သည်နေ့ ကျန်းမာရေးမကောင်းသဖြင့် စောစီးစွာပဲ ညအိပ်ရာဝင်ခဲ့ပါသည်၊ ထိုစဉ်…….
ကလင်…….ကလင်…….ကလင်
အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ် မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါသည်။
တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါနည်း ဟု စာရေးသူက မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်သည်ကို မေး လျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါသည်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်သည်။
(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်သည်ဟု ပြောပါသည်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန် နှင့် အကယ်၍ မမှန်ပါက မည်သို့ ကျင့်သုံးရမည်ကို အဖြေပေးစေလိုပါသည် အရှင်ဘုရား……။
(၂) အဖေမပေါ်ဘဲ ကိုယ်ဝန်ရခဲ့သည့် မိန်းခလေးများသည် ထိုကိုယ်ဝန်ကို အလိုမရှိ၍ ဖျက်ချနေကြပါသည်၊ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ စစ်ဖြစ်နေသည့် နိုင်ငံတစ်ခုတွင် မိန်းခလေးများကို ဖမ်းဆီးခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခံရရာမှ မိန်းခလေးများတွင် သန္ဓေသားရရှိကြပါသည်၊ ထိုမိန်းခလေးများသည် ထိုသန္ဓေသားကို လူ့ဝန်းကျင်၌ မွေးဖွားရမည်ကို ရှက်လှသည်က တစ်ကြောင်း၊ လူမဆန်သည့်သူများနှင့် သွေးစပ်၍ ရရှိလာသည့် သန္ဓေသားကိုလည်း ရွံမုန်းလှသည်ကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချနေကြပါသည်၊ ထိုအတွက် ပါဏာတိပါတကံ ထိုက်မထိုက် ဗုဒ္ဓတရားတော်အရ အဖြေပေးစေလိုပါသည်ဘုရား….။ဒါ့အပြင် လူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပိုးပေါင်းများစွာတို့သည် ပဋိဇီဝဆေးစားသုံးခြင်းဖြင့် သေကြေပျက်စီးသွားပါက ပါဏာတိပါတကံထိုက်မထိုက် သိလိုပါသည်ဘုရား….။
(၃) တပည့်တော်တို့ ယခု အခါ တရားအားထုတ်နေပါတယ်ဘုရား၊ ဒီလိုတရားအားထုတ်သောအခါ တရားအပေါ်မှာပဲ စိတ်ဝင်စားပြီး တရားပဲအားထုတ်နေချင်ပါသည်၊ နေ့စဉ်စားဝတ်နေရေးအတွက် ပြုလုပ်နေကျ အလုပ်ကိုလည်း မလုပ်ချင်သည့်အတွက် အလုပ်တွေလည်း လစ်ဟင်းလာ ရပါသည်ဘုရား၊ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲဘုရား။ တရားအားထုတ်သည်ဆိုရာဝယ် မည်သည့်နေရာဖြစ်ဖြစ် အားထုတ်လို့ရပါသလားဘုရား……၊ အားလုံးသိရအောင် အရှင်ဘုရား၏ ဘလော့ခ်ဆိုက်မှာ စာရေးပြီး ပို့စ်တင်ပေးပါဘုရား………။
(၄) တရားရှုမှတ်နည်းတစ်ခုကို တပည့်တော်သူငယ်ချင်းများက ပြောပြပါသည်၊ ထိုတရားက လောကတွင် ဘယ်အရာမဆို ဘာမှမဟုတ်ဘူး၊ ဘာပဲဖြစ်လာဖြစ်လာ ၊ ဖြစ်လာတဲ့တရားတွေသည် ဘာမှမဟုတ်ဘူး ဟု ရှုမှတ်ရမည်ဟု ပြောပါသည်ဘုရား ၊ ထိုနည်းနှင့်ပတ်သက်၍ မှန်မမှန်ကိုလည်း တပည့်တော်မ သိလိုပါသည်ဘုရား……..ဟု မေးခွန်းလေးခုမေးလာပါသည်၊ စာရေးသူလည်း ကျန်းမာရေးမကောင်းသည့်အခြေအနေပင်ဖြစ်လင့်ကစား သူတစ်ပါးက မိမိကို အားကိုးတကြီး မေးလာသည်ကို စာနာထောက်ထားကာ စွမ်းနိုင်သမျှ ပြန်လည် အဖြေပေးလိုက်ပါသည်။
အော်…….. သူတစ်ပါးအကျိုးအတွက် ဓမ္မနှင့်အညီ စွမ်းဆောင်(အကူအညီ) ပေးရမည်မှာ သာသနာ့ဝန်ထမ်း ရဟန်း/သာမဏေ /သီလရှင်များ၏ တာဝန် တစ်စိတ်တစ်ဒေသပင် မဟုတ်ပါလော။
(၁)နံပတ်အဖြေ……..
သက်သတ်လွတ်(အသားလွတ်)စား၍ တရားအားထုတ်ပါက ပိုမိုထိရောက်ပါသည် ဟု မြတ်ဘုရား ဟောကြားတော်မူခဲ့ခြင်း မရှိပေ၊ ရှင်းလင်းဦးအံ့…….တစ်ခါက ထိုသက်သတ်လွတ်(အသားလွတ်)နှင့်ပတ်သက်၍ ဓမ္မပဒအဌကထာ မဟာကာဠ ၀တ္ထု၌ လာရှိသည်ကို ဖေါ်ပြရပါလျှင်…….. သုဿာန်ဓုတင်ဆောင်သော ရဟန်းများအား ၀တ္တရား ခုနှစ်မျိုးရှိပါသည်၊ ၄င်းတို့မှာ….
(၁)သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်။ (၂) နေ့စဉ် မအိပ်ရ။ (၃) ပျင်းရိမှုမရှိရ။ (၄) လုံ့လ၀ီရိယရှိရမည်။ (၅) မာယာသာဌေယ ကင်းရမည်။ (၆) ကောင်းသော အလိုဆန္ဒ ရှိရမည်။ (၇) ရွာသူ/သားများအိပ်ပျော်သောအခါမှ သုဿာန်သို့ သွားရမည်ဖြစ်ပြီး၊ ရွာသူ/သားများ အိပ်ရာမှမနိုးမှီ ကျောင်းသို့ ပြန်လာရပါမည် ဟု ဖြစ်သည်။ ၄င်း ခုနှစ်ချက်တွင် သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်ဆိုရာဝယ် သားငါးစား၍ သုသာန်သွားပါက ဘီလူးများသည် သားငါးအနံ့ရ၍ ဘီလူးများ၏ ဘေးအန္တရာယ်နှင့်ကြုံရတတ်သောကြောင့်ဖြစ်ပါသည်၊ ဆိုလိုသည်မှာ သားငါးရှောင်ကြဉ်ခြင်းသည် သုဿာန်ဓုတင်ဆောင်သော ရဟန်းများအတွက်ဖြစ်သည် ဟု စာပေတွင်လာရှိပေသည်။
ထို့ပြင်ရဟန်းတော်များ မစားအပ်သည့် လူ ၊ ဆင် ၊ ခွေး ၊ မြင်း ၊ မြွေ ၊ ခြင်္သေ့ ၊ ကျား ၊ ကျားသစ် ၊ ၀ံ ၊ အောင်း ၊ အသားကြီး (၁၀)မျိုး မှလွဲ၍ ကျန်သောအသားများကို စားလိုက စားနိုင်ပါသည်၊ သို့သော် ထိုအသားများသည် အစွန်းသုံးပါးမှ လွတ်သော အသားများဖြစ်ရပေ မည်။ အစွန်းသုံးပါးမှ မလွတ်လျှင် မစားကောင်း ဟု မြတ်ဗုဒ္ဓ ၀ိနည်းဒေသနာတော်တွင် ဟောတော်မူခဲ့ပေသည်။
အစွန်းသုံးပါးဟူသည် အမြင်၊ အကြား ၊ ယုံမှားသံသယဖြစ်ခြင်း တို့ဖြစ်သည်၊
ဒိဋ္ဌိ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ကို မြင်ခြင်း။
သုတ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ဟု နားဖြင့်ကြားရခြင်း။
ပရိသင်္ကတ ။ ။ မိမိအတွက် ရည်မှန်းပြီးသတ်သည်ဟု ယုံမှားသံသယရှိခြင်း တို့ပင်ဖြစ်ပါသည်။
တစ်ခါက တိပိဋကဓရဆရာတော်ဘုရားကြီး သက်သတ်လွတ်ဘုဉ်းပေးသည့်အကြောင်းကို ဒကာက မေးလျှောက်သောအခါ ဆရာတော်ကြီးက “ ဒို့များ သွားကြားထဲ အသားညှပ်တာတွေ သက်သာအောင်လို့ သက်သတ်လွတ်စားရတာဖြစ်တယ်” ဟု မိန့်တော်မူခဲ့ဖူးပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ရှေးဆရာတော်ကြီးများသည် ကုသိုလ်ရရန် အသားလွတ်စားခြင်းမဟုတ်ဘဲ၊ အနာရောဂါကင်းရန်သာ အသားလွတ်စားခြင်းဖြစ်ကြောင်း သိသာပါသည်။
ထို့ကြောင့် တရားအားထုတ်ရာ၌ အသားလွတ်သည် အဓိကမဟုတ်ပါ၊ တရားအားထုတ်ရာ၌ ထိရောက်မှုရှိခြင်း ဟူသည် အသားစားခြင်း၊မစားခြင်းတို့နှင့် မသက်ဆိုင်ပေ၊ မိမိအားထုတ်သော သီလ၊သမာဓိ၊ပညာနှင့်သာ ဆိုင်ပါသည်ဟု ဖြေကြားပေးလိုက် ရပါသည်။
(၂) နံပတ်အဖြေ…….
ဤ၌ ပါဏာတိပါတကံထိုက်နိုင်သည့် အင်္ဂါများကို တင်ပြပေးလိုက်ပါသည်၊ ၄င်းတို့မှာ………..
(က)ပါဏ - အသက်ရှိသော သတ္တ၀ါလည်း ဖြစ်ရမည်။ (ခ) ပါဏသညိတာ - အသက်ရှိသတ္တ၀ါကောင်လို့လည်း အမှတ်ရှိရမည်။ (ဂ) ၀ဓကစိတ္တံ - သတ်လိုသည့်စိတ်လည်း ရှိရမည်။ (ဃ) ပယောဂ - ရိုက်ခြင်း၊ခုတ်ခြင်း၊ထိုးခြင်း၊ စသည်ဖြင့် သေအောင်အားထုတ်မှု သတ်မှု လည်း ရှိရမည်။ (င) သည်လို သတ်သည့်အတွက်ကြောင့် သတ္တ၀ါကောင်က သေလည်းသေရမည် ဟု အင်္ဂါ ငါးချက်ပြည့်စုံမှသာလျှင် ပါဏာတိပါတကံမြောက်ပါသည်။ ထိုအင်္ဂါ ငါး ပါးအနက် တစ်ပါးပါးချွတ်ယွင်းလျှင်ကား ပါဏာတိပါတကံ မမြောက်ချေ။ ထိုကြောင့် ဒုတိယမေးခွန်း၌ ကိုယ်ဝန်ဖျက်ချသည်ဆိုရာဝယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမိပါက ပါဏာတိပါတကံ ထိုက်ပါသည်။
မိမိခန္ဓာကိုယ်အတွင်းက ပိုးမွှားများ ပဋိဇီဝဆေးများကြောင့် သေကြေရခြင်းနှင့်ပတ်သက်၍ ထိုပိုးမွှားများ သည် သာမန်မျက်စိဖြင့်မမြင်နိုင်ပေ၊ ထို့အပြင် သတ္တ၀ါဟု ခေါ်ဆိုရလောက်အောင်လည်း အင်္ဂါမစုံသည့်အတွက် ထိုပါဏာတိပါတကံထိုက်သည့် အင်္ဂါငါးပါးထဲမှ (ပါဏ) ခေါ်သည့် သတ္တ၀ါ(မခေါ်ဆိုနိင်ခြင်း)မမည်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုးမွှားများ သေခြင်းသည် ပါဏာတိပါတကံမမြောက် ဟု မဟာစည်ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားသည်ကို ဖတ်ရှုခဲ့ရဖူးပါသည်။
(၃) နံပတ်အဖြေ…..
တရားအားထုတ်ခြင်းကို စိတ်ဝင်စားသည် ဆိုရာဝယ် အကြောင်းအမျိုးမျိုးရှိပေသည်၊ သံဝေဂဥာဏ်ဖြစ်ခြင်း၊ စိတ်ချမ်းမြေ့မှု ရှိမည်ဟု ထင်မှတ်ခြင်းစသည့် အကြောင်းမျိုးစုံ ရှိပါသည်၊ တရားအားထုတ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ မြတ်ဘုရားလက်ထက် တော်အခါက နန္ဒမင်းသား၏ တရားအားထုတ်မှုသည် နတ်သမီးလိုချင်၍ဖြစ်သည်၊ နတ်သမီးလိုချင်သည့် အကြောင်းကြောင့် တရာအားထုတ်ဖြစ်ခါ နောက်ဆုံး၌ ရဟန္တာဖြစ်သွားခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တရားအားထုတ်ကြသောသူတို့သည် အတိုင်းအတာတစ်ခုအထိ တရားအားထုတ်မှုအပေါ်မူတည်၍ သမာဓိ ပညာများ ရရှိကြပေမည်။ ထိုကဲ့သို့ စိတ်တည်ငြိမ်မှုရရှိလာလျှင်လည်း အလုပ်အကိုင်များကို ပြန်လည်လုပ်ကိုင်ရမည်မှာ တွန့်ဆုတ်လာတတ်သည်မှာ သဘာဝပင်ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အမျိုးသားဆိုလျှင် ရဟန်းဝတ်ပြီး၊ အမျိုးသမီးဆိုလျှင် သီလရှင်ဝတ်ကာ တရားအားထုတ်ခြင်းကိုပဲ စောက်ချလုပ်သွားနိုင်ပါသည်၊
ထိုသို့ မပြုလုပ်နိုင်သေးပါက အလုပ်မလုပ်လျှင် ၀မ်းစာရေးအတွက် ခက်ခဲမည်ဖြစ်သောကြောင့် အလုပ်ကိုလည်း သည်းခံပြီး လုပ်ပေးရပါသည်၊ လူအများသည် ထိုတရားအလုပ်ကို တရားခွင်(တရားစခန်း)တွင်း၌သာ လုပ်ရသည်ဟု ထင်မှတ်ဖွယ်ရှိပေသည်။ အမှန်ကား ထိုသို့မဟုတ်ပါ၊ တရားအားထုတ်ခြင်းဟူသည် သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးမျိုးလုံးတို့တွင် တရားရှုမှတ်၍ ရပါသည်။ အယုတ်စွဆုံး ရေချိုးသည့်အခါ၌ဖြစ်စေ၊ ထမင်းစားသည့် အခါ၌ ဖြစ်စေ၊ ရေသောက်သည့်အခါ၌ဖြစ်စေ၊ အိမ်သာတက်သည့်အခါ၌ဖြစ်စေ၊အိပ်မပျော်သေးသည့်ကာလများတွင် မပြတ် တလစပ် အားထုတ်နိုင်ပါသည်။ ထိုသို့နေရာတိုင်းတွင် တရားအားထုတ်နိုင်ကြောင်းကို (ယထာ ယထာ ၀ါ ပနဿ ကာယော ပဏီဟိတော ဟောတိ ၊ တထာ တထာ နံ ပဇာနာတိ) အကြင်ကြင် တည်နေတိုင်းသော ကိုယ်အမူအရာများအား ထိုတည်နေသည့် အမူအရာအတိုင်း ကွဲပြားစွာသိအောင်ရှုမှတ်ပါလေ…….ဟု သတိပဋ္ဌာန်သုတ်တွင် လာရှိသည်ကို ထောက်၍ တရားရှုမှတ်ခြင်းသည် နေရာမရွေး အချိန်မ ရွေး တရားရှုမှတ်နိုင်သည့်အပြင် တရားရှုမှတ်သောကြောင့်လည်း (အကာလိကော) နေရာအချိန်အခါမရွေး တရားရနိုင်ပါသည်။
အိန္ဒိယသာသနာကွယ်ပြီး သီဟိုဠ်၌ သာသနာထွန်းကားစဉ်က သီဟိုဠ်နိုင်ငံ မဟာဂါမရွာ၊ ဘုန်းတော်ကြီကျောင်း၌် လမ်းလျှောက်ရင်း တရားရှုမှတ်၍ တရားထူးရသွားသည့်သာဓကလည်းရှိခဲ့ပေသည်။ ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ရာ၌လည်း တရားထူးရခဲ့သည်ကို ဓမ္မပဒအဋ္ဌကထာတွင် လာရှိသည့်အပြင် သီဟိုဠ်ခေတ်တွင်လည်း လမ်းဆုံလမ်းခွ ဇရပ်ပေါ်တွင် ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ကြသည့် အတွက် တရားထူးရသွားကြသည်မှာ အရေအတွက်မနည်းလှပေ။
ထို့ပြင် ဘုရားလက်ထက်က ဟင်းရွက်ကြော်ရင်း ဟင်းရွက်တို့၏ ဆီပူဖြင့်ထိသောအခါ ညိုးနွမ်းသွားသည့် (ဗဟိဒ္ဓ) အပြင်အာရုံကို ယူကာ မိမိခန္ဓာဥာဏ်စိုက်၍ မိမိခန္ဓာသည်လည်း ထိုဟင်းရွက်ကဲ့သို့ တစ်နေ့ ညိုးနွမ်းလာဦးမှာပါတကား ဟု ဆင်ခြင်ကာ ဟင်းရွက်ကြော်ရင်း ၀ိပဿနာတရားရှုမှတ်လိုက်ရာ တရားထူးရသွားသည် ဟု မြတ်ဗုဒ္ဓ၏ (History) ပိဋကတ်တော်မှတ်တမ်းတွင် အထင်အရှား လာရှိပါသည်။
ထို့ကြောင့် တရားရှုမှတ်ခြင်းသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်းဖြင့် တရားရှုမှတ်မည်ဆိုပါက ရှုမှတ်မှုမပျက်စေဘဲ အလုပ်လုပ်၍ ရနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်၊ နေရာတိုင်း တရားရှုမှတ်သည်ဆိုရာဝယ် ဖြစ်တိုင်းသော အမူအရာတို့၌ သတိကပ်၍ တရားရှုမှတ်နေမည်ဆိုပါက အလုပ်လည်းတွင် ကုသိုလ်လည်းရလှသည်ဖြစ်ရာ အလွန်ဟန်ကျသည့် စနစ်တစ်ခု ဟု ဆိုရပေမည်။
(၄) နံပတ်အဖြေ……
ထိုအမေးနှင့်ပတ်သက်၍ လောကတွင် မည်သည့်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ သတိပဋ္ဌာန် ပေတံဖြင့် တိုင်းတာဖြေရှင်းရပေမည်၊ အဘယ့်ကြောင့်နည်းဟူမူ သတိပဋ္ဌာန်သုတ်တွင် (ဧကာယနော ဘိက္ခဝေ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာအညစ်အကြေးကင်းစင်ဖို့ရာ တစ်ခုတည်းသောလမ်းသည် သတိပဋ္ဌာန် ဟုဆိုထားသောကြောင့် ယခုခေတ်ပေါ်နေသည့် တရားနည်းလမ်းတိုင်းကို သတိပဋ္ဌာန် ပေတံနှင့်တိုင်းထွာပါက အမှန်/အမှား သိနိုင်ပေသည်။
သတိပဋ္ဌာန်သုတ်တော်မှ ပုံစံတစ်ခု ထုတ်ပြပါမည်၊ ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း သွားသည် ကွဲပြားစွာသိရမည်ဟု ဆိုထားသည်၊ သွားလျှင်လည်း ဘာမျှမဟုတ်၊ ဟုဟောကြားထားသည်မဟုတ်ပါ၊ (နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း ထိုင်သည့်အတိုင်း ကွဲပြားစွာ သိရမည်။ ထိုင်လျှင် ဘာမျှမဟုတ် ဟု မဟောကြားခဲ့ပါ၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမည် ဟုလာရှိသောကြောင့် ရိုးရိုလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ လိုပေသည်။ ထို့ကြောင့် လောကတွင် ဘာမျှ မရှိ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် မမှန်ဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၉.၈.၂၀၀၈ နံနက် ၆း၃၀ နာရီ ရေးသားပြီးစီးသည်။