Thursday, February 19, 2009

ဥစ္စာသယန၊ မဟာသယန

အမေး။ ။ဆရာတော်ဘုရား......တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား......တပည့်တော်ကို ရှစ်ပါးသီလထဲမှ ဥစ္စာသယန၊ မဟာသယနဆိုတဲ့ မြင့်သော......မြတ်သောနေရာဆိုတာကို အနည်းငယ် ရှင်းပြပေးစေချင်ပါသည်ဘုရား.......တစ်ချို့ သူများမှာ အေးသော တိုင်းပြည်များမှာနေပြီး.....ရှစ်ပါးသီလ ခံယူချင်ပါသော်လည်း ဥစ္စာသယန၊ မဟာသယနဆိုတဲ့ သဘောကို မရှင်းလင်းဖြစ်နေပါသည်ဘုရား..

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သီလက္ခန် အဋ္ဌကထာ မှာ ဖွင့်ဆိုထားတာတွေကို လိုရင်း အကျဉ်း ဖေါ်ပြပေးပါမယ်။
ဥစ္စာသယန ဆိုတာ မြင့်သောနေရာပါ၊ တစ်ထောင့်ထွာထက် ပိုပြီးမြင့်တဲ့ နေရာဟာ မြင့်သောနေရာရဲ့ သတ်မှတ်ချက် ပမာဏ ဖြစ်တယ်။ ဆိုလိုတာက တစ်ထောင့်ထွက်ထက် မြင့်သော နေရာတွေမှာ မနေအပ် ၊ မထိုင်အပ် လို့ ဆိုလိုပါတယ်။
မဟာသယန မြတ်သောနေရာနှင့်ပတ်သက်ပြီး ပြောရရင် အမျိုးများလှပါတယ်။
(၁) အခြေများဟာ တစ်ထောင့်ထွာထက် နိမ့်သော်လည်း အခြေများကို သားရဲရုပ်၊ခြင်္သေ့ရုပ်စတာတွေနဲ့ လှပအောင် ဖန်တီးထားမယ် ဆိုပါက ထိုနေရာကို မြတ်သောနေရာ ဖြစ်တယ်။ (ပလ္လက)
(၂) လက်လေးသစ်ထက် အရှည်ပမာဏရှိတဲ့ အမွေးများပါသော့  ကော်ဇောကြီးများ။(ဂေါနက)
မှတ်ချက်။
ဝိနည်းတွင် ပိုးချည်သက်သက် အခင်းဆိုလျှင် အပ်တယ် လို့ ဆိုပါတယ်။ လဲသွတ်တဲ့ အခင်းမှတပါး၊ (လက်လေးသစ်)ထက်ရှည်သော ကျန်အခင်းများ မအပ် လို့ ဒီဃနိကာယ်အဋ္ဌကထာမှာ ဆိုပါတယ်။

(၃) သားမွေးတို့ကို သားရဲရုပ် ပုံစံပြုလုပ်ပြီး စီမံထားသော အခင်းများ။ (စိတ္တကန္တိ)။
(၄) သားမွေးတို့နဲ့ ရက်လုပ်ထားပြီး အဖြူရောင်ဆိုးထားသော အခင်းများ။ (ပဋိက)
(၅) ရွှေချည်တို့နဲ့ ပိုးချည်တို့ ရောက်နှောပြီး ရက်လုပ်သောအခင်းများ။ (ကဋိဿ)
(၆) ရွှေချည်ချည်း သက်သက်နဲ့ ရက်လုပ်ထားသော အခင်းများ။ (ကောသေယျ)
(၇) ကချေသည် မင်းသမီး (၁၆)ယောက် ကနိုင်တဲ့ ပမာဏရှိသော သားမွေးအခင်းများ။ (ကုတ္တက)
(၈) ဆင်ကျောက်ကုန်း၊မြင်းကျောက်ကုန်းတို့မှာ ခင်းအပ်တဲ့ အခင်းများ။ (ဟတ္ထတ္ထရံ အဿတ္ထရံ)
(၉) ရထား၌ ခင်းအပ်တဲ့ အခင်းများ။ (ရထတ္ထရ)
(၁၀) သစ်နက်ရေတို့ကို ညောင်စောင်း(ကုဋင်)ပမာဏခန့် ချူပ်ထားသော အခင်းများ။ ( အဇိနပ္ပဝေဏီ)
(၁၁) ၀ံပိုင်ရေဖြင့် ပြုအပ်သော အခင်းများ။ (ကဒလီမိဂ ပ၀ရ မစ္စတ္ထရထာ)
(၁၂) အထက်မှာ အနီရောင်ရှိသော မျက်နှာကြက်နှင့်တကွ ပြုလုပ်ထားတဲ့ အခင်းများ။ (သဥတ္တရစ္ဆဒ)
(၁၃) ခေါင်းအုံးနှင့် ခြေအုံး နှစ်ခုရှိပြီး ထိုအုံးနှစ်ခုစလုံး နီသောအရောင်ရှိသော နေရာ။
(၁၄) အုံးမှီတစ်လုံးတည်းရှိသော်လည်း ထိုအုံးဟာ အနီရောင်အဆင်းဖြစ်စေ၊ ပဒုမ္မာအဆင်းဖြစ်စေ ပမာဏထက် မလွန်လျှင် အပ်၏။
ပမာဏထက် (တထောင်နှင့် တထောင်ဆုပ်) လွန်သော အုံးကြီးများဟာ မြတ်သောနေရာ ဖြစ်တယ်။
(၁၅) ခေါင်းအုံး၊ ခြေအုံး နှစ်လုံးပင်ရှိသော်လည်း အနီသောအရောင်မဟုတ်က အပ်ပါတယ်။
အထက်ပါ အကြောင်းအရာများဟာ မြတ်သောနေရာအဖြစ် သတ်မှတ်ထားသောအရာများ ဖြစ်တယ်။
မှတ်ချက်။
ကချေသည် (၁၆)ယောက်ခန့် ကနိုင်တဲ့ ပမာဏထက် သေးငယ်ပြီး၊ လက်လေးသစ်ထက် ရှည်သော သားမွေးကော်ဇောဖြစ်ပါက မြေအခင်း (ကြမ်းခင်း) အဖြစ် အသုံးပြုနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More