Monday, February 9, 2009

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော် ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများထူးပါသလဲ ဘုရား။ ဖြေကြား စေချင်ပါတယ်။
ဖြူလေး
နေရပ်မရှိ

အဖြေ။ ။သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲ လို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့ လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှု မဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူး စတဲ့ အကြောင်းအမျိုးမျိုးကပဓာန မကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိက ပဓာန ကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒ တို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင် စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီး အကြောင်း ကောင်းတာပေါ့။ ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကကို မေတ္တာပို့ရင်တော့ ကုသိုလ်များ ရမှာပါ။
နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူ မလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နု ဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ် လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။
တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော် က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ” လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မ ပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီး ပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ” လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။
ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာ များတယ် ဆိုတာပါပဲ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More