Tuesday, February 22, 2011

“အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ”

“ကုသိုလ်၊ ဥစ္စာ ကျန်းခန့်သာ၍၊ ပညာ တန်ခိုး၊ တစ်မျိုးမှ
အကျိုးမထွက် ထိုနေ့တွက်၊ သက်သက်ဝမ်းနည်းဘွယ်”

တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့ သြ၀ါဒလေးပါ။ ဒီလင်္ကာလေးကို ရင်ထဲမှာ နှလုံးသွင်းမိတိုင်း တစ်ခါ တစ်ရံ ကြည်နူးဝမ်းသာရလို၊ တစ်ခါတစ်ရံကျတော့လည်း၊ ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလို ခံစားချက်တွေ ဖြစ်နေပြန်တယ်။ ၀မ်းသာတာကတော့ “အော် ဘ၀ရဲ့ တန်ဘိုးဆိုတာတွေက၊ ဒါတွေပါလား” လို့ ဒီလင်္ကာလေး ရဲ့ ကျေးဇူးကြောင့် သိရတဲ့အတွက် အတိုင်းမသိဝမ်းသာမှုတွေဖြစ်မိတာပါ။ တစ်ခါတစ်ရံကျတော့ လည်း “ငါ့ဘ၀ မှာ ၀မ်းနည်းစရာတွေများနေသေးပါလားလို့ ဆင်ခြင်မိတိုင်း ကိုယ့်အတွက်ရော အများအတွက်ပါ၊ အားမရသလို၊ ၀မ်းနည်းသလို ခံစားမိပြန်ပါတယ်။ ကိုယ့်အတွက်ဆိုတာကတော့ ရှင်းပါတယ်။ ၇-နှစ်သားက စလို့ သာသနာ့ဘောင်ကို “သံသာရ ၀ဋ္ဋဒုက္ခတော...”ဆိုပြိး ၀င်ကိုရောက်ခဲ့ပေမယ့်၊ တစ်ကယ်တမ်း ရိုးရိုးသားသား ၀န်ခံရရင် အဲဒိ စကားကို ဆရာဘုန်းကြိးက ချပေးလို့ ဆိုခဲ့၊ရွတ်ခဲ့ရပေမယ့် စာသင်တိုက်မရောက်ခင် အချိန်ထိ သံသရာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့ပါဘူး။ သိတဲ့အချိန်မှာလည်း “ရဟန်းဆိုတာ-သံသရာဘေးကို ကြောက်တတ်သောကြောင့် ရဟန်း”လို့မှတ်သားခဲ့ရပေမယ့် ဒီလိုပဲ အမှုမဲ့နေလာခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။

ဆရာတော်ကြီးရဲ့ ဒီဆုံးမစာလေးကိုနှလုံးသွင်းမိတိုင်း ၀မ်းနည်းရတယ်ဆိုတာ “ဘ၀ကို ဖြုန်းခဲ့တဲ့” အဲဒိအချိန် တွေအတွက် နှမြောမိတဲ့အတွက် ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလိုလည်းဖြစ်ရတာပါ။ ဘာပဲဖြစ်ဖြစ် ရဟန်းတစ်ပါးအနေနဲ့ ကိုယ်ရင်ငယ်ဘ၀က စလို့ အဓိပ္ပါယ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မူလတန်း၊ အငယ် တန်း၊ အလတ်တန်း၊ အကြိးတန်းများ အဆင့်ဆင့်အောင်မြင်၍ ဓမ္မာစရိတန်းအထိ ရွတ်ဖတ်ပွါးများခဲ့တဲ့ တရားတော်တွေက ၀ိပဿနာပညာကို ကြိးကြိးကျယ်ကျယ် အကျိုးမပြုသည်တိုင်အောင် ကုသိုလ်တွေကတော့ နေ့တိုင်း ဖြစ်နေမှာပါ။ ဒါပေမယ့် သာသနာ့အကျိုး၊ အများအကျိုးစတဲ့ လုပ်ငန်းတွေကို အစွမ်းရှိသလောက် မလုပ် ဖြစ်ခဲ့တဲ့၊ အမှုမဲ့နေခဲ့မိတဲ့ ထိုများပြားလှစွာသော နှစ်တွေအတွက်တော့ နှမြောတသဖြစ်နေရဆဲပါ။ သို့သော် လည်း ဘ၀ရဲ့ တန်ဘိုးကို စသိတဲ့ လွန်ခဲ့တဲ့လေးနှစ်တာ ကာလကစလို့ (အသက်-၂၄နှစ်ခန့်) တတ်နိုင်သ လောက် အများအကျိုးပြုလုပ်ငန်း၊ သာသနာပြုလုပ်ငန်းတွေကို စတင်ပြီးတော့ ကြိုးစားလုပ်ကိုင်လာတဲ့ အချိန် မှာတော့ “ဒါမှသာ ဘ၀ရဲ့ တန်ဘိုးအစစ်အမှန်”ဆိုတာကို သိလာခဲ့ပါတယ်။ အဲဒိနှစ်တွေကစလို့ ယခု အသက်- ၂၈နှစ်တိုင်အောင်ကာလတွေကို ပြန်ကြည့်မယ်ဆိုရင် ၀မ်းသာစရာအချိန်လေးတွေများလာခဲ့ပြီလို့ ဆိုနိုင်ပေမယ့်၊ နေ့ရက်အနေနဲ့ တွက်မယ်ဆိုရင်တော့ ၀မ်းနည်းစရာနေ့ရက်တွေက အလေးသာနေဦးမှာပါ။

အဲဒိတော့“အော်-ကိုယ်လို စား၊ ၀တ်၊ နေရေး ဘာမှ မပူရတဲ့ သာသနာ့ဝန်ထမ်းတစ်ယောက်ရဲ့ ဘ၀မှာတောင် ရိုးရိုးသားသား ၀န်ခံကြစတမ်းဆိုရင် ၀မ်းနည်းစရာနေ့တွေများနေသေးရင်၊ စား၊ ၀တ်၊ နေရေးအတွက် နေ့စဉ် နှင့်အမျှ ကြိုးစားရုံးကန်နေရတဲ့ လူသားတွေအဘို့ ၀မ်းနည်းစရာကောင်းတဲ့ နေ့တွေ ဘယ်လောက်များ နေလိုက် မလဲ” ဆိုတာတွေးမိတော့ သူတို့အတွက်ပါရောပြိး ရင်ထဲမှာစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဘ၀နဲ့ အလုပ်ဆိုတာ ပြည့်စုံတယ်ရယ်လို့တော့ မရှိပါဘူး။ ဒီလိုပဲ အားငယ်မနေပဲ၊ အသိတရားရှိတဲ့ အချိန်မှာ ကြိုး စားသွားဘို့သာ အရေးကြိးတာပါ။ ခုစာရေးနေတဲ့ စာရေးသူတောင် အသိတရားရလာတော့မှပဲ တတ်နိုင်သ လောက် သင်တန်းတွေဖွင့်၊ တရားပေစာတွေဟော၊ စာကြည့်တိုက်လေးတွေ တတ်သလောက်မှတ်သလောက် တည်ထောင်ရင်းနဲ့ပဲ ကိုယ့်ဘ၀ကိုငှဲ့ဆောင်းကြည့်လိုက်တဲ့အခါမှာ ကြည်နူးစရာနေ့ရက်လေးတွေများလာပြီဆို တာတွေးမိပြိးအားတက်ခဲ့ရပါတယ်။

တွေးကြည့်မယ်ဆိုရင် လူသားတို့အတွက် အသက်ရှင်နေသမျှကာလပတ်လုံး တနင်္ဂနွေအစ၊ စနေအဆုံး နေ့ရက်ပေါင်း ၇-ရက်ကိုတော့ အားလုံးပိုင်ဆိုင်နေကြတာပါ။ အဲဒိပိုင်ဆိုင်တဲ့နေရက်တွေကို ကိုယ်ဘယ်လို အသုံးချနေသလဲဆိုတာကို အမြဲပဲဆင်ခြင်သင့်ပါတယ်။ လူသားတစ်ယောက်အတွက် ဘ၀မှာရပ်တည်နိုင်ဘို့ အတွက် ၇-ရက်ထဲက ခြောက်ရက်ကို နူတ်လိုက်မယ်ဆိုရင်တောင် အနည်းဆုံး ကိုယ်ပိုင်အချိန်ဆိုတာ “တနင်္ဂနွေ တစ်ရက်တော့ ကိုယ့်အတွက်ရမှာသေချာပါတယ်။ အဲဒိတစ်ရက်ကို ကိုယ်ဘယ်လို အသုံးချမလဲ၊ အများစုက တော့ အဲဒိရက်ကို မေ့မေ့လျော့လျော့၊အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်တတ်ကြပါတယ်။ အဲဒါဆိုရင်တော့ တစ်ဘ၀လုံးအတွက် ၀မ်းနည်းစရာကောင်းတဲ့ နေ့ရက်တွေက ရေတွက်လို့ကို ဆုံးနိုင်မှာ မဟုတ်တော့ပါဘူး။ ယူတတ်ရင် လောကမှာ အကောင်းတွေဆိုတာ နေရာတိုင်းမှာ ရှိနေသလို၊ အဆိုးတွေကလည်း ကိုယ့်ရဲ့ အကျင့် စာရိုက်အပေါ်မူတည်ပြီးတော့ နေရာတိုင်းက စောင့်ကြိုနေမှာပါ။

စာရေးသူရဲ့ လတ်တလော ဘ၀ကို ဆန်းစစ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၇-လလောက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ယောင်လည်လည်နဲ့ရောက်ခဲ့ရပါတယ်။ မာစတာတန်းဆက်တက်ဘို့ ရည်ရွယ်ချက်က ခိုင်ခိုင် မာမာရှိပြိးသားပေမယ့်၊ ကျောင်းတက်ဘို့ ဝေးနေတာက တစ်ကြောင်း၊ ရောက်စဆိုတော့ နေရာထိုင်ခင်း အခက် အခဲကတစ်မျိုး၊ ဒီကြားထဲ အမေကို သတိယရတာက တစ်သွယ်နဲ့၊ရောက်စ ကာလတွေမှာတော်တော်ကို ယောင်ဝါးဝါးနိုင်ခဲ့ပါတယ်။ စာလေးမတောက်တစ်ခေါက် ဖတ်လိုက်၊ ဆွမ်းစားလေးဘာလေးကြွလိုက်နဲ့ပဲ၊ အချိန် ကုန်လာတော့ ဘ၀ကို နှမြောမိသလိုဖြစ်လာပါတယ်။ “အော်-ငါ့ဘ၀ ၀မ်းနည်းစရာနေ့တွေက မကုန်သေးပါလား ”လို့လည်း ဆင်ခြင်မိပါတယ်။ အဲဒိအချိန်မှာပဲ၊ မြန်မာပြည်မှာ ကြိုးကြိုးစားစားလုပ်ခဲ့မိတဲ့ ကောင်းမှုတွေက အကျိုး ပေးတယ်ပဲဆိုရမလားမသိ၊ ကိုယ်အလွန်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ဆောင်ရွက်နိုင်ဘို့ ကံကြမ္မာက မျက်နှာ သာ ပေးခဲ့ပါတယ်။ အဲဒိအလုပ်ကတော့ ခုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ “ဗုဒ္ဓဓမ္မ” သင်တန်းလေး ဖွင့်လှစ်နိုင်ဘို့ ဒကာလေး ကိုလင်းနိုင်က လျှောက်ထားလာခဲ့တာပါပဲ။ အတိုင်းမသိဝမ်းသာသလို၊ စီစဉ်ပေးသူ ဒကာလေး ကိုလင်းနိုင်ကိုလည်း အတိုင်းမသိ ကျေးဇူးလည်းတင်မိပါတယ်။ ငါပိုင်ဆိုင်တဲ့နေ့ရက်တွေ အဓိပ္ပါယ်မမဲ့တော့ ဘူးပေါ့၊ ဆိုပြီးတစ်ကယ်ကို နှစ်သက်အားရမိပါတယ်။

သင်တန်းဖွင့်ရက်တွေကတော့ အပါတ်စဉ်တနင်္ဂနွေနေ့တိုင်းဆိုပေမယ့် စာရေးသူအတွက်တော့ နေ့ရက်တိုင်း ဟာ အဓိပ္ပါယ်တွေပြည့်ဝလို့နေပါတယ်။ ဆရာတစ်ပါးပြောဖူးသလိုပါပဲ“ အရှင်ဘုရားတို့ကို စာတစ်နာရီ သင်ဘို့ တပည့်တော်က လေးနာရီလောက်စာကြည့်၇တယ်”ဆိုသလိုပဲ။ တစ်ပတ်ကို သင်တန်းတစ်ရက်ပြနိုင်ဘို့ စာရေး သူအနေနဲ့ နေ့စဉ်နေ့တိုင်း ပီပီပြင်ပြင် သင်ကြားနိုင်ဘို့၊ မေးလာတဲ့ မေးခွန်းလေးတွေ ဖြေကြားနိုင်ဘို့၊ စာတွေ ဖတ်လိုက်၊ စာတွေရေးလိုက်၊ တရားတွေနာလိုက်နဲ့ပဲ အဓိပ္ပါယ်ရှိတဲ့နေ့ရက်တွေကို ဖြတ်သန်းနေထိုင်လာ ဖြစ်ခဲ့ပါ တော့တယ်။ နှစ်ပါတ်လောက်သင်ပြိးတဲ့ အချိန်မှာတော့ သင်တန်းသား၊ သင်တန်းသူ အားလုံးဟာ အသက် နှစ်ဆယ်ကျော် ၀န်းကျင်တွေဆိုပေမယ့် ဗုဒ္ဓစာတွေသင်ကြားရခြင်းရဲ့ ကျေးဇူးကြောင့် သင်တန်းဆရာရဲ့ မြန်မာ နိုင်ငံက ကလေးတွေလိုပဲ တစ်သားထည်းဖြစ်သွားတာတော့ အတိုင်းမသိဝမ်းသာကြည်နှုးစရာပါ။ ဘာပဲဖြစ်ဖြစ် သင်တန်းသား၊ သင်တန်းသူတွေ အတွက်လည်း အပါတ်စဉ်တနင်္ဂနွေတိုင်းဟာ “အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ” ဆိုတာ သူတို့ကိုယ်တိုင် လက်ခံလို့နေကြပါတော့တယ်။ ကဲ-စာဖတ်သူလည်း ကိုယ်ပိုင်ဆိုင်တဲ့ တနင်္ဂနွေ တွေကို ဘယ်လိုအသုံးချမလဲဆိုတာ၊ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်ဆိုတာတော့ မမေ့နဲ့နော်။ (ဗုဒ္ဓဓမ္မ သင်တန်းကို အားကြိုးမာန်တက်၊ တက်ရောက်ကြတဲ့ ကျောင်းသားကျောင်းသား ၊ ကျောင်းသူများ အားလည်း ကျေး ဇူးတင်လျှက်ပါ။)

“သူရဲကောင်း”
“လောကအကျိုး၊ အများအကျိုးအတွက် သင့်ရဲ့ ကံသုံးပါးလုံး(ကိုယ်၊ နူတ်၊ စိတ်)ကို အစွမ်းကုန်မြုပ်နှံပြီးသွားတဲ့ အခါမှာ သင်ဟာ သေမင်းကိုတောင် မကြောက်မရွံ့စိန်ခေါ်ဝံ့တဲ့ အရဲရင့်ဆုံး သူရဲကောင်းတစ်ယောက်ဆိုတာ တာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ်”

“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ”


အရှင်တေဇာနန္ဒ(စေတနာပန်းခင်း၊ နိဗ္ဗာန်ဆော်အသင်း)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More