Tuesday, August 3, 2010

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရည်ချက်နဲ့ပါ……..

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း
(၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ “အစများ၏အစ” ဆောင်းပါးကို၂၀၀၂- ခုနှစ်၊မတ်လထုတ် ဓမ္မရံသီမှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း”ဟူသော ဆောင်းပါးကို ဖတ်ရာမှ “အစများ၏အစ”ဆောင်းပါးကို ရေးဖြစ်ကြောင်း ဆရာစောနေလတ်ဆိုထားပါသည်။
ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိလှသည့်အလုပ်ကို ၀ါသနာအလျောက်သိချင်လုပ်ချင် မိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ထေရ၀ါဒဗုဒ္ဓကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက်ထားရှိပါ သည်။
မြတ်စွာဘုရားဟောတော်မူသော “သံသရာ၏အစသည် မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏ အစကို ဆိုထားသည်ကားမဟုတ်။ အနမတဂ္ဂသံသရာ၏အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီသည် အနောက်တိုင်းမှာရော အရှေ့တိုင်းမှာပါ ပျံ့နှံ့လျှက်ရှိ သည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့ဋ္ဌ အတွေးအခေါ်ကို အရှေ့တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည်ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှစတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာမျက်နှာစာမှာ အသာစီကရနေပါသည်။ သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှ အမှန်၊ သူတို့သမိုင်းမှအခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။
အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ကျောက်ဖြစ်ရုပ်ကြွင်းတို့ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြ သည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည်မဟုတ်၍ မှန်ချင်မှန်မည်၊လွဲချင်လွဲမည် သေချာသောအလုပ်ကားမဟုတ်။
(၂)
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင် ကြသည်ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ၀င်ချင်ဝင်ဦးမည်။
ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊၀ီရိယ၊သီလ၊သမာဓိ၊ပညာတို့ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့သာလျှင် သက်ဝင် ယုံကြည်နူင်ကြ၏။ သဒ္ဓ၊ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။
ထိုဘုရားဟော ပိဋကတ်တော်တို့ကိုကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ် စသော ၀ိဇ္ဇာဥာဏ်တို့နှင့်ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှ သဒ္ဓါ၊ပညာအဆင့်လိုက် ကွာဟမှုတော့ ရှိကြပေမည်။
သဗ္ဗညုတဥာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ စရိယာပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော်တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရားလက်ထက်တော် မတိုင်မီကတည်းက ရှိနေပြီးဖြစ်ကြောင်း သိရပေသည်။
လူသားမျိုးနွယ်ဆက်သည် တကမ္ဘာပတ်လုံး အမြဲတမ်းယဉ်ကျေးတိုးတက်၍ မနေသလို အမြဲတမ်းလဲ နိမ့်ကျမနေဟု ယူဆပါ သည်။ ပိဋကတ်ကျမ်းစာများအဆိုအရ မိမိတို့ဝန်းကျင်ရှိ လူသက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့်ကြသောကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တွက်သွားသည်။ ဗြဟ္မစိုရ်တရားခြောက်သွေ့၍ လူတွေတရားမစောင့် သောကာလတွင် ဤလူတို့သက်တမ်းသည် ၁၀-နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက်တမ်းသည် အသေင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀မင်းတို့ခေတ်တွင် လူတို့သက်တမ်းသည် သိန်းချီ၍ ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတုစကြာမင်းတို့ခေတ် မဟာသုဒဿနစကြာမင်းတို့ခေတ်သည်လဲ သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူအဖွဲ့အစည်းဖြစ်ပါသည်။
ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသော လူရိုင်းများ လဲရှိနေနိုင်ပါသည်။ ယခုတိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများ ရှိနေသည်ကို သတိပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှုတိုးတက်နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏သမိုင်းခေတ်ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ် ဖြစ်ချင် ဖြစ်နေမည်။ ယခုသီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူအဖွဲ့အစည်း မရှိသေးကြောင်းသိရပေသည်။ အိမ်နား မှာစိုက်ထားသော ငှက်ပျောမျိုးကို တောကြီးမျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာသည်ကို တွေ့ရှိရသည်။ တော်ငှက်ပျော၏၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။
လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍တောသဘာဝနှင့် လိုက်လျောညီထွေသော ကြမ်းတမ်းမှုစသည် လောက်တော့ ဖြစ်လာစရာရှိပါသည်။ သို့သော် လူသည်လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို၊ တိရစ္ဆာန်အနွယ်မှလည်း လူ့အနွယ်ဖြစ်လာစရာအကြောင်းမရှိဟို ယူဆပါသည်။
ဣသိသိင်္ဃ ဇာတ်တော်တွင် ဘုရားအလောင်းရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ် သည်။ တစ်စတစ်စ မျီုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှယဉ် ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ် က ဆရာဝန်တစ်ဦးရေးသော ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးသည်ကို သတိရမိသည်။
ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီဇာတ်ခြားသောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်းဆိုပါသည်။ ထိုအဆိုသည် သူသိသောဆေးပညာအရသာ ဆိုခြင်းဖြစ်ပြီး၊ သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်းမဟုတ်ဟု နားလည်မိပါသည်။
မကျည်းပင်၊ကြာပွင့်တို့၌ သံသေဒဇပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက် ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ ပို၍ပိုစဉ်းစားမရနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှား ဖြစ်သည်ဟူသော ဥပပါတ်သတ္တ၀ါများအကြောင်းပင် ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသေန္ဓများအနက် သြပပါတိက (ဥပပါတ်)ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ်ဝတ္ထုများကိုသာ စူးစမ်းသော အသိဥာဏ် ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဥာဏ်၊သဗ္ဗညုတဥာဏ်တို့ကိုလဲ ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်းတိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဥာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မပြည်မှ စုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပမ်းခံစားဖွေခြင်းသည် သာမာန်လူတစ်ဦ၏ ကိုယ်ပိုင်အတွေးအခေါ်အပိုင်းအခြား (သာမညယုတ္တိ)ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်ပေ သည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏ အပြင်ဖက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ငြင်းရာလဲရောက်ပါမည်။ အဘယ်ကြောင့်နည်း…..ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသောကြောင့် ဖြစ်ပါသည်။
(၃)
ဒါဝင်၏ Evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ် ကြောင့်ဆိုသော် ဒါဝင်၏ Evolution သိအိုရိအရ နိမ့်ရာမှ မြင်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့် တည်း။ ဒါဝင်၏အဆိုကို ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆို ကပ်ကွက်ခဲ့ကြောင့် သိရပေသည်။ အစ၏အစ ဆိုရာမှ သတ္တ၀ါ၏အစကို အသာထား၍ ရေမြေလေမီးဟူသော ပရမတ္ထဓါတ်ကြီးလေးပါး၏အစကို ရှာကြည့်လျှင်လည်း အသိဥာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုယ်သာပိုင်းခြားသိတော်မူသည်ကားမဟုတ်၊ ရုပ်တရားများကိုလဲ ပိုင်းခြားသိတော်မူပါပေ၏ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသလော နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။
ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလဲ ငါဘုရားမြင်တော်မမူ ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပါပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပေလိမ့်မယ်။ ဥပပါတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင်ဝါဒကိုလျှင်လဲ ယုံကြည်ယူဆမိမည်။ သို့မဟုတ်ဒါဝင်၏ Evolution သီအိုရီကိုလျှင်လဲ ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လဲ သာမညယုတ္တိ နောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)လောက်ကာလမှာ သွားပြောလျှင် ဥဏ်မီရာ ယုတ္တိရှာမရ၍ မယုံကြည်နိုင်ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသေည်။
နိဂုံးချူပ်အနေဖြင့် တစ်ခုပြောလိုသေးသည် အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပ်တို့သည် ကံ -စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ၌ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ်ဖြစ်သော သုဒ္ဓဋ္ဌကလာပ် (ရေ-မြေ-လေ-မီး-အဆင်း-အသံ-အနံ့-အရသာ-သြဇာ) သဒ္ဒန၀ကကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတုအကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရတို့နှင့် လုံးလုံးအဆက် အသွယ်ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသောအကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။
“စိတ်သည် လောကကို ဆောင်အပ်၏” ဟူသောမြတ်ဗုဒ္ဓ၏အဆိုအမိန့်ကို ဤအရာ၌ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်းတွင် ကြည့်ရှုနိုင်ကြပါသည်။
ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း ၊ ဆရာစောနေလတ်တို့ကို အထူးကျေးဇူးတင်ပါသည်။

6 comments:

တပည့်တော်မ ဖတ်ရှုမှတ်သားသွားပါတယ် ဘုရား.. evolution နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟော ကြားထားတဲ့ တရားတော်များဖြစ်တဲ့ ပိဋကတ်တော်တွေ ကို မှားယွင်းနေနိုင်ပါတယ်ဆိုတဲ့ အယူအဆတွေကို ချေဖျက်ပေးတဲ့ ပို့စ်ဖြစ်တဲ့အတွက် အင်မတန်မှ ကျေးဇူး ကြီးပါတယ် ဘုရား.. မူရင်းရေးသားသူကို ရော တဆင့် လက်ဆင့်ကမ်းမျှဝေပေးတဲ့ ဘုန်းဘုန်းကိုပါ ကျေးဇူးတင်ပါတယ်ဘုရား....


ထိပ်ထား

ကျေးဇူးတင်ပါတယ် ဘုရား။
ဒီဟာလဲ ယုံတယ်၊ ဟိုဟာလဲ ယုံတယ်ဆိုတဲ့လူတွေအတွက် အထောက်အပံ့ဖြစ်ပါစေဘုရား။

Quote:
"ဒါဝင်၏ Evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ် ကြောင့်ဆိုသော် ဒါဝင်၏ Evolution သိအိုရိအရ နိမ့်ရာမှ မြင်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့်တည်း။"

ဖြေရှင်းချက်။ ။ ဆင့်ကဲဖြစ်စဉ်ဆိုတာ နိမ့်ရာမှ မြင့်ရာသို့ တိုးတက်ခြင်း မဟုတ်ပါ။ ပြောင်းလဲနေခြင်းသာဖြစ်တယ်။ ၃၁ဘုံအယူအဆမှ မဟုတ်တာ ဆင့်ကဲဖြစ်စဉ်လေ့လာတာ ၃၁ဘုံအမြင်နဲ့ကြည့်တော့ အော် ဘုံတွေလိုပေါ့ အဆင့်ဆင့် တိုးတက်သွားတယ်လို့ မြင်သွားပုံရတယ်။

ဒဿနဗေဒ၊ ဘာသာရေး၊ စတဲ့ ပညာရပ်တွေမှာ လူရဲ့  ခွန်အားနဲ့ ဥာဏ်စွမ်းပေါ်ကြည့်ပြီး လူဟာ အမြင့်ဆုံးသတ္တဝါလို့ဆိုနိုင်တယ်။ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒမှာတော့ သက်ရှိတွေဟာ ဇီဝစွမ်းရည်(Biological abilities) (ဥပမာ နေရောင်သုံး အစာချက်နိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ ပျံသန်းနိုင်ခြင်း၊ ရေတွင် အသက်ရှုနိုင်ခြင်း၊ မတ်တပ်လျှောက်နိုင်ခြင်း၊ ဥာဏ်ရည်ထက်မြက်ခြင်း)တွေကို ဗီဇဖောက်ပြန်မှုတွေကနေ အလိုလိုရရှိပြောင်းလဲလာပြီး သဘာဝရွေးချယ်မှုဖိအားက အဆင့်ဆင့် ထုဆစ်ပေးလိုက်လို့ တစ်ဖက်ဖက်ကို အထူးပြုသွားတယ်လို့ ဆိုထားတယ်။ လူမိန်းမတွေမှာ ကိုယ်ဝန်ကြီးကြီးလွယ်နိုင်အောင် တင်ပါးဆုံရိုးခွင် ကျယ်လာတဲ့အလျောက် အပြေးစွမ်းရည် လျော့ကျတာမျိုး ရှိတယ်။ လက်နှစ်ဖက်ကို လက်နက်သုံးနိုင်အောင် ပြောင်းလဲလာလို့ ခြေနှစ်ချောင်းနဲ့ အလွယ်တကူ ချော်လဲနိုင်တယ်။ လေးဖက်ထောက်သတ္တဝါမှာ ခြေတစ်ချောင်း ကျိုးရင် ပြဿနာမရှိဘူး။ လူမှာ တချောင်းကျိုးတာနဲ့တင် ချိုင်းထောက်နဲ့ ဒုက္ခိတဖြစ်သွားတယ်။ ဒါကို အပေးအယူ Trade-off လို့ခေါ်တာပေါ့။ Trade-off အမြဲရှိတဲ့အတွက် သက်ရှိတွေဟာ တိုးတက်လာတာ၊ ရှုပ်ထွေးလာတာ မဟုတ်။ ယေဘုယျအားဖြင့် ပြောင်းလဲလာခြင်းသက်သက်ပဲ ဖြစ်တယ်လို့ ဆိုတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗုဒ္ဓဘာသာမှာက လူဘုံနဲ့ တိရစ္ဆာန်ဘုံရှိတယ်။ ဒီအယူအဆဟာ လူသားရဲ့ အတွင်းပိုင်း စိတ်ခံစားချက်အပေါ် မူတည်ပြီး တည်ဆောက်ပြထားတဲ့ Mythical World တစ်ခုပါပဲ။ သူက သက်ရှိတွေဘယ်လိုဖြစ်လာတာကို စိတ်မဝင်စားပါဘူး။ ပြင်ပလောကထက် ကိုယ့်စိတ်အတွင်းက အကြောင်းကို ရှာဖွေတာပါ။ သိပ္ပံနဲ့ တခြားစီပါ။ ဒါပေမယ့် အင်ဂျင်နီယာတစ်ယောက်က ဆရာဝန်တစ်ယောက်ကို ဆေးပညာဟာ အသုံးမကျဘူးလို့ ပြောသလိုမျိုး၊ ဘာသာရေးက သိပ္ပံဟာ ဘာသာရေးလောက် အသုံးမကျဘူးဆိုရင် ရယ်စရာဖြစ်သွားမှာပါ။

ဆင့်ကဲဖြစ်စဉ် သီအိုရီကတော့ လူ့အတွင်းပိုင်း စိတ်ခံစားချက်ကို ထည့်သွင်းမစဉ်းစားတဲ့အပြင် လူရဲ့  ခံစားချက်တွေကြောင့် ဘက်လိုက်မှာစိုးလို့ဆိုပြီး ဝေးဝေးကို ရှောင်ပါလေသတဲ့။ မတူကြတာကို ပြောပြတာ။

သူ့အခြေခံအဆိုပြုချက် (၅)ခုရှိပါတယ်။ ရိုးရှင်းပါတယ်။
အတိုချုပ်ပြောမယ်ဆိုရင်-
Quote-
"(၁) မျိုးနွယ်တူ ဇီဝတို့သည် တစ်ခုနှင့် တစ်ခု အနည်းငယ်မျှသော ဗီဇကွဲပြားချက်လေးများ ရှိကြသည်။ လူဆိုလျှင် အရပ်ရှည်သူ၊ အရပ်ပုသူ၊ အသားမဲသူ၊ အသားဖြူသူ စသည်ဖြင့်ရှိမည်။
(၂) ဇီဝသည် မျိုးပွားသည့်အခါ မူလဇီဝ အရေအတွက်ထက် ပိုများသော နောင်မျိုးဆက်များ ဖြန့်ဝေလေ့ရှိသည်။ သို့သော် အသားတင် ရှိနေသော မျိုးစိတ်တစ်ခုစီ၏ အရေအတွက်မှာ ပြောင်းလဲခြင်း မရှိ။ ထို့ကြောင့် သက်ရှိတို့သည် ကန့်သတ်ထားသော သဘာဝအရင်းအမြစ်များအတွက် ရုန်းကန်သုံးစွဲရကြောင်း ထင်ရှားသည်။ နောင်မျိုးဆက်ဝင် ဇီဝအားလုံး မရှင်ကျန်ရစ်။ အချို့သာ ရှင်ကျန်ရစ်သည်။
(၃) ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော တစ်နည်း၊ မျိုးဆက်သစ်ပွားရန်‘သင့်တော်’သော နောင်မျိုးဆက်ဝင်တို့သာ ကျန်ရစ်ပြီး၊ မသင့်တော်သော၊ သို့မဟုတ်၊ ‘လျှော်’သော နောင်မျိုးဆက်ဝင်တို့ မရှင်ကျန်ရစ်ပေ။ နောက်ထပ် မျိုးဆက်သစ်လည်း မဖြန့်ဝေနိုင်ပေ။ ဤ တော်သူရှင် လျှော်သူသေ ဥပဒေသ (Survival of the fittest) သည် သဘာဝ၏ ရွေးချယ်မှု (Natural Selection) ပင်ဖြစ်သည်။ (မျိုးဆက်သစ်ပွားရန် တော်ခြင်းကိုသာ ဆိုလိုသည်။ အခြားဇီဝစွမ်း၇ည်များရှိသော်လည်း မျိုးဆက်သစ်ပွားရန် မထောက်ကူလျှင် သဘာဝ၏ ရွေးချယ်မှု မခံရပေ)
(၄) သဘာဝက ပတ်ဝန်းကျင်နှင့် လိုက်လျောနိုင်သော မျိုးဆက်များကိုသာ ရှင်သန်ခွင့်ပေး၍ မျိုးနွယ်တစ်ခုတွင်း ဗီဇကွဲပြားချက်များ၏ အချိုးအစားမှာ ပြောင်းလဲလာသည်။ ၎င်းဖြစ်စဉ်ကို မျိုးဗီဇအချိုးပြောင်းရွေ့ခြင်း (Genetic Drift) ဟုခေါ်သည်။ ဤဖြစ်စဉ်ကြောင့် ကျွန်ုပ်တို့ ဂေဟစနစ်တို့ကို လေ့လာသောအခါ သက်ရှိတို့သည် ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်လာသည် (Adaptation) ဟူသော ထင်မှတ်မှားမှုကို ဖြစ်စေသည်။
(၅) မျိုးနွယ်တူ ဇီဝအုပ်စု အသီးသီးသည် ပတ်ဝန်းကျင် ဒေသပေါ် မူတည်၍ မျိုးဗီဇ အချိုးပြောင်းရွေ့မှု မျိုးစုံဖြစ်ရသည့်အတွက်လည်းကောင်း၊ ဗီဇအသစ်များ ပေါ်ထွန်းလာမှု ကြောင့်လည်းကောင်း ဗီဇကွဲပြားချက်များ ပုံထပ်လာသည်။ ဤဖြစ်စဉ်ကို မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ် (Microevolution) ဟုခေါ်ဆိုမည်။ ထိုဗီဇကွဲပြားမှုများ ပုံထပ်လာမှုသည် အတိုင်းအတာ တစ်ရပ်ကို ကျော်လွန်သွားသော် မျိုးနွယ်တူ ဇီဝတို့သည် အချင်းချင်း မျိုးစပ်မရလောက်အောင်ကို ကွဲပြားလာကြပြီး ၎င်းတို့၏ ဗီဇတို့ ပြန်လည်မရောစပ်ပဲ မျိုးစိတ်သစ် တစ်ခုစီအဖြစ် ကွဲထွက်လာကြသည်။ ဤဖြစ်စဉ်သည် မျိုးစိတ်သစ်ဖြစ်ပေါ်ခြင်း တစ်နည်း မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (Macroevolution) ဖြစ်သည်။

အတိုင်းအတာ တရပ်ကို ကျော်လွန်သော်ဆိုတော့ ဘယ်လိုအတိုင်းအတာမျိုးလဲ specify လုပ်ပြဖို့လိုလာပြီဖြစ်တယ်။
ဒီပုံလေးကြည့်ရင် နည်းနည်း အဓိပ္ပာယ်ပေါက်မယ်လို့မြင်ပါတယ်။

http://4.bp.blogspot.com/-YpsEM67MlOc/UFFVpmW0BuI/AAAAAAAAAJA/u3B1pKw7F9g/s1600/Speciation.PNG
"ပုံ(၂) အနက်ရောင် အက္ခရာများသည် ဗီဇတစ်မျိုးတည်း၏ အနည်းငယ် ကွဲပြားမှုရှိသော မူကွဲဗီဇများ (Alleles) များဖြစ်သည်။ စက်ဝိုင်းသည် အဆိုပါ မူကွဲဗီဇများ အားလုံးပါဝင်ပြီး အပြည့်အစုံ အပြန်အလှန် မျိုးစပ်နိုင်သော ဇီဝအုပ်စု တစ်ခုဖြစ်သည်။ ခြားနားမှု တစ်ခုရှိလာသောအခါ ၎င်းတို့ချင်း ဗီဇ ရောနှောမှု မရှိပဲ ဖြစ်လာသည်ကို တွေ့ရမည်။ ထို့သို့ ခြားနားပြီးသော အုပ်စုနှစ်ခု၌ ဗီဇဖောက်ပြန်မှု အသစ်(အနီရောင် အက္ခရာများ) များ ပေါ်ပေါက်လာသော် ၎င်းဗီဇဖောက်ပြန်မှု တို့ကိုလည်း အချင်းချင်း အလဲအလှယ် မလုပ်ကြတော့ပေ။ ဤသို့ဖြင့် ဗီဇခြားနားမှု ပုံထပ်လာပြီး တစ်ချိန်တွင် အဆိုပါ ဇီဝအုပ်စုနှစ်ခုတို့သည် မျိုးစပ်၍ မရလောက်အောင် ကွဲပြားလာကြပြီး သီးခြားမျိုးစိတ်များ ဖြစ်လာသည်။"

တခါ ဘယ်လို ခြားနားမှုကြောင့် ဇီဝအုပ်စုတွေဟာ မျိုးမစပ်ကြတော့တာလဲဆိုတာကို နှစ်မျိုးခွဲထားပြန်တယ်။

"(၁) ဒေသကွဲ ခြားနားခြင်း (Allopatric isolation)

ချိုင့်ဝှမ်းဒေသတစ်ခုတွင် ကျက်စားသော သမင်အုပ်စု တစ်ခုကို ကျွန်ုပ်တို့ စိတ်ကူးယဉ်ကြည့်ကြမည်။ မူလက အဆိုပါ သမင်တို့သည် ဗီဇစီးဆင်းမှု မျှတမည်။ သို့သော် ကြား၌ မြစ်တစ်ခုဖြစ်တည်လာသောအခါ ကမ်းနှစ်ဖက်ရှိ ရာသီဥတု အခြေအနေများ ကွာခြားသွားခြင်းကြောင့် ကွာခြားသည့် ရာသီဥတုအပေါ် မှီတည် ပြောင်းလဲရသည့် ကမ်း တစ်ဖက်စီမှ သမင် အုပ်စုနှစ်ခုတို့သည် မြစ်အတားအဆီးကြောင့် ဗီဇစီးဆင်းမှု ပြတ်တောက်သွားသောအခါ လုံလောက်သော မျိုးဆက်အသစ်များ ရရှိလာလျှင် ၎င်းတို့ချင်း အလွန်အမင်း ခြားနားလာပြီး ၎င်းတို့နှစ်ခုမျိုးစပ်လျှင် သန္ဓေမအောင်တော့ခြင်း၊ သို့မဟုတ် အမြုံသားငယ်များသာ မွေးဖွားခြင်း မျိုးဖြစ်လာမည်။ ထို့ကြောင့် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာပြီး မျိုးစိတ်သစ်ဖြစ်လာသည်။

(၂) ဒေသတူ ခြားနားခြင်း (Sympatric isolation)

ဒေသတူလျက် အထူးသဖြင့် ရှုပ်ထွေးသော သတ္တဝါများသည် မိတ်လိုက်သည့် အပြုအမူများ၊ လက္ခဏာများ ရှိတတ်ကြသည်။ သာဓကဆိုရသော် ငှက်များသည် တေးသီခြင်းဖြင့် မိတ်ဖက်ကို ဆွဲဆောင်ကြသည်။ သီဆိုသော တေးသံ၏ အပြောင်းအလဲကြောင့် မျိုးစိတ်တူလျက်၊ မျိုးအောင်နိုင်လျက် မျိုးမစပ်ကြသော ငှက်များရှိလာသည်။ သို့တည်မဟုတ် နေ့ထွက်ငှက်အချို့သည် ညထွက်ငှက်များအဖြစ် ဆီလျော်အောင် ပြောင်းလဲနေရခြင်းကြောင့် မျိုးစိတ်တူအုပ်စုနှစ်ခု (နေ့ထွက်နှင့် ညထွက်)ကြား ဗီဇစီးဆင်းမှု မရှိတော့ပဲ ဗီဇခြားနားမှုများ တိုးပွားလာသည်။ ထို့နောက် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာသောအခါ မျိုးစိတ်သစ်ဖြစ်လာပေမည်။

တခါ တချို့ကရှိတယ်။ မျိုးစိတ်တွင်း ပြောင်းလဲမှု (microevolution)ကတော့ဖြစ်နိုင်တယ်။ လူတွေတောင် ဗီဇဖောက်ပြန်တာတွေ ရှိသေးတာပဲ။ မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (မျိုးစိတ်အသစ်ပေါ်ထွန်းမှု) ကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းကြပြန်တယ်။

အမှန်ကတော့ မျိုးစိတ်တွင်း ပြောင်းလဲမှုဆိုတာလည်း ဒီအန်အေပြောင်းလဲမှုပဲ။ ဒီအန်အေပြောင်းလဲလို့ သူကထုတ်တဲ့ ပရိုတင်းဓာတ်ကူပစ္စည်းတွေပြောင်းလဲတယ်။ ပရိုတင်းတွေပြောင်းလဲလို့ ဆဲလ်စီစဉ်ပုံ၊ တစ်ရှုးစီစဉ်ပုံတွေ ပြောင်းလဲတယ်။ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲတယ်။ အဲ... မျိုးစိတ်အသစ်ဖြစ်စေတဲ့ ပြောင်းလဲမှုကလည်း ဒီအန်အေမှာပဲဖြစ်တာပဲ။ ဒီတော့ သူတို့ဟာ တစ်ဆက်တည်းပါ။ မျိုးစိတ်တွင်းပြောင်းလဲမှု တစ်လက်မက နှစ်လက်မဖြစ်တာဆိုရင် မျိုးစိတ်အသစ်ဖြစ်လာတယ်ဆိုတာ ၁၁လက်မကနေ တစ်ပေဖြစ်သွားတာမျိုးပါပဲ။

ဒီလောက်ဆိုရင် မျိုးစိတ်သစ်ဖြစ်ခြင်းဆိုတာကို လက်ခံလောက်မယ်ထင်ရဲ့။ ဘတ်တီးရီးယားကနေ အပင်ဖြစ်နိုင်ရင် ဒိုင်နိုဆောကနေလည်း ငှက်ဖြစ်နိုင်သလို၊ ကိုက်ဖြတ်စား နို့တိုက်သတ္တဝါနွယ်ဝင်လေးတွေကနေ ပရိုင်းမိတ်တွေလည်း ဖြစ်နိုင်သလို၊ ပရိုင်းမိတ်တွေကနေ လူမျိုးနွယ်ဖြစ်လာနိုင်ပါတယ်ဆိုတာ လက်ခံလောက်ပါရဲ့။ :)

လူဟာ မျောက်လို ပရိုင်းမိတ် တစ်ခုကနေ ဆင်းသက်လာတဲ့ ခိုင်မာတဲ့ အထောက်အထား အချို့ ပြလို့ရပါတယ်။

ဗိုင်းရပ်အချို့ဟာ ဇီဝဆဲလ်တွေထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ ဒီအန်အေကို ဇီဝဆဲလ်ရဲ့ ဒီအန်အေမှာ ကပ်ထားလိုက်ကြတယ်။ ဇီဝဆဲလ်ရဲ့ပရိုတင်းတွေက သူ့ဒီအန်အေ အထင်နဲ့ ဗိုင်းရပ်ဒီအန်အေကို ပွားပေးတယ်။ ဗိုင်း၇ပ်ဒီအန်အေကနေ ဗိုင်း၇ပ် ပရိုတင်းတွေထုတ်ပေးတယ်။ ဒီပရိုတင်းတွေနဲ့ ဒီအန်အေတွေ ပြန်ပေါင်းပြီး ဗိုင်းရပ်စ်အသစ်တွေ ထွက်လာကြတာပေါ့။
အကယ်၍ ဗိုင်းရပ်ဟာ သုက်ဆဲလ် သို့မဟုတ် ဥဆဲလ်မှာ ဖြစ်ခဲ့ရင် သားသမီးမျိုးဆက်အထိ ဒီဗိုင်း၇ပ်ရဲ့  ဒီအန်အေ ပါရှိလာတတ်တယ်။ ဒီ ဗိုင်းရပ် ဒီအန်အေတွေဟာ မျိုးဆက်များစွာဖြတ်သန်းပြီးတဲ့အခါ သူတို့လည်း အနိစ္စသဘောအရ ပျက်စီးကုန်တယ်။ ဗိုင်းရပ်ပရိုတင်းလည်း မထုတ်နိုင်တော့ဘူး။ ဒါပေမယ့် ဗိုင်းရပ် ဒီအန်အေအပျက်ကြီးတွေ ဆက်ရှိနေကြတယ်။ ဒီ ဗိုင်းရပ်ဒီအန်အေ အပျက်တွေကို ERV(Endogenous Retrovirus) လို့ခေါ်တယ်။

လူနဲ့ ချင်ပန်ဇီမျောက်ဝံဟာ ကမ္ဘာအစတည်းက ဒီအတိုင်း ရှိခဲ့တယ်။ နောက်တော့ ဗိုင်းရပ် တစ်မျိုးတည်းက လူကို သက်သက် ချင်ပန်ဇီကို သက်သက်ကူးစက်ခံရတယ်။ ဒါဆိုရင် ဒီ လူနဲ့ ချင်ပန်ဇီရဲ့ ဒီအန်အေမှာ ဗိုင်းရပ်ဒီအန်အေ လာကပ်မယ့် နေရာတွေ တူနိုင်မယ် ထင်ပါသလား။ သိန်းထီးဆုကြီးကို နှစ်ကြိမ်ဆက်တိုက် ပေါက်တာထက် ဖြစ်နိုင်ချေ နည်းပါသေးတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ လူနဲ့ ချင်ပန်ဇီရဲ့ ဒီအန်အေတွေကို တိုက်စစ်ကြည့်တဲ့အခါ လူနဲ့ချင်ပန်ဇီမှာ အနည်းဆုံး ၉ဝဝဝ မကတဲ့ ERV ဗိုင်းရပ်ဒီအန်အေအပျက် တွေကို တူညီတဲ့နေရာတွေမှာ တွေ့ထားပါတယ်။
သမုဒ္ဒရာကြီးထဲက ရေမော်လီကျူးလေး တစ်လုံးကို ကောက်ပြီး ပြန်ပစ်ချ။ ပြီး၇င် နောက်တစ်ခါ ကောက်လို့ ဒီမော်လီကျူးပဲ ပြန်ရတယ်ဆိုသလောက်ကို ဖြစ်နိုင်ချေနည်းလွန်းပါတယ်။

ဗိုင်းရပ်တွေက လူနဲ့ ချင်ပန်ဇီမှာ သီးခြားစီ ကူးစက်ပြီး တူညီတဲ့နေရာတွေမှာ ERV ၉၈ဝဝလောက် ချန်ထားခဲ့တယ်ဆိုတာ ယုတ္တိအင်မတန်မဲ့လွန်းပါတယ်။
ဒါပေမယ့် ဆင့်ကဲဖြစ်စဉ်အရ ကြည့်ရင် ရှင်းပါတယ်။ လူနဲ့ ချင်ပန်ဇီတို့ရဲ့ တူညီတဲ့ ဘိုးဘေး မျောက်လို ပရိုင်းမိတ်တစ်ကောင်မှာတည်းက ERV တွေ ရှိပြီးသားပါ။ တကယ်တော့ ဒီမျောက်ရဲ့ ဘိုးဘေး အစဉ်အဆက်က ဆင့်ကဲဖြစ်စဉ် တလျှောက် နို့တိုက်သတ္တဝါဘိုးဘေးတွေ၊ ဆိုင်နိုဒွန့်တွားသွားသတ္တဝါ ဘိုးဘေးတွေ၊ သူ့ထက်အရင် ဆိုင်နပ်ဆစ်ဘိုးဘေးတွေရဲ့  ERV တွေတောင် ပါနိုင်သေးရဲ့။ ဒီပရိုင်းမိတ်ဘိုးဘေးရဲ့ ၉၈ဝဝသော ERV တွေဟာ သူကနေ ခွဲထွက်လာတဲ့/ဆင်းသက်လာတဲ့ လူနဲ့ မျောက်မျိုးစိတ်တွေမှာလည်း ဆက်လက်ပါရှိနေခြင်းသာ ဖြစ်တယ်။ ဒီဖြေရှင်းချက်ဟာ ကြုံရာကျပန်းဖြစ်တယ်ဆိုတာထက် များစွာ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်ပါ။
ဒီ ERV တွေကို လူနဲ့မျောက်ထက် ပိုဝေးတဲ့ နို့တိုက်သတ္တဝါတွေမှာ ရှာကြည့်ရင် လူနဲ့ တူတဲ့ ERV ပိုနည်းသွားတာ တွေ့ရပါတယ်။
ပရိုင်းမိတ်အုပ်စုမှာ ERV တွေဘယ်လိုရလာပြီး ဘယ်သူတွေက ဘယ်လိုမျိုးခွဲလို့ လက်ရှိမျိုးစိတ်တွေမှာ ERV တွေ ဘယ်လိုရှိနေကြလဲဆိုတာကို အောက်က ပုံကို လေ့လာကြည့်ပါရန်။
http://www.helmholtz-muenchen.de/uploads/pics/Fig.1.jpg

ERV တင်မကပါ။ DNA ကွဲပြားမှုကိုလိုက်ပြီး မျိုးခွဲထွက်မှုကို လေ့လာတဲ့ Phylogenetic ပညာရပ်ဆိုတာ ရှိပါတယ်။ ဒီပုံမျိုးဟာ ဒီလေ့လာမှုကို အခြေခံပြီး မျိုးစိတ်တွေ ဘယ်လို ခွဲဖြာလဲ ဇီဝကိုင်းကြီးသုံးကိုင်းနဲ့ ဆွဲပြထားတာပါ။
http://4.bp.blogspot.com/_A9yLEWrMHJE/TBAOhRm4dyI/AAAAAAAAABY/pSy19plMJSA/s1600/phylogenetic+tree+1.jpg

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More