Tuesday, August 3, 2010

အကောင်းကြိုက်သူများအတွက် အကောင်းဆုံးဓမ္မ

လောကမှာ အကောင်းမွန်ဆုံး အမြတ်ဆုံး အကောင်းဆုံး ဆိုတဲ့အရာတွေကို လူသားများ စိတ်ဝင်စားလေ့ရှိကြတယ်။ နားလည်အောင် ပြောရရင် စားစရာနဲ့ပတ်သက်လို့ အကောင်းဆုံးအစားအစာဆိုရင် စိတ်ဝင်စားတယ်၊ မြည်းစမ်းကြည့်ချင်တယ်။ ထိုအစားအစာရှိတဲ့နေရာကို မရောက်ရောက်အောင်သွားပြီး ၀ယ်ယူစားသောက်ကြတယ်။အကြိုက်တွေ့ပြီဆိုရင် ဘယ်လောက်ဈေးကြီးကြီး ၀ယ်စားလေ့ရှိကြတယ်။ အ၀တ်အထည်နဲ့စပ်လို့လဲ ဒီလိုပါပဲ၊ အညံ့စားအ၀တ်အထည်တွေဆို မ၀တ်ချင်ကြ၊ အချို့က ပိုက်ဆံမတတ်နိုင်လို့သာ ညံ့တဲ့အ၀တ်အထည် တွေကို ၀တ်ကြရတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် အကောင်းဆုံးအ၀တ်ပဲလိုချင်ကြတယ်။ နေစရာအိမ်တွေလဲ ဒီလိုပါပဲ၊ အိမ်ကောင်းကောင်း နဲ့ နေချင်ကြတာ ဓမ္မတာပါ။
ဒါကြောင့်လဲ ဘုရားမြတ်စွာဟာ လူတို့ရဲ့စိတ်သဘောသဘ၀ကို သိတော်မူတဲ့အတွက် “ဓမ္မ” ကို လူတို့စိတ်ဝင်စားလာအောင် အဆန်းတကြယ်ဟောကြားတော်မူခဲ့တာဖြစ်မှာပါပဲ လို့ တွေးမိပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုက်ကြတဲ့သူများအတွက် မြတ်စွာဘုရားဟော ကြားတော်မူခဲ့တဲ့ တရားတော်များထဲမှ အမြတ်ဆုံးဖြစ်တဲ့ ဓမ္မတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

အထက်ကဆိုခဲ့တဲ့အတိုင်း လူတွေမှာ အကောင်းဆုံးလာဘ်လာဘတွေကို ရရှိခံစားသုံးဆောင်ကြရပြီဆိုရင် သဘောတွေ မနောခွေ့ပြီး အကြိုက်တွေ့နေတတ်ကြပါတယ်။ ဒီအကောင်းဆုံးလာဘ်လာဘတွေဟာ ရရှိတဲ့ခဏမှာတော့ ပျော်ရွှင်ကြတာပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတာက ရရှိလာတဲ့လာဘ်လာဘတွေကို ထိန်းသိမ်းရ၊ မပျောက်ပျက်အောင် ကြောင့်ကြစိုက်ရနဲ့ ရတက်မအေး သောကပူဆွေးခဲ့ရ တယ်။ဒါဟာ လာဘ်လာဘနဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ ပူဆွေးမှု၊စိတ်ဆင်းရဲမှု၊ရတက်မအေးမှုတွေပါ။ဒါကြောင့် ရရှိလာတဲ့လာဘ်လာဘတွေဟာ အကောင်းဆုံး လာဘ် လို့ မဆိုနိုပါဘူး။ ဒါဖြင့် အကောင်းဆုံးလာဘ်က ဘာများဖြစ်နိုင်မလဲ…။
(၁)“အာရောဂျ ပရမာ လာဘာ” လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း ဖြစ်တယ် လို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ဆက်ပြောပါအုံးမယ်။ လူများဟာ ငယ်စဉ် ကျန်းမာရေးကောင်းခဲ့တုန်းက ကျန်းမာရေးအတွက်ဂရုစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စာ နေထိုင်လာခဲ့ကြတယ်။ဒါပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့အခါ ပေါ့ပေါ့ပါးပါးမဖြစ်တော့၊ လုပ်ချင်တာမလုပ်ရတော့၊စားချင်တာမစားရတော့ပါ။ ထင်ရှားအောင်ပြောရရင် အုန်းထမင်းဟာ ရောဂါမရှိသူများအတွက် အာဟာရဖြစ်ရုံမက ခွန်အားလဲဖြစ်စေပါတယ်။ ဒါပေမဲ့ သွေးတိုးရောဂါရှိသူ များအတွက်တော့ အုန်းထမင်းဟာ အဆိပ်စားသလိုပါပဲ။ ဘာ့ကြောင့်ဆိုရင် သွေးတိုးပြီးသေဆုံးနိုင်တဲ့အထိ ဖြစ်တတ်လို့ပါပဲ။ ပီးတော့ ကောက်ညှင်းပျက်၊ စပွန်ဆာအချိုရည်များစတာတွေဟာ ရောဂါမရှိသူတို့အတွက် အားကိုဖြစ်စေပေမဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ အတွက်တော့ သွေးတိုးနိုင်၊ဆီးချိုတက်နိုင်တဲ့အတွက် အဆိပ် ပင်သဖွယ်ပါပဲ။ ပူအိုက်တဲ့အခါဆိုရင် အအေးဓါတ်ရရှိဖို့အတွက် အဲယားကွန်းနဲ့ နေလေ့ရှိကြတယ်။ ရောဂါမရှိသူအတွက်တော့ကောင်းတာပဲ၊ဒါပေမဲ့ အဆုတ်သမားတွေအတွက်တော့ ထိုအအေးဟာ အန္တရာယ်ပါ။
ဒါကြောင့် လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း လို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၂) “သန္တုဋ္ဌီ ပရမံ ဓနံ”လောကမှာ အကောင်းဆုံးဥစ္စာဟာ ရောင့်ရဲနိုင်ခြင်းပါပဲ။
လူတွေဟာ ရောင့်ရဲနိုင်မှုမရှိတဲ့အတွက် အလိုရမက်ကြီးစွာနဲ့ မဆုံးနိုင်တဲ့လောဘနောက်လိုက်နေရတဲ့အတွက် ပူပင်သောကရောက် ကြရတယ်။ စိတ်ဆင်းရဲကြရတယ်၊ ငြိမ်းချမ်းမှုဆိုတာတော့ ဝေလာဝေးပါပဲ။ အလိုကြီးတဲ့သူကို ပါဠိလို မဟိစ္ဆ လို့ခေါ်ပါတယ်။ အလိုကြီးတဲ့သူ သုံးဦးရှိပါတယ်။ (က) အတြိစ္ဆ။ (ခ) မဟိစ္ဆ။ (ဂ) ပါပိစ္ဆ တို့ဖြစ်တယ်။ ရသင့်တာထက် ပိုလွန်ပြီး ရယူချင်၊လိုချင်တဲ့သူကို “အတြိစ္ဆ” လို့ခေါ်ပါတယ်၊
ထင်ရှားအောင်ပြောရရင် သူတစ်ပါးက အားကြိုးမာန်တက် ကြိုးစားပီးမှ ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကို မစွမ်းနိုင်တဲ့ကိုယ်က လိုချင်နေတယ်ဆိုရင် ရသင့်တာထက်ပိုလိုချင်တာဖြစ်တဲ့အတွက် “အတြိစ္ဆ” ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
(ခ)အလိုကြီးတဲ့ပုဂ္ဂိုလ်ကို “မဟိစ္ဆ” လို့ခေါ်ပါတယ်။ သူ့ရဲ့သဘောက ကိုယ့်ရှိတဲ့ဂုဏ်ကို မလိုအပ်ဘဲ ကြွားဝါပြီး ပြောဆိုတာပါ။ လိုအပ်တဲ့အခါ ကိုယ့်ရှိတဲ့ဂုဏ်ကို ထုတ်ဖေါ်ပြောသင့်ရင် ပြောရမှာပါ။ မလိုအပ်ဘဲနဲ့ မသင့်တော်မှန်းသိရက်နဲ့ လူတကာရှေ့ သူများအထင်ကြီးအောင် ကိုယ့်ဂုဏ်ကို ဖေါ်ပြီး ကြွားဝါခြင်းဖြစ်တယ်။ ဒါ့အပြင် သူတစ်ပါးပစ္စည်းပေးလို့ ယူတဲ့အခါမှာ အတိုင်းမရှည်မသိဘဲ ယူတဲ့အလေ့ရှိတယ်။ ကိုယ့်မှာ ပြည့်စုံနေရင် ငါ့မှာတော့ ပြည့်စုံနေတယ်။ ဘယ်သူ့မှာဖြင့် လိုအပ်နေတဲ့အတွက် ဘယ်သူ့ကို သွားပေးပါဆိုပြီး လမ်းညွန်ရင်တော့ ထိုသူဟာ အပ္ပိစ္ဆ အလိုနည်းတဲ့သူလို့ ဆိုနိုင်တယ်။ ဒီအရည်အချင်းတွေမရှိဘူးဆိုရင်တော့ အလိုရမက်ကြီးတဲ့ မဟိစ္ဆပုဂ္ဂိုလ်ဖြစ်သွားပါပြီ။
(ဂ) ယုတ်မာပြီး အလိုဆိုးရှိတဲ့ပုဂ္ဂိုလ်မျိုးကို “ပါပိစ္ဆ” လို့ခေါ်ပါတယ်။သူကျတော့ ကိုယ့်ထင်ရှားမရှိတဲ့ဂုဏ်ကို သူတကာကို ပြောဆိုတာပါ။ ဆိုပါစို့၊ ကိုယ့်မှာ လုပ်ငန်းတစ်ခုရရေးအတွက် လျှောက်လွှာတင်တဲ့အခါ လိုအပ်တဲ့အရည်အချင်း၊ ဘွဲ့ထူးဂုဏ်ထူးတွေကို လျှောက်လွှာအတွင်း ရေးဖြည့်ပြီးတင်ရပါတယ်။ ဒီလိုတင်တဲ့အခါမှာ လုပ်ငန်းရရှိအောင်ဆိုပြီး ကိုယ့်မရှိတဲ့ အရည်အချင်းတွေ ဘွဲ့တွေဂုဏ်ထူးတွေကို ရေးဖြည့်ပြီးတင် ကြတယ်။ဒါဟာ ယုတ်မာပြီး အလိုဆိုးရှိတဲ့ ပါပိစ္ဆ ပုဂ္ဂိုလ်ပါပဲ။ အလိုကြီးတဲ့သူများထဲမှာ အယုတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။
ပြောခဲ့တဲ့ပုဂ္ဂိုလ်သုံးဦးဟာ အလိုရမက်ကြီးကြတဲ့အတွက် သူတို့သန္ဆာန်မှာ မဖြစ်သေးတဲ့အကုသိုလ်တရားများ အဖြစ်များလာပြီး၊ ဖြစ်ပြီးတဲ့ကုသိုလ်တရားများ ဆုတ်ယုတ်လာပါတော့တယ်။ ဒါကြောင့် အလိုကြီးတာဟာ ဆင်းရဲမှုကို အပြည့်အ၀ပေးပြီး ရသမျှနဲ့ရောင့်ရဲတာဟာ ငြိမ်းချမ်းမှုကို အပြည့်အ၀ပေးနိုင်ပါတယ်။
တစ်ခါက လယ်ပိုင်ရှင်သူဌေးတစ်ဦးဟာ သူ့အပေါ်ကျေးဇူးများတဲ့ လယ်သမားတစ်ယောက်ကို လယ်မြေတွေ ပေးဖို့အတွက် လယ်သမားကို ပန္နက်ရိုက်ခိုင်းပါတယ်။ လယ်သမားက ပထမပန္နရိုက်ရမဲ့နေရာမှာ မရိုက်သေးဘဲ ပေးထားတဲ့လယ်ကွက်ထက် ပိုပြီးလိုတဲ့ အတွက် နောက်တစ်ကွက်ကိုရောက်သွားပြန်တယ်။ ဒီအကွက်ရောက်တော့လဲ ထပ်လိုပြန်တဲ့အတွက် တစ်ကွက်ပြီးတစ်ကွက် တိုးသွားလိုက်တာ နောက်ဆုံး လယ်သမားဟာ ပန္နမရိုက်ရတော့ဘဲ အမောဆို့ကာ သေဆုံးသွားခဲ့တယ်။ တကယ်လို့ လယ်သများဟာ တစ်ကွက်နှစ်ကွက်လောက် ပေးသမျှနဲ့တင်းတိမ်ရောင့်ရဲနိုင်ခဲ့မယ်ဆိုရင် အသက်မသေနိုင်တဲ့အပြင် လယ်ကွက်တောင်ပိုင်ဆိုင်သွားအုံးမှာပါ။ ဒါကြောင့် ပစ္စည်းဥစ္စများဟာ ဆင်းရဲပူပန်မှုအပြင် အသက်ပါသေဆုံး နိုင်တဲ့အတွက် အမြတ်ဆုံးဥစ္စာ လို့ မဆိုနိုပါဘူး။

ရသမျှနဲ့ရောင့်ရဲတင်းတိမ်မှုမရှိဘဲ ရသင့်တာထက်ပိုပြီး လိုချင်တယ်၊ အလိုကြီးတယ်၊ ယုတ်မာတဲ့အလိုဆိုးရှိကြတဲ့သူများဟာ ကာမဂုဏ်အပေါ်မှာခံစားချင်တဲ့ အာသာဆန္ဒက များနေတဲ့အတွက်သူတို့ရဲ့သန္တာန်မှာ စိတ်ချမ်းသာမှု မရှိနိုင်သလို ငြိမ်းအေးမှုလဲ မရရှိနိုင်ပါ။ ရှေးရှေးဘုရားလောင်းသူကောင်းများဟာ ကာမဂုဏ်နဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး ရှောင်ရှားတော်မူကြတဲ့အတွက် သူတို့ရဲ့စိတ်ဟာ လွတ့်လပ်ပေါ့ ပါးပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ကြခြင်ဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ အမြတ်ဆုံးဥစ္စာဟာ တင့်တိမ်ရောင့်ရဲမှုလို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၃) “၀ိဿဿ ပရမာ ဥာတိ” လောကမှာ အမွန်မြတ်ဆုံး ဆွေမျိုးဆိုတာ အကျွမ်းဝင်မှု ပါပဲ..လို့ ဘုရားရှင်မိန့်တော်မူပါတယ်။
သွေးသားတော်စပ်တိုင်းလဲ ဆွေမျိုးလို့ မခေါ်ဆိုနိုင်ပါ။ တစ်ချို့ဆွေမျိုးများဆိုရင် ပေါင်းသင်းရတာ သူစိမ်းထက်တောင် ဆိုးပါသေးတယ်။ အကျိုးရှိမှ ခေါ်ပြောတယ်။ သာမန်အချိန်ဆို မသိတဲ့အတိုင်းနေကြတယ်။ အနစ်နာမခံနိုင်ဘူး။ မိမိသက္ခာကျအောင် ဆုတ်ယုတ်အောင် မပြောသင့်တဲ့အရာတွေကို လူများအား ပြောဆိုလေ့ရှိတယ်။ မိမိ အခက်ကြုံလာတဲ့အခါ မကူညီတဲ့အပြင် အပြစ်တောင်ပြော လိုက်သေးတယ်။ မိမိအဆင်ပြေနေတဲ့အခါတုန်းကတော့ ပြောဆိုနေသေး၊ အဆင်မပြေတဲ့တစ်နေ့ လုံးဝအပြောအဆို မရှိတော့။ ထိုသူများဟာ ဆွေးမျိုးတော်စပ်သော်လဲ ဆွေးမျိုး လို့မခေါ်နိုင်ပါ။
သို့သော်လဲ လောကမှ သွေးသားတော်စပ်မှု လုံးဝမရှိသော်လဲ သွေးသွားရင်းချာတစ်ယောက်လို အားကိုးရတဲ့သူတွေရှိတယ်။ ထိုသူများရဲ့အလေ့အထက မိမိကို ပေါင်းသင်းတဲ့နေရာမှာ မိမိအကျိုးကိုပဲကြည့်ပြီး ပေါင်းသင်းတယ်။ မိမိရဲ့သိက္ခာကျစရာ၊ လျှို့ဝှက်ရမဲ့အရာတွေကို လူတွေမသိအောင် အထူးလျှို့ဝှက်ပေးတယ်။ မိမိဘေးဒုက္ခကြုံလာတဲ့အခါ အရှေ့ဆုံးကနေ အကူအညီပေးပေးတယ်။ ချမ်းသာတဲ့အခါမှာလဲ ပေါင်းသင်းသလို ဆင်းရဲတဲ့အခါမှာလဲ မပြောင်းလဲဘဲ ပေါင်းသင်းမြဲဖြစ်တယ်။ ကုသိုလ်ရေးနဲ့ပတ်သက်လာရင် မိမိကုသိုလ်ရအောင် ကြံဆောင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မိမိအတွက် အမြတ်ဆုံးဆွေမျိုး လို့ပြောနိုင်ပါတယ်။
(၄) “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာပါပဲ တဲ့။ နိဗ္ဗာန်ဆိုတာ စာချစ်သူများလဲသိကြမှာပါ။ တကယ်တန်း သူ့ရဲ့အနက်ကို ဘာသာပြန်တော့ နိဗ္ဗာန =နိ + ၀ါန ၊ နိ -မရှိ၊ ၀ါန-ကိလေသာ၊ ပေါင်းလိုက်တော့ ကိလေသာမရှိခြင်း၊ကိလေသာကင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိလေသာမရှိရင် အချမ်းသာဆုံးဆိုတော့ ကိလေသာရှိနေရင် အဆင်းရဲဆုံးလို့ ဆန့်ကျင်ဘက် ယူလို့ရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရား များပြားနေရင် ဘယ်တော့မှ မချမ်းသာနိုင်ပါဘူး။ ဥပမာ.. လူတစ်ယောက်က မိမိနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို မိမိအား လာပေးတယ်ဆိုပါစို့၊ ပစ္စည်းမရခင်တုန်းကတော့ အကောင်းသား၊ မိမိနှစ်သက်တဲ့ပစ္စည်းရလိုက်တော့မှ ပစ္စည်းအပေါ် ပျက်စီးသွားမှာစိုးလို့ ကြောင့်ကြစိုက်ရ ၊ ထိန်းသိမ်းရနဲ့ စိတ်ဟာ မလွတ်လပ်တော့။ စိတ်ချမ်းသာတာတွေ အဘယ်မှာလာနိုင်တော့မလဲ။ ထို့အတူ ဒေါသထွက်နေတဲ့ သူများဟာလဲ စိတ်ဆင်းရဲလှပါတယ်။ စိတ်တွေကျဉ်းကြပ်လွန်းလှပါတယ်။ ဒါကြောင့် လိုချင်မှု တဏှာလောဘ၊ မခံသာမှု ဒေါသတရားတွေ မသိမှုဆိုတဲ့မောဟကိလေသာတွေရှိတဲ့သူများဟာ စိတ်ဆင်းရဲလှတာ ထင်ရှားလှပါတယ်။ ကိလေသာတွေ အနှောင်အဖွဲ့ရှိနေသမျှကာလ ပတ်လုံး ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါ။ အဲ…စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ ကိလေသာတွေက အနှောင်အဖွဲ့ကင်းအောင် နေတတ်ဖို့လိုပါတယ်။ ဒီလိုသာနေတတ်သွားပီဆိုရင် အမြတ်ဆုံးချမ်းသာကို ပိုင်ဆိုင်သွားတော့မှာပါ။
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာလာတဲ့ သုဗြဟ္မာနတ်သားအကြောင်းလေးကို ဒီနေရာမှာ အလျင်းသင့်လို့ ပြောပါအုံးမယ်။ တာဝတိံသာနတ်ပြည်မှာ သုဗြဟ္မာနတ်သားဆိုတာရှိတယ်၊ နတ်သမီးတစ်ထောင်အခြံအရံရှိတယ်။ တစ်နေ့မှာ သူ့တို့ရဲ့အရှင်သခင်နတ်သား ပန်းပန်ဖို့အတွက် နတ်သမီးငါးရာက နတ်ပြည်မှာပေါက်တဲ့သစ်ပင်ပေါ်မှာ သီချင်းဆိုပြီး ပန်းခူးနေကြတယ်။ ကျန်တဲ့နတ်သမီးငါးရာက အပင်အောက်ရောက် လာတဲ့ ပန်းတွေကို သီကုံးပေးကာ သီချင်းသီဆိုနေကြပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု…သစ်ပင် ပေါ်က နတ်သမီးငါးရာ ပျောက်ချင်းမလှပျောက်သွားတယ်။ နတ်သားကလဲ နတ်တို့မျက်စိနဲ့ကြည့်လိုက်တော့ နတ်သမီးငါရာ သေပြီး ငရဲကျခံနေရတာကို မြင်တယ်။သူတို့လဲ မကြာခင်သေဆုံးကာ ငရဲကျရမယ်ဆိုတာကို သိလိုက်တယ်။ ဒီလိုသိလိုက်တော့ နတ်သားခမျာ နတ်သားဘ၀ကိုလဲ မစွန့်လွတ်နိုင်မှုဆိုတဲ့ လောဘတဏှာ၊ သေရင်ငရဲကျမှာစိုးရိမ်ပူပန်ရတဲ့ ဒေါသကိလေသာများဖြစ်ကာ စိတ်ဆင်းရဲနေပါတယ်။ ဒီအပူကို ငါ့အားငြိမ်းပေးနိုင်တဲ့သူဟာ လောကမှာ ဘုရားရှင်မှတစ်ပါး အခြားမရှိ၊ ဘုရားထံ အမြန်သွားမှာဆိုပြီး ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ နတ်တို့ရဲ့အဘိညာဉ်နဲ့ ဘုရားရှင်ထံရောက်တော့ ဘုရားရှင်က နညတြ ဗောဇ္ဈတပသာ စတဲ့ ဆင်းရဲငြိမ်းကြောင်းတရားများကို ဟောတော်မူပါတယ်။ အဓိပ္ပါယ်က သတ္တ၀ါတွေ ကိလေသာကင်းပြီးချမ်းသာဖို့အတွက် ဗောဇ္ဈင်တရား၊ ဣနြေ္ဒတရားများမှ တစ်ပါး အခြားတရားကို ငါဘုရား မြင်တော်မမူဘူး……တဲ့။
ဗောဇ္ဈင်တရားဖြစ်အောင်ဆိုတာ သတိပဋ္ဌာန်လေးပါးတရားကိုပဲ လက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်။ သတိပဋ္ဌာန်တရားတော်အရ ကျင့်သုံးရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိနိုင်တဲ့ သတိ၊ပညာ၊ ၀ီရိယ၊ပီတိ၊ပဿဒ္ဓိ၊သမာဓိ၊ဥပေက္ခာဆိုတဲ့ တရားတွေ ဖြစ်လာမှာပါ။ ထိုတရားများ ကိုယ့်သန္တာန်မှာပြည့်စုံပြီဆိုရင် ကိလေသာတွေလဲကင်းသွားပါပြီ။ ကိလေသာတွေကင်းပြီဆိုရင် အမြတ်ဆုံးချမ်းသာပါပဲ။ ဒါကြောင့် လောကမှာ ကိလေသာကင်းခြင်းဟာ အမြတ်ဆုံးချမ်းသာ ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
အချူပ်ပြောရရင် ရောဂါကင်းခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်၊ ရောင့်ရဲခြင်းဆိုတဲ့ အမြတ်ဆုံးဥစ္စာ၊ အကျွမ်းဝင်ခြင်းဆိုတဲ့ အမြတ်ဆုံး ဆွေမျိုး၊ ကိလေသာကင်းခြင်းဆိုတဲ့ အမြတ်ဆုံးချမ်းသာကို စာချစ်သူများ ရရှိနိုင်ကြစေဖို့ ဆန္ဒပြုရင်း………..

လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၃.၈.၂၀၁၀၊ ညနေ ၅ နာရီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More