ်သက်၍ အကောင်းအဆိုးနှစ်တန်တို့တွင် အဆိုးတရားများကို နောင်ဘ၀ သို့မပါနိုင်အောင် နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားရပေမည်။ကောင်းသော ကံတရားများ ကိုကား ဘ၀နောင်ခါ များများပါအောင် ကြိုးစားအားထုတ်သင့်ပေသည်၊ သို့သော်လည်း ပါပသ္မိံ ရမတိ မနော ဟူသည့်အတိုင်း စိတ်ကား မကောင်းသည့်နေရာတွင်သာ ကျက်စားပျော်မွေ့လေ့ရှိရာ မကောင်းသောစိတ်ကသာများ တတ်ပေသည်။
ထိုအတွက် မိမိသန္တာန် မကောင်းသော တရားများ မဖြစ်နိုင်စေရန် သတိကြီးစွာထားရမည်၊ သတိဖြင့်စောင့်ကြည့်ဖန်များလျှင် မကောင်းသည့်အရာအဖြစ်နည်းလာကာ ကောင်းသည့်အရာများ သာ အဖြစ်များလာသည်ကို တွေ့ရပေလိမ့်မည်၊ ဤသည်ကား အကောင်းဆုံး သေဖို့ ပြင်ဆင်နည်း နည်းလမ်းပင် ဖြစ်သည်။
နောက်တစ်ခုကား……ကံ ပေးအပ်သည့်အမွှေကို ခံယူရသည်….တဲ့ မိမိနှင့်ထိုက်သော အမွှေမှာ ကံတရားပင်ဖြစ်၏၊ အဘယ့်ကြောင့်နည်း……အမိအဖများပေးသော သက်မဲ့ပစ္စည်းမှန် သမျှသည် ကံကောင်းလျှင် တစ်ဘ၀သာ ခံစားခွင့်ရကြသည်၊ နောင်ဘ၀သို့ကား မလိုက်နိုင်ကြချေ၊ ဘ၀သံသရာလိုက်ပါမည့်အမွှေကား ကံ တရားသာဖြစ်သည့်အတွက် သတ္တ၀ါအားလုံးသည် ကံကပေးသာ အမွှေကိုသာ ခံယူရပေသည်။
နောက်တစ်ခုကား ကံဟူသော ဆွေမျိုးရှိသည်…..တဲ့၊ မိမိဆွေမျိုးများသည် နောင်ဘ၀သို့ မလိုက်နိုင်ကြပေ၊ ကံ ဟူသည့်ဆွေမျိုးများသာ လိုက်နိုင်ကြသည့်အတွက် သတ္တ၀ါအားလုံးအတွက် ဆွေမျိုးအစစ်သည် ကံ တရားပင် ဖြစ်ပါသည်။
ကံ ဟူသော အကြောင်း ရှိသည်………တဲ့၊ စာဖတ်သူများ ဤဘ၀တွင် စားနိုင်သောက်နိုင် လှူဒါန်းနိုင် ကုသိုလ်များ ပြုလုပ်နိုင် တရားအားထုတ်နိုင်ကြသည်မှာ ယခင်အတိတ်ဘ၀က ပါလာသည့် ကုသိုလ်ကံ အကြောင်းတရားကြောင့် ဟုဆိုလျှင် မှားမည်မထင်ပေ၊ ထို့ကြောင့် သတ္တ၀ါအားလုံး၏ အကြောင်းတရားကား ကံ တရား ပင်ဖြစ်ပါသည်။ (ကံအကြောင်းကင်းသည့် သတ္တ၀ါရယ်လို့ မရှိပေ)
ကံ ဟူသော လဲလျောင်းရာ ရှိသည်……..တဲ့ သတ္တ၀ါအားလုံးတို့သည် ဘ၀သံသရာ ကျင် လည်ကြရာတွင် ကံ တရားကို မှီခိုအားကိုးစရာ ရပေသည်၊ ဤသည်ပင် လဲလျောင်းရာ ဟု ခေါ်ဆိုရပါသည်။
ကောင်းသည့်ကံတရားဖြစ်စေ၊မကောင်းသည့် ကံ တရားဖြစ်စေ ပြုမိကြမည်ဆိုလျှင် ထိုပြုလိုက်သည့် အကောင်းအဆိုး ကံတရားများ၏ အကျိုးအဆက် အမွေခံကား မိမိပင်ဖြစ်သည် ….ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်၊ ထို့ကြောင့် သေဖို့အဆင်သင့်ဖြစ်စေရန်(ဘ၀ကူးကောင်းရန်) သံဝေဂဥာဏ်ပွားကာ ကုသိုလ်တရားကို များသထက်များအောင် ကျင့်သုံးခြင်းဖြင့် ဘ၀နေ၀င်ချိန်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမည်မှာ စာရေးသူအပါအ၀င် စာရှုသူအားလုံးပင် မဟုတ်ပါလော။
စာရှည်သော်လည်း အရေးကြီးသည့်အချက်တစ်ခုကျန်ပါသေးသည်၊ ၄င်းကား……..
ကံဟူသည့် ကိုယ်အလုပ်၊နှုတ်အပြော၊ စိတ်အကြံဟု အထက်တွင် ပြောခဲ့ခြင်းဖြစ်ရာ ထိုတွင် စိတ်အကြံက အဓိကကျပါသည်၊ အဘယ့်ကြောင့်နည်း၊ စိတ်ကြောင့် ပြောဆိုခြင်း ၊ပြုလုပ်ခြင်း များ ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပါသည်၊ ထိုကြောင့် နေ့စဉ်နှင့်အမျှ စိတ်ဖြစ်ပုံကို ‘သတ’ိ ဖြင့် စောင့် ကြည့်ရပါမည်၊ သူတစ်ပါးကို မနာလိုသည့်စိတ်၊ မကျေနပ်သည့်စိတ်၊ စသည့်မကောင်းသည့် စိတ်ဖြစ်နေသောအခါတွင် “ဒီစိတ်သည် မကောင်းသောစိတ်ပဲ” ဟုသတိ ဖြင့်ကြည့်မိ(သိ) လိုက်လျှင် ထိုမကောင်းသောစိတ်သည် သိလိုက်သည့်ခဏတွင်ပင် ပျောက်ပျက်သွားကာ ကောင်းသည့်စိတ်ဝင်လာလေတော့သည်၊ ဤနည်းဖြင့် သတိ တရား အထူးထားကာ စောင့်ကြည့် မည်ဆိုလျှင် မိမိသန္တာန်ဝယ် မကောင်းသည့်စိတ်က တဖြေးတဖြေးနည်းပါးလာကာ ကောင်းသည့် စိတ် တဖြေးဖြေးများပြားလာပါသည်၊ ဤသို့ဖြင့် သင်သည် အချိန်နှင့်အမျှ သတိ တရားထားနိုင်ပြီဆိုလျှင် “သင်သည် သေဖို့အဆင်သင့် ဖြစ်ခဲ့ပြီလော” ဟူသည့် မေးခွန်ကို သင် ဖြေနိုင်သွားပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။
May all be ready to die!
ဦးကောဝိဒ(မြိတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More