လောကမှာ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးရှိမှ ကောင်းပါတ်ယ်၊ အကျိုးမရှိရင် သဲထဲရေသွန်ဆိုသလို လုပ်သမျှ မောရုံသာ အဖတ်တင်မှာပါ။ လောကရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် အကျိုးရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပါပဲ ဘ၀တိုးတက်မှုအတွက် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးတရားက အလွန်နည်းနေတယ်ဆိုရင် အဆင်မပြေပါ။ ပြုလုပ်လိုက်တဲ့ကုသိုလ်အတွက် ထိုက်ထိုက်တန်တန် လိုချင်ကြမှာပါ။ ဒါကြောင့် အကျိုးအမြတ်များများ ရနိုင်တဲ့ အလှူဒါနတစ်ခု ပြုလုပ်ချင်တဲ့သူများအတွက် ဘုရားရှင်လမ်း ညွန်ထားတာရှိပါတယ်။
ထိုအကြောင်းနဲ့စပ်လို့ ဟောတော်မူထားတဲ့ သုတ္တန်ရဲ့အမည်က “ဒါနသုတ်” ဖြစ်ပါတယ်။ ဒီတရားတော်ကို အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ဒေ၀တာသုတ်မှာ လာရှိပါတယ်။
အခါတစ်ပါး သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဒီအချိန်မှာ ဝေဠုကဏ္ဍကမြို့အတွင်း နန္ဒမာတာ အမည်ရှိတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အမှူးရှိတဲ့ နောက်ပါသံဃာများစွာတို့ကို အိမ်မှာပင့်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ ဒီမှာထူးခြားတာက နန္ဒမာတာအမျိုးကောင်းသမီး ပြုလုပ်နေတဲ့ဒါနဟာ အင်္ဂါခြောက်တန်နဲ့ပြည့်စုံတဲ့ဒါနဖြစ်နေတာကို ဘုရားရှင်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ သိမြင်တော်မူပါတယ်။
ဒါကြောင့်ဘုရားရှင်ကလဲ သာဝတ္ထိမြို့၊ဇေတ၀န်ကျောင်းတော်ရှိ တရားနာပရိသတ်များအား ဆဠင်္ဂသမ္ပန္နဂတဒါန အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူ တရားတော်ကို ဟောကြားတော်မူပါတယ်။ နန္ဒမာတာ ပြုလုပ်တဲ့ကောင်းမှုရဲ့အကျိုးဟာ သမုဒ္ဒရာရေတွေ မရေမတွက်နိုင်သလို ကုသိုလ်အကျိုးဟာလဲ မရေမတွက်နိုင်အောင်ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။
အင်္ဂါခြောက်ပါးအလှူဆိုတာက အလှူပေးတဲ့ အလှူ့ရှင်မှာ အင်္ဂါ သုံးပါး ပြည့်စုံရပါမယ်၊ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါး ပြည့်စုံရမယ်။ အလှူပေးအလှူခံပေါင်းလိုက်တော့ ခြောက်ပါးရတယ်။ဒါကိုပဲ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ပြောပါတယ်။
အလှူပေးတဲ့ဒါယကာနဲ့စပ်လို့ ပြည့်စုံရမဲ့ အချက်သုံးချက်က… (၁)ပုဗ္ဗစေတနာ- မလှူမီရှေ့အဖို့ ကျေနပ်နှစ်သက်ဝမ်းမြောက် နေရမယ်။ (၂) မုဉ္စစေတနာ-လှူတုန်းလှူဆဲမှာလဲ ကြည်ရွှင်နှလုံး ပျော်မဆုံးရှိနေရမယ်။ (၃) အပရစေတနာ-လှူပြီးနောက်လဲ အစဉ်လဲ အမြဲဝမ်းမြောက်ကြည်နူး နေရပါမယ်။
ပုဗ္ဗစေတနာ
ဒီစေတနာရဲ့သဘောက မလှူခင် ၀မ်းမြောက်ကျေနပ်နေရပါမယ်။ ဆက်ပြောပါ့မယ်။်
မလှူမီ အလှူကောင်းမှုအတွက် ကြိုတင်ပြင်ဆင်မှု ၀တ္ထုကြေးငွေပြည့်စုံမှုစတဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ဒီလို အချင်းချင်းတိုင်ပင်တဲ့အခါ အချင်းချင်း အတ္တ မာန ခ၀ါချပြီး ဆွေးနွေးတိုင်ပင်ရတယ်။ ‘ငါ့မှာရှိလို့ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ၊ မင်းတို့အလှူအတွက် မထည့်လဲအရေးကြီးဘူး၊ ငါတစ်ယောက်ထဲလုပ်မယ်’ စတဲ့ မလှူခင်မှာကို ပြဿနာတက်နေပီဆိုရင် ပုဗ္ဗစေတနာ မပြည့်စုံနိုင်တော့။ တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦး ကျောင်းရောက်လာပြီး ဇနီးဖြစ်သူက မနက်ဖန် အလှူအတွက် အိမ်ကို ကြွဖို့အကြောင်း ၀မ်းသာအားရလျှောက် တယ်။ ဒါကို အနီးရှိ ယောင်္ကျားဖြစ်သူက ဒီကိစ္စသူ့ကို မတိုင်ပင်ရကောင်းလား ဆိုကာ နှစ်ဦးသား စာရေးသူရှေ့မှာ တစ်ခွန်းတစ်စ ပြောကြပါလေရော။ဒီလိုဆိုတော့ ပုဗ္ဗစေတနာ ပျက်ယွင်းသွားတာပေါ့။ ယောင်္ကျားဖြစ်သူက မတိုင်ပင်လဲ ပုဗ္ဗစေတနာအထ မြောက်အောင် နားလည်ပေးလိုက်ရင်လဲ ဖြစ်ပါတယ်။ အလှူနဲ့ပတ်သက်ပြီး ပုဗ္ဗစေတနာမချို့ယွင်းမိဖို့ အထူးသတိထားရပါမယ်။ တကယ်လို့ ပုဗ္ဗစေတနာချို့ယွင်းပီဆိုရင် ဖြစ်လေရာဘ၀ ချမ်းသာသော်လဲ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။ ဘုရားအလောင်းတော် မင်းကုသာဟာ ဘုန်းတံခိုးအာဏာကြီးတဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့ သူ့ရဲကမျက်နှာဟာ ဘီလူးတစ်ကောင်အလား အရုပ်ဆိုးကျည်းတန်လှတယ်။ဒါဟာ ပုဗ္ဗစေတနာ ချို့ယွင်းခဲ့လို့ပါ။ စာရှည်သွားမှာစိုးတဲ့အတွက် အတိတ်သာဓက ပြန်မပြတော့ပါဘူး။
အပရစေတနာ
ဒီစေတနာရဲ့သဘောက လှူပြီးနောက် ၀မ်းမြောက်ပျော်ရွှင်ရပါမယ်။ ပျံလွန်တော်မူပြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးက သူ့ရဲ့တပည့် ဒကာ/ဒကာမများအား “မင်းတို့ အလှူလုပ်တဲ့အခါ ‘အ’ တဲ့အလှူ မဖြစ်စေနဲ့” လို့ မိန့်တော်မူခဲ့တယ်။ဒါဟာ အပရစေတနာအားကောင်းအောင် တွန်းအားပေးလိုက်တဲ့ ဆုံးမစကားပဲ ဖြစ်တယ်။ ဆက်လက်ပြောပါဦးမယ်၊ မိမိလှူလိုက်တဲ့အလှူဟာ အသုံးဝင်နေရမယ်။ ကျောင်းကြီးတစ်ဆောင် ဆောက်လှူထားတယ်ဆိုပါစို့၊ လှူထားတဲ့ကျောင်းဟာ ရဟန်းသံဃာတော်များ အသုံးချမှုလဲမရှိ၊ အမြဲတမ်း သော့ခတ် ထားမယ်ဆိုရင် အလှူရှင်က ဒါကိုကြည့်ပြီး ၀မ်းမြောက်မှုမရနိုင်တော့ ၀မ်းမြောက်မှုမရှိရင် ‘အ’တဲ့အလှူဖြစ်သွားပါတယ်။ စာမကြည့်ဖြစ်တဲ့ ကျောင်းမှာ ပိဋကတ်သုံးပုံ သွားလှူထားမယ်ဆိုရင် ဘာမှအသုံးမ၀င် အလှပြရုံသက်သက်မို့လို့ လှူရတဲ့သူမှာ ဒါကိုကြည့်ပြီး ၀မ်းမြောက်နိုင်ဘူး၊ တကယ်လို့ စာသင်တိုက်တွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ တကယ်အသုံးလိုနေတဲ့စာအုပ်တွေကို လှူလိုက်လို့ရှိရင် ထိုစာအုပ်အလှူအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ဒါဟာ အလှူ့ရှင်အတွက် အပရစေတနာ အထမြောက်သွားတာပါပဲ။ ဒါကြောင့် လှူတဲ့အခါ “အ” တဲ့အလှူမျိုး မဖြစ်အောင် အသုံးဝင်တဲ့ ပစ္စည်းများကိုသာ လှူရမှာဖြစ်တယ်။ ဒါဆိုရင် အပရစေတနာနဲ့စပ်လို့ သဘောရှင်းလောက်ပါပြီ။
မုဉ္စစေတနာ
ဒီစေတနာရဲ့သဘောက လှူတုန်းလှူဆဲမှာ ၀မ်းမြောက်မှုရှိရပါမယ်။ ကောင်းမှုပြုတဲ့အခါ လှူဆဲမှာလဲ အလွန်အရေးကြီးပါတယ်။ ပေးလှူတုန်း မှာ ကာမတရား၊ ဘ၀တရားတွေကို မက်မောတတ်တဲ့ တဏှာလောဘကို ကျော်လွှားနိုင်ရမယ်။ ဒါမှလဲ မုဉ္စစေတနာအောင်မြင်မယ်။ ကောင်းမှုအလှူနဲ့စပ်လို့ ဆုတောင်းတဲ့အခါ တစ်ချို့ရှိကြတယ်။ ဇောတိလ၊ဇဋိလသူဌေးတို့လို ချမ်းသာရပါလို၏။ ရှင်သာရိပုတ္တရာတို့လို ပညာကြီးရပါလို၏၊ ရှင်မဟာမောဂ္ဂလာန်တို့လို တန်ခိုးကြီးရပါလို၏ အနာထပိဏ်သူဌေး၊၀ိသခါတို့လို ဖြစ်ရပါလို၏၊ အရှင်ဗာကုလလို အနာရောကင်းပြီး ချမ်းသာရပါလို့၏ လို့ ဆုတောင်းကြပါတယ်။ ကောင်းမှုတစ်ခုလုပ်ပြီး လိုချင်လိုက်တဲ့ဆုတွေက တအားများနေတယ်၊ အားလုံးတစ်ကြိမ်တည်းဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားလက်ထက်တောက ရှင်သာရိပုတ္တရာဆိုတာ ဘုရားရှင်ပြီးရင် ဒီအရှင်တွေပဲရှိကြ တယ်။ ရှင်သာရိပုတ္တရာတို့တောင်မှာ ရထားတဲ့ဆုက ပညာဧတဒဂ် ဆိုတဲ့ ဆုတစ်ခုတည်းပါ။ ဒါကို လောကရှိသမျှ ကောင်းတဲ့ဆုတွေ အကုန်လုံးလိုချင်လို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လောဘတဏှာဦးစီး လှူတာဖြစ်တော့ ပါရမီအဆင့်ကိုတောင် မမီပါဘူး။ ဒါဖြင့်ဘယ်လိုဆုတောင်းမလဲ၊ ဆွမ်းလှူတဲ့သူဟာ ဆွမ်းအကျိုးကတော့ မတောင်းလဲရ၊တောင်းလဲရပီးသားပါ၊ မိမိရည်ရွယ်ရမှာ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ချမ်းသာ အထောက်အပံ့ဖြစ်ပါစေဆိုရင် ပါရမီအဆင့်ရောက်သွားပါတယ်။ လိုရင်းပြောရင် ကိုယ့်အကျိုးမကြည့်ဘဲ အလှူခံရဲ့အကျိုးကို မျှော်ပြီး လှူလိုက်ရင် အဲဒီအလှူဟာ ပါရမီအဆင့် ပြည့်မီသွားပါတယ်။ ဒါ့အပြင် ပေးလှူဆဲမှာလဲ ၀မ်းမြောက်ကြည်နူးမှု များဖြစ်နေမယ်ဆိုရင် မုဉ္စစေတနာအောင်မြင်သွားပါတယ်။ ဒါကို မှတ်လွယ်အောင် ဆောင်ပုဒ်လေးကို လိုက်မှတ်ထားလိုက်ကြပါ
(ပေးလှူသူမှာ ၊ စေတနာ၊ သုံးဖြာစုံရမည်)
အလှူပေးတဲ့ဒါယကာမှာ အခုပြောခဲ့တဲ့ အင်္ဂါသုံးချက်တော့ ပြည့်စုံပါပြီ၊ ဒီလိုပြည့်စုံရုံနဲ့မပြီးသေးဘူး။ အလှူခံပုဂ္ဂိုလ်ဘက်မှာလဲ အင်္ဂါသုံးချက်ပြည့်စုံရမှာပါ။ အလှူခံဆိုတာ ကိလေသာ ကင်းပြီးနေရမယ်။ရဟန္တာဖြစ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ ကိလေသာ မကင်းသေး ဘူးဆိုရင်တော့ လောဘနည်းအောင်၊ဒေါသနည်းအောင်၊မောဟနည်းအောင်ကျင့်နေတဲ့သူဖြစ်ရမယ်။ ဒါဟာ အလှူခံမှာပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။ မေးစရာရှိတာက ကိလေသာနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုပါသလဲ၊ ဘယ်လိုသိရမလဲ လို့ မေးစရာရှိ တယ်။ဒါနဲ့ပတ်သက်ပြီး ဥပမာတစ်ခု ရွေစစ်-မစစ်ဆိုတာကို မှတ်ကျောက်တင်ပြီး စစ်ရပါတယ်။ဒီလိုပါပဲ လောဘစတဲ့ကိလေသာနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလဲ စံထားပြီး မှတ်ကျောက်တင်ရပါမယ်။ ဘယ်လိုစံပြုမလဲဆိုရင်…
ဂေါတမဘုရားရှင်လက်ထက်မှာ စက္ခုပါလမထေရ်၊ ကဿပဘုရားရှင်လက်ထက်မှာ ကပိလရဟန်းတို့ဟာ ဘုရားရှင်ကို မေးဖူးပါတယ်။ “အရှင်ဘုရား ဘုရားရှင်ရဲ့သာသနာတော်မှာ ၀င်ရောက်ခုံလှုံလာရင် ဘာလုပ်ငန်းများ လုပ်ကိုင်ပေးရမလဲဘုရား” လို့မေးတယ်။ ထိုအခါ ဘုရား ရှင်က သာသနာတော်မှာ အလုပ်ငန်းနှစ်မျိုးရှိတယ်၊ အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးကို ပြုလုပ်နေရမယ်။ (၁)ဂန္ထဓုရ၊ ဘုရားဟောစာပေတွေကို သင်အံကျက်မှတ် ပို့ချတာတွေပြုလုပ်နေရမယ်၊ တရားဟောတာတွေလဲအတူတူပဲ၊ ၀ိပဿနာဓုရ ဆိုရင်တော့တရားအားထုတ်ခြင်း၊ တရားပြသခြင်းစတဲ့ သာသနာ့တာဝန်တွေပါ၊ဒီလုပ်ငန်းနှစ်ရပ်အနက် တစ်မျိုးမျိုးကို စွမ်းနိုင်သလောက်ပြုလုပ်နေမယ်ဆိုရင် လောဘစတဲ့ကိလေသာနည်းအောင်ကျင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့လုပ်ငန်းနှစ်ရပ်ပါ။
ဒီလုပ်ငန်းနှစ်ခုကသွေဖီပြီး ရဟန်းဖြစ်ပါလျှက် ဆေးကုခြင်း၊ ဗေဒင်တွက်ခြင်း၊ ဓါတ်ရိုက်ယတြာချေခြင်း၊ဓါတ်ကူးပေးခြင်း၊ ချဲဂဏန်းပေးခြင်း၊ဘောလုံးပွဲလောင်းခြင်းစတာတွေကို ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ လောဘတိုးပွားကြောင်း၊ ဒေါသတိုးပွားကြောင်း အကျင့်တွေပဲ ဖြစ်လာတော့မှာပါ။ ဘာ့ကြောင့်ဆိုရင် ဆေးကုတယ်ဆိုတာလဲ လာဘ်လာဘကို မျှော်တာပါပဲ၊ ဗေဒင်တွက်ခြင်း ချဲဂဏန်းပေးခြင်း၊ ဘောလုံးပွဲလောင်းခြင်းစတဲ့ အလုပ်တွေလဲ အတူတူပါပဲ။ ဒီလိုလာဘ်လာဘမှီပြီးဖြစ်လာမှတော့ လောဘတိုးပွားအောင် လုပ်တဲ့အလုပ်တွေပဲ ဖြစ်တယ်။
ပီးတော့ ထိုလုပ်ငန်းနှစ်ရပ်အနက်တစ်ခုခု ပြုလုပ်နေတိုင်းလဲ လောဘနည်းအောင်ကျင့်တယ်လို့ မခေါ်ဆိုနိုင်ဘူး။ ဒါနဲ့စပ်လို့ စံနှစ်ခုကိုရှိတယ်၊ ဒါနဲ့စပ်လို့ မြစကြာဆရာတော်ရဲ့ အဆိုအမိန့် ကောင်းလွန်းလို့ ဒီနေရာမှာ ထည့်သွင်းပြောပြပါ့မယ်။ (၁) မိမိလုပ်တဲ့လုပ်ငန်း မှန်ကန်မှုရှိရတယ်၊လမ်းကြောင်းမှန်ရမယ်။(၂)စေတနာ မေတ္တာ ရည်ရွယ်ချက်ကောင်းရမယ်။ ဒီ စံနှစ်ချက်နဲ့ကိုက်ညီမှ လောဘနည်းအောင် ကျင့်တာလို့ခေါ်ပါတယ်။
ဆိုပါစို့…ဂန္ထဓုရအတွက် စာသင်တိုက်ထောင်တယ်ဆိုတာ နောက်မျိုးဆက်သစ်လေးတွေ ထွန်းကားပြီး သာသနာဆက်လက်ပြုသွား နိုင်အောင်၊ သာသနာဆက်လက်တည်တန့်နေအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင်တော့ ကောင်းပါတယ်။ အလုပ်လဲမှန်တယ်၊ စေတနာ မေတ္တာ ရည်ရွယ်ချက်လဲ မှန်ကန်တယ်။ ဒါဆိုရင် လောဘနည်းကြောင်းကျင့်နေတဲ့ အကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ စာသင်တိုက်ထောင်တာ ငါ့အတွက် ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ နိုင်ငံသာမက ကမ္ဘာကျော်ဖို့ ဆိုတဲ့ မှားယွင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြပါတယ်။ နာမည်ကြီးချင်၊ ကမ္ဘာကျော်ချင်တယ်။ဒီရည်ရွယ်ချက်နဲ့စာသင်တိုက်ထောင်တယ်။ ဒါဟာ လုပ်ငန်းမှန်ကန်မှုရှိတယ်။ ဒါပေမဲ့ ကျော်ကြားချင်တယ်ဆိုတဲ့ လောဘဦးစီးနေတဲ့အတွက် လောဘ တိုးပွားကြောင်းအကျင့် ဖြစ်သွားတယ်၊ ဒေါသတိုးပွာကြောင်းအကျင့်ဖြစ်သွားပါတယ်။ တရားဟောတာလဲဒီအတိုင်းပဲ လာဘ်လာဘငှြဲ့ပီး တရားဟောရင်တော့ လောဘတိုးပွား ကြောင်းပေါ့၊ လူတွေအသိဥာဏ်တိုးပီး လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်ကောင်းနဲ့ ဟောတာဆိုရင်တော့ ဒါ လောဘနည်းကြောင်းအကျင့်ပေါ့။ ဘာသာရေးစာရေးဆရာတွေလဲဒီလိုပါပဲ၊ အမြတ်ရအောင်၊ နိုင်ငံကျော်အောင် ရည်ရွယ်ချက်နဲ့ စာပေရေးသားတယ်ဆိုရင် လုပ်ငန်းကမှန်တယ်။ဒါပေမဲ့ စိတ်စေတနာက လောဘဦးစီးနေတဲ့အတွက် လောဘတိုးပွားကြောင်းဖြစ်နေပါတယ်။
ဝိပဿနာဓုရနဲ့ပတ်သက်ပြီးတော့လဲ ဒီလိုပါပဲ၊ ရိပ်သာထောင်တယ်ဆိုတာ သတ္တ၀ါဝေနေယျအများ ကိလေသာငြိမ်းကြောင်းအကျင့် တွေကို ကျင့်နိုင်အောင် လမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ကောင်းပါတယ်။ လုပ်ငန်းလဲမှန်တယ်၊ စိတ်စေတနာ ရည်ရွယ်ချက်လဲကောင်းတဲ့အတွက် လောဘနည်းကြောင်း၊ဒေါသနည်းကြောင်းအကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ရိပ်သာထောင်တာ ငါ့အတွက် နာမည်ကြီးချင်လို့ ကမ္ဘာကျော်ချင်လို့၊ ပရိသတ်အခြွေအရံများအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲု့ ရိပ်သာတည်ထောင်ကြတယ်။ဒါဟာ လုပ်လိုက်တဲ့လုပ်ငန်းတော့ မှန်ကန်မှုရှိပါတယ်။ဒါပေမဲ့ စေတနာ မေတ္တာ ရည်ရွယ်ချက် မှန်ကန်မှု မရှိ ပါဘူး။ ကျော်ကြားလိုတဲ့စိတ်နဲ့ဆိုတော့ လောဘဦးစီးတဲ့အတွက် လောဘတိုးပွားကြောင်းအကျင့်လို့ ပြောနိုင်ပါ တယ်။
လိုရင်းက လောဘ၊ဒေါသ၊မောဟနည်းအောင်ကျင့်နေတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်ရဲ့ အင်္ဂါသုံးချက်ပြည့်စုံ ပါပြီး၊ဒါဆိုရင်အင်္ဂါခြောက်ပါးပြည့်စုံတဲ့ အလှူရဲ့အကျိုးတရားဟာ ရေတွက်လို့မရနိုင်အောင်ပါပဲ အကျိုးသက်ရောက်မှု များလှတယ်ဆိုတာပြောရင်း…….
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၂.၈.၂၀၁၀၊ ကြာသပတေးနေ့၊
ညနေ ၂း၃၇ နာရီ

1 comments:
အရှင်ဘုရားရဲ့ဓမ္မစာပေများလာရောက်ဖတ်သွားပါတယ်။ အခုလိုသိခွင့်ရတဲ့အတွက် သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်။
Post a Comment